Tuesday, April 3, 2012

မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၅)

(ဒီအပိုင်းမှာတော့ ဒေါ်ခင်ရွှေလှိုင်က ထောက်လှမ်းရေးလို့ သူထင်တဲ့ သူတွေကို စတင်ပြီးတော့တင်ပြလာပါတယ်။ တချို့  သူလျှိုတွေကိုမသိမသာ၊တချို့ သူလျှိုတွေကိုတော့သိသိသိသာ လက်ညိုးစထိုးပါပြီ။ စိတ်ဝင် စားဖို့ ကောင်းပါတယ်။ ... မြို့ ကကျောင်းသားအမည်ခံလူလည်တစုရှို့ တဲ့မီးကြောင့် တောထဲကနေ ဘာမသိ ညာမသိ ရှင်းဆိုလို့ ရှင်းပေးခဲ့ရ တာက လူမိုက်တွေအဖြစ် လက်ညိုးထိုးပြခံနေရတဲ့ ကိုမျိုးဝင်းနဲ့ ကိုသံချောင်း .... ဆိုတဲ့စာသားကတော့ ဒီစာတပုဒ်လုံးကပြောချင် တာလို့ ယူဆပါတယ်။)

(၄)
ထူးဆန်းနေတာက နှိပ်စက်တာမခံနိုင်လို့ ပါးစပ်ထဲရှိတဲ့ နာမည်တွေ လျှောက်အော်ရင်း အများကြီး ဖြစ်ခဲ့တယ် ပြော တယ်။ အဲဒီလို လျှောက်အော်ခဲ့လို့ အဖမ်းခံလိုက်ရတဲ့သူတွေ အကုန်လုံးကလည်း “မဟုတ်ဘူး” လို့ တယောက်မှကို မ ငြင်းခဲ့ကြဘူး။ ဖမ်းလိုက်တိုင်း “ဟုတ်ပါတယ်” ချည်းပဲ ၀န်ခံခဲ့ကြတယ်။ သတ်တော့မယ်ဆိုတာကို သေချာပေါက်သိနေတဲ့ အချိန်မှာတောင် “ဟုတ်ပါတယ်” ပဲ ၀န်ခံနေကြတယ်။ ဘာကြောင့် “ငါတို့ သူလျှိုမဟုတ်ဘူးကွ” လို့ ကျန်နေတဲ့ ရဲဘော် တွေကြားမှာ သံသယလေးတစွန်းတစ ချန်ထားနိုင်အောင် မအော်သွားခဲ့ကြတာလဲ။
တယောက်မကျန် ဟုတ်ပါတယ်။ ၀န်မခံမချင်း ရိုက်စစ်ခံခဲ့ရတာ သေချာရဲ့လား။ ရိုက်စစ်စရာ သိပ်မလိုဘဲ သိပ်အသား အနာမခံရဘဲ အစီစဉ်တကျ ဖြေဆိုခဲ့ကြသူတွေကော တယောက်မှ မရှိနိုင်ဘူးလား။ ဖမ်းတဲ့သူထဲ ကပဲဖြစ်ဖြစ် အဖမ်းခံရပြီး သူတွေထဲကပဲဖြစ်ဖြစ် မင်းတို့ ငြင်းမနေနဲ့ ငြင်းနေရင် အသားအနာခံရဖို့နဲ့ သေ ဖို့ပဲ ရှိတယ်။ ဟုတ်တယ်လို့ ဒီလိုဒီလို ဖြေ လိုက်လို့ဆိုပြီး လမ်းကြောင်းပေးခဲ့သူတွေ ရှိခဲ့လား။ ဘယ်သူတွေလဲ။ မဟုတ်ဘဲနဲ့ အဖမ်းခံခဲ့ရတယ်။
တယောက်စီ ခေါ် ထုတ်ခွဲစစ်ခဲ့တယ်။ ပုံမှန်ဆို ထွက်ဆိုချက်တွေက တယောက်တပေါက်စီ ဖြစ်ကိုဖြစ်နေ ရ မယ်။ ရန်သူ့ သူလျှိုတွေ မဖြစ်နိုင်ဘူးဆိုတဲ့ အနေအထားတွေကို  ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်။ ကိုညီညီကျော်တို့ အဖမ်းမခံရခင် အစ ပိုင်းမှာကတည်းက ညွှန်ပြနေရမယ်။
လက်တွေ့မှာအရာရှိအဆင့်နဲ့အဖမ်းခံခဲ့ရတဲ့ လူတွေရဲ့စစ်ချက်တွေက အစီအစဉ်တကျ အချိတ်အဆက်မိမိ ရှိနေတဲ့အ ပြင် အဲဒီအဆင့်မှာ ချရေးခိုင်းခဲ့တဲ့ သူတို့ချင်းဆက်သွယ်တဲ့ ကုပ်တွေပါ တူနေကြတာက ယုံကြည် လက်ခံနိုင်လောက်တဲ့ အနေအထားမျိုးတွေကို ညွှန်ပြခဲ့တဲ့အတွက် မှတ်တမ်းတွေယူ၊ ဗွီဒီယိုတွေ ရိုက်ခဲ့ကြ တဲ့အပြင် “ငါတို့ မဟုတ်ပဲနဲ့ လုပ်တာ မဟုတ်ပါဘူး” ဆိုတာ သက်သေပြဖို့ “ယင်ဒီးလို” သတင်းထောက်မျိုး ကိုတောင် တောထဲခေါ် ပြလိုက်ကြသေးတယ်။

အဖမ်းခံခဲ့ရတဲ့ထဲက ကြောင် (ခ) ကိုကျော်နိုင်ဦး၊ နန်းအောင်ထွေးကြည်၊ ကိုညီညီအပါအ၀င် ဒါတွေနဲ့ပတ် သက်ပြီး မေး မြန်းလာကြတာတွေရှိခဲ့ရင် သက်သေပြနိုင်ဖို့ ချန်ထားတဲ့လူတွေကို မိဘတွေကိုယ်တိုင် လာခေါ် ရင် လွတ်ပေးမယ်ပြောပြီး မိဘတွေဆီကို စာရေးခိုင်းခဲ့သလို မိဘတွေ တကယ်လာခေါ်ကြတော့ ပြန် မ ထည့်ပေးဘဲ လူကြီးတွေ ဂတိပျက်ခဲ့တာ လည်းရှိတယ်။ တောထဲလိုက်လာတဲ့ မိဘတွေကို ခင်ဗျာ့တို့ သား သမီးတွေက ဒီလိုဒီလိုတွေပါလို့ ရှင်းပြခဲ့ကြသေးတယ်။

အဲဒီအချိန်က ဗဟိုဥက္ကဋ္ဌ ကိုနိုင်အောင်လည်း ရောက်နေတဲ့အချိန်ဖြစ်လို့ အကျယ်ချုပ်နဲ့ပြန်လွတ်ထားတဲ့ သူတွေနဲ့ တောထဲကို လိုက်လာခဲ့တဲ့ မိဘတွေအတွက် ဖျော်ဖြေပွဲလေးတခု လုပ်ခဲ့ကြတယ်။ အဖမ်းခံရပြီး သူ့မိခင်လာတွေ့ပြီးနောက် အ ကျယ်ချုပ်နဲ့ အဆောင်မှာပြန်လာနေတဲ့ နန်းအောင်ထွေးကြည် (ခ) မငယ်က သူအဖေဟာ တချိန်က အမှတ်(၂)ထောက် လှမ်းမှူး ဦးခင်မောင်ကြည် ဖြစ်ပြီး လောဆစ်ဟန်တို့အမှုနဲ့ ပတ် သက်ပြီး ပြုတ်သွားတဲ့သူတဦးဖြစ်ကြောင်း၊ ကေအိုင်အေ က ဗိုလ်ချုပ်ဇော်မိုင်နဲ့ သူတို့မိသားစုက ဘယ်လို ပတ်သက်ဆက်နွယ်မှု ရှိခဲ့တယ်ဆိုတဲ့အကြောင်း ဗိုလ်ချုပ်ဇော်မိုင်က သူ့ အိမ်က သူ့ကိုခေါ်တာ “မိငယ်” မဟုတ်ဘူး “မီးငယ်” လို့ ခေါ်တာတောင် သိနေတဲ့အကြောင်းနဲ့ လက်ရှိအဖြစ်အပျက် တွေကိုပါ ကျမကို   ပြောပြခဲ့ဖူးတယ်။

ပထမတော့ နဲနဲအံ့သြမိတယ်။ ဘာကြောင့်လဲဆို သူအဲဒီလို ယုံယုံကြည်ကြည်ပြောပြဖို့ထိ ကျမနဲ့ သူနဲ့က သိပ်အတွဲမဖြစ် ခဲ့ဘူး။ ဒါပေမဲ့ ကျမကိုယ်တိုင်က အဲဒီအချိန်မှာ ဘာတွေဖြစ်နေသလဲဆိုတဲ့ အဖြစ်မှန်ကို သိချင်လွန်းလို့ ကျောင်းသား ထောက်လှမ်းရေးထဲကပဲ ဖြစ်ဖြစ် အဖမ်းခံထားရတဲ့သူထဲကဖြစ်ဖြစ် လာပြောတဲ့သူတွေစကားကို အကုန်လိုက်နားထောင် နေခဲ့တယ်။

နန်းအောင်ထွေးကြည်ရဲ့ အကိုဝမ်းကွဲ ဦးစိုင်းထွန်း သူ့ကိုလာတွေ့ပြီးတဲ့နောက် ကေအိုင်အေ ဘက်သွား ခါနီးမှာ လက်မောင်း သွေးဖောက်ပြီး သစ္စာဆိုချင်တယ်ဆိုလို့ ရင်းမှူးသိုက်ထွန်းဦးဆီက ဓါးမြှောင်ကျမသွား ငှားခဲ့တယ်။ အဆောင်နားက ကျောက်တုံးကြီး ဘေးမှာ ကျမကအရင် ဓါးမြှောင်နဲ့ လက်မောင်းကို စိုက်လိုက် တယ်၊ ရာသီဥတုကပဲ အေးလို့ လား၊ စိုက်တာက သိပ်မနက်လို့ပဲလား မသိဘူး၊ ကျမတို့ထင်ထားသလို   သွေးက စီးကျမလာဘူး။ အဲဒါနဲ့ ဆေးဆရာ နိုင်ဝင်း အကူအညီနဲ့ ဆေးထိုးအပ်နဲ့ စုပ်ထုတ်ယူပြီး ရော လိုက် တယ်။ သူမေးတယ် ကဲ ဘာသစ္စာဆိုချင်လဲဆိုတော့ ကျမ က “မှန်တာကို ပြောရမယ်၊ မှန်တာကို လုပ်ရ မယ်၊ တော်လှန်ရေးအပေါ် သစ္စာရှိရမယ်” လို့ (၃) ချက်ကို ပြောတယ်။

သူက အောက်က နှစ်ချက်ကိုတော့ ငါလုပ်လို့ရတယ် အပေါ်ဆုံးက “မှန်တာကိုပဲ ပြောရမယ်” ဆိုတာ မင်းငါ့ ကိုနားလည် ပေးပါ၊ ငါကအခြေအနေအရ လိမ်ပြောရတာတွေ ရှိတယ်လို့ပြောတော့ ကျမ သဘောတူလိုက် တယ်။ “မင်း ဒီနေရာက ထွက်သွားတာနဲ့ ဒီကိစ္စတွေကို ငါတို့လိုချင်တာ မရသေးတဲ့အချိန်မှာ မဖော်ထုတ်ရ ဘူး။ အချိန်ကျလို့ ဖော်ထုတ်မယ်ဆိုရင် မဟုတ်ဘဲနဲ့ သေသွားတဲ့သူတွေအတွက် ငါလည်းမှန်တဲ့အတိုင်း ရပ်တည်မယ်။ အချိန်မကျဘဲ ဖော်ထုတ်ခဲ့မယ်ဆိုရင် ရန်သူသဘောကျအောင် လုပ်တာနဲ့ အတူတူပဲမို့ မင်းကိုလည်း ငါ ရန်သူ့လူလို့ပဲ သတ်မှတ်မယ်” လို့ ကျမ သူ့ကို ပြောခဲ့ တယ်။

တချိန်မှာ ဒါတွေအတွက် အမှန်တရားဖော်ထုတ်ပေးဖို့ ရဲဘော်ထွန်းအောင်ကျော်နဲ့အတူ အားလုံးက ဆန္ဒ ကိုယ်စီ ရှိနေခဲ့ ကြတယ်ဆိုတာ အမှန်ပါ။ ဒါပေမဲ့ တော်လှန်ရေးမှာ နောက်ထပ်နစ်နာဆုံးရှုံးမှုတွေဖြစ်အောင် ဒါတွေကို ရည်ရွယ်ချက်ရှိရှိ ပြန်အသုံးချနေတာမျိုးကိုတော့ ရဲဘော်ထွန်းအောင်ကျော် လိုလားနှစ်သက်လိမ့် မယ်လို့ ကျမ မယုံပါဘူး။ ဒါကို ရဲဘော် ထွန်းအောင်ကျော်ရဲ့ လုပ်ဖော်ကိုင်ဘက်ပါလို့ ကြွေးကြော်နေတဲ့ ကိုအောင်မိုးဝင်း မသိကျိုးကျွန်လုပ်ပြီး အသုံးချနေတာ တော့ ကျမအတွက် နည်းနည်း ထူးဆန်းနေပါတယ်။ (ဖြစ်ရပ်မှန်ကို ရိုးသားစွာ ဖော်ထုတ်တင်ပြနေတာကို မဆိုလိုပါ)
အထက်ဗမာပြည် ဗကသ ညီလာခံဆိုတာ ကျမတို့ မန္တလေးကျောင်းသူကျောင်းသားတွေ နဖူးကချွေး ခြေမ ကျအောင် နေပူပူထဲမှာ တဆိုင်ဝင်တဆိုင်ထွက် တအိမ်ဝင်တအိမ်ထွက် မျက်နှာအောက်ချပြီး အလှူခံ၊ ထမင်း ဟင်းတွေ ချက်ပြုတ်၊ ကိုယ်စားလှယ်တော်တွေအတွက် ကျမတို့ကိုယ်တိုင် ထမင်းထုပ်တွေ ပို့ပေးခဲ့ တာပါ။

ကိုစိုးလင်း (အာအိုင်တီ၊ မန္တလေး) ကိုယ်တိုင် ထောက်လှမ်းရေးနဲ့ညှိပြီး အခက်အခဲအမျိုးမျိုးကြားက ကျင်းပခဲ့ ရတဲ့ ညီလာခံပါ။ ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်တို့နဲ့အတူ စင်မြင့်တနေရာကနေ ပွဲကြည့်ပရိတ်သတ် အဖြစ်နဲ့လည်း ကျမ ပါဝင်ခဲ့ပါသေးတယ်။ ထောက်လှမ်းရေးက ဗိုလ်ကြီးမြင့်ဦး ကိုယ်တိုင် သူ့ကားကို ညီလာခံ အတွက် သုံးစွဲခွင့်ပေးတဲ့အပြင် ထောက်လှမ်းရေးတွေကို ဗွီဒီယိုမှတ်တမ်း၊ ဓါတ်ပုံမှတ်တမ်းတွေ ရိုက်ခွင့်ပေး ခဲ့တဲ့အတွက် အဲဒီညီလာခံလဲ ပြီးရော နောက်ထပ် လူဖမ်းပွဲကြီး စခဲ့တာကိုလည်း မမေ့ပါဘူး။

မန္တလေးကျောင်းသားတွေ သပိတ်မှောက်ထားတဲ့ကြားက ကျမနဲ့ ကျမသူငယ်ချင်း ပါစင်နယ်အနေနဲ့ ကိုထွန်းအောင်ကျော် (မန္တလေး၊ ဗကသ) ရဲ့ညီ ကိုလတ် (မန္တလေး၊ မကသ) တို့ ရတနာဘုမ္မိနယ်မြေမှာ ရုံးစိုက်လုပ်ခဲ့တဲ့ မကသညီလာ ခံကိုလည်း တက်ရောက်ခဲ့လို့ သူငယ်ချင်းတွေ ၀ိုင်းဆဲတာ ခံရပါသေးတယ်။ ကျမ သူငယ်ချင်းက ကိုထွန်းအောင်ကျော် ရဲ့ညီ ကိုလတ်နဲ့ ကျောင်းနေဘက် သူငယ်ချင်းပါ။ လက်ဘက်ရည်ဆိုင်မှာ စုံမိလို့ သူတို့ညီလာခံမှာ ထောက်လှမ်းရေးတွေ ကို လုံးဝအ၀င်မခံတဲ့အပြင် အောက် လိုင်းတွေ ကြိုချထားတာမျိုးလည်း မလုပ်ဘူးဆိုလို့ စိတ်ဝင်စားပြီး သွားတက်ကြည့် တာပါ။
ဗကသဆိုတာ ကျောင်းသားအားလုံးပိုင်တဲ့ အားလုံးက တန်ဖိုးထားတဲ့ သမိုင်းဝင်နာမည် တခုပါ။ ဗကသကိုယ်စား ပြော နေသလိုနဲ့ ဘယ်သူကမှ ဒီကိစ္စအတွက် တာဝန်ပေးထားတာမရှိဘဲ ကာဗာလုပ်ပြီး အသုံးမချပါနဲ့။ ကိုယ့်ကိုယ်ကိုယုံရင် ကိုယ့်အရည်အချင်းကိုပဲ ကိုယ်သုံးစေချင်ပါတယ်။ အချိန်တန်ရင် ဗကသ ကိုယ်စားပြောဖို့ အမှန်တကယ်တာဝန် အပေးခံ ရသူ ထွက်လာပါလိမ့်မယ်။ ဒီအတွက်တော့ စိတ်ပူစရာမရှိ ဘူးလို့ပဲ ကျမပြောချင်ပါတယ်။

မန္တလေး ကျောင်းသားလှုပ်ရှားမှုအကြောင်း ကောင်းကောင်းနားမလည်တဲ့ “စစ်ကြောရေးမှာ ပါတဲ့သူတွေ ကလည်းကွာ ဒီ လောက်တုံးရသလား” ဆိုတဲ့ နန်းအောင်ထွေးကြည်ရဲ့ မှတ်ချက်ကို မန္တလေးကျောင်းသား လှုပ်ရှားမှုထဲမှာ ကိုယ်တိုင်ပါ ၀င်ခဲ့ဖူးတဲ့ ကျမ အပြည့်အ၀ထောက်ခံပါတယ်။
ကေအိုင်အေက မငယ် (ခ) နန်းအောင်ထွေးကြည်ကို ခေါ်ထားတဲ့အချိန်မှာ သူနေတဲ့အဆောင်ကို ကျမ သွားတွေ့ခဲ့တယ်။ အဲဒီလိုသွားတာမျိုးက ကျမအတွက် အန္တရာယ်ရှိမှန်း ကျမသိတယ်။ ဒါပေမဲ့ အဲဒီအချိန်က ကြိုက်တဲ့အချိန် ဖမ်းဆိုတဲ့ စိတ်နဲ့ ကျမ သိပ်ဂရုမစိုက်ခဲ့ဘူး။ အဲဒီကတည်းက သူရေးထားတဲ့မှတ်တမ်းစာ အုပ်လေး ကျမကို ပေးဖတ်ခဲ့တယ်။ သူဟာ ထောက်လှမ်းရေး မဟုတ်တဲ့အကြောင်း ပထမဆုံးအနေနဲ့ ကျမကို သူထုတ်ပြောခဲ့တယ်။ ကျမ နားမလည်တာတွေ သူ့ကို ပြန်မေးခဲ့တာတွေရှိတယ်။

“ဥပမာ ငါသာ အဖမ်းခံရလို့ မေးလာခဲ့ရင် ထောက်လှန်းရေးနံပါတ် ဘယ်နှစ်လုံးရှိလဲ ငါမသိဘူး။ ‘၀၀’ သုည သုညနဲ့ စသ လား။ ‘၀၁၁’ သုညတစ်တစ်နဲ့ စသလား ဘာနဲ့စမှန်းငါမသိပဲ ဘယ်လိုဖြေမလဲ” မေးကြည့်တော့ …
“အဲဒါ ဘယ်အချိန်မေးမေး ငါတို့အမြဲမှတ်မိနေတဲ့ ရက်စွဲတွေခုနှစ်တွေကို ငါတို့ဖြေထားကြတာ၊ ဥပမာ ငါဆို က ၁၇၅၀ (၁၇) က ငါ့ရဲ့ ကျောင်းသားရဲမေ ကိုယ်ပိုင်နံပါတ် (၅၀) က တရာရဲ့တ၀က် ဘယ်အချိန်မေးမေး ငါမှတ်မိတယ်။
“ဒါဆို ဘာတွေလုပ်ကြသလဲ မေးရင် ကိုယ်မလုပ်ပဲနဲ့ ဘယ်လိုလုပ်ဖြေမလဲ ထပ်မေးမိတော့ …
“အဲဒါက တယောက်နဲ့တယောက် မတူဘူး။ ငါတို့ လိုင်းတွေ ခွဲထားကြတယ်။ ရဲဘော်အချင်းချင်းကြား သွေးခွဲပေးတာ။ ရဲဘော်တွေနဲ့ လူကြီးတွေကြား မကျေနပ်မှု ဆူပူမှုတွေ ဖန်တီးပေးတာက တလိုင်း။ ခေါင်းဆောင်နေရာတွေ ရအောင်ယူ ပြီး ကိုယ်လိုချင်တဲ့လိုင်းရောက်အောင် ခေါ် သွားမှာက တလိုင်း။ အဲဒီလိုမှ မရရင် လက်နက်နဲ့ အာဏာသိမ်းမယ်။ ဒါမှ မရ ရင် နောက်ဆုံး လူကြီးတွေကို အဆိပ်ခပ်သတ်မယ် အဲဒီလိုမျိုးတွေ”
အဲဒီအချိန်ကတော့ ဘာမှန်းမသိပဲနဲ့ နားထောင်ခဲ့ရတာမို့ ဘာမှဆက်မမေးဖြစ်ခဲ့ဘူး။ အခုတချို့လူတွေ ပြန်ရေးထားတာ ကို ဖတ်ကြည့်မိတော့ မရှိဘဲနဲ့ သူတို့ဖြေထားခဲ့တဲ့ လက်နက်တွေ၊ အဆိပ်တွေ၊ ဆက်သွယ်ရေးစက်တွေ ထုတ်မပေးမချင်း နည်းအမျိုးနဲ့ နှိပ်စက်ညဉ်းပမ်းမေးနေတဲ့သဘော ကိုတွေ့ရတော့ ကျမအတွက် မေးခွန်းတခု တိုးလာတယ်။
ဘယ်သူတွေက ဒီလိုင်းတွေကို ချပေးပြီး ဖြေခိုင်းခဲ့ကြတာလဲ၊
ဖမ်းတဲ့သူတွေထဲကလား၊
အဖမ်းခံရတဲ့ လူတွေထဲကလား၊
ဒါဟာ အစီအစဉ်ရှိရှိ လုပ်ခဲ့ကြတယ်ဆိုတာကို ပြနေပါတယ်။
အဲဒီအချိန်က ကိုယ့်သူမယုံ သူ့ကိုယ်မယုံ ဖြစ်နေတဲ့အချိန်ပါ။ ကိုမျိုးဝင်းရှေ့တန်းထွက်နေတဲ့ အချိန်မှာလည်း သူပြန်လာ ရင် ကိုအောင်နိုင်၊ ကိုသံချောင်း၊ ကိုနေထွန်း၊ မခင်မာအေးနဲ့ ကျမတို့ငါးယောက်ကို ထပ်ဖမ်းအုံး မယ်လို့ နောက်တန်းမှာ သတင်းတွေ ပြန့်နေတယ်။ ကိုမျိုးဝင်း တိုက်ပွဲကျတာ ကြားရတော့ ကျမ မျက်ရည်ကျ ခဲ့တယ်။ ဒါကို နောက်ပိုင်း နန်းစော က “ဒေါ်လှိုင်ကလည်း ပြန်လာရင် ကိုယ့်ကိုဖမ်းမယ့်သူပါဆို ဘာကိစ္စ ငိုရတာလဲ” တဲ့။

ဒါက ကိုမျိုးဝင်းရဲ့အပိုင်းပါ။ ကျမအနေနဲ့တော့ ကျမတို့အားလုံးဟာ မိဘပြည်သူတွေနဲ့ ကျမတို့တိုင်းပြည် ကို ကောင်းစေ ချင်တဲ့ ဆန္ဒတွေကိုယ်စီနဲ့ ကျောင်းသားလူငယ်ဘ၀ရဲ့ လက်ဘက်ရည်ဆိုင်ထိုင်၊ သီချင်းလေးတွေနားထောင်၊ အချစ်အ ကြောင်းတွေ ဆွေးနွေးရင်း ဟိုငေးဒီငေးနဲ့ အပူပင်မဲ့ ချိုမြိန်တဲ့အရ သာတွေကို ဘေးဖယ် တော်လှန်ရေးရဲ့ သေနတ်သံ၊ လက်နက်ကြီးသံ၊ မိုင်းကွဲသံတွေကြားမှာ သူ့အလှည့် လား ငါ့အလှည့်လား ၀မ်းနည်းကြေကွဲဖွယ် သတင်းတွေနားထောင် ခါးသီးတဲ့ဆင်းရဲဒုက္ခတွေကို ရင်ဆီးခံရင်း ပေးဆပ်ခဲ့ရတဲ့ ဘ၀တူ ရဲဘော်တွေပဲ ဆိုတဲ့ခံစားမှု။
ဒီလိုသတင်းတွေကို ဘယ်သူတွေဖြန့်နေကြတာလဲ မသိပေမယ့်၊ ဒါက ကိုသံချောင်းနဲ့ ကိုမျိုးဝင်းကို တိုက်ပေး လိုက်တဲ့သဘော။ဒါကြောင့်ကိုမျိုးဝင်းတိုက်ပွဲမှာကျတာတောင် ရှေ့ကျည် လား နောက်ကျည်လား လုပ်နေ ကြတာပါ။
ကိုခင်မောင်ဇော် (မြို့မှာတုန်းက ကောင်စီရုံးက လက်နှိပ်စက်စာရေး။ ဒါပေမဲ့ ကြည့်လိုက်တိုင်း ယူနီဖောင်းနဲ့ အသားကျ နေတဲ့ သူ၊ ယူနီဖောင်းရဲ့ လျှို့ဝှက်ချက်က အသားမကျတဲ့သူဆို မီးပူတိုက်ဝတ်တောင်မရဘူး။ အသားကျပြီးသား ဆိုရင် လည်း အသားမကျအောင် ၀တ်လို့ကို မရတော့တာ။ မြောက်ပိုင်းကို စရောက်က တည်းက သူ့ရုပ်ကိုမြင်တိုင်း ရဲနဲ့တူသလို နန်းရှေ့ရဲစခန်းဘက်မှာ မြင်ဖူးသလို စိတ်မှာခံစားခဲ့ဖူး တယ်။ မေး ကြည့်တော့ မန္တလေးကလို့ မပြောဘူး၊ ပုသိမ်ကြီးကတဲ့၊ ပြန်ဝင်ခဲ့တဲ့အချိန် ပြန်တွေ့တော့ သူပြောတဲ့ပုသိမ်ကြီး ဆိုတာ အဟုတ်။ မန္တလေးအရှေ့ဘက်ထွက်ပေါက် ကပ်ရက်က ပု သိမ်ကြီး ဖြစ်နေတယ်။ အဖမ်းခံရချိန် သူဖြေထားတာက ဒလမ) အရာရှိရိပ်သာက အကျယ်ချုပ်ကနေလွတ်ပြီးတဲ့ နောက် မှာတောင် စစ်ရုံးမှာ ပြန် လုပ်ခွင့်ရခဲ့သေးတယ်။

တနေ့ ကျမ စစ်ရုံးဘက်ကို တက်အသွားမှာ ကိုခင်မောင်ဇော်က ကိုမျိုးဝင်းပစ္စည်းတွေ ရှင်းနေတာလား မီးရှို့နေတာလား မမှတ်မိ။ မှတ်မိနေတာက ကိုမျိုးဝင်း ကျဆုံးချိန်က ၀တ်ခဲ့တဲ့ စစ်ပျောက်ကျား ၀စ်စ ကုတ်လေးကိုင်ပြီး ထွက်လာတယ်။  “ကျည်ဆံက ရှေ့ပေါက်လား နောက်ပေါက်လား” လို့ပြောရင်းနဲ့ ကျမရှေ့တင် မြေပေါ်မှာ ဖြန့်ချကြည့်နေတယ်။ သူလည်း ကျမကို မျက်မြင်သက်သေအဖြစ် ချန်ထားတာ သိနေပုံရတယ်။ ကျည်ဆံရှေ့ပေါက်လား နောက်ပေါက်လား အသေအ ချာထပ်သိချင်တဲ့ သူများ ရှိနေသေး ခဲ့ရင် အရာရှိရိပ်သာ အကျယ်ချုပ်ကနေ ထွက်ပြေးသွားခဲ့တဲ့ ရဲဘော်တွေအခေါ် ခို (ခ) ကိုခင်မောင်ဇော် (မန္တလေး၊ စစ်ရုံးအုပ်) ကို မေးကြည့်နိုင်ပါတယ်။

ကျမ မသိတဲ့ အမေးပုစ္ဆာ
ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီးအချိန်မှာ ကျမ ကေအိုင်အေဆေးသင်တန်းမှာ ရှိနေတဲ့အချိန်မို့ မြို့မှာကတည်း က ကျမသိခဲ့တဲ့ ကိုချိုကြီး (မန္တလေး၊ ယူဂျီ)၊ ကိုအောင်မင်း (မန္တလေး၊ ယူဂျီ)၊ ကိုညီညီ (မန္တလေး၊ ယူဂျီ)တို့ ဘယ်အချိန်က ဗဟိုကို ရောက်နေကြမှန်းတောင် ကျမ မသိခဲ့ဘူး။ ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီးအလိုမှာပဲ မြို့ကနေ အုပ်လိုက်ရောက်လာခဲ့တဲ့ လူသစ်တွေလည်း ရှိတယ်။ အဖမ်းခံခဲ့ရတဲ့ တောထဲက ရဲဘော် ရဲမေတွေဖြစ်တဲ့ နန်းစော၊ နန်းအောင်ထွေးကြည် တို့ ကိုယ်တိုင်တောင် ကိုချိုကြီး (မန္တလေး၊ ယူဂျီ၊ အသတ် ခံရ)၊ ကိုအောင်မင်း (မန္တလေး၊ယူဂျီ၊ ထောင်ထဲမှာ အရိုက်ခံရသေ ဆုံး)၊ ကိုကျော်ဝေ (မန္တလေး၊ စစ်ကြောရေး မှာသေဆုံး)၊ ကိုကျော်ဌေး (မန္တလေး၊ စစ်ကြောရေးမှာ သေဆုံး)၊ အောင်ဖိုး (ရန်ကုန်၊ စစ်ကြောရေးမှာသေ ဆုံး)၊ ကိုညီညီ (မန္တလေး၊ ယူဂျီ၊ သူတယောက်သာ ကေအိုင်အေ အကာအကွယ်အောက် ကနေ ပြန်လွတ်) တို့တွေကို အဖမ်းခံရခါနီးနဲ့ ခံရတဲ့အချိန်ကျမှသာ မြင်တွေ့ဖူးခဲ့ကြရတာပါ။

နောက်ထပ် ရိုးရိုးသားသားလူသစ်နှစ်ယောက် (အမျိုးသမီးတယောက်၊ အမျိုးသားတယောက်) ကို ဒါတွေနဲ့ မသက်ဆိုင်ဘူးလို့ ယူဆကြလို့ ဒါတွေဖြစ်နေတဲ့အချိန် ကေအိုင်ဘက်မှာ ခဏထားပြီး ပြန်လွှတ်လိုက်ပါ တယ်။ ကျမ နားမလည်နိုင် တာက ဒါတွေဖြစ်ပျက်နေတဲ့အချိန် ကွက်တိကြီးမှာမှ ဒီ ယူဂျီလုပ်ခဲ့သူတွေ အား လုံး ဘာကြောင့် ဗဟိုမှာ ရောက်နေကြ ရတာလဲ။

တနည်းအားဖြင့် သူတို့ရောက်လာကြတဲ့အချိန် ကွက်တိကြီးမှာမှ ဘာကြောင့် ဒါတွေဖြစ်ပျက်သွားခဲ့ရတာလဲ။ အဖမ်းခံရ ပြီး၊ အကျယ်ချုပ်ကနေ လွတ်လာတဲ့ ကိုညီညီ (မန္တလေး၊ ယူဂျီ၊ ပြန်လွတ်) က လက်ချာဟောဘေး မှာ ကျမကို လာတွေ့ပြီး ကိုမျိုးဝင်းတို့ ကိုသံချောင်းတို့က ရန်သူ့လူတွေ မဖြစ်နိုင်ဘူးလားလို့ လိုင်းတင်မေးလာ တာတွေရှိတယ်။ ကျမက “အဲဒါ တော့ မဖြစ်နိုင်ဘူး။ ကိုသံချောင်းဆို ဒီလောက်ရိုးတာ သူကျောင်းသားဆို တာ ကျမယုံတယ်” လို့ ပြန်ဖြေခဲ့တယ်။

ဒါကိုမေးခဲ့တဲ့ ကိုညီညီဆိုတာ မြို့မှာတုန်းက ဂေါ်စတာရုံးမှာ မြင်ဖူးနေတာကလွဲလို့ စကားတောင်မပြော ခဲ့ဖူးဘူး။ ဒါတွေ ဖြစ်ခါနီးအလိုမှာမှ တောထဲကို ကိုချိုကြီး၊ ကိုအောင်မင်းတို့နဲ့အတူ ယူဂျီအနေနဲ့ လာခဲ့တာ။ အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန်လွတ်လာလို့သာ အခုလို စကားပြောခွင့်ရခဲ့တာ။ ကိုညီညီ (မန္တလေး၊ ယူဂျီ) ဆိုတာ တောထဲမှာ ရဲဘော် ရဲမေ ဘ၀မျိုး နဲ့ မနေခဲ့ဖူးသလို၊ အဖမ်းခံရတဲ့ ရဲဘော် ရဲမေတွေအားလုံး အကြောင်းမပြောနဲ့ သူလာမေးနေတဲ့ မန္တလေးသူ ကျမ အ ကြောင်းတောင် ကောင်းကောင်းသိမှာ မဟုတ်ပါဘူး။

အဲဒီလိုလူရဲ့အကို ကိုမောင်မောင် (ရွှေကရ၀ိတ်) က ဒါတွေနဲ့ပတ်သက်ပြီး စာအုပ်ထုပ်ဖို့ အဆင်သင့်ပဲ ဆိုတော့ အံ့သြ စရာပဲ။ တောထဲမှာ ရဲဘော်ရဲမေတွေနဲ့ အတူတူနေခဲ့ပြီး ကိုယ်တိုင်အဖမ်းခံခဲ့ရတဲ့ ဒီဖြစ်ခဲ့ တာတွေနဲ့ ပတ်သက်ပြီး တစိတ်တပိုင်းအားဖြင့် တာဝန်ရှိခဲ့တဲ့ ကိုရဲလင်း၊ ကိုညီညီကျော်တို့လို ဗဟိုကော် မတီဝင်တွေတောင် ထောင့်စုံအောင် မစဉ်းစား နိုင်ခဲ့တဲ့ ကိစ္စ။ အေဘီရဲ့အပြင်ဘက်ကလူပါဆိုတဲ့သူက ဘာတွေပိုသိနေလို့ ဘာတွေကိုရေးမှာလဲ စိတ်ဝင်စားစရာပဲ။

အဲဒီ ကိုမောင်မောင် (ရွှေကရ၀ိတ်) ဆိုတာ ကျမ တောထဲသွားတဲ့အချိန်က ကိုချိုကြီးနဲ့အတူ စီစဉ်ပေးခဲ့သူ။ ကျမ (၁၉၉၆ ၉၇) အထဲကို ပြန်ဝင်တုန်းက သူနဲ့ပတ်သက်တာတွေ ဘာမှမပြောဖို့ လှမ်းအကြောင်းကြား ခဲ့ တယ်။ ကျမ ကိုယ်တိုင်က လည်း ကျမအကြောင်းကလွဲရင် ဘယ်သူ့အကြောင်းမှ ထည့်ပြောဖို့ ရည်ရွယ် မ ထားဘူး။ အဲဒီတုန်းက ကိုမောင်မောင် ဆီ မှာ ကျောင်းသားတပ်ကသီချင်းတွေ ပြန်နားထောင်ချင်လို့ သီချင်းခွေ သွားယူခဲ့သေးတယ်။ နန်းစော ခေါ်သွားလို့ ကိုညီ ညီကျော်တို့ အိုကေတို့နဲ့လည်း လက်ဘက်ရည် ဆိုင် ထိုင်ဖြစ်သေးတယ်။

ဘာကြောင့်လည်းတော့ မသိဘူး၊ ကိုညီညီနဲ့တော့ တခါမှကို မဆုံဖြစ်ခဲ့ဘူး။ (ကိုညီညီကတော့ တရုတ် တန်းဈေးက သူ့ မိန်းမဈေးဆိုင်ရှေ့မှာ ကျမကို ဆဲတောင်လွတ်လိုက်တယ်ဆိုပါလား။ သူများကို သမိုင်းမှာ နာမည်ဆိုးတွင်ရစ်မယ်လေး ဘာလေးနဲ့ ခြိမ်းခြောက်နေတဲ့သူက ယောက်ျားရင့်မကြီးဖြစ်ပြီး မဟုတ်ဘဲ လုပ်ကြံပြောဆိုရေးနေတဲ့အပေါ် အနည်းဆုံး တော့ ကိုယ့်ကိုယ်ကို ပြန်ရှက်ရကောင်းမှန်းတောင် မသိသေး တာ သနားစရာပဲ။ သမိုင်းဆိုတာ အမှန်တကယ်အများအ တွက် ဘယ်သူ ဘာလုပ်ခဲ့တယ်ဆိုတဲ့ လုပ်ရပ်တွေ ကို မှတ်တမ်းတင်တာပါ။ အပြောသမားတွေအတွက် နေရာမရှိပါဘူး။

ကျမအနေနဲ့တော့ ဘယ်သူ့ကိုမှ ရှောင်နေစရာ အကြောင်းမရှိတာတော့ သေချာပါတယ်။ တော်လှန်ရေးထဲက လူချင်း မျက်လုံးချင်းစုံပြီး ကျမ မကြည့်ရဲတဲ့သူ အခုချိန်ထိ တယောက်မှ မရှိသေးဘူး။ ကျမအဖေ ကျမကိုပေး ခဲ့တဲ့အမွေက ပစ္စည်းဥစ္စာ မဟုတ်ဘူး။ လိပ်ပြာသန့်အောင် နေထိုင်တတ်နည်းပဲ။
ကိုညီညီရဲ့အကို ကိုမောင်မောင်သာ ဒီလိုင်းပေါ်ကို တက်မလာခဲ့ရင် သူ့နာမည်ကို ကျမ ထည့်ရေးစရာ မရှိ ဘူး။ ဒါပေမဲ့ လိုင်းပေါ်ကို တက်လာတဲ့အပြင် အဖွဲ့ကိုပါတိုက်ခိုက်လိုတဲ့ သဘောတွေ့ရလို့ သူဘာလဲဆိုတာ စဉ်းစားစရာဖြစ်လာတယ်။

တောနဲ့ ယူဂျီလိုင်းချိတ်ပြီး ပြန်ဝင်သွားခဲ့တဲ့ တောထဲကလူတချို့ မန္တလေးမှာ အဖမ်းခံခဲ့ရတယ်။ မန္တလေးမှာ လုပ်နေတဲ့ လူတချို့လည်း အဖမ်းခံခဲ့ရပြီး ထောင်ထဲရောက်သွားတယ်။ ရန်ကုန် မန္တလေးနဲ့ ချိတ်ပြီးလုပ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း က ရှမ်းလူငယ်တချို့ နှစ်ရှည်ထောင်ဒဏ်တွေ ကျခဲ့တယ်။ စစ်ကြောရေးမှာ ညဉ်းပမ်းနှိပ် စက်မေးမြန်းဒဏ် တော်တော် လေးခံလိုက်ကြရတယ်။ ထဲထဲဝင်ဝင် လုပ်ခဲ့တဲ့ လူတချို့ ထောင်ထဲမှာ ရှိနေ တုန်းပဲ။ ထဲထဲဝင်ဝင် လုပ်ခဲ့တာမျိုးမရှိတဲ့ ကျမတောင် တောထဲရောက်တာ စောသွားလို့နဲ့ ကျမနဲ့ ကျမ သူငယ်ချင်း (မာလာသိန်း၊အထဲပြန်ရာက်စဉ်သူပြောပြခဲ့လို့) ကို လူမှားပြီးလိုက်နေလို့ အဖမ်းမခံခဲ့ရ တာ။   ထောက်လှန်းရေးက စလေ၊ ရွေဘိုမှာရှိတဲ့ အကိုအမအိမ်တွေပါမကျန် လိုက် ရှာခဲ့ကြတာ။

ကိုချိုကြီးရဲ့ လူယုံအနေနဲ့ ယူဂျီလုပ်ငန်းအတော်များများမှာတွဲလုပ်ခဲ့တဲ့ (ကေအိုင်အေအတွက်တောင် လုပ်ပေးခဲ့တာတွေ ရှိတဲ့) ကိုမောင်မောင်ကတော့ တခါမှအဖမ်းမခံခဲ့ရဖူးဘူး။ ဒါတွေကြောင့် ကေအိုင်အေက ဗိုလ်မှူးပန်းအောင်က သူ့ရဲ့ညီ ကိုညီညီကို ခေါ်ထားပေးခဲ့ ကာကွယ်ပေးခဲ့တယ်။ ထဲထဲဝင်ဝင် ယူဂျီလုပ်နေ တဲ့ထဲမှာ ကိုချိုကြီးရဲ့ လူယုံတယောက်အဖြစ် နေရာတိုင်းမှာပါခဲ့ပေမဲ့ အခုချိန်ထိ အဖမ်းမခံခဲ့ရသေးတာ ကိုချိုကြီးတို့နဲ့အတူ တောထဲထွက်ပြေးဖို့လည်း မလိုသေးတာ ဘာကြောင့်လဲ။

ဒါတွေ ဖြစ်ခါနီးအလိုမှာ တောထဲကိုရောက်လာကြတဲ့ ကိုချိုကြီး (မန္တလေး၊ ယူဂျီ) အောင်မင်း (မန္တလေး၊ ယူဂျီ)၊ ကိုကျော် ဌေး (မန္တလေး)၊ ကိုကျော်ဝေ (မန္တလေး)၊ အောင်ဖိုး (ရန်ကုန်) အားလုံးအသတ်ခံခဲ့ရပေမဲ့ ကိုမောင်မောင် (ကရ၀ိတ်) ရဲ့ ညီဖြစ်တဲ့ ကိုညီညီ (ယူဂျီ၊ မန္တလေး) တယောက်တည်း ပြန်လွတ်လာခဲ့တာ ကံကောင်းသွားတယ်လို့ ပြောရမလို ဖြစ်နေ တယ်။
ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီး အလိုလောက်မှာမှ မြို့မှာနေလို့မရတော့တဲ့ အဖြစ်မျိုး ဖန်တီးပြီး ကိုချိုကြီး၊ ကိုအောင်မင်း တို့ကို တောထဲကိုမောင်းပို့ခဲ့တာ ထိုးကျွေးဖို့ ရည်ရွယ်ချက်နဲ့လား။ မတော်တဆ တိုက်ဆိုင်မှုပါ လို့ ဘယ်လိုယူဆနိုင်ပါ သ လဲ။
ကိုချိုကြီးကို နိုင်ငံရေးဌာနမှာ ကိုညီညီကို နိုင်ငံခြားရေးမှာ တာဝန်တွေပေးခဲ့တယ်တဲ့။ တခြားသူတွေတော့ မသိဘူး ကျမ တော့ တခါမှကို မကြားခဲ့ဖူးဘူး။ ဒါတွေဖြစ်နေချိန်ကြီးမှာ ဘယ်သူမှ ဒီရာထူးတွေပေးဖို့ စဉ်းစားနိုင်မယ်လည်း မထင်ပါ ဘူး။ မဟုတ်ဘဲ ဘာကြောင့် ဇာတ်လမ်းတွေ ဆင်နေရတာလဲ။
ကိုအောင်မင်း (မန္တလေး၊ ယူဂျီ) ကို ကျမ သိပေမဲ့ အဲဒီ ယူဂျီလိုင်းကနေ ဒါတွေဖြစ်ခါနီးမှ တောထဲကိုလွတ်ပေး ခဲ့တဲ့ ကို ကျော်ဌေး (မန္တလေး)၊ ကိုကျော်ဝေ (မန္တလေး)၊ အောင်ဖိုး (ရန်ကုန်) တို့ရဲ့ သမိုင်းကြောင်းလေးတွေ လည်း ချန်မထား သင့်ပါဘူး။ သူတို့တွေ အဖမ်းခံရပြီးနောက်မှ အဖမ်းခံခဲ့ရတဲ့ ရဲဘော်ထွန်းအောင်ကျော် အတွက် ပါဝင်ခဲ့သူတွေအားလုံး ထည့်သွင်းတွက်ချက်နိုင်အောင် ထည့်ရေးသင့်တယ်ထင်ပါတယ်။
ဒီယူဂျီအုပ်စုတွေ တောထဲရောက်လာတာနဲ့ အချိန်ကိုက် စိုးမင်းအောင် (မန္တလေး) ကို ထွက်ပြေးဖို့ ဘယ်သူ လွတ်ပေးခဲ့ တာလဲ။
စိုးမင်းအောင်ကရော သူ့ကိုသံသယနဲ့ စောင့်ကြည့်နေတဲ့အကြောင်း သူနဲ့နီးစပ်တဲ့ ဗဟိုကော်မတီဝင်တွေထဲ က တဦးဦး မပြောပြဘဲနဲ့ ဘယ်လိုသိနိုင်သလဲ။
ကိုမောင်မောင် (ရွေကရိတ်ဝိတ်) က အဖမ်းလည်းမခံရ အဲဒီအချိန်က ကိုချိုကြီးတို့နဲ့အတူ တောထဲပြေးဖို့ လည်းမလိုခဲ့ တာအရမ်းကို သေသေသပ်သပ်နဲ့ ပိပိရိရိလုပ်ခဲ့ပါတယ် ဆိုတဲ့သဘောလား။
ဒါဆို ယူဂျီနေရာကနေ ထုတ်စရာ စာအုပ်အဆင့်သင့်နဲ့ အခုမှ ဘာကြောင့် အချိန်ကိုက် အပေါ်ကို တက်လာ ရတာလဲ။ ချိတ်စရာတော မရှိတော့လို့လား။ ဒါမှမဟုတ် ကိုသံချောင်းတို့အဖမ်းခံရချိန် (၂၀၀၆) သတင်းစာ ရှင်းလင်းပွဲလုပ်တုန်းက “လူငယ်တွေ ကျနော်တို့လိုအဖြစ်မျိုးနဲ့ ထပ်မကြုံရအောင် သမိုင်းအဖြစ်နဲ့ ဒီအဖြစ် အပျက်တွေကို နိုင်ငံတော်အနေနဲ့ စာ အုပ်ထုပ်သင့်ပါတယ်။ လိုအပ်တာတွေအတွက် အချိန်မရွေး ကျနော် ကူညီပေးဖို့အသင့်ပါပဲ” ဆိုတဲ့ တိုက်ပိတ် (ခ) သန်း ထွန်းစိုးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့လား။ ဒါမှမဟုတ် မထင်မှတ်ဘဲ ရည်ရွယ်ချက်ချင်း တူနေကြတာလား။ ကိုယ် တိုင်ပါဝင်ခဲ့တဲ့ ကိုညီညီကျော် (မန္တလေး၊ ဗဟိုကော်မတီ၊ လက်ပြန်ကြိုးတုပ်ထားတဲ့ကြားက အရာရှိတွေအားလုံးထဲမှ အ စောဆုံးနဲ့ ပထမဆုံး ထွက်ပြေးနိုင်သူ) ကရော ဒီအကြောင်းတွေကို ဘာကြောင့် ကိုယ်တိုင်မရေးဘဲ ကိုမောင်မောင်ကို ရေးစေ ခဲ့တာလဲ။ ကိုမောင်မောင် စာရေးဆရာမဟုတ်တာတော့ သေချာပါတယ်။
ဒီအကြောင်းတွေရေးနေတဲ့ ကိုမောင်မောင်ရဲ့ညီ ကိုညီညီကိုယ်တိုင်ကရော သူရေးတဲ့ထဲမှာပါတဲ့ ရဲဘော် ရဲမေတွေ အား လုံးကို စကားရော ပြောဖူးခဲ့ရဲ့လား၊ အသာထားအုံး၊ သူ အကုန်လုံး မြင်ဖူးခဲ့ရဲ့လား။ နာမည်နဲ့လူနဲ့ရောတွဲမိရဲ့လား။ စဉ်း စားစရာပဲ။ တောထဲမှာ အကျယ်ချုပ်နဲ့လွှတ်ထားစဉ်က လက်ချာဟော နားမှာ တခါလေးပဲ သူလာမေးလို့ ပြောခဲ့တဲ့ ကျမ ကိုတောင် အချက်အလက်တွေကို ရှောင်ရေးတဲ့ သူ့ရဲ့မော်ဒန်ရေးနည်းနဲ့ ကျမ မပြောခဲ့တဲ့စကားတခွန်း မရရအောင် အ ဆစ်ထည့်လိုက် သေးတယ်။ “ကိုသံချောင်း မမှားဘူးတဲ့”
ခဲဖျက်စကိုင်ကတည်းက လူတိုင်းမှားတတ်တာကို သိနေတဲ့လူတိုင်း ဒီလို နလိန်ပတုန်း အပြောမျိုးပြောနေ စရာကို အ ကြောင်း မရှိဘူး။ လူတိုင်း ကိုယ့်အမှားကို ကိုယ့်ဘာသာ တာဝန်ယူရမှာပဲ။ ကျမမှားရင်လည်း ကျမတာဝန်ယူမယ်။ ဒီလို မရမက ဆွဲထည့်ရေးနေရတဲ့ဟာကလည်း (ကုသိုလ်ကံများ ဆိုးချင်တော့) ကျမက လက်ရှိမှာ ကိုသံခဲရဲ့ အမျိုးသမီး ဖြစ် နေပြန်တယ်။ မဟုတ်လို့ကတော့ ထည့်ရေးစရာ အကြောင်းကို ရှိမှာ မ ဟုတ်ဘူး။

ဒါကြောင့် ကျမနာမည်ကို အသုံးချပြီး လက်ရှိရပ်တည်နေတဲ့ အေဘီကိုပါ ထိုးနှက်ဖို့ ရည်ရွယ်ချက်နဲ့ ရန်ရှင်းဆိုတာ ဖြူ သလား မဲသလားးမသိ။ ဖားကန့်ဆိုတာလည်း တခါမှမရောက်ဖူး။ ဒါတွေဖြစ်ပြီးချိန်မှ မြဇော် (ခ) ၀သုန် (တောနဲ့မြို့ ဆက် သွယ်တဲ့ယူဂျီ၊ လက်ရှိအမေရိက) ခေါ်လာလို့ အိန္ဒိယဘက်ကနေ တယောက်တည်းတောင် မဟုတ်ဘူး ရဲဘော်တွေ အုပ် စုလိုက်နဲ့လာခဲ့တဲ့ ကိုသံခဲ (လက်ရှိ အေဘီ ဥက္ကဋ္ဌ) ကို ကျောင်းတော်က ရန်ညှိုးရန်စလည်း မရှိ။ စကားတောင် တခါမှ မပြောခဲ့ဖူးဘဲနဲ့ အသားလွတ်ကြီး ရန်ရှင်းကို ဖားကန့်မှာသတ်တာကို “လက်ပိုက်ကြည့်နေလို့ လွတ်မယ်ထင်သလား” တဲ့။ “ကိုသံခဲက အဲဒီအချိန်မှာ မအားဘူး၊ ကျမကို ပိုးနေရလို့” တဲ့။ ကိုသံခဲတို့ မြောက်ပိုင်းကို ရောက်တဲ့အချိန် (၁၉၉၃) မှာ ကျမက ကျောင်းဆရာမသွားလုပ်နေတဲ့ တပ်မဟာ (၁) နယ်မြေမှာ။ ကိုသံခဲနဲ့ ကျမနဲ့ တွေ့တာ က ကျောင်းဆရာမသွား လုပ်ပြီး ကေအိုင်အေ အပစ်အခတ်ရပ်ဆဲရေးကြောင့် ပြန်လာခဲ့ရတဲ့ (၁၉၉၄) မှာ၊ ပြန်ပြင်ချင်ရင် ပြင်လိုက်အုံး။
ကျောင်းသားမှန်ရင် ဖြစ်ခဲ့တာကို အမှန်အတိုင်းပြောချင် ပြောမယ် မဟုတ်ဘဲနဲ့တော့ လုပ်ကြံဖန်တီးပြီး မပြောဘူး။ မ ဟုတ်ဘဲနဲ့ လုပ်ကြံဖန်တီးပြီး ပြောနေပြီဆိုရင် အဲဒါ ကျောင်သား မဟုတ်ဘူး။
အေဘီကို တိုက်ဖို့ရည်ရွယ်ချက်မရှိတာမှန်ရင် အမှန်တရားကို တကယ်ဖော်ထုတ်ချင်တာမှန်ရင် တိုက်ရိုက်မသက်ဆိုင်တဲ့ သူတွေကို ပတ်ရမ်းပြီး အဝေးကြီးမှာ ရှာနေစရာမလိုပါဘူး။ တိုက်ပွဲမှာကျဆုံးသွားတဲ့ ကိုမျိုးဝင်းပြီးရင် ဒုတိယအဆင့် အ နေအထားကနေ အဖမ်းခံရသူတွေ အားလုံးကို ကိုယ်တိုင်စစ်ဆေးမေးမြန်းခဲ့တဲ့ ကျောင်းသားထောက်လှမ်းရေးတာဝန်ခံ ကိုသန်းဇော် (မန္တလေး၊ ဂေါစတာ၊ မြို့မှာကတည်းက ကိုညီညီ၊ ကိုညီညီကျော်တို့နဲ့ လုပ်ဖော်ကိုင်ဘက်) နဲ့ ဇော်ဇော်မင်း (မိုးညှင်း၊ ကိုမျိုးဝင်းရဲ့ လူယုံ၊ တခါတလေ မန္တလေးမှာရှိနေတတ်) တို့နှစ်ယောက်လုံး ကိုညီညီနဲ့ တမြို့တည်း အနီးလေး မှာ ရှိနေ တာပဲ။ ဒီလောက် အမှန်တရားလိုလားနေတဲ့လူက ကိုယ်ကလူမှန်ဆို ဘာကြောင့် ကိုသန်းဇော် နဲ့ ဇော်ဇော် မင်း တို့ကို ထိပ်တိုက်ရင်ဆိုင်ပြီး သွားမေးမကြည့်ခဲ့တာလဲ။

ကျမအမြင်ကတော့ ရှင်းပါတယ်။ အမှန်တရားကို တကယ်ဖော်ထုတ်ချင်တာ မဟုတ်ဘူး။ လက်ရှိနိုင်ငံရေးနဲ့အချိန်ကိုက် ဒါတွေကို လူထုကြား ဖွချပြီး လက်ရှိရပ်တည်နေတဲ့ အေဘီကို တိုက်ချပစ်လို့ ရလိုရငြား အားစမ်းကြည့်တဲ့သဘောပါ။ ဒီ အဖြစ်အပျက်တွေကို (၁၉၉၂) အဖမ်းခံခဲ့ရတဲ့ (၅၆) ယောက်အုပ်စု ထွက်ပြေးစဉ်က တခါ။ (၂၀၀၆) ကိုသံချောင်းနဲ့ ရဲ ဘော်တစု အဖမ်းခံရစဉ်ကတခါ နအဖက သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး သတင်းစာတွေကနေ တီဗွီတွေကနေ ပြည်သူလူ ထုကို ချပြခဲ့တာ နှစ်ခါတောင်ရှိပါပြီ။

အထဲမှာရှိနေတဲ့ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးခေါင်းဆောင်တွေ ကျောင်း သားခေါင်းဆောင်တွေ လည်း မသိစရာမရှိပါဘူး။ တတိုင်းပြည်လုံးအတွက် ကိုယ်အဓိကသွားနေတဲ့လမ်းကြောင်းမပျောက်အောင် ဒါတွေကို လုပ်ချိန် မတိုင်သေးဘူးလို့ သဘောထားခဲ့ကြလို့ မလုပ်ကြသေးတာပါ။
ပြည်တွင်းစစ်ဖြစ်နေတဲ့နိုင်ငံမှာ ဒါမျိုးတွေကို ဖော်ထုတ်ကြေးဆိုရင် မြောက်ပိုင်းတခုတည်းမှာတင်မကဘူး၊ တနိုင်ငံလုံး နေရာအနှံ့အပြား ဘက်နှစ်လက်ကြားမှာ မြေဇာပင်ဖြစ်ခဲ့တဲ့ မိဘပြည်သူရဲ့ နစ်နာဆုံးရှုံးခဲ့ရမှုတွေ က ပိုကြီးပါတယ်။
“အမှန်တရားအတွက် အမှန်အတိုင်း ရေးသားတင်ပြထားတာတဲ့ စိတ်ဝင်စားစရာပဲ စောင့်ဖတ်ရအုံးမှာပေါ့။ ကျမ ထင်တာ မမှားဘူးဆိုရင် ဒီလိုလူမျိုးတွေပဲ ကိုထွန်းအောင်ကျော်တို့ ကိုချိုကြီးတို့ ဦးစိန်တို့ကို ထိုးကျွေးပြီး မြောက်ပိုင်းမှာ လှုပ်ရှား သွားခဲ့ကြတာ။ တောနက်နက်ထဲမှာနေခဲ့တဲ့ ကိုမျိုးဝင်း၊ကိုသံချောင်းတို့ က ဒီအဖြစ်အပျက်တွေမဖြစ်ခင် အစပိုင်းကတည်း က တိုက်ပိတ် (ခ) သန်းထွန်းစိုးနဲ့ အတူလာခဲ့တဲ့ နန်းအောင်ထွေးကြည်တို့ အုပ်စုအပေါ်၊ ကိုအောင်ကျော် တို့လို လူတွေ အပေါ် မသင်္ကာစရာသတင်းတွေ ဘယ်ကရခဲ့ကြသလဲ၊ ယူဂျီလမ်းကြောင်းက။မမူ ခေါ်လာခဲ့တဲ့ ကိုမြတ်ကို တောထဲကို ခေါ်ရှင်း ဖို့ ဘယ်သူတွေ လွတ်ပေးခဲ့တာလဲ ယူဂျီလမ်းကြောင်းက လူတွေ။ တော ထဲကနေ ဘာမသိညာမသိ ရှင်းဆိုလို့ ရှင်းပေးခဲ့ရ တာက လူမိုက်တွေအဖြစ် လက်ညိုးထိုးပြခံနေရတဲ့ ကိုမျိုးဝင်းနဲ့ ကိုသံ ချောင်း။ အရပ်သားစကားနဲ့ပြောရရင် ရန်သူဆိုတိုက်ဖို့လောက်သာသိတဲ့ တောထဲက ဒေသခံရဲဘော်တွေကြားမှာ မီးပွား လာချ၊ ဓါတ်ဆီလောင်းပေးခဲ့တာ မြို့ကကျောင်းသားနာမည်ခံ လူလည်တစု။
(၅)
ကျမလို အောက်ခြေမှာနေတဲ့ သာမန်ရဲမေတယောက်တောင် ရန်အောင်ကို စဖမ်းကတည်းက ဒါတွေဟာ အထက်ထိ ရောက်လာနိုင်တယ်လို့ သံသယဖြစ်ခဲ့သေးရင် လူအယောက်နှစ်ဆယ်ကျော်လောက်ကို ဖမ်း စစ်မေးမြန်းပြီးတဲ့နောက်မှ အဖမ်းခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုညီညီ၊ ကိုညီညီကျော်၊ တို့ အနေနဲ့ရော နည်းနည်းလေးမှ မရိပ်မိခဲ့ဘူး ဆိုတာ ဖြစ်နိုင်ပါ့မလား။
ဒါကို ကိုညီညီရဲ့ မော်ဒန်ရေးနည်းနဲ့ ရေးထားတဲ့ မှတ်တမ်းထဲမှာ “ဟာ ဥက္ကဋ္ဌ မီးစိမ်းပြလိုက်ပြန်ပြီလားဗျာ။ ဒီလိုလုပ်လို့ တော့ မဖြစ်ဘူး၊ တခုခု လုပ်ကြမှဖြစ်မယ်” လို့ ကိုထွန်းအောင်ကျော် ကို တွန်းပို့နေတာ တွေ့ရ တယ်။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့

2 comments:

layaung said...

ကိုမျိုးဝင်းရှေ့တန်းထွက်နေတဲ့ အချိန်မှာလည်း သူပြန်လာ ရင် ကိုအောင်နိုင်၊ ကိုသံချောင်း၊ ကိုနေထွန်း၊ မခင်မာအေးနဲ့ ကျမတို့ငါးယောက်ကို ထပ်ဖမ်းအုံးမယ်လို့ နောက်တန်းမှာ သတင်းတွေ ပြန့်နေတယ်။ Do You know why myo win thought he needed to detain 5 of you? Here is the answer, he realized that you and the other four were spying for the military junta. Right?

လင်္ကာ said...

Maungmaung Skw Ko Aung Moe Win
Ko Mainframe PO
Ko Min Thit
ခင်ဗျားတို့ရေးတာတွေဖတ်ရတော့မှ
သေချာပါတယ်။ဒီစာက ရော်နယ်အောင်
နိုင်လက်ချက်ပါ။ကျွန်တော်က ဘယ်တုန်းကမှ ခင်ရွှေလှိုင်နဲ့မဆုံဘူးပါ
ဘူး။ချိုကြီးနဲ့လဲ ဘာအလုပ်မှမလုပ်ဘူးပါ
ဘူး။ခင်ရွှေလှိုင်တောထဲကို မြို့လမ်းက
သွားဘို့ ကျွန်တော်လုပ်မပေးခဲ့ဘူး။ခင်
ရွှေလှိုင်ကို ကျွန်တော်မသိဘူး။ကျွန်တော်ရဲ့ မပကိုဒုတိယအကြိမ် မိဘ
တွေခေါ်ပြီးသွားတဲ့အချိန်မှာ ဆုံဖြစ်ကောင်း ဆုံဖြစ်နိုင်တယ်။သူနဲ့ပတ်
သက်သမျှ ဒါဘဲ။ကချင်အတွက် အလုပ်
လုပ်ပေးတယ်ဆိုတာ လုံးဝအခြေအမြစ်
မရှိတဲ့စကားပါ။သူမြို့ကိုပြန်လာတော့
ကျွန်တော့အကြောင်းမပြောရဘူးလို့မှာ
လိုက်တယ်တဲ့။ဘယ်သူကမှာလိုက်တာ
ပါလိမ့်။မျိုးဝင်းကသေပြီဆိုတော့ သံချောင်း၊အောင်နိုင်၊သန်းဇော်၊လှဆိုင်း၊
ယောရှု၊ကျော်ထင်ဉီး၊ဇော်ဇော်မင်း၊ကျော်
ကျော်၊မြင့်ခိုင်၊သက်လင်း၊ဖိုးနှောင်း ဘယ်
သူများဖြစ်မလဲမသိဘူး။သူပြောသလို
ကျွန်တော်သာ တရားခံဖြစ်ရင် အဲ့ဒီတ
ယောက်ကလဲကြံရာပါဖြစ်မှာကိုး။ကျွန်
တော်ကတော့ ခင်ရွှေလှိုင်ကို ကျေးဇူး
တင်တယ်။စာအုပ်နောက်တအုပ်ရေးဖို့
ကုန်ကြမ်းပေးလို့။မန်းလေးနန်းရှေ့မှာနေ
ပြီး ပုသိမ်ကြီးဆိုတာမသိတဲ့ နန်းရှေ့က
လူထုမိသားစုကိုလည်းရှာပြီး အင်တာဗျူးရဉီးမယ်။အခုထပ်တိုးလာ
တာက ခွဲစိတ်အထူးကုဆရာဝန်ကြီး
ဒေါက်တာသန်းအောင်ရယ်၊မေ့ဆေးဆရာဝန်မကြီးဒေါက်တာစန်း
စန်းမြင့် ခေါ် ရှီလာဝီလျှံ တို့ကိုလည်း
သွားဗျူးရဉီးမယ်ဗျ။ရော်နယ်အောင်နိုင်
လိုသားမျိုးကိုဘယ်လိုမွေးပြီး ဘယ်လိုပြုစုပျိုးထောင်ခဲ့တယ်ဆိုတာကို
လေ။သူ့အဖိုး ကျွန်တော်တို့ဆရာကြီး
ဘီအေဝီလျှံကတော့ အသက်တရာကျော်မှာ ပြီးခဲ့တဲ့နှစ်ကဆုံး
သွားပြီ။နာလိုက်တာဗျာ၊မသေခင်သွားမတွေ့လိုက်ရဘူး။ဒီကောင်က ဘီဘီစီကအလုပ်ပြုတ်တော့
ထွန်းအောင်ကျော်တို့သေတဲ့ကိစ္စကြောင့်
ပြုတ်တာဆိုတာသူ့အမျိုးတွေသိသွား
တော့ အုပ်စုနှစ်စုကွဲပြီးအချင်းချင်းပစ်ကြ
ခတ်ကြတာတခြားကောင်တွေသေသွား
တဲ့အချိန်သူကလူကြီးဖြစ်နေလို့နာမည်
ပျက်သွားရသလိုမျိုးပြောထားတာ။ဒါတွေ
က နောက်စာအုပ်အတွက်ပါ။ကျွန်တော့
စာအုပ်က ဘယ်ဆီနေမှန်းမသိသေးဘူး။
သူတို့က ကြိုတင်သွေးပျက်နေလိုက်ကြ
တာ။ကျွန်တော့စာအုပ်က ခရီးသွားမှတ်
တမ်းလေးသဘောပါ။ဒါပေမဲ့ သူတို့ကို
ကြိုးစင်တင်ဘို့တော့ လုံလောက်ပါတယ်။