Wednesday, March 7, 2012

ဘာ ပြ င် မှာ လဲ ဒေါ်ေ အာင် ဆ န်း စု ကြည်

(ဆောင်းပါးရှင်ရဲ့ ဆရာကြီးလေသံကိုနည်းနည်းသည်းခံရတာလွဲရင်ဖတ်ဖို့ သင့်တဲ့ဆောင်းပါးတပုဒ်ပါ။ ဆရာကြီးလေသံပေါက်ရတာလည်း ဟန်တင်အောင် ဆိုတော့ ဟန်တင်တန် ရဲ့ ဆရာမို့ ထင်ပါရဲ့ ။)


ဟန်တင်အောင်
ကြားဖြတ်ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အခြေခံဥပဒေပြင်ဆင်ဖို့လိုတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ပြောဆိုချက်ကလဲ ကျယ်လောင်လာတဲ့သဘောရှိတယ်။ အခြေခံဥပဒေ ပြင်နိုင်ပါ့မလား မဆွေးနွေးခင် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်ဒီ ဘယ်အတိုင်းအတာထိ အမတ်နေရာ နိုင်မလဲဆိုတာ အရင် စဉ်းစား ဖို့လိုတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်တဲ့ အမတ်နေရာ ၄၈ နေရာလုံးပြိုင်မဲ့ပါတီကြီးဆိုလို့ ကြံ့ဖွံ့ပါတီနဲ့ အန်အယ်ဒီသာရှိပါတယ်။ လစ်လပ်သွားတဲ့ အမတ်နေရာတွေဟာ ကြံ့ဖွံစည်းရုံးထားတဲ့ မဲဆန္ဒနယ်တွေဖြစ် တယ်။ ဒါကြောင့် ကြံ့ဖွံ့ပါတီဘက်ကလဲ သူ့မဲဆန္ဒနယ်တွေ လက်မလွတ်အောင် နည်းမျိုးစုံနဲ့ (မတရားနည်းဖြစ် ဖို့များတယ်) နိုင်အောင် ကြိုးစားမှာဖြစ်တယ်။ ညစ်ပတ်မှုကင်းပြီး သမာသမတ် ရှိတဲ့ကြားဖြတ် ရွေးကောက် ပွဲမျိုးစသာဆိုရင် ဒေါ်စုအရှိန်အ၀ါနဲ့ အန်အယ်ဒီဘက်က အများစုနိုင်မှာ မုချ ဧကန် ပါ။

ဒါပေမဲ့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲအတွေ့အကြုံအရ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ ဆိုတာ ဘာလဲ။ ဘယ်ပေတန်နဲ့ တိုင်းမလဲဆိုတာက အရေးကြီးတယ်။ အနောက်နိုင်ငံတွေဘာပြောပြော ဒီအစိုးရဟာ သူ့ကိုယ်ပိုင် ပေတန်ဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအဖွဲ့အစည်းတွေကို ဖင်ခုထိုင်ထားတဲ့ အစိုးရဆိုတာ မမေ့ဖို့လိုတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဂျပိုးကိုလိပ်ဖြစ်အောင် လုပ်ခဲ့တဲ့ သာဓကတွေရှိ တယ်။ နိုင်သူတွေ ရှုံးခဲ့တဲ့ သာဓကတွေ ရှိတယ်။
 ဒါကြောင့် အန်အယ်ဒီ အလွယ်တကု နိုင်မလားဆိုတာ စိတ်ကူးယဉ်လို့မရ။ နိုင်ပြီဆိုဦးတော့ လွှတ်တော်ထဲမှာ ဘယ်လောက်ထိ ပြောခွင့်ရှိမလဲပါ တွက်ကြည့်ဖို့လိုတယ်။

 ကြားဖြတ်ရွေးကောက်ပွဲဆိုတာ

ကြားဖြတ်ရွေးကောက်ပွဲဆိုတာ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အခြေခံဥပဒေ အရ   ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စု ဒုဝန်ကြီး ဖြစ်သွားသူတွေ၊ သမ္မတ ဒုသမ္မတ ဖြစ်သွားသူတွေကြောင့် လစ်လပ်သွားတဲ့ အမတ်နေရာတွေအတွက် သီးသန့် ရွေးကောက်တင်မြှောက်တဲ့ပွဲမို့ ကြားဖြတ် ရွေးကောက် ပွဲလို့ခေါ်တယ်။ စောစောက ရာထူးတွေ ရသူအားလုံးဟာလဲ ကြံ့ဖွံ့အမတ်တွေသာ ဖြစ်တဲ့အတွက် လစ်လပ်နေ တဲ့ ကြံ့ဖွံ့အမတ်နေရာ ၄၈ နေရာဟာ ကြံ့ဖွံ့မဲဆန္ဒနယ်တွေမှာသာ လစ်လပ်တဲ့ ၄၈ နေရာဖြစ် တယ်။ ပြောရ ရင် ကြံ့ဖွံ့ပေးကမ်းထားတဲ့ မဲဆန္ဒနယ်တွေဆိုတာ မမေ့ဖို့ လိုတယ်။ ဒီနေရာတွေကို အန်အယ်ဒီ အမတ်လောင်းတွေ ပြိုင်ရမှာဖြစ်တယ်။

နောက်တချက်က လက်ရှိ ဦးသိန်းစိန်အစိုးရ ၅ နှစ် သက်တမ်းဟာ နောက်ထပ် ၃ နှစ်သာကျန်တော့တယ်။ ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်ဒီနိုင်ရင်လဲ လွှတ်တော်ထဲမှာ ၅ နှစ်အပြည့် လုပ်ခွင့်မရတော့ ဘဲ ၃ နှစ်သာ လုပ်ကိုင်ခွင့်ရမှာဖြစ်တယ်။ အထူးသဖြင့် ၂၀၁၂ ခုအတွက် လွှတ်တော်အစည်းအဝေးတွေ ကို ခေါ်ယူနေပြီမို့ ဧပြီလ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်ခေါ်စရာ အကြောင်းမရှိ တာ့ပါ။

ဒါကြောင့် ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်စုနဲ့ အန်အယ်ဒီအမတ်တွေ နိုင်ခဲ့ရင် ၂၀၁၂ ကုန်တဲ့ထိ အိမ်မှာ ငုတ်တုတ်ထိုင်နေပြီး လာမဲ့ ၂၀၁၃ ခုနှစ် လွှတ်တော်အစည်းအဝေးမှသာ လွှတ်တော် ထဲရောက် မှာဖြစ်တယ်လို့ အစိုးရလက်ဝေခံ ဘလော့ဆိုက်တချို့က ငေါ့တော့တော့လိုလို အတည်လိုလို ရေးကြတယ်။

အန်အယ်ဒီနိုင်ရင် ဘာလုပ်နိုင်မလဲ

လာမဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်တဲ့ အမတ်နေရာ ၄၈ နေရာ ပြိုင်ရမယ်။

ပြည်သူ့လွှတ်တော်မှာ လစ်လပ်နေရာ ၄၀ ရှိပြီး အမျိုးသားလွှတ်တော်မှာ ၆ နေရာနဲ့ ပြည်နယ် တိုင်းဒေသကြီး လွှတ်တော်တွေမှာ ၂ နေရာ လစ်လပ်တယ်။ ဒါကြောင့် လစ်လပ်နေရာ အများဆုံးရှိတဲ့ ပြည်သူ့လွှတ်တော်နေ ရာတွေကို အဓိက ပစ်မှတ်ထားပြီး အန်အယ်ဒီက အနိုင်ရအောင် ကြိုးစားရမှာဖြစ်တယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်ဒီက အများစုနိုင်လို့ ပြည်သူ့လွှတ်တော်မှာ ဘာလုပ်ခွင့်ရမလဲဆိုတာ မဆွေးနွေးခင် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော်ရဲ့ အနေအထားကို အရင်ဆုံး သိထားဖို့လိုတယ်။ ပုံ(၁) ကိုကြည့်ပါ။


ပုံ(၁) မှာပြထားတဲ့အတိုင်းဆိုရင် လက်ရှိ ပြည်သူ့လွှတ်တော်မှာ ကြံ့ဖွံအမတ်ဦးရေက ၅၉ %နဲ့ အများစု ရထားပြီး ကျန်ပါတီတွေက ၁၆% သာရှိတယ်။ အခြေခံဥပဒေအရ စစ်ဗိုလ်အမတ်က ၂၅% အလိုလို ရ ထား တယ်။

ဒီနေရာမှာ စဉ်းစားရမဲ့အပိုင်းက အရေးပါတဲ့ ပြည်သူ့လွှတ်တော် လစ်လပ်နေရာ ၄၀ လုံး အန်အယ်ဒီ က နိုင်မလားဆိုတဲ့ အချက်ဖြစ်တယ်။ လက်တွေ့မှာ မဖြစ်နိုင်ပေမဲ့ ပြည်သူ့လွှတ်တော် အမတ်နေရာ ၄၀လုံးကို အန်အယ်ဒီနိုင်တယ်လို့ သဘောထားတဲ့ Scenario ဆင်နာရီယိုနဲ့ကြည့် ရင် ပြောင်း လဲသွား မဲ့ ပြည်သူ့လွှတ်တော် အနေအထားကို အောက်ပါ ပုံ(၂) မှာပြထားတဲ့အတိုင်း တွေ့ရမှာဖြစ်တယ်။



ပုံ(၂) မှာ ပြထားတာက ပြည်သူ့လွှတ်တော် နေရာ ၄၀ လုံးကို အန်အယ်ဒီနိုင်ရင်တောင် အန်အယ်ဒီ ဟာ ပြည်သူ့လွှတ်တော်အမတ်ဦးရေအားလုံးရဲ့  ၉% သာရှိမှာဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီအမတ်က ၅၀% စစ်ဗိုလ် အမတ်က ၂၅% နဲ့ ကျန်ပါတီအမတ်တွေက ၁၆% ဘဲ ရှိနေမှာဖြစ်တယ်။ ၁၆% ကျန်တဲ့ပါတီတွေကလဲ အများစု က ကြံ့ဖွံ့ပါတီနဲ့ တနည်းနည်း ဆက်စပ်နေတာမို့ အတိုက်အခံအနေအထားက ကြားဖြတ်ရွေးကောက် ပွဲ အပြီးမှာလဲ ပြည်သူ့လွှတ်တော်မှာ မရှိသလောက် အားနည်းနေဦးမှာ ဖြစ်တယ်။

ကြားဖြတ်ရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော်မှာ အန်အယ်ဒီက ၉%သာရှိမယ်ဆိုတာ လစ်လပ် တဲ့ ပြည်သူ့လွှတ်တော်နေရာ ၄၀လုံး နိုင်တယ်ဆိုတဲ့ ဆင်နာရီယိုအပေါ် အခြေခံ တွက်ထား တာ ဖြစ်တယ်။ ပြည်သူ့လွှတ်တော်မှာ အန်အယ်ဒီ နိုင်တဲ့အမတ်နေရာ ၄၀ ထက်လျော့လေ အန်အယ်ဒီ ရဲ့ ပြည်သူ့လွှတ်တော် အနေအထားက ၉%အောက် ကျလေဖြစ်မှာ သေချာနေတယ်။

ကြားဖြတ်ရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော်မှာ အန်အယ်ဒီက လစ်လပ်နေရာ ၄၀လုံး နိုင်တောင် ကြံ့ဖွံ့အမတ်တွေက ၅၀%နဲ့ ပြည်သူ့လွှတ်တော်ကို ဆက်ပြီး လွှမ်းမိုးထားဦးမှာဖြစ်တယ်။ ဒါကြောင့် အန်အယ်ဒီ အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် လစ်လပ်နေရာ ၄၀လုံး နိုင်မယ်ဆို ရင်တောင် ပြည်သူ့လွှတ်တော်ထဲမှာ ဘာမှပြောခွင့်မရမှာ သေချာနေတယ်။ ဒီအချက်က အန်အယ်ဒီဟာ အတိုက် အခံအနေအထားနဲ့ ပြည်သူ့လွှတ်တော်မှာ မရပ်တည်နိုင်တာ ညွှန်ပြနေတယ်။

ဆိုလိုတာက ပြည်သူ့လွှတ်တော်မှာ စုစုပေါင်း အမတ်ဦးရေရဲ့ အများဆုံး ၉% (လက်တွေ့မှာ ဒိထက်နည်းနိုင်) ထက် ပိုမရနိုင်တဲ့ အန်အယ်ဒီက အခြေခံဥပဒေ ၂၀၀၈ ကို လွှတ်တော်ထဲကနေ ပြင်မယ် ဆိုတာ ဖြစ်နိုင်ချေ ရှိမရှိ စဉ်းစားဖို့ဖြစ်တယ်။

သေချာတာကတော့ လွှတ်တော် ပထမ ၅ နှစ်သက်တမ်းရဲ့ ကျန်တဲ့ ၃နှစ်တာကာလအတွင်းမှာ အန်အယ်ဒီက အခြေခံဥပဒေပြင်ဆင်ရေး လုပ်ဖို့အခွင့်အလမ်း မရှိတာ ရှင်းနေတယ်။ ဒါက လွှတ်တော်တွင်း အတိုက်အခံအင်အားမရှိတဲ့ ရှုထောင့်ကနေ သုံးသပ်ထားတာဖြစ်တယ်။ ( ဥပဒေကြောင်းအရ ဘာကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေး မလုပ်နိုင်သလဲ အသေးစိတ်ကို နောက်ပိုင်းမှာ ရှင်းထားတယ်)။

အခြေခံဥပဒေ ဘယ်လိုပြင်မလဲ

ဒေါ်စုက အခြေခံဥပဒေပြင်ဆင်ရေးကြွေးကြော်နေချိန်မှာ ကြံ့ဖွံပါတီ ခေါင်းဆောင် ဦးဌေးဦးကလဲ အခြေခံ ဥပဒေ ၂၀၀၈ မှာ ပြင်စရာမရှိဘူးလို့ ချေပပြောဆိုပါတယ်။ အခြေခံဥပဒေနဲ့ ပတ်သက်ပီး အန်အယ် ဒီခေါင်းဆောင် ဒေါ်စုနဲ့ ကြံ့ဖွံပါတီခေါင်းဆောင် ဦးဌေးဦးတို့ ခေါင်းနဲ့ ပန်းလို အမြင်ဘာကြောင့် ခြား နားနေရသလဲ။ အဓိက ခြားနားချက်က ဒေါ်စုက ဒီမိုကရေစီရေးလိုလားသူတွေကို ကိုယ်စားပြုပေမဲ့ ဦးဌေးဦး က အခြေခံဥပဒေ ၂၀၀၈ ဖြစ်လာအောင် နည်းမျိုးစုံနဲ့ ညစ်ပတ်ခဲ့တဲ့ စစ်အစိုးရခေါင်းဆောင်ပိုင်းကို ဆက်ပြီး ကိုယ်စားပြုသူမို့ ဖြစ်တယ်။

အခြေခံဥပဒေ ပြင်စရာရှိတယ်ဆိုတဲ့ ဒေါ်စုအပိုင်းမှာ အဓိက အားနည်းချက်ရှိတယ်။

ဒါကတော့ အခြေခံဥပဒေ ၂၀၀၈ ရဲ့ ဘယ်ပုဒ်မတွေ ပြင်ထိုက်တယ်။ ဘာကြောင့် ပြင်ထိုက်တယ် ဆိုတာကို ပြည်သူတွေနားလည်အောင် ရှင်းမပြနိုင်တဲ့အချက် ဖြစ်တယ်။ အခြေခံဥပဒေမှာ ပြည်သူအကျိုးမပြု တဲ့ ပုဒ်မတွေပါနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောပေမဲ့ လူထုအကျိုးပြုတာ မပြုတာကို ဘာစံနဲ့ အကဲဖြတ်သလဲဆိုတာတော့ ပြောမသွားပါ။ တဘက်ကလည်း ဒီအခြေခံဥပဒေဟာ စစ်တပ်ကို အာဏာ အလွန်အကျွံပေးထားတယ်လို့ မကြာခင်ကပဲ ၀ါရှင်တန်ပို့စ်သတင်းစာကို ဒေါ်စုပြောခဲ့တယ်။

အမှန်မှာ ဒေါ်စုက အဆင့်တွေကျော်ပြီး ပြောနေတာဖြစ်တယ်။ အခြေခံဥပဒေ ၂၀၀၈ မှာ ဒီမိုကရေစီကို အဟန့်အတားဖြစ်စေတဲ့ ပုဒ်မတွေပါနေတယ်။ ဒီပုဒ်မတွေကြောင့် အခြေခံဥပဒေမှာ စစ်တပ်ကို အာဏာ အလွန်အကျူးပေးထားတာတွေ ဖြစ်နေတယ်။ ဒီမိုကရေစီရေးနဲ့ ဆန့်ကျင်နေတဲ့ အချက်တွေကို မပြင်နိုင်သမျှ ဒီမိုကရေစီပန်းတိုင်ကို သွားလို့ရမှာ မဟုတ်ဘူးလို့ ဒေါ်စုဘက်က ရဲရဲတင်းတင်း ပြောသင့်တယ်။

ဘာကြောင့် အခြေခံဥပဒေ ၂၀၀၈ ဖြစ်ရသလဲ

အခြေခံဥပဒေ ၂၀၀၈ ပေါ်ပေါက်လာတဲ့အကြောင်းရင်းကို ပြန်ကြည့်ရင် ၉၀ ရွေးကောက်ပွဲရလာဒ်နဲ့ တိုက်ရိုက်ပတ်သက်တယ်။

အချုပ်ပြောရရင် ၉၀ ရွေးကောက်ပွဲမှာ အန်အယ်ဒီက အပြတ်အသတ်နိုင်တယ်။ လူထုက ပြတ်တယ်။ စစ်အစိုးရကို မကြိုက်လို့ တိုင်းပြည်ကို အုပ်ချုပ်ပါတော့ဆိုတဲ့ မင်းဒိတ်ပေးတဲ့သဘောနဲ့ အန်အယ်ဒီကို အပြတ် မဲပုံအောခဲ့တာ။ အန်အယ်ဒီနိုင်ရင် စစ်အစိုးရကလွှတ်တော်ခေါ်ပီး အာဏာလွှဲပေးရမှာ။ ဒါပေမဲ့ အာဏာ မလွှဲချင်တော့ အခြေခံဥပဒေသစ် ရေးရမယ်လို့ စစ်အစိုးရကပြောတယ်။ အခြေခံဥပဒေသစ်ကို အန်အယ်ဒီက ဆွဲမယ်ဆိုတော့လဲ ငါဘဲဆွဲမယ်။ မင်းတို့မဆွဲရလို့ စစ်အစိုးရ အမိန့်ထုတ်တယ်။

ဒီမှာတင် အန်အယ်ဒီကိုလဲ အာဏာမလွဲရအောင် ကိုယ်ရေးတဲ့ အခြေခံဥပဒေနဲ့ ကိုယ်ကြိုက်တဲ့ ကြံ့ဖွံ့အစိုး ရဖြစ်အောင် တချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို အခြေခံဥပဒေ ၂၀၀၈ ကို ရေးဆွဲဖို့အတွက် ၁၉၉၃ခုနှစ်မှာ စစ်အစိုးရက ညောင်နှစ်ပင် အမျိုးသားညီလာခံ စတင်ကျင်းပတယ်။

ဒါပေမဲ့ ဒီအခြေခံဥပဒေရေးဆွဲရာမှာ အခြေခံရမဲ့မူ ၁၀၄ ချက်ဆိုတာ လက်ခံရမယ်လို့ စစ်အစိုးက တဆင့် တိုးလာတယ်။ တခါ အခြေခံရမဲ့မူတွေ ချမှတ်ဖို့ ဆွေးနွေးရာမှာလဲ အောက်ပါ ဦးတည်ချက် ၆ ချက်ဘောင် ထဲကသာ ဖြစ်ရမယ်ဆိုပြီး နောက်ထပ် ၀က်အူထပ်ရစ်ပြန်ပါတယ်။

(၁)     ပြည်ထောင်စု မပြိုကွဲရေး၊
(၂)     တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊
(၃)     အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး၊
(၄)     စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး၊
(၅)     နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်း တည်းဟူသော လောပပါလ တရားများ ပိုမိုထွန်းကားရေး၊
(၆)     အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင် ရေးလို့ပါရှိပါတယ် ။

အန်အယ်ဒီအပါအ၀င် ညီလာခံတက်တဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ဒီ ၆ ချက်ထဲက ပထမ ၅ ချက်ကို လက်ခံ ခဲ့တယ်။ ဒါပေမဲ့ နံပတ် ၆ အချက်ဖြစ်တဲ့ အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ တွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ကိုတော့ အန်အယ်ဒီအပါအ၀င် တခြား တိုင်းရင်းသားပါတီတွေပါ ခါးခါးသီးသီး လက်မခံတဲ့ပြင် နောက်ဆုံး အန်အယ်ဒီက အမျိုးသားညီလာခံကို သပိတ်မှောက်ခဲ့တယ်။ အန်အယ်ဒီ ညီလာခံဆက်တက်လဲ အန်အယ်ဒီ ကိုယ်စားလှယ်အင်အားက ၁၂%သာရှိတာမို့ ပြောခွင့်မရှိဘဲ နာမယ်ပျက်ရုံသာ အဖတ်တင်မယ်။ ပုံ(၃)ကို ကြည့်ပါ။



စစ်တပ်နဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှု

စောစောကပြောတဲ့ အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော် က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ကိုကြည့်ရင် စစ်တပ်ဟာ အနာဂတ်နိုင်ငံရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုကဏ္ဍမှာ ပါကိုပါရမယ်။ ပါတာတောင် နောက်နားကမဟုတ်ဘူး။ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု ကဏ္ဍမှာကို ပါရမယ်လို့ ကနဦးထဲက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အစိုးရက အဓမ္မ ဖိအားပေးခဲ့တာပါ။ ဒါကြောင့် ကနေ့ အခြေခံဥပဒေ ၂၀၀၈ ကိုကြည့်ရင် လွှတ်တော်နိုင်ငံရေးမှာ စစ်တပ်က ၂၅% အဓမ္မ နေရာ ယူထားတာ ဖြစ်တယ်။

အခြေခံဥပဒေ ၂၀၀၈ ကို ဒီမိုကရေစီစံနဲ့ အကဲဖြတ်မယ်ဆိုရင် အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ပါနေသမျှ ဒီမိုကရေစီနည်းကျတယ်လို့ မပြောနိုင်သလို ဒီအခြေခံဥပဒေကို အခြေခံတဲ့ လွှတ်တော်နိုင်ငံရေးနဲ့ သွားနေ သမျှ ဒီမိုကရေစီပန်းတိုင်ကို မရောက်နိုင်တာ ထင်ရှားနေတယ်။

ဒါကြောင့် အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ကို မုချ ပြင်ဖို့လိုတယ်။ ဒီအချက်ကို ပြင်မယ်ဆိုရင်လဲ လွှတ်တော်နိုင် ငံရေးမှာ စစ်တပ်က ၂၅% ပါဝင်ရေးကို ပြင်မှ ဖြစ်မယ်။ ဒေါ်စုနဲ့အန်အယ်ဒီ ဒီအချက်ကို ပြင်နိုင်မလားဆိုတာ အလေးအနက် စဉ်းစားရမှာဖြစ်တယ်။ အခြေခံကျတဲ့ ဒီအချက်ကိုမပြင်ပဲ စစ်တပ်ကို အာဏာအလွန် အကျူးပေးထားတယ်အော်နေရုံနဲ့ အခြေခံဥပဒေ ၂၀၀၈ နဲ့ ဒီမိုကရေစီလမ်းကြောင်းရောက်အောင် သွားနိုင်မှာ မဟုတ်ပါ။

နိုင်ငံရေးမှာ စစ်တပ်နဲ့ လက်တွဲလုပ်မှဖြစ်မယ်လို့ ဒေါ်စုယုံကြည်တယ်ဆိုရင်လဲ လွှတ်တော်နိုင်ငံရေးမှာ စစ်တပ်က ၂၅% ပါဝင်ရေးကို ပြင်စရာမလိုဆိုတဲ့ အဓိပ္ပါယ်ဆောင်သွားမယ်။ ဒါဆိုရင် အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ကို လက်ခံတာနဲ့ အတူတူဖြစ်မယ်။ ဒီ mindset နဲ့သွားရင် ဒီမိုကရေစီနည်းမကျတဲ့ အခြေခံဥပဒေ ၂၀၀၈ ကိုကိုင်ပြီး ဒီမိုကရေစီပန်းတိုင်ရောက်အောင် သွားမယ်ပြောနေသလိုဖြစ်မယ်။ ဒါဆိုရင် ပြည်သူကို လိမ်ပြောသ လို မျှော် လင့်ချက် တလွဲတွေ ပေးသလို ဖြစ်မယ်။

ပြင်လို့ရပါ့မလား

စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ အခန်း ၁၂ မှာပါရှိတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ခြင်း  ဆိုတဲ့အပိုင်းကိုကြည့်တဲ့အခါ ပြင်ဆင်ဘို့ ခက်ခဲအောင် ဥပဒေတွေ ပြဌာန်းထားတာ တွေ့ရပါတယ်။ အထူး သဖြင် စစ်တပ်ကို ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတဲ့ ပုဒ်မမျိုးတွေကို လုံးဝနီးပါးပြင်လို့မရအောင် ပြဌာန်းထားတာတွေ့ရတယ်။

ဥပမာ ပုဒ်မ ၄၃၆ ကိုကြည့်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၆ ခန်းမှာပါတဲ့ ပုဒ်မ ၉၅ ခုကို ပြင်ချင်သပဆိုရင်

၁။ လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာနှုန်းကျော်က ပြင်ဆင်ဘို့ သဘောတူရမယ်-

၂။ ဒီပုဒ်မတွေပြင်ဘို့အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ရမယ်-

၃။ ဒြါ့ပင် မဲပေးခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်ဆန္ဒမဲနဲ့သာ ပြင်ရမယ်လို့ အဆင့်သုံးဆင့် ခွဲ ပြဌာန်း ထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၆ ခန်းမှာပါတဲ့ ပုဒ်မ ၉၅ ခုထဲက တခုခုကို ပြင်မယ်ဆို ရင် ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ် အားလုံး (စစ်ဗိုလ်အမတ်အပါအ၀င်) ရဲ့ ၇၅ ရာနှုန်းကျော်က ပြင်ဆင်ဘို့ သဘောတူရမယ်ဆိုတဲ့အတွက် လက်တွေ့မှာ စစ်တပ်ကို ထိခိုက်မဲ့ပုဒ်မကိုပြင်တာမို့ ၂၅ ရာနှုန်း စစ်သား အမတ် ၁၆၆ ဦးက သဘောတူမှာ မဟုတ်ပါဘူး။ သဘောမတူတာထက် ဒီပုဒ်မ ၉၅ ခုကို ပြင်မယ်ဆိုရင် ကန့် ကွက်နိုင်အောင် စစ်ဗိုလ်အမတ် ၂၅% ကို တမင်လွှတ်တော်တွေမှာ ထဲ့ထားတာပါ။

တနည်းပြောရရင် စစ်ဗိုလ်အမတ်တွေရဲ့ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ်ကလဲ သဘောတူမှာ မဟုတ် ပါဘူး။ ဒါကြောင့် ကျန်တဲ့ အရပ်သားအမတ် ၇၅% တင်းပြည့်ကျပ်ပြည့် အားလုံးထောက်ခံမယ်ဆို ရင်တောင်(လက်တွေ့မှာ မဖြစ်နိုင်) ပြင်လို့မရသေးဘဲ ၇၅% ကျော်ရမယ်ဆိုထားတဲ့အတွက် စစ်ဗိုလ်အမတ် ထဲက (အနည်းဆုံးတဦး) ထောက်ခံမှုရပါမှ ၇၅%ကျော်မှာဖြစ်ပါတယ်။

ဒါကြောင့် ၂၅% စစ်ဗိုလ်အမတ်တွေ လွှတ်တော်ထဲ ထားရတဲ့ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက် (Hidden agenda) က စစ်ခေါင်းဆောင်ပိုင်းကို တရားစွဲပြီး ဒုက္ခပေးနိုင်တဲ့ ပုဒ်မတွေပါတဲ့ ၉၅ ခုကို အရပ်သားအမတ်တွေ ရာသက်ပန် မပြင်နိုင်အောင် ကန့်ကွက်ဘို့အတွက် စနစ်တကျ သင်္ချာနည်းနဲ့တွက်ပီး လွှတ်တော်ထဲမှာ ထဲ့ထားတာဖြစ်တယ်လို့ တထစ်ချ ပြောနိုင်ပါတယ်။


ဒီ ပုဒ်မ ၉၅ ခုကိုသာ ပြင်နိုင်ရင် စစ်ခေါင်းဆောင်တွေ တချိန်က ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို တရား စွဲခွင့်ရသွားမှာဖြစ်ပါတယ်။ ဒါကြောင့်လဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပုဒ်မ ၉၅ ခုနဲ့ သူတို့ စစ်ခေါင်းဆောင်တွေရဲ့ အနာဂတ်ကို ကာကွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပုဒ်မတွေ ပြင်မဲ့သူမှန်သမျှ စစ်တပ်ရဲ့ ရန်သူဖြစ်မှာသေချာနေတယ်။ ဒေါ်စုဟာ စစ်တပ်ရဲ့ ရန်သူဖြစ်အောင် ကြိုးစားမဲ့အနေအထားရှိသလား။ စစ်တပ်ကို စည်းရုံးနိုင်စွမ်းရှိသလားဆိုတာ ဆန်းစစ်သင့်တယ်။

အခြေခံဥပဒေ ၂၀၀၈ ရဲ့ ပုဒ်မ ၄၅၇ ခုထဲက မပြင်နိုင်တဲ့ ပုဒ်မ ၉၅ ခုနှုတ်ရင် ပုဒ်မ ၃၆၂ ခုကျန်ပါတယ်။ ဒီနေရာမှာ ဒီပုဒ်မတွေကိုရော ပြင်နိုင်ခွင့် ရှိသေးတယ်ဆိုတဲ့သဘောလား။ ပြင်နိုင်ခွင့်ရှိတယ်ဆိုရင် ဘယ် လိုပြင်ရမလဲဆိုတာလဲ မေးစရာဖြစ်တယ်။

ကျန်တဲ့ ပုဒ်မ ၃၆၂ ခုထဲက တခုခု ပြင်ဆင်လိုတယ်ဆိုရင်

၁။ ဥပဒေမူကြမ်းအနေနဲ့ ပြည်ထောင်စုလွှတ်တော်ကို အရင်တင်သွင်းရမယ်။ ပြည်ထောင်စု လွှတ်တော် တခုလုံးရှိ စုစုပေါင်း ကိုယ်စားလှယ်အားလုံးရဲ့ ၂၀%က တင်ပြမှသာ ဒီဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးရမယ်လို့ ပုဒ်မ ၄၃၅ မှာ ပြဌာန်းထားတယ်။

၂။ ဒါ့ပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅% ကျော် ထောက်ခံမဲနဲ့သာ ပြင်ရ မယ် လို့ ပြဌာန်းပါတယ်။

စစ်တပ်နဲ့မဆိုင်တဲ့ တခြား အခြေခံဥပဒေပုဒ်မတွေ ပြင်ချင်ရင် (လက်ရှိ လွှတ်တော် အမတ်ဦးရေ အရ) ပြည်ထောင်စုလွှတ်တော်တခုလုံးရှိ အမတ် ၁၃၁ ဦးက ပထမ တင်ပြမှ လက်ခံဆွေးနွေး မှာ ဖြစ်ပါ တယ်။ ပြီးရင် ပြည်ထောင်စုလွှတ်တော် အမတ်အားလုံး(စစ်ဗိုလ်အမတ်အပါအ၀င်) ရဲ့ ၇၅%ကျော် (၄၉၄+၁=၄၉၅ ဦး)  ရဲ့ ထောက်ခံ ဆန္ဒမဲနဲ့သာ ပြင်ဆင်ရမယ်လို့ ပုဒ်မ ၄၃၆(ခ)မှာ ပြဌာန်းထားပါတယ်။

ဆိုလိုတာက ကျန်တဲ့ ပုဒ်မ ၃၆၂ ခုထဲက တခုခု ပြင်ဆင်လိုတယ်ဆိုရင် စစ်ဗိုလ်အမတ် ၁၆၆ ဦး (၂၅%) ကို မစည်းရုံးနိုင်ခင် ၅၀%ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော် အရပ်သားအမတ် ၃၂၇ ဦးလုံးရဲ့ ထောက်ခံမဲ လိုပါ တယ်။ ပြီးမှ စစ်ဗိုလ်အမတ် ၂၅% ကို စည်းရုံးရမှာဖြစ်ပါတယ်။ စစ်ဗိုလ်အမတ်ကလဲ ၁၆၆ ဦးလုံးသဘောတူ ရ မယ်-အရပ်သားအမတ်ကလဲ ၃၂၇ ဦး (၅၀%) အားလုံးသဘောတူမှ ပြင်နိုင်တဲ့သဘောမို့ ဒါလဲ ပြင်ဘို့ လွယ် ကူလှတယ်လို့ မပြောနိုင်ပါ။

ကာကွယ်ရေး ဦးစီးချုပ်က အာဏာသိမ်းခွင့်ရှိသလား

(၁) တိတိကျကျပြောရရင် တိုင်းပြည်အရေးပေါ်အခြေအနေကြုံတဲ့အခါ အများထင်သလို ကာကွယ်ရေးဦးစီး ချုပ်က အာဏာသိမ်းရန်မလိုပါ။ အခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ တိုင်းပြည်မှာ ထိန်းမနိုင်သိမ်းမရဖြစ်ရင် သမ္မတက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ တိုင်ပင်ပီး အရေးပေါ်အခြေအနေ တနှစ်ကြေငြာ   နိုင် တယ်။

ပုဒ်မ ၄၁၈ အရ အရေးပေါ်အခြေအနေကာလအတွင်း ကာကွယ်ရေးဦးစီးချုပ်အား အာဏာ ၃ ရပ် လွှဲအပ်ကြောင်း ကြေငြာရမည်လို့ ပြဌာန်းပါတယ်။ ဒါကြောင့် ကာကွယ်ရေး ဦးစီးချုပ်က အလုပ်ရှုတ်ခံ အာဏာသိမ်းနေစရာတောင်မလိုဘဲ အရေးပေါ်အခြေအနေကာလအတွင်း အခြေခံဥပဒေအရ သမ္မတကသာ ကာကွယ်ရေး ဦးစီးချုပ်ကို အာဏာ ၃ ရပ် လွှဲပေးရမှာဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီး ချုပ်က ထိုင်နေရုံပါဘဲ။

(၂) ခုလို ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအလွန်အကျူးပေးထားတာကို ပြင်ချင်တယ်ဆိုရင် လဲ စောစော က ပြင်မရတဲ့ ပုဒ်မ ၉၅ ခု အုပ်စုထဲမှာ ပါနေတာမို့ ပြင်ဖို့ မဖြစ်နိုင်ပါ။ ဒီမှာတင် ဒီပြဌာန်းချက်ကို လက်မခံနိုင် တဲ့အတွက်ဆိုပြီး ရလလဖ ခေါင်းဆောင်တချို့ အမျိုးသားညီလာခံကာလမှာ တောခိုခဲ့ပါတယ်။

အန်အယ်ဒီ(ဟောင်း)က အခြေခံဥပဒေ ဘယ်ပုဒ်မတွေ ကန့်ကွက်ခဲ့သလဲ

(၁) ဖွဲစည်းပုံရေးဆွဲရာမှာ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံ ဦးတည်ချက် ၆ ချက် စစ်အစိုးရက သတ်မှတ် ပါတယ်။ ဒီထဲမှာ အနာဂတ်နိုင်ငံတော်ရဲ့ အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်ပါဝင် ထမ်းဆောင်ရေးဆိုတာကို အန်အယ်ဒီက ကန့်ကွက်တယ်။ (ပြင်မရတဲ့ ပုဒ်မ ၉၅ အုပ်စုမှာ ပါပြီး) (ဒီအချက်ကို ဒေါ်စုက ဆက်ကိုင်စွဲမယ်ဆိုရင် စစ်တပ် ၂၅%ကို ဒေါ်စုပြင်ရမှာဖြစ်တယ်။ စစ်တပ် ၂၅% ကို ပြင် လို့ရမရနဲ့ ပြင်ရင်ဖြစ်လာမဲ့အနေအထားကို အထက်မှာ ရှင်းခဲ့ပြီး ဖြစ်တယ်)။

(၂) သမ္မတနဲ့ ဒုသမ္မတ အရည်အချင်းမှာ စစ်ရေးအမြင်ရှိရမယ်ဆိုတာကို လက်မခံပါ။ (ဒီအချက်လဲ ပြင်မရတဲ့ ပုဒ်မ ၉၅ခုထဲမှာ ပါနေတယ်)

(၃) လွှတ်တော်အသီးသီးမှာ စစ်ဗိုလ်အမတ် ၂၅% ထဲ့ထားတာကို ကန့်ကွက်ပါတယ်။ (နံပတ် ၁မှာ တပါတည်း အကျုံးဝင်တယ်)

(၄) ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စု ဒုဝန်ကြီးခန့်အပ်ခံရသူတွေကိုတော့ အမတ်အဖြစ် က နှုတ် ထွက် ရ မယ်လို့ အခြေခံဥပဒေက ပြဌာန်းထားပီး လက်ရှိတာဝန်ထမ်းနေတဲ့ စစ်ဗိုလ်ချုပ်တွေသာ ခန့်ထားတဲ့ ကာကွယ်ရေး ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနက ၀န်ကြီးတွေကျတော့ အမတ်အဖြစ် က နှုတ် ထွက်ရန်မလိုဆိုတဲ့ ပုဒ်မ ၂၃၂ (ည)(၂)ကိုလဲ ကန့်ကွက်ပါတယ်။

(ဒီ စစ်ဗိုလ်ဝန်ကြီး ၃ ပါးဟာ ရွေးကောက်ခံအမတ်မဟုတ်။ စစ်တပ်က တိုက်ရိုက်ခန့်တဲ့ အမတ်တွေဖြစ်တယ်။ ဒါကြောင့် အခွင့်ထူးခံအနေနဲ့ စစ်တပ်က ဒီဝန်ကြီး ၃ပါးအတွက် အမတ်နေရာ ဆက်ယူထားတာဖြစ်တယ်။ တကယ်တော့ အန်အယ်ဒီက ဒီအချက်ကို ကန့်ကွက်လို့ မရပါ။ တကယ် ကန့်ကွက်ရမှာ စစ်တပ်က တိုက်ရိုက် ခန့်တဲ့ ၂၅% အမတ်တွေကို အခြေခံဥပဒေက ဖယ်ရှားနိုင်အောင် ပြင်ဆင်ရေးကို ဦးတည်ရမှာ ဖြစ်တယ်။ ဒါကြောင့် အထက်က နံပတ် ၃ အချက်ကို ကန့်ကွက်ရင် နံပတ် ၄ ပါ အလိုလို ကန့်ကွက်ပြီး ဖြစ်သွားတယ်။ တကယ်တော့ လွှတ်တော်အသီးသီးမှာ စစ်ဗိုလ်အမတ် ၂၅% ထဲ့ထားတာကို ကန့်ကွက်ရုံနဲ့ မလုံလောက် ဘဲ ပြင်ဆင်နိုင်အောင် ကြိုးစားရမှာဖြစ်တယ်။ အဲသလို မပြင်နိုင်ရင် ဒီမိုကရေစီပန်းတိုင်မရောက်နိုင်)

(၅) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီးတွေအတွက် လျာထားတဲ့ တာဝန်ထမ်းဆောင်နေဆဲ စစ်အရာရှိစာရင်းကို ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သား အမည်စာရင်းကို သမ္မတက ရယူခြင်းဆိုတာကိုလဲ ကန့်ကွက်ပါတယ်။

(၆) ရာထူးမှ နှုတ်ထွက်ရမည့် အထက်ပါ တပ်မတော်သားဝန်ကြီး ဒုဝန်ကြီးတို့နှင့် ပတ်သက်လျင် သမ္မသည် ကာကွယ်ရေး ဦးစီးချုပ်နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်ဆိုတာကိုလဲ ကန့်ကွက်ပါတယ်

(၇) အုပ်ချုပ်ရေးနဲ့ စပ်လျဉ်းပီး ပြည်နယ် တိုင်းဒေသကြီး ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတွေမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ညှိနှိုင်း ဆောင်ရွက်ရမည်ဆိုတာကိုလဲ ကန့်ကွက်ပါ တယ်။

(၈) အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ၁၁မဲမှာ အများစု ၆မဲကို စစ်တပ်က ယူထားတာကိုလဲ ကန့် ကွက်ပါတယ်။ (ဒါလဲ ပြင်မရတဲ့ ပုဒ်မ ၉၅ ခုမှာ အကျုံးဝင်တယ်)

(၉) တပ်မတော်ဟာ တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ ဆောင်ရွက်ခွင့်ရှိသည်ဆိုတာလဲ ကန့်ကွက်ပါတယ်။

(၁၀) နိုင်ငံတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးဟာ တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိရမယ် ဆိုတာ လဲ ကန့်ကွက်ပါတယ်။

(၁၁) အရေးပေါ်အခြေအနေပေါ်ပေါက်ရင် နိုင်ငံအာဏာကို ကာကွယ်ရေး ဦးစီးချုပ်က ရယူသုံးစွဲခွင့် ရှိ သည် ဆိုတာလဲ ကန့်ကွက်ပါတယ်။

(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်တာကို ပြည်ထောင်စုလွှတ်တော်ရှိ အမတ်အားလုံးရဲ့ ၇၅% ကျော် က ပြင် ဆင်ရန် သဘောတူလက်ခံပြီင်္းနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပမယ်ဆိုပီး ပြင်ခွင့်မရအောင် သတ် မှတ်ထားတာကိုလဲ ကန့်ကွက်ပါတယ်။

အထက်ဖော်ပြပါ အခြေခံဥပဒေ ၂၀၀၈ ကန့်ကွက်ချက်တွေဟာ အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ကနေ ၂၀၀၉  ခု ဧပြီ ၂၈-၂၉  မှာကျင်းပတဲ့ ပြည်နယ်တိုင်းစည်းတွေနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တို့ တွေ့ ဆုံပွဲကို တင်သွင်းတဲ့ အချက်တွေကို ကောက်နှုတ်ဖော်ပြခြင်းသာဖြစ်တယ်။

အခြေခံဥပဒေ ၂၀၀၈ မှာ ပြင်စရာတွေရှိနေတယ်လို့ လတ်တလော ဒေါ်စု ပြောနေတာတွေဟာ ဒီ ၁၂ ချက် ကို အခြေခံပြောနေသလား တခြားအချက်တွေကို ပြောနေသလားဆိုတာလဲ ရှင်းရှင်းလင်းလင်း မသိရပါ။ အခြေခံဥပဒေမှာ စစ်တပ် ၂၅% ပါနေတာကို ဒေါ်စုက ဦးတည်တောင်းဆိုရင် စောစောက အန်အယ်ဒီ ကန့်ကွက်ထားတဲ့ အခြေခံဥပဒေပါ ၁၂ ချက်က အလိုလို အကျုံးဝင်ပြီး ဖြစ်တယ်။

သုံးသပ်ချက်

-အခြေခံဥပဒေ ၂၀၀၈ မှာ ပြင်စရာတွေရှိတယ်ဆိုတဲ့ ဒေါ်စု စကားဟာ မဲဆွယ်စကားလုံးထက် ပိုတဲ့ အဓိပ္ပါယ် မျိုးဆောင်တယ်ဆိုရင် ကြိုဆိုထိုက်တယ်။ ဒါပေမဲ့ ပြည်သူအကျိုးမပြုတဲ့ ပုဒ်မတွေရှိနေတယ် လို့ ရောထွေးပြောမဲ့အစား ဒီမိုကရေစီနည်းမကျတဲ့ ပုဒ်မတွေ undemocratic articles ဘာတွေဖြစ်တယ်ဆိုတာ တိတိကျကျ ထောက်ပြသင့်တယ်။

-အခြေခံဥပဒေ ၂၀၀၈ ကို ဒီမိုကရေစီစံနဲ့ အကဲဖြတ်မယ်ဆိုရင် အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ပါနေသမျှ ဒီမိုကရေ စီ နည်းကျတယ်လို့ မပြောနိုင်သလို ဒီအခြေခံဥပဒေကို အခြေခံတဲ့ လွှတ်တော်နိုင်ငံရေးနဲ့သွားနေရင် ဒီမိုကရေ စီပန်းတိုင်ကို မရောက်နိုင်တာ ထင်ရှားနေတယ်။ ဒါကြောင့်အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ကို ပြင်ရမယ်။ ဒါပြင်မယ်ဆို ရင် နောက် ထပ် အမျိုးသားညီလာခံတခု ခေါ်မှဖြစ်မှာမို့ ဒေါ်စုနဲ့ စစ်တပ် ထိပ်တိုက်ဖြစ်မယ်။ အဲသလို ထိပ်တိုက်ဖြစ်ရင် အာဏာသိမ်းတာမျိုးထိ ရောက်နိုင်တယ်။ ဒါကြောင့် လွှတ်တော်ထဲက စစ်ဗိုလ် ၂၅%ကို ဒေါ်စု စည်းရုံးနိုင်ဖို့ လိုတယ်။

-လွှတ်တော်ထဲက စစ်ဗိုလ် ၂၅%ဆိုတာကလဲ ရွေးကောက်ခံအမတ်တွေမဟုတ်။ ကာချုပ်က တိုက်ရိုက်ခန့် ထားသူတွေမို့ စိတ်မချရတဲ့ စစ်ဗိုလ်အမတ်မှန်မျှကို ချက်ချင်းဖြုတ်ပြီး လူစားလဲခွင့်ရှိတာကို နားလည်ထားရင် လွယ်လွယ် စည်းရုံးလို့မရနိုင်ဆိုတာ ဒေါ်စု နားလည်ထားရမှာ ဖြစ်တယ်။

-ပြည်သူ့လွှတ်တော်မှာ လစ်လပ်နေတဲ့ နေရာ ၄၀လုံး အန်အယ်ဒီက နိုင်မယ်ဆို ရင်တောင် ပြည် သူ့လွှတ်တော်မှာ အန်အယ်ဒီရဲ့ ပြောရေးဆိုခွင့်က အများဆုံး ၉%ထက် မပိုနိုင်တာမို့ ဒေါ်စုရဲ့ အခြေခံဥပဒေ ၂၀၀၈ ပြင်ဆင်ရေးဟာ ဆောင်းအိပ်မက်လို့ လွှင့်ပါးပျောက်ကွယ်သွားမယ်။

-ဒီအတောအတွင်း ဒေါ်စုကို လွှတ်တော်အမတ်ဖြစ်ကနေ ဖြုတ်ချဖို့ ကြံ့ဖွံ့ပါတီဘက်က အချိန်မရွေးကြိုးပမ်း လာနိုင်တယ်။ (ဒေါ်စုကို အမတ်မဖြစ်အောင် ဖြုတ်ချနိုင်တဲ့ ပုဒ်မတွေ ရွေးကောက်ပွဲ ဥပဒေမှာရော အခြေခံ ဥပဒေမှာပါ ရှိနေဆဲဖြစ်တယ်။) အဲသလိုဖြစ်လာရင် အန်အယ်ဒီပါတီပါ ရေစုန်မျောသွားနိုင်တယ်။ (အသေး စိတ်ကို သီးခြားဆောင်းပါး ရေးပါမယ်)

-အမတ်အဖြစ် ဆက်ရပ်တည်ခွင့်ရမယ်ဆိုရင်လဲ ဒေါ်စုရဲ့ နိုင်ငံရေး အကျပ်အတည်းကကြီးမားတယ်။ အခြေခံဥပဒေမှာ စစ်တပ်ကို အာဏာအလွန်အကျွံပေးထားတဲ့အချက်တွေ မပြင်နိုင်ရင် ပေးထားတဲ့ ကတိ ပျက်ပြီး သိက္ခာကျမယ်။

-လက်ရှိ ဒီမိုကရေစီနည်းမကျတဲ့ အခြေခံဥပဒေ ၂၀၀၈ အတိုင်းမျောလိုက်သွား ရင် လဲ ဒေါ်စုကြွေးကြော် ထားတဲ့ ဒီမိုကရေစီပန်းတိုင်နဲ့ ဆန့်ကျင်ဘက်ကို သွားနေသလိုဖြစ်မယ်။ လူထုကို တလွဲမျှော် လင့် ချက်ပေး   ခေါ်သွားသလိုဖြစ်မယ်။

-နိုင်ငံရေးမှာ စစ်တပ်နဲ့ လက်တွဲလုပ်မှဖြစ်မယ်လို့ ဒေါ်စုယုံကြည်တယ်ဆိုရင်လဲ လွှတ်တော်နိုင်ငံရေးမှာ စစ်တပ်က ၂၅% ပါဝင်ရေးကို ပြင်စရာမလိုဆိုတဲ့ အဓိပ္ပါယ်ဆောင်သွားမယ်။ ဒါဆိုရင် အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ကို လက်ခံတာနဲ့ အတူတူဖြစ်မယ်။ ဒီ mindset နဲ့သွားရင် ဒီမိုကရေစီနည်းမကျတဲ့ အခြေခံဥပဒေ ၂၀၀၈ ကိုကိုင်ပြီး ဒီမိုကရေစီပန်းတိုင်ရောက်အောင် သွားမယ်ပြောနေသလိုဖြစ်မယ်။ ဒါဆိုရင် ပြည်သူကို လိမ်ပြော သလိုဖြစ်ပြီး မျှော်လင့်ချက်တလွဲတွေ ပေးသလို ဖြစ်မယ်။

-အခြေခံဥပဒေ ၂၀၀၈ ပြင်ဆင်ရေး ရှုထောင့်ကနေကြည့်ရင် အန်အယ်ဒီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးလဲ အရှုံးနဲ့ရင်ဆိုင်ရမှာဖြစ်သလို ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ၄၆ နေရာလုံးနိုင်လဲ လွှတ်တော်တွင်း အတိုက်အခံ တည်ဆောက်နိုင်အောင် အင်အားမရှိတဲ့အတွက် အရှုံးနဲ့သာ ရင်ဆိုင် ရမှာ ဖြစ်တယ်။

swe swe kyi facebook မှကူးယူဖော်ပြသည်။

No comments: