Saturday, April 7, 2012

ပွင့်သွားတဲ့သောကြာနေ့ 

ဘယ်လိုအော်အော်မကြားတဲ့နားတွေ
ခုတော့ကျန်းမာရေးကောင်းလာပြီလား
သောကြာနေ့ ဟာသောကြာနေ့ ပီသစွာ
ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေရွာချနေတယ်။

ဒီနေ့ ဟာသောကြာ
ရာသီခွင်အသွားအလာအရ
စိတ်ကစိတ်ကိုလှုပ်နှိုးတဲ့အချိန်
အိမ်ပြန်လာမယ့်သူတွေကို 
ယုံကြည်ချက်အပြုံးပန်းတွေနဲ့ ကြိုနိုင်ဖို့ 
ငါတို့ တတွေ ထောင်ဗူးဝမှာ........။

ဒါဟာငါတို့ နိုင်ငံ
ဒေါင်းအလံဟာမောင်းပြန်ကိုအောင်နိုင်ရမယ်
ဘယ်သူတွေဘယ်လိုလျှောက်လျှောက်
ကျောင်းသားသမိုင်းရဲ့ အလံတော်အောက်မှာ
မဖောက်မပြန်လျှောက်ခဲ့တဲ့သူတွေရဲ့ အိမ်အပြန်လမ်း
တချို့ က အသက် ၅၀ ကျော်သွားကြပြီ
တချို့ ကအသက် ၅၀ နားကပ်သွားကြပြီ
ဘာပဲဖြစ်ဖြစ်
ရဲဘော်တို့ ရဲ့ သွေးတွေသာပွက်ပွက်မဆူခဲ့ရင်
ဒီကနေ့ ကောင်းကင်ဟာ
မှောင်နေဦးမှာမလွဲဘူး။

ဘယ်သူတွေထွက်လာပြီ
ဘယ်သူတွေက လေယာဉ်နဲ့ လာမှာ
ဘယ်သူတွေကမနက်ဖြန်
ဘယ်သူတွေကကျန်ခဲ့တယ်
အလျားမညီတဲ့လှိုင်းတွေ
ရင်ထဲတုန်ခတ်
သိမှတ်ထားတာအကုန်မဟုတ်ပေမယ့်
ကျုပ်တို့ ရဲဘော်တွေကို
ကျုပ်တို့ ကြိုခဲ့ကြတယ်
နှင်းဆီပန်းများနဲ့ ဇန်န၀ါရီကို
သိမ်းပိုက်ယူလိုက်ကြတယ်။

၂၀၁၂ ဟာ
လူထုရဲ့ ရင်ဘတ်ထဲ
ကြည်နူးမှုတချို့ တ၀က်ကိုသယ်လာခဲ့တယ်
မာယာလူမျိုးတွေဘာပြောခဲ့ ပြောခဲ့
ငါတို့ အတွက် ၂၀၁၂ ဟာ
မင်္ဂလာပါလို့ နုတ်ဆက်တယ်။

ယုံကြည်ချက်ကိုမသွေဖီတဲ့
သူရဲကောင်းအာဇာနည်တွေနဲ့ အတူ
ဒီသောကြာနေ့ ကို
ပြည်သူတွေကပိုင်ခဲ့တယ်။


တယောက်နဲ့ တယောက်
အရည်လည်နေတဲ့ မျက်ဝန်းတွေနဲ့ 
ဘယ်ဖက်ရင်အုံအခတ်မှာ
ညာလက်တွေကိုဆန့် တန်းပြီး
လက်ချင်းချိတ်ဆက်  နုတ်ဆက်ခဲ့ကြပြီ ။


ဆောင်းအလယ်ထဲ
မိုးဖွဲလေးတွေတောင်ကျလာရ
လမသာပေမယ့်
ကြယ်တွေက မြေပြင်ပေါ်မှာ
ဟိုတစ်ပွင့် ဒီတစ်ပွင့်  ဖွေးဖွေးလှုပ်......။


ရင်နီ
၁၅-၁-၂၀၁၂


အိုးဝေ မှကူးယူဖော်ပြသည်။

No comments: