Tuesday, April 17, 2012

“သူငယ်ချင်းနဲ့ ငါ့ အတွက် ဂီတ”

တိတ်တိတ်ပုန်းထိုးမိတဲ့လက်ညိုးလေးပါ။
ဖြစ်ချင်တော့ အင်္ဂုလိမာလနဲ့တိုးခဲ့တယ်။
 
အရပ်က ပျက်ပြီးသားကို
ကိုယ်ဆားခပ်တုန်းမှာ မြင်သွားကြတာပါ။
ပြုသူဆိုပေမယ့်
ကိုယ့်ဘက်ကဟောင်းသွားတာကြာပြီ
သူကအသစ်အဖြစ်နဲ့ ဆန်းသစ်နေတယ်ဆိုလည်း
သူ့တို့သဘောဘဲဖြစ်ပါစေပေါ့။
 
ညနေတွေဆိုတာ
ချစ်သူကိုကြိုဖို့နဲ့ နေဝင်တာကြည့်ဖို့ကလွဲပြီး
ဘာနဲ့အဓိပ္ပာယ်ထပ်ဖြည့်မလဲ။

ဘာဘဲဖြစ်ဖြစ်
ကဘူးပါလီမန်မှာ အေကေ၄၇ သံတွေညံနေတဲ့အချိန်
ကျွန်တော်တို့ဆီမှာ DJ သံညံညံနဲ့ ကနေကြတာဟာ
အစဉ်အလာပါ။ မင်္ဂလာပါ။
သားရေနည်းနည်းကျပ်ဖို့လိုတာကလွဲပြီး
အရာရာဟာ လင်းလင်းဖြိုးဖြိုးနဲ့ လှတောတိုးလုဆဲဆဲလို့
ကျွန်တော်တော့မြင်မိတာပဲ။

အကိုတွေလည်း သံချပ်နဲ့မြို့ပတ်နေသလို၊
အမေလည်း ရေထွက်ထွက်ပက်နေတယ်။
မိဘဘိုးဖွားတွေလည်း
သီလနဲ့ဘာဝနာကို
ရက်တိုတိုမှာ အမြတ်ပိုမိုဖြစ်အောင်
စွမ်းဆောင်နေကြဆဲပါ။

လွင့်မြောက်အေးချမ်း
ကလေးလေးတွေလည်း ရွှင်လန်းနေတယ်။
ဥပုပ်သီတင်းအသင်းသင်း
သန့်စင်ခြင်းနဲ့ ကူးလူးဆေးကြောနေသူလည်း ရှိတယ်။
ဗုံးသံကျည်သံ မာန်မာနသံနဲ့
အလံတလူလူ လက်သည်းတဖွေးဖွေးတွေလည်း
ဝေးဝေးမှာ ပြေးနေတယ်။
သူတို့တွေ ပျော်ကြပါစေကွယ်…။

လူငယ်ဆိုတာ ပုခုံးဖက်မဆုံးမ မချင်းတော့
စိတ်နည်းနည်းပူရတာဘဲလို့
ကျွန်တော်တော့မြင်မိတာပါပဲ။

ကိုရီးယားကားတွေကို အပြစ်မဖို့ပါနဲ့
အမေရိကားအလှည့်ကျရင်
မင်းနှမ ညအိပ်ခဲ့တဲ့သူ ထိုသူဘယ်သူလည်း
သူမသိတဲ့အဖြစ်တွေဖြစ်လာမှာလည်း မလွဲပါဘူး။
ကြိုးစားမြှင့်တင်ရမှာက ဥာဏ်ရည်ရယ်၊ ဂုဏ်သိက္ခာရယ်ပါ။

လိပ်ပြာဆိုတာ
ကိုယ်တိုင်ရှေ့က တည့်တည့်လျောက်မှ
နောက်က တည့်တည့်လိုက်ပျံလိမ့်မယ်ထင်တာဘဲ။
ငါတို့ လက်တွဲခေါ်ကြရအောင်လား သူငယ်ချင်းရယ်။

တောင်ရှည်ပုဆိုးလေသံနဲ့
ခြေကန်ပြီးပြောရင်
တောကပိုနက်ပြီး
ကျားအဆွဲပိုကြမ်းတာဘဲ အဖတ်တင်မယ်။
ပြုံးပြုံးလေးပြောလည်း ဒီစကားပါပဲ သူငယ်ချင်းရယ်။

မင်းအတွက်လို့ ရည်ပြီး
ကိုယ်စွဲစွဲမြဲမြဲပြုံးနေတဲ့ အပြုံးကိုဘဲ
ထပ်သုံးလိုက်ပါတယ်။
မင်းရင်ထဲမှာ မီးမှန်မှန်လာတဲ့နေ့
ငါတို့ချင်း လင်းလင်းချင်းချင်း တွေ့ကြဦးမှာပါ သူငယ်ချင်းရာ။


စိမ်းခက်စိုး
(တနင်္လာနေ့) ဧပြီ ၁၆၊ ၂၀၁၂
ညနေ - ၀၃း ၄၄ နာရီ
သင်္ကြန်အတက်နေ့။
Sein Khat Soe facebook  မှကူးယူဖော်ပြသည်။

3 comments:

n/a said...

ကြိုက်တယ်ဗျာ။

n/a said...

ကြိုက်တယ်ဗျာ။

n/a said...

နောက်ထပ်ကဗျာလေးတွေရှိရင်လည်းလုပ်ပါအုံး။