Sunday, April 29, 2012

အမှတ်တမဲ့ခရီးသွားခြင်းများ

ကျွန်တော် ငယ်ငယ်ကတည်းက ဘယ်အရာကိုမဆို လေးလေးနက်နက်မထားခဲ့။ မှတ်မှတ်ရရတွေ ထိခဲ့ သိခဲ့ ကြုံခဲ့ရပေမယ့် ကျွန်တော် ဘာသိဘာသာဖြတ်သန်းခဲ့သည်။ စားရေးဖို့ပျင်းသည်။ မှတ်သားထားဖို့ပျင်း
သည်။ သို့သော် ကျွန်တော့မှတ်ညဏ်အားဖြင့် တစ်ချို့အတွေ့အကြုံများကို မှတ်မိနေခဲ့သည်။ ရေးမချဖြစ်။
မနေ့ည (၂၈၊၄၊၂၀၁၂)က အစ်ကိုတစ်ယောက်(ကျွန်တော့်ထက် သုံးလသာကြီးသူ)နှင့်စကားလက်ဆုံကျ
ရင်း ကျွန်တော့်ဘ၀ဖြတ်သန်းမှုကို (အထူးသဖြင့် နိုင်ငံရေးဖြတ်သန်းမှု) သူသိသွားခဲ့သည်။ အမှတ်မထင်ပဲ ကျွန်တော့်ဘ၀တွေ့ကြုံမှုကို စာရေးရန်တိုက်တွန်းခဲ့သည်။ အမှန်ဆိုလျှင် စာရေးပျင်းသော ကျွန်တော့အဖို့ စာမရေးချင်ပါ။ ရေးမည်ဟု ကတိလည်းမပေးခဲ့။ ရေးလည်းမရေးတတ်။ ဒါပေမယ့် သူ့တိုက်တွန်းချက်စကား
ထဲတွင် “နောင်မျိုးဆက်များသိစေရန်ဆိုသော”စကားလုံးသည် ကျွန်တော့်ကို စွဲစွဲထင်ထင်ဖြစ်သွားစေခဲ့
သည်။

မျိုးဆက်များအကြောင်းလူတော်တော်များများပြောကြသည်။ အထူးသဖြင့် နောက်လာမည့်မျိုးဆက်များအ
ကြောင်းကို လူတွေပိုစိတ်ဝင်စားကြသည်။ ကိုယ်မသိသော နောင်မျိုးဆက်များအတွက် အနစ်နာခံသူတွေ
အသက်စွန့်သွားသူတွေဒုနဲ့ဒေး၊ သို့သော် လူတွေသိပ်မသိ။ သူတို့ကလည်း သူတို့စွန့်လွတ်ခဲ့သည် အနစ်နာခံခဲ့သည်လို့ဘယ်တုန်းကမှမပြောခဲ့။ အဲ့လိုမျိုး အညတရစွန့်လွတ်သွားသူတွေ ဘယ်
လောက်များများရှိမလဲ ကျွန်တော်လည်းမသိ။ သေချာသည်ကတော့ ကျွန်တော်ဖြတ်သန်းမိသလောက်တွင်
ပင် အနာခံစွန့်သွားသူ တော်တော်များများကျွန်တော် ကြုံခဲ့သည်။

ကျွန်တော့်အကြောင်းကို ကျွန်တော်ခင်မင်ရသော နိုင်ငံခြားသားများက ရေးရန်တိုက်တွန်းတက်သည်။ ကျွန်တော် ဘာမှမဟုတ်။ စာတစ်စောင်ပေတစ်ဖွဲ့ ရေးသားရလောက်အောင်လည်း ကျွန်တော့ဖြစ်သန်းမှုက
ကြီးကြီးမားမားမရှိ။ ကျွန်တော်ငြင်းသည်။ မရေးဖြစ်ခဲ့။ ရေးလည်းမရေးချင်။ ဆိုရလျှင် ဒီအစ်ကို့စကားတစ်
ခွန်းနဲ့တင် ကျွန်တော် ရေးချင်စိတ်လေးဖြစ်မိသည်။ ဆိုတော့ ကျွန်တော် မှတ်မိသမျှကို မှန်မှန်ကန်ကန်ဖြစ်
ဖို့ကြိုးစားပြီး ဒီစာစုကိုရေးခြင်းဖြစ်သည်။ အမှတ်တမဲ့ဖြင့်ဖြတ်သန်းခဲ့ခြင်းကြောင့် ခေါင်းစဉ်ကို “အမှတ်တစ်မဲ့ခရီးသွားခြင်းများ” ဆိုပြီးခေါင်းစဉ်တပ်သည်။

နောက်ဆုံးဆိုရလျှင် ကျွန်တော့်စာစုသည် မည်သူ့ကိုမျှဆရာလုပ်ခြင်းမဟုတ်ပါ။ ကျွန်တော့်အနစ်နာခံ
ခဲ့သည်ဟူ၍လည်း ဘယ်တုန်းကမှမပြောပါ။ မပြောလည်းမပြောချင်ပါ။ ကိုယ်ယုံကြည်ရာကိုသာ ကိုယ်လုပ်ခဲ့ခြင်းသာ ဖြစ်သည် ကျွန်တော်ဖြတ်သန်းခဲ့သမျှ၊ ကျွန်တော်နှင့်ဘ၀တူညီအစ်ကိုများ
ခံစားထိတွေ့သမျှကို နောင်မျိုးဆက်များ သိရှိစေချင်ရုံဖြင့် ရိုးရိုးသားသား ရေးသားရခြင်းသာဖြစ်ပါသည်။
။(မင်းငြိမ်)။

အမှတ်တမဲ့ မွေးနေ့
ဘုန်း ဘုန်း ဘုန်း
ကျွန်တော် အသံထွက်အော်လိုက်မိသည်ထင်သည်။ ကျွန်တော့်မျက်လုံးထဲ ကြယ်တွေလတွေတောင် မမြင်လိုက်ရ။ ဖျက်ခနဲပြာသွားသည်။ ကျွန်တော် နှားခေါင်းဆီက သွေးတွေ သွေးတွေ။ ကျွန်တော်
သတိရလိုက်တာ ဒါနောက်ဆုံးပဲဖြစ်သည်။ ကျွန်တော်သတိရလာတော့ ကျွန်တော်ဘာဖြစ်မှန်း ပြန်စဉ်းစားသည်။ ကျွန်တော့်ကို ဒီလူတွေ(ထောက်လှမ်းရေးအုပ်စု) ၀ိုင်းထိုးကြတာကို မှတ်မိသည်။ ကျွန်တော့်မျက်နှာကို စွတ်ထိုးနေကြမှန်း မှတ်မိသည်။ နောက်မမှတ်မိတော့။ နှားခေါင်းက တစ်စစ်စစ်နာ
တော့မှာ နှားခေါင်းကို စမ်းမိသည်။ သွေးစသွေးနတွေနှားခေါင်းမှာ ပြီးတော့ ကျွန်တော့အကျီမှာ။ ကျွန်တော် တစ်ကိုယ်လုံး ကြောက်စိတ်ဖြင့် တုန်နေသည်။

“ရိုက်တာ ခဏရပ်ထားအုံး” “ဆရာဝန်သွားခေါ်” ကျွန်တော့ရှေ့က ကျွန်တော့်ကိုဖမ်းခေါ်လာသူမှ တစ်ခြားသူတွေကို အမိန့်ပေးနေသည်။ ကျွန်တော် ဘာမှမခံစားရသလို ထုံနေသည်။ ထိုအချိန်မှာပဲ ဆရာဝန်ဆိုသူရောက်လာသည်။ ဟိုတိုင်း ဒီတိုင်း စစ်ဆေးပြီးသည့်အခါ ပါတာစီတမော့ နှစ်လုံးပေးပြီးသောက်ခိုင်းသည်။ နောက် ဘာမှမဖြစ်ဘူးဆိုပြီး ပြန်လှည့်ထွက်သွားသည်။ ဆရာဝန်
ဘာကြောင့်ပြောသွားသည်ကို ကျွန်တော်နားမလည်လိုက်။ ခဏကြာမှ သည်အဖြေကို ကျွန်တော်
သဘောပေါက်သည်။ သူတို့ဆရာဝန်ညွှန်ကြားချက်ဖြင့် ညဥ့်နက်သည်အထိဆက်ရိုက်သည်။ ပြီးတော့
မနက်ဖြန် ကျွန်တော်လုပ်ခဲ့သမျှကို အကုန်ပြောရမည်ဟု ရာဇသံပေးပြီး ထွက်သွားကြသည်။

ကျွန်တော်အိပ်မပျော်။ နှားခေါင်းကဒဏ်ရာမှတစ်စစ်စစ်နာနေသည်။ နောက်ပြီး ကျွန်တော်မနက်ဖြန်
ဘာပြောရမလဲ စဉ်းစားသည်။ ထွက်ပြေးလို့လည်းမရ တံခါးကို အပြင်မှအသေပိတ်သွားသည်။ ကျွန်တော့်စိတ်ထဲအတွေးစုံ စုပြုံလာသည်။ ကျွန်တော်နောက်ထပ်အရိုက်ခံရအုံးမည်ဆိုတာကိုလည်း
သိနေသည်။ ကျွန်တော့်ကို သတ်မှာလား။ ကျွန်တော်မသိ။ မသေခင်အမေ့ကိုတွေ့ချင်သည်။ အမေ့ကိုတသည်။ ဘုရားကိုတသည်။ နတ်မျိုးများစွာတသည်။ ကျွန်တော့စိတ်ထဲ ဗလာဖြစ်နေသည်။

နောက်ဆုံးသတိရလိုက်သည်။ သည်နေ့ကျွန်တော့် ၂၁ နှစ်မြောက်မွေးနေ့ ၃၁ မေလ ၂၀၀၀။ မွေးနေ့မင်္ဂလာဟု သူများပြောတာကြားဖူးသည်။ ကျွန်တော်ကတော့ မွေးနေ့မှာ မှတ်မှတ်ရရ ကျွန်တော့် နှားခေါင်း ကျိုးအောင်အရိုက်ခံလိုက်ရသည်။ လက်ထိပ်နောင်ပြန်ခတ် မျက်နှာကိုအ၀တ်အုပ်ပြီး လူအများ
ဝိုင်းကြိတ်တာကို ခံလိုက်ရသည်။ ၂၁ နှစ်မြောက်အမင်္ဂလာမွေးနေ့။
။(မင်းငြိမ်)။
ဆက်ရန်

No comments: