Sunday, April 22, 2012

လေးစားလိုက်နာခွင့်

by Ven Ravika on Friday, 20 April 2012 at 20:23 ·
အခုအခြေအနေက၂၀၀၈-ခုဥပဒေကို အမုန်းကြီး မုန်းရာကနေ လေးစားလိုက်နာချင်တာတောင် မရတော့ အခြေမျိုး ဆိုက်နေပါလား။

ကာကွယ်စောင့်ရှောက်မယ့်အစား လေးစားလိုက်နာချင်သူတို့ကို အပြစ်မြင်နေသူများ ရှိတယ်။ အဲဒီကျမ်းကျိန်လွှာကို ကာကွယ်စောင့်ရှောက်သူများက လေးစားလိုက်နာရုံနဲ့ မကျေနပ်လို့လားဆိုတော့ မဟုတ်ဘူး။ ဒို့က ဒီလို ကျမ်းကျိန်ခဲ့ပြီး လွှတ်တော်တက်ခဲ့တာပဲ၊ မင်းတို့ N.L.D.က အခုမှ ပြင်ယင် ဒို့လို ရှေးဦးမစွအမတ်တွေ အရူးဖြစ်ကုန်ပြီပေါ့၊ လွှတ်တော်ကို ဒို့တက်သလို အရင်တက်၊ ဒါမှ ဘဝချင်းတူမယ် ဆိုတဲ့သဘော။

ဗိုလ်ချုပ်အောင်ဆန်းပြောဖူးတဲ့ မြန်မာတွေ တလွဲဆံပင်ကောင်းတယ်ဆိုတာ ဒီအဖြစ်တစ်ခုထဲနဲ့ ကွက်ကွက်ကွင်းကွင်း ရှင်းသွားတယ်။

အမှန်မတော့ ဒီကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ စာသားကို ဥပဒေကော်မရှင်လိုအဖွဲ့က ကာကွယ်စောင့်ရှောက်နေခြင်းမှာ ယုတ္တိမတန်လှပါ။ သူက သူ့သမ္မတ ဘာလုပ်နေလဲ သေချာမသိလို့ ပြောမိပြောရာ ပြောနေခြင်းသာ ဖြစ်တယ်။ သူ့သမ္မတက ၂၀၀၈-ခုဥပဒေကို လက်မခံနိုင်သူများကို အသိအမှတ်ပြုပြီး လက်ခံလာအောင် စည်းရုံးသွားမယ်လို့ ပြောခဲ့တာပဲ။ ကာကွယ်စောင့်ရှောက်တာပဲဖြစ်ဖြစ်၊ လေးစားလိုက်နာတာပဲဖြစ်ဖြစ် ၂၀၀၈-ခုဥပဒေကို လက်ခံပြီး ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ပဲ အဓိကမဟုတ်ဘူးလား။

၂၀၀၈-ခုဥပဒေကို အကောင်းဆုံးကာကွယ်နိုင်ဖို့ တိုင်းသူပြည်သားအားလုံးက လက်ခံဖို့ လိုတယ်မလား။ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်ခုံရုံးဥပဒေလိုမျိုး သဘောထားလို့ မရပါ။ လှည်းနေလှေအောင်း ပြည်သူအပေါင်းက မလေးစားယင် ကာကွယ်စောင့်ရှောက်မယ်လို့ သန္နိဋ္ဌာန်ချထားလည်း သံချေးတက်မှာပဲ။ တိုင်းရင်းသားမိဘပြည်သူများက လေးစားလိုက်နာမှပဲ ကာကွယ်စောင့်ရှောက်ရာ ရောက်ပါတယ်။

လက်ရှိ ၂၀၀၈-ခုဥပဒေကို ပြည်ထောင်စုသား ၉၄ ရာခိုင်နှုန်းကျော်တို့က ဆန္ဒပြုခဲ့တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂရုံးမှာ စာရေးသူတို့က ၂၀၀၈-ခုဥပဒေကို ဝေဖန်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့က ကာကွယ်စောင့်ရှောက်သွားပါတယ်။ ဒါပေမယ့် တစ်ခန်းလုံးက (ရုရှားနဲ့တရုတ် မိတ်ဖက်နိုင်ငံအနည်းငယ်ကလွဲပြီး) ပြုံးစိစိ ဖြစ်ကုန်တာပေါ့။

လက်ရှိ ၂၀၀၈-ခုဥပဒေကို လူများစုက လက်ခံကြပြီး လူအနည်းငယ်မျှလောက်ပဲ လက်မခံနိုင်ဖြစ်နေတာပါ လို့  မြန်မာကိုယ်စားလှယ်အဖွဲ့က ခုခံချေပသွားပါတယ်။ ဒါပေမယ့် ၂၀၀၈-ခုကို နာဂစ်ဥပဒေလို့ အမည်ပေးခဲ့ပုံကို စာရေးသူတို့ မမေ့သေးပါဘူး။ တိုင်းပြည်ဖရိုဖရဲဖြစ်နေချိန်၊ အတိဒုက္ခရောက်နေချိန်မှာ အမြတ်ထုတ်သွားတာကို လက်ရှိသမ္မတသိန်းစိန် အသိဆုံး ဖြစ်မှာပါ။

၂၀၀၈-ခုဥပဒေကို ဆန္ဒခံယူပွဲလုပ်တုန်းက ကော်ပီဘယ်လောက် ကူးခဲ့ဖြန့်ခဲ့လဲ။ ပြည်ထောင်စုနိုင်ငံလို့ ကြွေးကျော်ပြီး တိုင်းရင်းသားဘာသာစကားတွေနဲ့ ဘယ်နှစ်အုပ်လောက် ဘာသာပြန်ခဲ့လဲ။ ထောက်ခံခဲ့ပါတယ်ဆိုတဲ့ ထိုထို ၉၄ ရာခိုင်နှုန်းသော ပြည်သူများမှာ အဲဒီစာအုပ် ရှိသလား။ ရှိခဲ့ယင်တောင် ပျမ်းမျှ ဘယ်လောက်ရှိနိုင်မလဲ။

လက်ရှိ ၂၀၀၈-ခုဥပဒေဟာ နိုင်ငံတော်နဲ့ တိုင်းသူပြည်သားများကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေမဟုတ်ကြောင်း၊ တပ်မတော်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုများကို ပလပ်ခွင့်ပေးထားပြီး လူတစ်စုကို အကာအကွယ်ပေးထားတဲ့ ဥပဒေမျှသာ ဖြစ်ကြောင်း၊ ပြည်သူပြည်သားတွေအနေနဲ့ မိမိတို့ကို မျက်နှာသာမပေးတဲ့၊ မိမိတို့ကို အကာအကွယ်မပေးတဲ့ဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ လိုပါသလား။ ပြည်သူတွေက အမှန်တကယ်ရွေးကောက်တင်မြှောက်လို့ လွှတ်တော်ရောက်လာတယ်လို့ ပြောခဲ့ယင် အဲဒီအမတ်တွေကလည်း ဒီဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ လိုသလား။

တိုင်းရင်းသားတွေအနေနဲ့ စဉ်းစားယင် လက်ခံနိုင်စရာ ပိုမရှိတာပါ။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဘာသာစကား၊ စာပေယဉ်ကျေးမှု၊ သယံဇာတများကို စိတ်ကြိုက်ခိုးယူဖျက်ဆီးဖို့ ခွင့်ပြုထားတဲ့ဥပဒေ ဖြစ်တယ်။ ပြည်ထောင်စုအစိုးရကို တပြည်ထောင်အာဏာပေးပြီး ပြည်နယ်အစိုးရကို အခွန်တော်ဆက်ပဒေသရာဇ်ခေတ်လောက်တောင် အခွင့်အရေးပေးမထားတဲ့ ဒီဥပဒေကို ဘယ်ပြည်နယ်က လက်ခံနိုင်မှာလဲ။

ရှင်းအောင် ပြောရယင် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီဥပဒေကို ပြင်မယ်လို့ ကြွေးကျော်ထားတဲ့ N.L.D.ကို ပြည်သူတွေ ဘယ်လိုမဲပေးခဲ့လဲ ဥပဒေကော်မရှင်အဖွဲ့က သတိထားမိမှာပါ။ N.L.D. ကို မဲပေးခဲ့တဲ့အထဲမှာ ဟို ၂၀၀၈ တုန်းက ၉၄ ရာခိုင်နှုန်းပဲ မဟုတ်လား။ ဒါ အဖြေမှန်ပါပဲ။

ဒီဥပဒေကို တပ်မတော်က လက်ခံပါသလား။ ဒီစကားကို ရဲရဲဝံ့ဝံ့ ပြောပါတယ်။ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်ပါဝင်ရမယ်ဆိုတဲ့ အပိုင်းကို တပ်မတော်သားတိုင်းက လက်ခံကြပါသလား။ မထင်ပါ။

ဥပမာတစ်ခု ပြောပါရစေ။ အခု မွန်ပြည်နယ်မှာ ဦးအုံးမြင့်က ဝန်ကြီးချုပ်ပါ။ သူက စာရေးသူတို့မြို့နယ်ကပါပဲ။ မွန်သွေးစစ်စစ် ဖြစ်ပါတယ်။ ဒါပေမယ့် တပ်မတော်ထဲ ဝင်ခဲ့တာမို့ မွန်စကား၊ မွန်စာကိုတော့ မရဘူးပေါ့။ ဒီထက်အရေးကြီးတာက မွန်စိတ် မရှိတာပါပဲ။ မွန်ပြည်နယ်စိတ်မရှိယင် မွန်ပြည်နယ်မှာ မွန်ဝန်ကြီးချုပ် ဘယ်လုပ်သင့်မလဲနော်။ ပြည်ထောင်စုစိတ်ဓာတ် မရှိယင် ပြည်ထောင်စုသမ္မတ ဘယ်လုပ်သင့်မလဲနော်။

စာရေးသူတို့က မွန်ပြည်နယ်မှာ မွန်လူမျိုးက ဝန်ကြီးချုပ်ဖြစ်ရမယ်လို့ မပြောလိုပါ။ ဗမာလည်း ဖြစ်လို့ရတယ်။ ပအိုဝ်းလည်း တက်ဖြစ်လို့ ရတယ်။ ကရင်လည်း တက်ဖြစ်လို့ ရတယ်။ ဒါပေမယ့် မွန်ဝန်ကြီးချုပ် လုပ်ယင် ပြည်နယ်စိတ်ဓာတ် ရှိရမယ်။ ရွေးကောက်ပွဲကနေ တက်လာသူ ဖြစ်ရမယ်။ နေပြည်တော်က ရွေးပေးလို့ ဖြစ်တာမျိုး မမြင်ချင်ဘူး။ အရေးကြီးဆုံးမှာ မွန်ပြည်ရှိ လူနေမှုအဆင့်အတန်းမြင့်ဖို့၊ မွန်ပြည်တိုးတက်ဖို့၊ မွန်ပြည်က အခြားပြည်နယ်းများနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်။

တပ်မတော်သားတွေလည်း ဒီလိုပဲ ထင်ပါတယ်။ သူတို့ရဲဘော်အချင်းချင်းတွေက တပ်မတော်စိတ်ပျောက်ပြီး အာဏာရှင်စိတ်ပေါက်နေယင် ဘယ်ကြိုက်မလဲ။ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းယူထားတာ၊ ကာကွယ်ရေး နယ်စပ် ပြည်ထဲရေး ယူထားတာတွေဟာ သူတို့အတွက် ဘာထူးလဲ။ နိုင်ငံရေးမှာ ဝင်ပါလို့ တပ်မတော်ရဲ့ အဓိကစွမ်းအင်ဖြစ်တဲ့ တပ်များစုဖွဲ့ရေး၊ တပ်ခေတ်မီရေး၊ တပ်မိသားစုဖူလုံရေးတို့မှာ အများကြီး ထိခိုက်သွားတယ်။ တပ်မတော်သားတွေ သဘောတွေ့မယ့်ခေါင်းဆောင်မျိုးဆိုတာ ကာကွယ်ရေးဦးစီးချုပ်ပဲ ဖြစ်တယ်။ ကာကွယ်ရေးဝန်ကြီးဖြစ်မှ မဟုတ်ဘူး။ နယ်စပ်ရေးရာ ဖြစ်မှ မဟုတ်ဘူး။

တပ်မတော်သားတွေအတွက် သူတို့မိသားစုဘဝ တည်ငြိမ်ဖို့၊ စားဝတ်နေရေး အဆင်ပြေဖို့၊ ခေတ်မီးတပ်မတော်ဖြစ်ဖို့၊ တိုင်းရင်းသားတွေနဲ့ ရင်ဘောင်တန်းဖို့မဟုတ်ဘဲ အိမ်နီးချင်းတွေထက် တပ်စွမ်းဆောင်မှု သာလွန်ကောင်းမွန်ဖို့ ဖြစ်တယ်။ လုံခြုံရေးအကြောင်းပြပြီး မိမိအာဏာ မိမိအခွင့်အရေး မိမိမိသားစုကောင်းစားရေးအတွက် လုပ်မယ့် တပ်မတော်ခေါင်းဆောင်များကို အလိုရှိကြမှာ မဟုတ်ဘူး။ အထူးသဖြင့် အုပ်ချုပ်ရေးမှာ ဝင်ရောက်ပတ်သက်နေတဲ့ တပ်မတော်အရာရှိကြီးများဟာ မိမိကိုင်တွယ်ရတဲ့လုပ်ငန်းကို စစ်ရေးလောက် နိုင်နင်းမှာမဟုတ်ဘူး။ အုပ်ချုပ်ရေးမှာ ဝင်ပါနေရလို့ စစ်ရေးလစ်ဟာမှုတွေလည်း ရှိလာမှာပဲ။

တပ်မတော်သားတွေဟာ သံဃာတော်များလိုပဲ လူထုကြည်ညိုနေဖို့ လိုတယ်။ စာရေးသူတို့ သံဃာတွေက နိုင်ငံရေးရာထူးတစ်ခုခုကို လက်ခံလိုက်တာနဲ့ ဘယ်ဒကာဒကာမက ဆွမ်းလောင်းပါတော့မလဲ။ စစ်သားတွေကလည်း အုပ်ချုပ်ရေးမှာ ဝင်ပါလို့ မိန်းမ၊ ပိုက်ဆံ၊ အာဏာရှုပ်ထွေးမှုတွေမှာ ဝင်ပါနေယင် ပြည်သူတွေက မကြည်ညိုတော့ဘူး။ တိုင်းပြည်တစ်ခုမှာ  ပြည်သူတွေက တပ်ကို မကြည်ညိုတာလောက် အန္တရာယ်ကြီးတာ မရှိနိုင်ပါ။

ဘာကြောင့်လဲဆိုတော့ အဆိုပါတပ်ကပဲ နိုင်ငံတော်၊ အချုပ်အခြာအာဏာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုသားတို့ကို အသက်ပေးကာကွယ်စောင့်ရှောက်ရမှာကိုး။ ဒါပေမယ့် တပ်က နိုင်ငံတော်ကို အပိုင်သိမ်းထားတာမျိုး၊ အချုပ်အခြာအာဏာကို အလွဲသုံးစားပြုတာမျိုး၊ ဖွဲ့စည်းပုံကို ကိုယ်တိုင်ရေးဆွဲတာမျိုး၊ ပြည်ထောင်စုသားတွေကို ရန်သူလို့ သဘောထားတာမျိုးဟာ ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်ရာမရောက်ပါဘူး။

အမှန်တကယ် ပွင့်လင်းမှု ဖြစ်လာယင် စာရေးသူ ထင်တယ်။ တပ်မတော်သားတွေကိုယ်တိုင် တပ်ပြန်ဖို့ မဲပေးကြပါလိမ့်မယ်။ သူတို့ထဲမှာ လူမှန်နေရာမှန် သိကြမယ့်လူတွေ မနည်းလောက်ပါဘူး။

ဒီတော့ ရှင်းနေတယ်။ လက်ရှိ ၂၀၀၈-ခုဥပဒေကို ၉၄ ရာခိုင်နှုန်းကို နုတ်ပြီး ၆ ရာခိုင်နှုန်းတောင် ထောက်ခံကြမှာမဟုတ်ဘူး။ မယုံယင် စမ်းကြည့်ပါ။ ၂၀၀၈-ခုဥပဒေကို အုပ်ရေ သန်း(၆၀)လောက် ရိုက်နှိုပ်ပါ။ တိုင်းရင်းသားဘာသာစကားစုံ ဘာသာပြန်ပါ။ (၃)လလောက် ဝေဖန်ဆွေးနွေးမှု ပြုခွင့်ပေးပါ။ အဲဒီ ၆ ရာခိုင်နှုန်းတောင် ယောင်လည်လည် ဖြစ်ကုန်မှာ သေချာတယ်။

N.L.D.က လက်ရှိအခြေခံဥပဒေကို လေးစားလိုက်နာခွင့် တောင်းဆိုနေတာဟာ တိုင်းပြည်အတွက် အထူးသဖြင့် သမ္မတသိန်းစိန်အစိုးရအတွက် အလားအလာအင်မတန်ကောင်းပါတယ်။ တိုင်းရင်းသားများရဲ့ ပူးပေါင်းပါဝင်မှုကိုလည်း ရရှိဦးမယ်ဆိုယင် အတိုင်းထက်အလွန်ပါပဲ။ ဒီတော့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ပြီး ပြည်ထောင်စုကြီးမှာ သဟဇာတတရား ထွန်းကားဖို့ ကြိုးပမ်းနေတဲ့ N.L.D.ကို အခြေခံဥပဒေ လေးစားလိုက်နာခွင့် ပြုစေချင်ပါတယ်။ အဲဒီလို ခွင့်ပြုလိုက်လို့ ဘယ်အမတ်ကမှ သိက္ခာမကျပါဘူး။ အဘယ်ကြောင့်ဆိုတော့ အဲဒီစာသားကို သဘောကျလို့ လိုက်ဆိုခဲ့တာ ဟုတ်ချင်မှဟုတ်မယ်။

အကျဉ်းချုံးလိုက်ယင်

၁။ လက်ရှိနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စုသားတိုင်း လေးစားလိုက်နာမှ ကာကွယ်စောင့်ရောက်ရာ ရောက်မယ်။
၂။ လူတိုင်း လေးစားလိုက်နာဖို့ မျှတမှု၊ တန်းတူမှုရှိရမယ်။
၃။ သံဃာတော်များက အာဏာနိုင်ငံရေးမှာ မပါဘဲ ပြည်ထောင်စုကြီးကို နာမ်ပိုင်းဆိုင်ရာအရ ကာကွယ်စောင့်ရှောက်ရမယ်။
၎။ တပ်မတော်သားများဟာ အုပ်ချုပ်ရေးမှာ ဝင်မပါဘဲ ပြည်ထောင်စုကြီးကို ရုပ်ပိုင်းဆိုင်ရာအရ အဓိက ကာကွယ်စောင့်ရှောက်ရမယ်။
၅။ ကျန်တဲ့ပြည်ထောင်စုကိစ္စရပ်များကို ပြည်ထောင်စုသားတို့ဆန္ဒအတိုင်း ရွေးကောက်ပွဲအရ စီမံခန့်ခွဲကြပါစေ။

မြန်မာသက္ကရာဇ် ၁၃၇၄-ခုမှာ အဦးဆုံးရေးတဲ့ ဒီ Note မှာ အတတ်နိုင်ဆုံး အကောင်းမြင်ပြီး ရေးကြည့်တာပါ။

Van Ravika facebook  မှကူးယူဖော်ပြသည်။

No comments: