Saturday, April 28, 2012

ကောင်းသော ပြောင်းလဲခြင်း၏ တည်တံ့နိုင်ရေး (ဒုတိယပိုင်း)

 ရေးသားသူ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်

by Lu Maw on Friday, 27 April 2012 at 03:40 ·

   နောက် တိုင်းပြည်ရဲ့ အခြေအနေကိုပြတဲ့ ညွှန်းကိန်းပြကိန်း တစ်ခုကတော့ (GNP) ဂျီအင်န်ပီလို့ ခေါ်တဲ့ ကမ္ဘာသုံး သင်္ကေတ ဖြစ်တယ်။တချို့က ဂျီဒီပီ (GDP)ကိုလည်း သုံးတတ်တယ်၊ မြန်မာကတော့ ဂျီအင်န်ပီကို သုံးတယ် ထင်ပါတယ်၊ ဒါကတော့ တိုင်းပြည်တစ်ပြည်လုံးရဲ့ အမျိုးသားတစ်ရပ်လုံးရဲ့ ထုတ်လုပ်မှု ပမာဏကို ဖော်ညွှန်းတာဆိုတော့ တစ်တိုင်းပြည်လုံးရဲ့ဌေးကြွယ်သမျှကို ပေါင်းချုပ်လုပ်ပြီးပြတာပါ။ နိုင်ငံသူနိုင်ငံသား တိုင်းသူပြည်သား လူအများကို ကိုယ်စားမပြုဘူး။ ဂျီအင်န်ပီ ဘယ်လောက်ရှိနေပါစေ တိုင်းပြည်ထဲက လူအပေါင်းက ဆင်းရဲနေလျှင်တော့ ချမ်းသာကြွယ်ဝတဲ့တိုင်းပြည်လို့ခေါ်နိုင် ပါဦးမလား။ တိုင်းပြည်ဆိုတာကကော ဘာလဲ ၊တိုင်းသူ ပြည်သားနိုင်ငံသားတွေကို ကိုယ်စားပြုရမှာ မဟုတ်လား။ ဂျီအင်န်ပီက မြင့်ပြီးနိုင်ငံသားအများစုက ဆင်းရဲနေလျှင် ချမ်းသာတဲ့တိုင်းပြည်လို့ ခေါ်နိုင်ပါဦးတော့မလား။ ဒါကို အထူးဂရုပြုရမှာ ဖြစ်ပါတယ်။ တစ်နည်းပြောရလျှင်တော့ ဂျီအင်န်ပီကို တိုင်းသူပြည်သားအားလုံး မျှတစွာ ခံစားခွင့်ရှိရပါမယ် ။ ကမ္ဘာမှာဒီလိုပုံစံမကျဖြစ်နေတဲ့ တိုင်းပြည်တွေ ရှိနေပါတယ်။ ဒါကြောင့် ကမ္ဘာရဲ့ အကြီးမားဆုံးသောပြဿနာက ကမ္ဘာသူကမ္ဘာသား အများပြည်သူဆင်းရဲနွမ်းပါးမှုပဲ မဟုတ်လား။ 
ဆင်းရဲချမ်းသာကွာဟမှုကလည်း လက်ရှိကမ္ဘာရဲ့ ခပ်မြန်မြန်နဲ့ အလောတကြီးဖြေရှင်း ရမယ့်ဘေးအန္တ ရယ်ကြီးအဖြစ် ရပ်တည်နေတာပါ။ တစ်ကမ္ဘာလုံးရဲ့ ၃၀ ရာနှုန်းသော ချမ်းသာ သမျှဟာ သူဌေးကြီး ၁၀၀ ကျော်ရဲ့ လက်ထဲမှာပဲ ရှိနေတဲ့အဖြစ်ဆိုတော့ ငွေကြေးကို သုံးစွဲနေရတဲ့လူတွေအတွင်းခွဲဝေမှုဟာ ဘယ်လောက်တစ်ဖတ်သတ် ဖြစ်နေတာလဲ ဆိုတာ သိပ်ဝေးဝေးစဉ်းစားဖို့ လိုမယ်မထင်ပါဘူး။

  ဒါကြောင့်ကျွန်မတို့လိုပွင့်သစ်စမြန်မာပြည်မှာလည်းဒီအချင်းအရာကို အမြဲ သတိချပ်ပြီးကာကွယ် တားဆီး လုပ်ဖို့ အလွန်အရေးကြီးပါတယ်။ အခု လောလောဆယ် တက်လာတဲ့ ပြဿနာပေါင်းစုံထဲက ကာကွယ်ရမယ့် ထိပ်သီးအကြောင်း ဖြစ်တယ် ၊ ဘယ်လိုမှ ခေါင်းရှောင်လို့ မရပါဘူး။

    ဘရာဇီးကို ဥပမာပြလို့ ရပါတယ်။ဒီတောင်အမေရိကမှာရှိတဲ့ တိုင်းပြည်အကြီးစားကြီးဟာ လူဦးရေ များတယ် ။ သယံဇာတ ပေါကြွယ်ဝတယ်။ တိုင်းပြည်က ချမ်းသာတယ်။ ဖွံ့ဖြိုးမှု အဆင့်မြင့်တယ်။ လူကုံထံ လူတန်းစား ကြီးထွားများပြားတယ် ။ ဂျီအင်န်ပီ ကောင်းတယ်။ ဒါကြောင့် ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေ ကို လှေ ကား ထစ်နဲ့စီလျှင် ထိပ်ဆုံးမှာ ရှိတယ်။ ဘရာဇီးနဲ့ အိန္ဒိယဟာ မကြာခင် ဖွံ့ဖြိုးပြီးနို်င်ငံစာရင်း ၀င်တော့မယ် လို့ အများကတွက်ထားတာ ။ တိုင်းသူပြည်သားတွေကို ကြည့်လိုက်လျှင်တော့ ကျိကျိတက် ချမ်းသာ သူတွေ ရှိ တယ် ၊ ခမ်းနား ကြီးကျယ် အဆင့်မြင့် ဇိမ်ခံ ဟိုတယ်ကြီးတွေ ရီတယ် ၊ မြန်မာက နေပြည်တော် လိုပဲ မြေရိုင်းစစ်ကနေ တည်ဆောက် ဖော်ဆောင်ထားတဲ့ အံ့သြဖွယ်ကောင်းလောက်တဲ့ ဗိသုကာ ဒီဇိုင်း တီထွင်မှု အသစ်အဆန်းတွေနဲ့ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေ ရှိတဲ့ " ဘရာဇီးလီး ယား" မြို့တော်ကြီးရှိတယ်။ နိုင်ငံရဲ့ မြို့တွေမှာတော့ ဖြူခါပြာခါ ကျလွန်းလို့ကုန်းကောက်စရာတောင် မရှိတဲ့ ဆင်းရဲနွမ်းပါးသူတွေ ရှိနေတယ်။ ဆင်းရဲချမ်းသာမှု ကွာဟချက် မျဉ်းကြောင်းကြီးက ထင်သာမြင်သာ ကွင်းကွင်းကွက်ကွက် ရှိနေတဲ့တိုင်းပြည်လို့ ဆိုနိုင်တယ်။ ဖွံ့ဖြိုးတဲ့ တိုင်းပြည် တွေရဲ့ပုံမှန်ဂုဏ်အင် လက္ခ ဏာလို့ဆိုလောက်တဲ့ အခြားသင်္ကေတတွေလည်း တွေနိုင်တယ်၊ ဥပမာ ရာဇ၀တ်မှု မှုခင်းများခြင်း ၊ရှိရင်းစွဲ သယံဇာတတွေကို ဖြန်းတီးတဲ့နေရာမှာလည်း လူဆိုး စာရင်းဝင် ဖြစ်နေတယ် ။ သစ်တောတွေ ပျက်ပြုန်းစေတဲ့ တိုင်းပြည်တွေထဲမှာ ဘရာဇီး၊ အင်ဒိုနီးရှားနဲ့ မြန်မာဟာ ထိပ်ဆုံးက ဖြစ်နေတယ်။

      ကျွန်မတို့ တိုင်းပြည်မှာ ဒီလိုအခြေအနေဆိုးကို သိပ်ပြီး နောက်မကျသွားခင် ကာကွယ်တားဆီးဖို့က အခုအခါမှာ ထိပ်တန်း ဦးစားပေးရမယ့် ရည်မှန်းချက် ဖြစ်ရမယ်ဆိုတာ သိပ်ပြီးပေါ်လွင်လာပါတယ်။ အခါမ လင့် ပါစေနဲ့ ။ ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းတယ် ဆိုတာ လူတိုင်းအသိပဲ မဟုတ်လား ။ ခက်ခဲပေမယ့်လည်း အပြောချည်း မဟုတ်ဘဲ တကယ်လုပ်ပြရပါလိမ့်မယ်။

      နောက် ဥပမာ ပြနိုင်တဲ့ တိုင်းပြည်ကတော့ တရုတ်ပြည်ပဲ ။ တရုတ်ပြည်ကတော့ သိကြတဲ့အတိုင်း ကွန်မြူနစ်အစိုးရအုပ်ချုပ်တဲ့တိုင်းပြည်ပါ။ ကျွန်မတို့ အရင်တစ်ခါက ဘုံ ၀ါဒလို့ ခေါ်တဲ့ အစိုးရစနစ်အောက် မှာ ရှိနေသေးတဲ့ တိုင်းပြည်ဟာအခု ဆယ်စုနှစ် ၂ စု ၃ စု မှာ ပြောင်းလဲသွားပုံများကတော့ မှတ်မိစရာ မကောင်းတော့ပါဘူး။ ကွန်မြူနစ်ဝါဒရဲ့ ဖခင်ကြီးတွေရဲ့ခံယူချက် သဘောထားဒဿန အမြင်က  လူတစ် ဥိး စီရဲ့လိုအပ်ချက်အတိုင်း တိုင်းပြည်ရဲ့ ချမ်းသာသမျှကိုဝေပေးရမယ်တဲ့။ အဲဒီလိုတိုင်းပြည်မှာ အခု ဘာဖြစ်နေ သလဲ။ ဘီလျံနာ (သန်းထောင်ကြွယ်) သူဌေးယောက်ျား မိန်းမ ရှိသတဲ့။ ဒါတင်မကသေးဘူး ။ ချမ်းသာ တဲ့ သူတွေက ဟော့ရမ်းစွာ မျက်နှပြောင်တိုက်ပြီး ကြက်သီးမွေးညင်းထလောက်အောင် လူ့သိက္ခာ နဲ့ ငွေကြေး ဆိုင်ရာ မျှတမှုရှိခြင်း တရားကို ချိုးဖောက်နေကြတယ်။ လူလူချင်း စာနာမှုတရားတွေကလည်း လုံးပါးပါးပြီး လာလိုက်တာ တကယ်ပဲအံသြလောက်ပါတယ် ။ ယုံနိုင်စရာ မရှိတော့ဘူး ။ ဒါတွေဖြစ်လာတာ ဘာကြောင့် လဲ ။ အသေးစိတ်တွေကို တပ်အပ်မပြောနိုင်ပေမယ့် ဖွံ့ဖြိုးမှုအစဉ်နဲ့ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ စုပေါင်းရလဒ် လို့  ဆိုနေကြတယ်။

   တစ်မျိုးပြောရလျှင်တော့ လူတွေဟာ ပိုက်ဆံရဲ့ တန်ခိုးအာဏာ စက်ကွင်းထဲမိပြီး ပိုက်ဆံကိုပဲ တန်ဖိုးထား တဲ့ ဦးထိပ်ပန်တဲ့ ခံယူချက်တွေ လွန်ကဲစွာလွှမ်းမိုးလာတယ် ။ ပိုက်ဆံရှိလျှင် ဘာဖြစ်ဖြစ်လုပ်လို့ရမယ် ။ လုပ်မှာပဲ ။ ဒါငါ့ပိုက်ဆံပဲဆိုတဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေ ငယ်ထိပ်အထိ တက်နေလို့ပဲ။

     ကမ္ဘာကြီးရဲ့ ကြွယ်ဝသမျှ အားလုံးရဲ့ ၃၀ ရာခိုင်နှုန်းဟာ သူဌေးကြီးတွေ ၁၀၀ ကျော်လောက်လက်ထဲမှာ ရှိတယ် ဆိုကတည်းက ဆင်းရဲချမ်းသာကွာဟမှုဟာ ဘယ်လောက်အတိုင်းအတာနဲ့ ရှိနေတယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ် ။ ချမ်းသာတဲ့သူတွေဆီကနေ ကြွယ်ဝချမ်းသာမှုဟာ အောက်ခြေ ဆင်းရဲသားတွေဆီကို အပေါ်ကနေ လျှံကျ ယိုစီးကျဆင်းလာမယ် (Trickle Down Theory ) လို့များ မထင်လိုက်ပါနဲ့ ။ ဒီလို မဖြစ် လာပါဘူး။နောက်ဒီလို ဝေခွဲမျှတမှုမရှိခြင်းနဲ့ကိုယ်ကျိုးရှာတာလောက်ကိုပဲတစ်သတ်မှတ်တည်း ကျင့်သုံးနေ တာက တရားလွန် ထုထည်ကြီးမားပြီး ခိုင်မြဲ လာတော့တယ်။ ဒါကတော့ ဘယ်လိုမှ မဖြစ်ထိုက်ဘူးဆိုပြီး မခံချင်သူတွေရှိလာတယ် ။ Corporate Social Responsibility (CSR) ဆိုပြီး ကုမ္ပဏီကြီးတွေ ကော် ပိုရေး ရှင်းတွေပိုင်ဆိုင်သူ တရားလွန် ဌေးသူတွေက လူအများအစားဖြစ်တဲ့ ပြည်သူတွေရဲ့ ဘ၀နေရေးကို အထိုက် အလျောက် တာဝန်ယူသင့်တယ်လို့ မြင်လာတယ်။ သူဌေးကြီးတွေကလည်း သူတို့လောဘကို အတောမ သတ် နယ်ချဲ့ပြီး ဘယ်သူ့ကိုမှ ဘာမျှ မလုပ်ပေးဘူးဆိုတာလည်း အမြင်အားဖြင့် သိပ်ကောင်းတာ မဟုတ် ဘူး။ လှူလိုက်လျှင်  နာမည်ကောင်းရမယ့် အခွင့်အရေး ရှိမယ်လို့ ယုံကြည်လာကြတယ် ထင်ပါရဲ့ ။

     ဒီလောက်သုံးမကုန် နေအောင် ချမ်းသာနေသူတွေကတော့ ဆင်းရဲချို့တဲ့နေတဲ့သူတွေကို ကူညီ ဖို့ကောင်းပါတယ်။အလိုအလျောက်ဒီလိုအလှုဒါနစိတ်မရှိုလည်းဘေးပတ်လည်အသိုင်းအ၀ိုင်းကဖိအားပေးပြီး မျှတရေးအတွက် တာဝန်ယူခိုင်းရတော့မယ်လို့ ယူဆလာပြီး ဒီကိစ္စကို အကောင်အထည်ဖော် လိုက်ကြ တယ် ။ မြန်မာပြည်မှာ ထွက်ပေါ်လာစပြုတဲ့ သူဌေးသူကြွယ် ပေါက်စန ဖြစ်ဖြစ် ခပ်ကြီးကြီးဖြစ်ဖြစ်ကို ဒီ အတွေးအမြင်ဘောင်ထဲဝင်လာအောင် သိမ်းသွင်းအားပေးပြီး လမ်းကြောင်းခင်း ပေးဖို့ လိုမယ် ထင်ပါတ ယ်။

     ချမ်းသာသူတွေရဲ့လက်ဟာ ပိုကျစ်တယ် (မဖွာဘူး ) ဆိုတာ မှန်သင့်သလောက် မှန်ပေမယ့် မြန်မာ လူမျိုးအများစုကတော့ အလှူဒါန ရေစက်ရှိကြပါတယ်။ ဒီကောင်းတဲ့စိတ်ကိုသာ မြေတောင်မြှောက်ပးဖို့ လို တာပါ။ လုံးဝ လွှတ်ထားလိုက်လို့တော့ မဖြစ်ပါဘူး။ လောဘကြီးနေသူတွေက တစ်ကိုယ်ကောင်း ဆန်နေဦး မှာပဲ။မသိတတ်လွန်းသူတွေကိုတော့ကောင်းသောအုပ်ချုပ်ရေးနဲ့ဥပဒေပြုရေးမဏ္ဍိုင်တွေကထိန်းကျောင်းပေး ရတော့မယ်။

    တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားတိုးတက်ကောင်းမွန်ရေး ၊ အဆင်မြင့်မှာ ရှိပြီး ခိုင်မာစွာ ရှင်သန်ပြီး ဆက်လက်ရပ်တည်ဖို့အတွက် အထူး အရေးပါလှတဲ့ ဖြစ်ကြောင်းတစ်ခုကိုလည်း မပြောပဲ မပြီးတော့ဘူး ထင်ပါတယ်။ ဒါကတော့ တိုင်းပြည်တစ်ပြည်ဟာ ရှိနေတဲ့ လက်ငုတ်လက်ရင်း သယံဇာတတွေကို ရင်းနှီး ရောင်းချပြီးသွားခဲ့လျှင် ဒီ စီးပွားရေးဟာ တာရှည်ရေရှည် အတွက် မခိုင်မြဲတဲ့အပြင် ဆက်လက် ထိန်းထားဖို့တောင် မလွယ်ဘူး ဆိုတာပါပဲ ။

    ယခု သိရှိလာတဲ့ အခြေအနေမှာတော့ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာက တရုတ်ပြည် သူ့ သမ္မတနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၃ ထောင်ကျော်နှင့် တရုတ်ယန်း ငွေသန်းပေါင်း ၂ ထောင်နီး ပါး ချေးငွေ ရှိခဲ့ပြီး လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍအတွက် ချေးငွေပမာဏမှာ အများဆုံးဖြစ်တယ်။ (Bi Weekly Eleven သောကြာ မတ်လ ၃၀/ ၂၀၁၂-စာ - ၅ ) ။ဒီတော့ တိုင်းပြည်ရဲ့ အမွေအနှစ် သယံဇာတကို လည်း ရောင်းစားပစ်သေးရဲ့ ၊ ပြီးတော့အဲ့ဒီ စီမံကိန်းတွေရဲ့ လိုအပ်ချက် တွေကို ဖြည့် ဆည်း ဖို့ ငွေ ကို လည်းဝယ်သူထံက ချေးရသေးသတဲ့ ။ ဒီတော့ ၂ခါနာ ဖြစ်မသွားပေဘူးလား ။ စီးပွားရေးသမားဆိုတာ ဘယ် အရောင်အသွေးမျိုးဖြစ်ဖြစ် ဘယ်လိုလူပဲဖြစ်ဖြစ် ငွေမက်သူတွေပဲ။ သူတို့ အလုပ် ကိုက ငွေမက် မှ ဖြစ် တာ ။ ဒါ့အပြင် မြန်မာဘက်က အခြေအနေကလည်း ကျားသနားမှ နွားချမ်းသာ ဆိုတော့ စဉ်းစားသာ ကြည့်ပါတော့ ။ စီးပွားရေးသမားပီပီ အသာစီးရနေတဲ့ အခွင့်အရေးကို ရက်ရက်စက်စက် သုံးချလိုက် မှာပဲ။

    အခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ သဘာဝဓာတ်ငွေ့ အမြောက်အများ ထုတ်ဦးမယ်လို့ ရည်မှန်းထားသတဲ့ ။ (Bi Weekly Eleven သောကြာ မတ်လ ၃၀/ ၂၀၁၂ - စာ-၅ ။

    သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယှ်ု ကရင်ပြည်နယ် အတွင်းက ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမယ့် ရေအားလျှပ်စစ် ၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံကို ရောင်းချမှာတဲ့ ။ ၂၀၀၉ ခု ၊ သြဂုတ် လထဲ က အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနဲ့ ပြည်ပ ကုမ္ပဏီများ သဘောတူစာချုပ်ခဲ့တာ ရှိပါတယ် ။

     လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကဆို သိထားကြတဲ့အတိုင်း သံလွင်မြစ်ဟာ သဘာဝအတိုင်း ရှိနေတဲ့ လူတွေနဲ့ ဖွံ့ဖြိုးမှု ဆိုတာတွေရဲ့ လက်ပေ လက်ညစ်မထိ၊ မစွန်းမထင်း ရှိတဲ့ သဘာဝရဲ့ ဖြူစင်မှုပြယုင်္ဂလို့ ဆိုလောက်တဲ့မြစ်ပါ။ဟိမ၀န္တာတောင်ခြေကနေမြစ်အဖြစ်စီးဆင်းသွားတာတရုတ်၊လာအို၊ထိုင်း ပြီး မှ မြန်မာ ကိုဝင်လာတာ။လွန်ခဲ့တဲ့အနှစ်၂၀ကျော်က စပြီး သံလွင်မြစ်ပေါ်ရှိ စီမံကိန်းတွေ စလုပ်ခဲ့ကြ တယ်။ သဘော တူစာချုပ် စတာတွေ ရေးထိုးခဲ့တာ ။ ထိုင်းနိုင်ငံထဲက သံလွင်မှာ ဆည် ၂ခုနဲ့ မြန်မာက သံလွင်ပေါ်မှာ ဆည် ၅ခုဆောက်မှာပါ။ ပေါင်း ၇ ခု ရှိမယ် ။ ဒါ့ကြောင့် သံလွင်မြစ်ကိုတော့ ဆည်မြစ်လို့ အမည်ပေးဖို့ကောင်းနေ ပါပြီ ။

      မြန်မာပြည်ရဲ့လျှပ်စစ်ဓါတ်အားသုံးမှုဟာအခြား ဖွံ့ဖြိုးမှုတွေအင်တိုက်အားတိုက်လုပ်နေပြီးလူနေမှုအ ဆင့် မြန်မာထက်မြင့်တဲ့ တိုင်းပြည်တွေလောက် မရှိဘူး။ အိမ်နီးချင်း ထိုင်းနဲ့စာလျှင် အလွန် နည်းပါသေး တယ်။ဒီတော့အထက် ခဲ့တဲ့၂၀၁၂- ၂၀၁၃ မှာထုတ်မယ်လို့လျာထားတဲ့ သဘာဝ ဓါတ်ငွေ့ ကိုတော့ ပြည် ပ ရောင်းပစ်ဖို့ လုံးဝမထိုက်ပါဘူး ။ ပြည်တွင်း ဖူလုံဖို့အတွက်သာ လျာထားရမယ်ထင်ပါ တယ် ။ နောက်  ထပ် ဒီလို လျှပ်စစ်ဓါတ်အား ရရှိရေး စီမံကိန်းတွေကိုလည်း ခေတ္တဖြစ်ဖြစ် ရပ်နားသင့်ပါတယ် ။ တိုင်းပြည်ရဲ့ အခြား အဘက်ဘက်ကို ပြုစုပျိုးထောင် စီးပွားရေး တိုးတက်လာအောင် လုပ်နေတာကို အား ထား ရပါလိမ့်မယ် ။

( ပြည်သူ့ခေတ်ဂျာနယ် ၂၆၊ ဧပြီ ၊ ၂၀၁၂ ကြာသပတေးနေ့ ၊ အတွဲ ၂ ၊ အမှတ် ၉၁ )

No comments: