”ထိန်းသိမ်းကာကွယ်စောင့်ရှောက်”တာနဲ့”လေးစားလိုက်နာ”တာကို မထူးလှပါဘူးလို့ လူအများ ပြောနေကြတယ်။ တချို့ဖြစ်ရပ်တွေ အခြေအနေတွေ ရှာထုတ်ပြီး ဒီစကားရပ်နှစ်ခုနဲ့ ထင်ဟပ်ကြည့် ကြဘို့ ကောင်းတယ်။ အထပ်ထပ်အပြန်ပြန် စဉ်းစားကြည့်သင့်တယ်။ ဝေါဟာရပြဿနာ လား အနှစ်သာရ ပြဿနာလား စဉ်းစားကြည့်ကြဘို့ကောင်းတယ်။
ဥပမာ- မိတ်ဆွေရဲ့ ဧည့်ခမ်းအဝင်မှာ ”ဖိနပ်ချွတ်ပါဆိုတဲ့” စာတန်း ချိတ်ဆွဲထားတယ်ဆိုပါတော့။ မိတ်ဆွေရဲ့အိမ်ကိုလာလည်ရင် ကျနော်က ဒီစည်းကမ်းကိုလေးစားလိုက်နာရမှာပေါ့။ ဧည့်ခန်းထဲကို ဖိနပ်ချွတ်ပြီးမှဝင်သင့်တယ်။ တချိန်ထဲမှာ မိတ်ဆွေဖိတ်ကြားထားတဲ့ အခြားဧည့်သည်တချို့က ဖိနပ်စီးပြီးဝင်လာခဲ့ရင် အဲဒီလူတွေကိုတားမြစ်ဘို့၊ ဧည့်ခန်းကို မညစ်ပေ-မပျက်စီးအောင် ကာကွယ်စောင့်ရှောက်ဘို့က ကျနော့တာဝန်တော့မဟုတ်ပေဘူး။ မိတ်ဆွေရဲ့ တာဝန်သာဖြစ်တယ်။ ထိမ်းသိမ်းစောင့်ရှောက်ဘို့က မိတ်ဆွေရဲ့တာဝန်၊ လေးစားလိုက်နာရမှာက ကျနော့ရဲ့တာဝန်။ ကွဲပြားပါတယ်မိတ်ဆွေ။
နိုင်ငံသားတိုင်းဟာ မိမိနိုင်ငံရဲ့ အချူပ်အခြာ အာဏာ တည်တန့်ခိုင်မြဲအောင် ထိမ်းသိမ်းကာကွယ် စောင့်ရှောက် ကြရပါတယ်။ တိုင်းတပါးက ကျူးကျော်ထိပါး စော်ကားလာရင် မြေတစ်လက်မ အတွက်ပင် ဖြစ်စေ၊ စကားတစ်ခွန်းအတွက်ပင်ဖြစ်စေ စစ်မက်တွေခင်း အသက်တွေရင်းပြီး ကာကွယ်စောင့်ရှောက်ကြရ ပါတယ်။ ဒါပေမဲ့ တစ်ခြားနိုင်ငံတွေက(စစ်ရေး နိုင်ငံရေး စီးပွားရေး မဟာမိတ်အဖွဲ့မဟုတ်ခဲ့ရင်) ပါဝင် ကာကွယ်စောင့်ရှောက်ပေးဘို့ တာဝန်မရှိပါဘူး။ နိုင်ငံတကာဆက်ဆံရေးအရ နိုင်ငံတစ်ခုရဲ့ အချူပ်အချာအာဏာကို အခြားနိုင်ငံတွေက အသိအမှတ်ပြု လေးစားဘို့ တာဝန်သာရှိပါတယ်။ ကျနော်တို့ နိုင်ငံကို ကာကွယ်စောင့်ရှောက်ဘို့ ကျနော်တို့မှာ တာဝန်ရှိပေမဲ့၊ ကျနော်တို့နိုင်ငံကိုလာလည်တဲ့ နိုင်ငံခြားသားဧည့်သည် တစ်ယောက်ရဲ့ တာဝန်က ကျနော်တို့ရဲ့ အချူပ်အခြာအာဏာနဲ့ ဓလေ့ထုံးတမ်း ဥပဒေတွေကို လေးစားလိုက်နာဘို့သာဖြစ်တယ်။
ခင်ဗျားကို ဗိုလ်ချူပ်အောင်ဆန်း ပြတိုက်ကို ထိန်းသိမ်းစောင့်ရှောက်ဘို့ တာဝန်ပေးမယ်ဆိုပါစို့။ အဆောက်အဦက အိုဟောင်းနေပြီ၊ ခေတ်မီခိုင်ခန့်အောင် ပြုပြင်လိုက်မယ်လို့ ခင်ဗျားလုပ်လို့ ဘယ်ရမလဲ။ နဂိုပုံစံအတိုင်း သမိုင်းတန်ဘိုး မပျောက်ပျက်ဘဲ ရေရှည် တည်မြဲအောင်သာ ခင်ဗျားလုပ်ရမှာ။ မပြိုမပျက် အပြောင်းအလဲမရှိအောင် ထိမ်းသိမ်းကာကွယ်စောင့်ရှောက်ရမှာ။ သမိုင်းအမွေအနှစ်ဆိုတာ ခေတ်နဲ့အညီ ဆန်းသစ်ပြောင်းလဲစရာ မလိုတဲ့အရာ။ သမိုင်းတန်ဘိုး မပျောက်ပျက်အောင် ထိမ်းသိမ်းစောင့်ရှောက်ရမဲ့ အရာ။ သာမန်အဆောက်အဦတစ်ခုကို ပြုပြင်ထိန်းသိမ်းတာနဲ့၊ သမိုင်းအမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်တာနဲ့လဲ မတူသေးပါဘူး။
အခု ဖွဲ့စည်းပုံအခြေခံဥပဒေဘက် ပြန်လှည့်ကြရအောင်။ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို သမိုင်းအမွေအနှစ် တစ်ခုလို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဘို့ လိုလို့လား။ ခေတ်အခြေအနေအလိုက် လူတွေရဲ့ လိုအင်ဆန္ဒပေါ်အခြေခံပြီး လူတွေရေးဆွဲဖန်တီးခဲ့ကြတာပဲ။ နောင်တစ်ချိန် ခေတ်နဲ့မလျှော်ညီတော့တာတွေ ရှိလာရင် လူတွေရဲ့ လိုအင်ဆန္ဒနဲ့ မကိုက်ညီတာတွေရှိလာရင် ပြောင်းသင့်တာပြောင်း ပြင်သင့်တာပြင်ကြရမှာပဲ။ ဒါ့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို ထာဝရ တည်တန့်ခိုင်မြဲနေအောင် အပြုအပြင် အပြောင်းအလဲမရှိအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဘို့ဆိုတာ မလိုအပ်တဲ့ စကားရပ်တစ်ခုသာဖြစ်တယ်။ သဘာဝနဲ့ မကိုက်ညီဘူးလို့ပြောရမယ်။ အာဏာသက်ဝင်နေစဲကာလအထိ ဥပဒေပြဌာန်းချက်တွေကို လေးစားလိုက်နာဘို့သာ လိုတာပါ။ ဒါပေမဲ့ အမြစ်တွယ်နေစဲ အာဏာရှင် အစုအဖွဲ့နဲ့ သူတို့ပါတီကြီးအတွက်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြစ်နိုင်ရင် ကမ္ဘာတည်သရွေ့ စင်းလုံးချော တည်မြဲနေစေချင်တာ။ ဒါ့ကြောင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည် လို့ ကျမ်းကျိန်ခိုင်းတာပေါ့။
ဘယ်သူမဆို ကိုယ်တန်ဘိုးထားတဲ့အရာကိုသာ ထိန်းသိမ်းကာကွယ်စောင့်ရှောက် လိုကြစမြဲပါ။ ကိုယ်စွန့်ပစ်ချင်တဲ့အမှိုက်ထုပ်ကို ထိမ်းသိမ်းကာကွယ်စောင့်ရှောက်ဘို့ ဘယ်သူက သစ္စာဆိုပြီး ကတိခံနိုင်ပါ့မလဲ။ သစ္စာစကားကို တန်ဘိုးထားတတ်သူတိုင်း စကားတစ်ခွန်းရဲ့ အနက်အဓိပ္ပါယ်ကို အလေးထားတတ်စမြဲပါ။ ဆိုခဲစေ မြဲစေ ဆိုတဲ့ စကားတစ်ခွန်းရှိတယ်မဟုတ်လား။
source : http://www.colourparliament.com/2012/04/blog-post_27.html
No comments:
Post a Comment