Wednesday, April 25, 2012

ပြည်တွင်းဖြစ် ပြည်တွင်းစစ်

by Moe Way on Saturday, 21 April 2012 at 07:25 ·
စစ်အစိုးရခေတ်ထဲ အတူတူဖြတ်ခဲ့ကြရင်း
ခုတော့ ကျွန်တော်တို့ရောက်နေတာ လမ်းဆုံလား၊ လမ်းခွဲလား
ကာကွယ်မှာလား၊ လေးစားမှာလား
ေ၀၀ါးနေတဲ့ စက်မှုဇုံကောင်းကင်ထက်မှာ
ဝဲနေတဲ့ ကျွန်တော်တို့ရဲ့ လူလွှတ်စွန် ရောင်စုံများ

ဘယ်ခေတ်မှာရှင်သန်ခဲ့ကြသလဲ
ဘယ်မဂ္ဂဇင်းတွေမှာ ကဗျာရေးခဲ့ကြသလဲ
ရွေးကောက်ပွဲ ဘယ်နှစ်ခု ကြုံခဲ့ကြသလဲ
တစ်ယောက်ယောက်က မေးလိုက်တယ် ဆိုပါစို့

အရက်ဆိုင်တွေ တအားပေါတာနဲ့ ကြုံခဲ့တယ်
လယ်ကွက်တွေပေါ် ဆောက်ထားတဲ့ အိမ်တွေထဲ ရောက်ခဲ့ကြဖူးတယ်
နှစ်ရာပေးရပြီး ဘာမှမထူးတဲ့ အထူးကားတွေထဲမှာလည်း ဆုံခဲ့ဖူးကြ
နှစ်ရာတန် ထီလက်မှတ်တွေကို သုံးလေးရာပေးခဲ့ကြရတယ်

ကွန်ကရစ်လမ်းတွေပေါ် မာအောင့်အောင့်လျှောက်ခဲ့ကြတယ်
နာမည်မျိုးစုံနဲ့ စီးကရက်တွေ တအားသောက်ခဲ့ကြတယ်
နာမည်မျိုးစုံနဲ့ စစ်ပွဲတွေနွှဲနေကြတာ မြင်ခဲ့ကြတယ်
ဒီတစ်ပွဲမှာ မင်း ဘယ်ကလောက် ငါ ဘယ်ကလောက်
အဲဒါမျိုးတွေကြားမှာ တို့တစ်တွေလည်း လမ်းတွေလို
ပြည်တွင်းဖြစ် မဆလာတွေနဲ့ အလောင်းခံခဲ့ကြတယ်

အဲဒီလိုခေတ်ထဲ
လူငယ်တိုင်း မလေးရှား သွားအလုပ်လုပ်ခဲ့ကြရတယ်
ယိုးဒယားသွား ကျွန်ခံခဲ့ကြရတယ်
ဒီလိုနဲ့ လူတန်းစားဟာ မိုးပေါ်နဲ့ အ၀ီစိ ဖြစ်ခဲ့ကြတယ်
ဒီလိုနဲ့ အထပ်မြင့်တွေက ခုန်ချသူတွေ များများလာတယ်

အများပိုင်အဆောက်အအုံတွေက ပုဂ္ဂလိကပိုင်တွေဖြစ်ခဲ့တယ်
သို့သော်လည်း ပုဂ္ဂလိကတွေဟာ တို့တစ်တွေတော့ မဟုတ်ခဲ့ဘူး
တို့တစ်တွေဟာ လှိုင်သာယာ တို့တစ်တွေဟာ ဒဂုန်မြို့သစ်
တို့တစ်တွေဟာ ရွှေပြည်သာ တို့တစ်တွေဟာ ယုဇန
အစွန်အဖျားမှာ အစမ်းသပ်ခံနေကြရင်း
တစ်နေ့နေ့ကျရင် ဒီထက်ပိုဝေးတဲ့နေရာ ရောက်ကြဦးမှာပဲ

ခုတော့ ခေတ်က ပြောင်းသွားပါပြီ တဲ့
မနက်မိုးမလင်းခင် မြို့သစ်ကနေ မြို့ဟောင်းဆီ
အထူးကားတွေမှာ တိုးဝှေ့လိုက်ပါလာရင်း
ရရာ အလုပ်လုပ်ရ၊ ရရာ ထမင်းလုပ် အပုပ်ခံရ
တွေ့ကရာလေဘေးထည်လေး ၀ယ်
လက်မောင်းမှာ ချေရဲ့ ပုံ  ရင်ဘတ်မှာ ဒေါ်စု
နှလုံးသားထဲမှာ ဗိုလ်ချုပ်အောင်ဆန်း
တို့တစ်တွေ မနားတမ်း မမောတမ်း

သြော် . .ခုတော့ ဗိုလ်ချုပ်ကို တို့ထက်ချစ်သူတွေ
ဒေါ်စုကို ထို့ထက် လေးစားသူတွေ အသီးသီးပေါ်လာကြ
တို့မြို့သစ်လေးတွေကိုလည်း တို့ထက်ချစ်သူတွေ
ပေါ်မလာနိုင်ဘူးလို့ ဘယ်သူကရော အာမခံ ပြောနိုင်ကြမလဲ
တွေးရင်းတိုးရင်း တိုးရင်းတွေးရင်း ဘတ်စ်ကားဟာ တံတားအဆင်း
ပြည်တွင်းစစ် ဆိုတဲ့ မှတ်တိုင်လေးမှာ ရပ် ကျောက်ချနေပါရော ။   ။

မိုးဝေး
21.4.2012
 moe way facebook မှကူးယူဖော်ပြသည်။

No comments: