Saturday, April 28, 2012

အိုအေစစ်

ဖေဖေဟာ အရှေ့ ဘက်ကောင်းကင်က
အနီရောင်ကြယ်တစ်စင်း
သမီးကို အလင်းရောင်ရော ချစ်ခြင်းရောပေးခဲ့တယ်
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားတဲ့
ဖေဖေဆိုတဲ့ သစ်တစ်ပင်ကောင်းကြောင့်
သမီးနှစ်ပေါင်းများစွာ အေးခဲ့ရပါတယ်
ကိုယ်ကျင့်တရားနဲ့  မာန ဖေဖေ့ကိုမမှီလှပေမယ့်
အခုအချိန်မှာ ပါးပါးလျှလျှတော့ မဟုတ်တော့ဘူး
အမှန်တရားအတွက် ဒဏ်သင့်
လေးဘက်နံရံမှာ ခရီးဖင့်ခဲ့ပေမယ့်
အခုထိ ဖေ့ဖေ့အရိပ်က မလွတ်သေးပါဘူး
ပထမဆုံးအကြိမ်ထောင်ဝင်စာမှာခဏတာတွေ့ ရပေမယ့်
ဖေဖေ့အားပေးစကား နားဝကမထွက်သေးပါဘူး
မငိုဘူးအလား ပြုံးနေမယ်
မငုံ့ ဘူးအလား မော့နေမယ်
စက်တိုင်တင်ရင်တောင် ပြုံးပြုံးလေးသွား
ဖေဖေမငိုဘူး လက်ခုပ်တီးမယ်တဲ့
ယနေ့ ထိသည်စကား သမီးအတွက် လောင်စာအားပါပဲ ဖေဖေ
ခုတော့ သစ်ပင်အိုတော့ ငှက် မလေး
ရွက်ကြွေများတော့ ငှက်မနားတော့ဘူးမလား
ဖေဖေသမီးအတွက်တော့
သစ်ခြောက်ပင်ကျိုးတို့ ကျဲတဲ
နေပူထဲ အရိပ်ပေးတယ်
အရွက်အို ပိုးပေါက်အရာ ဗရပွနဲ့ 
အေးမြမှုကိုလည်းပေးတယ်
ဖေဖေရယ်
ငိုက်ပြိုလာတဲ့ ကိုင်းအိုကို ထောက်လို့ ပေးချင်သေးတယ်
ကြွေကျလာတဲ့ ရွက်ဝါကို
ယုယပိုက်ထွေး ကောက်စုပေးနိုင်ချင်သေးတယ်
စိမ်းစိုနုသစ်လာမလားဆိုပြီး
ရေလောင်းပေါင်းသင်ချင်သေးတယ
ခဏလေး ဖေဖေ
ရောင်နီပေါ်ရင် အချိန်မှီ သမီးပြန်ခဲ့မယ်
မဏီ ( မသန္တာ )
၂၄-၁၂-၂၀၁၀
ဆယ်ခန်းတွဲတိုက်
အင်းစိန်အကျဉ်းထောင်

No comments: