Sunday, March 4, 2012

ကပယ်စီတီ ဆိုသည်မှာ ….


ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၂

ဒီကနေ့ မနက်စောစော Facebook ၀င်ကြည့်တော့ “ကက်ပဲဆစ်တီးပြည့်အောင်လုပ်ကြပါ…ဆိုတဲ့ ဆောင်းပါးကိုဖတ်လိုက်ရ တော့ ထင်မြင်ချက် လေး ထပ်ဆင့်ပြီး မိမိရဲ့ Wall မှာတင် ပေးလိုက်မိတယ်။

တချို့ ကလည်း အားပါးတရ “အချခံ” ရပြီကွဆိုပြီး ၀မ်းပါးတသာ သူတို့ wall မှာတင်ပေးတာကိုတွေ့ ရတော့ ပြုံးမိတယ်။ တစ်ယောက်နှစ်ယောက်ပါပဲ။

သာမန်အားဖြင့်တော့ အချခံ ရပြီလို့ ထင်ရရင် (ငါ) ဆိုတဲ့ မာန တွေဝင် လာပြီး “ ပြန်တွယ် “ ချင်တဲ့ စိတ်ရိုင်းတွေ ၀င်လာကြပြီး ပုဂ္ဂိုလ်ရေးတွေ ရှုပ်ထွေးလာပြီး ကိုယ့်ကို သူစွပ်စွဲ .. သူ့ကိုကိုယ် စွပ်စွယ်နဲ့ သပွပ်အူ လို ရှုပ်တွေးလာပြီး .. နောက်တဆင့် ဆဲလား ဆိုလားတွေ ပါလာကြပြီး အကျည်းတန်မှုတွေ ဖြစ်လာတတ်ကြတယ်။ 
--------------------------------------------------------------------------------------------------
 အသိ မတူလို့ ၊ အမြင် မတူ။ အမြင်မတူလို့ သုံးသပ်တာခြင်းမတူ။ သုံးသပ်တာခြင်း မတူလို့ ဆုံးဖြတ်တာချင်း မတူ။ 
ဆုံးဖြတ်တာချင်း မတူလို့ ရွေးတဲ့ လမ်းချင်း မတူ တာကို နားလည်နိုင် ပါတယ်။
လမ်းဆုံး ရင် ဘယ်သူ ရွာ တွေ့မည် ဆိုတာကိုစောင့်ကြည့် လိုက်ကြပါ။
ဒို့ ကတော့ ပြည်သူ့ခေါင်းဆောင် ကို ယုံတယ်လို့ပဲ ရဲရဲ ကြေငြာ လိုက် 
ပါ ရစေ။
-------------------------------------------------------------------------------------------------------------------
စာရေးသူ ကတော့ နိုင်ငံရေးမှာ သားရေ ထူရမယ်ဆိုတာကိုကောင်းကောင်း နားလည်ပါတယ်။ 
တသက်လုံး အဖေကို ဆဲ လာကြပြီး အဖေ့သား ဆိုတာနဲ့ ဆဲဖို့ပြင်တဲ့သူတွေ ကို တွေ့ခဲ့ရပြီးပြီ။ ဦးနေ၀င်း ကို ကြံဖန် ကျေးဇူးတင်ရရင် သူ့ကျေးဇူးနဲ့ ထောင်ထဲမှ မတစ်ထောင်သား တွေနဲ့လည်း တွေ့ခဲ့ပြီးပြီ ၊ ဦးကျော်ငြိမ်း နံမည်ကြားတာနဲ့ အလိုလို ဒေါ်သ ထွက်နေတဲ့ကွန်မြူနစ် လူရမ်းကားတွေနဲ့လည်း ကြုံခဲ့ပြီးပြီ ၊ ထောင်ထဲမှာ ရသမျှ အချွန်အချက် တွေနဲ့ လက်နက်လုပ်ပြီး လုပ်ကြံဖို့ ကြိုးစားကြတဲ့ အဖြစ်နဲ့လည်း ပက်ပင်းတိုးခဲ့ ပြီးပြီ။ ဒါကြောင့် ဒီလောက် ဝေဖန်ရုံတာလောက်တော့ ခေတ်လူငယ် စကားနဲ့ ပြောရရင် ပျင်းတောင်ပျင်းသေးတယ် လို့ပြော မရမလို ဖြစ်နေပြီ။

 လောက မှာအရာရာကို နှစ်ဖက်ကြည့်လို့ရပါတယ်။ ငါ့ကိုချတာကွ လို့မြင်ရင် စိတ်ဆိုးမယ် ၊ ရန်ထောင်ချင် လာမယ် ၊ ပြန်တုံ့ပြန်ချင်မယ်ဥပမာ စာရေးသူ က တော်လှန်ရေး သမားတွေ ကို ကပယ်စီတီ (Capacity)   ပြည့်အောင်လုပ်ကြပါ လို့ပြောမိတော့ အနာပေါ် ထုတ်ကျသလို ထိသွားပြီး ပြန်ချမယ်ဆိုတဲ့ စိတ်ရိုင်းတွေ ၀င်လာပြီ။

နောက်တနည်း က စိတ်ရိုင်းတွေပေါ်လာတိုင်း ရန်လိုမဲ့ အစား ၊ အနှုတ် (Negative) လို့ထင်ရမဲ့ အခြေအနေ ကို အပေါင်း (Positive) ဖြစ်အောင် ဖန်တီးယူမယ်ပေါ့။
စာရေးသူ သာ (ငါ) ဆိုတဲ့မာန်မာန ကြီးသူ ၊ ဥါဏ်နဲသူဆိုရင် ဒေါ်သတွေ ချောင်းချောင်းထွက်ပြီး ပြန်ဆဲ ပြီပေါ့။ ဒီလိုအဖြစ်သာ ရောက်ခဲ့ရင် တချို့ ကလက်ခုပ်တီးချင်တီးမယ်။ အများအမြင် မှာတော့ ဒီလူကြီး ရိုင်းလှချည်လား ၊ ဘယ်သူသားလဲ လို့အပြစ်တင်ခဲ့ရင် အဖေပါ အသားလွပ် ထိခိုက်ဦးမယ်။

စာရေးသူ ကစိတ်မဆိုးပေါင်။ ဆောင်းပါးရေးသူကို ကျေးဇူးတောင် တင်လိုက်ပါသေးတယ်။ ဘာကြောင့်လဲ။ စာရေးသူ ပြန်လည်ချေပခွင့်ရတဲ့ အတွက် စာရေးသူ အမြင်ကို ထပ်တင်ပြစရာ  အခွင့်အရေးရလာလို့ပါ။ စာဖတ်သူတွေ အနေနဲ့ လည်း နှစ်ဖက်အမြင် ကိုသိခွင့်ရတော့ ပိုစိတ်ဝင်စားစရာဖြစ်ပါတယ်။ ဒီလို (အသိ) ၀င်လာရင် စိတ်ဆိုးမဲ့ အစား ကျေးဇူး တင်မိစရာတောင် ဖြစ်မလာဖူးလား။ ဆောင်းပါးကလည်း တခြားသူတွေလို (ချကွ) ဆိုတဲ့ တယူသန်မဆန်ရှာပါဖူး။

ဒီလို (စိတ်ရိုင်း) (ဒေါသ) စိတ်ဖြစ်အောင် ၊ ဒါမှမဟုတ် ဒါကိုအခွင့်အရေးလို့ မြင်စေတာ .. စိတ် နှစ်မျိုးဖြစ်နိုင်အောင် ဖန်တီးစေတာ ဘယ်အရာလဲ လို့မေးခဲ့ရင် (အသိ) (ဥါဏ်) လိုပဲ့ဖြေရမှာပါ။
(အသိ) က (Knowledge) က လာတာ။
(ဥါဏ်) က Analysis ကလာတာပါ။
စာရေးသူ အတွက်ကတော့  (Knowledge) နဲ့ (Analysis) ပေါင်းလိုက်မှ Capacity ဆိုတာကို ရပါတယ်။ ဒါကြောင့် စာရေးသူက မြန်မာလို (အသိစွမ်းအား) လို့ရေးပါတယ်။

(Knowledge) နဲ့ (Analysis) မတူပါ။

ဒီနေရာမှာ အနည်းငယ် ထပ်ပြီး အသေးစိပ်ဖေါ်ပြပါရစေ။ (Knowledge) နဲ့ (Analysis) မတူပါ။

အသိ (Knowledge) ဟာ စာ (အသိ) နဲ့ လက်တွေ့ (အသိ) နှစ်ခုကလာတာပါ။ ဒီနှစ်ခုကိုပေါင်းမှ (ဘ၀အသိ) Knowledge ကိုရပါတယ်။

ဒီ (အသိ) ကိုခြေခံပြီး သုံးသက်မှု Analysis ကို ပြုလုပ်ရပါတယ်။ ဒီနေရာမှာ ဗုဒ္ဓဘာသာ နဲ့ကြည့်ရင်တော့ အရင်ဘ၀ တွေက (ကံ) အပေါ်မူတည်ပြီ (ဥါဏ်) ချင်းမတူတော့ပါ။ပါရမီ လို့ပဲပြောရမယ်ထင်ပါတယ်။ ဒါကြောင့် Analysis ကောင်းသူ နဲ့ မကောင်းသူ (မတူ) ကွာခြားနိုင်ပါတယ်။ (အသိ) ချင်းတူဦး ၊ ဥါဏ်ချင်း မတူရင် သုံးသပ်တာချင်း ကွာသွားနိုင်ပါတယ်။ သုံးသပ်တာချင်း မတူတော့ ရင် (အမြင်) ချင်း မတူနိုင်တော့ပါ။

စာတတ်တာနဲ့ ပညာတတ် လည်းမတူပါ။

စာရေးသူတို့ မြန်မာတွေကြားမှာ ဒီနှစ်ခုရောထွေးပြီး ပြောကြတာ မကြာခဏတွေ့ရတတ်ပါတယ်။ ဥပမာ လူတဦးတစ်ယောက် ဟာ ပါရဂူ PhD ဖွဲ့ရထားသူဆိုရင် အလိုအလျောက် ပညာတတ် ၊ ပညာတတ်ဆိုပြီး သုံးစွဲ တတ်ကြတာကို သတ်ပြုမိပါတယ်။ စာရေးသူ အမြင်နဲ့ အတိအကျ ပြောရရင် ဒီလူဟာ စာတတ်ပုဂ္ဂိုလ် (Educated Person) လို့ပဲ အလျင်မြင်ရ ပါဦးမယ်။ ဒီလူရဲ့ အရည်အချင်း ဟာ ဒီလူရဲ့ စာတမ်းတွေ ၊ စာဆောင်တွေ ထွက်လာမှ ပညာတတ် (Intellectual) ဟုတ်မဟုတ် သိရပါတော့မယ်။ ပညာတတ် (Intellectual) ဖြစ်ဖို့ရာ (အသိ) Knowledge ကို ဝေဖန်ပိုင်းခြားမှု အတွက် ဒွန်တွဲ အသုံးပြုနိုင်တဲ့ အရည်အသွေး ရှိရပါမယ်။

ဝီကီပီးဒီးယား Wikipedia က ပညာတတ် (Intellectual) ဒီလို အဓိပ္ပါယ်ဖွင့်ထားပါတယ်။
A person who uses intelligence (thought and reason) and critical
or analytical
reasoning in either a professional
or a personal capacity
is often referred to as an intellectual
.
Analysis ပါလာရင် Critical Thinking ဟာလည်း အရေးပါလာပါတယ်။

ပညာရှင်နဲ့ ပညာတတ်လည်း တခါတရံ မတူပါ။

တချို့နေရာတွေ ပညာရှင် နဲ့ ပညာတတ် ပင်မတူကြပါ။ ဒီနေရာမှာ ပညာရှင်ဆိုတာ Professional ကိုဆိုလိုတာပါ။ အင်ဂျင်နီယားရင်း မှာ အင်ဂျင်နီယာပညာ တတ်သူ နဲ့ အင်ဂျင်ပညာနဲ့ အသက်မွေးဝမ်း ကြောင်း ရှာစားနိုင်သူ မတူပါ။ ဥပမာ စာရေးသူဟာ မြို့ပြအင်ဂျင်နီယာ ဘွဲ့ကိုစက်မှုတက္ကသိုလ်က ၁၉၇၄ခုနှစ်မှာ ရခဲ့ပါတယ်။ သို့သော် မြို့ပြ အင်ဂျင်နီယာ ပညာနဲ့ အသက်မွေးခဲ့ခြင်းမရှိပါ။ အမေရိ ကားတွင် ဘွဲ့လွန်ရပြီးသောအခါ HP ကုမ္ပဏီတွင် Systems Architect ဟုခေါ်သော end-to-end video server systems တခုလုံး ကို ဒီဇိုင်းဆွဲရသော အင်ဂျင်နီယာ ဘ၀ တွင် အင်ဂျင်နီယာပညာ နှင့် အသက် မွေးဝမ်းကြောင်း ရှာနိုင်ခဲ့သည့် အတွက် Professional မြောက်ပါသည်။ ထို့အတွက် ပညာရှင် ဟုဆိုနိုင်ပါသည်။

ဥပမာ စီးပွားရေးပညာတွင် လည်း Political Economist နဲ့ Professional Economist မတူပါ။ Political Economist က ဘယ် စီးပွားရေး ပေါ်လစီ ကိုရွေး ရမလဲ လောက်သာရှိအောင် စီးပွားရေး သီအိုရီ အခြေခံ တွေကိုသာ သိတာပါ။ Professional Economist ကသာ Quantitative Analysis အပါအ၀င် လိုအပ်ချက် အစအဆုံး ကိုဖေါ်ဆောင်နိုင်ပါတယ်။

အများနဲ့ ထိတွေ့ရတဲ့ အလုပ်တွေမှာ ပညာအပြင် (လိုင်စင်) ပါအောင်ရပါတယ်။ ဥပမာ ဆရာဝန် ဆေးကုတော့မယ်ဆိုရင် မြန်မာနိုင်ငံမှာ (ဆမ) ရှိရပါမယ်။ အမေရိကန်နိုင်ငံမှာ ဆိုရင် လည်း (လိုင်စင်) စာမေးပွဲ အောင်ရပါမယ်။ တကယ်တတ်မတတ် စစ်ရပါတယ်။ အင်ဂျင်နီယာ ဆိုရင်လည်း Professional Engineer စာမေးပွဖြေဆိုအောင်မြင်မှ (P.E.) တတ်ခွင့်ရှိပါတယ်။ တချို့ project တွေမှာ (P.E.) လက်မှတ်ပါမှ ခွင့်ပြု ပါတယ်။

အဆုံးမှာတော့ ပညာတတ် ရုံနဲ့ မပြည့်စုံ ၊ မလုံလောက်ပဲ လက်တွေ့ ဘ၀အတွေ့အကြုံ နဲ့ အဆင့်အတန်းမှီမှ သာ Professional ဘ၀ရောက်တာကို ထောက်ပြချင်တာပါ။

ဥပမာ ပညာရေးမှာ ပါရဂူဘွဲ့ ရသည်နှင့် နိုင်ငံရေးမှာ ပါရဂူ လာမဖြစ်ပါ။ မြန်မာအများအမြင်မှာတော့ ပါရဂူ ဘွဲ့မြင်တာနဲ့ ပညာရှင် လို့ ရောနှော သတ်မှတ်တတ်ကြပါတယ်။ အနုစိပ် ကြည့်တတ်ရင် မတူတာ တွေရှိတာကို သိစေချင်တာပါ။ ပါရဂူဘွဲ့ တော့ရှိပါရဲ့ အကျိုးအကြောင်း အဆက်အစပ် မရှိ စိတ်ထဲ မကျေနပ်သမျှကို ဆဲဆိုနေပြန်လျှင်လည်း အရူးချီးပန်း ပညာတတ်ဘ၀ရောက်သွားနိုင်ပါသည်။ု

ကပယ်စီတီ ဆိုတာ အောက်စီဂျင်လို နေရာတိုင်းမှာ ပါဝင်ပါတယ်။

စာရေးသူတို့ လူသားတွေရဲ့ ဖွဲ့စည်းမှု အရ အောင်စီဂျင် မရှိလို့ မရပါ။ အောက်စီဂျင် မရှုရရင် လူသားတွေ အသက်မရှင်နိုင်ပါ။ သို့သော် အောက်စီဂျင်ဟာ လေထု (Atmosphere) မှာရှိနေသည့် အတွက် လူးသားတို့ သတိမပြုမိကြတော့ပါ။ အောင်စီဂျင် အနဲအများအပေါ် မူတည်ပြီး evolution ပင်လိုက်ပြောင်းတတ်ပါသည်။ ဥပမာ ကမ္ဘာဦးခေတ်က ဒိုင်နိုစော (Dinosaurs) များကြီးထွားရခြင်းမှာ ထိုစဉ်က လေထုတွင်ရှိသော အောက်စီဂျင် ပမာဏ သည် ယ္ခု အချိန်ထက် အလွန်များခြင်းကြောင့်ဟု သိပ္ပံပညာရှင် တချို့ကအဆိုပြုထားကြပါသည်။ လူသားတို့၏ခန္ဓာကိုယ်သည် အောက်စီဂျင်လို သကဲ့သို့ လူသားတို့၏ ဦးဏှောက်သည်လည်း (အသိ) နှင့် (အသိစွမ်းအား) အစဉ်လိုအပ်ပါသည်။ အခြေအနေ အရပ်ရပ် ကို ကျော်လွှားရန် အဆုံးအဖြတ်တိုင်းကို (အသိဥါဏ်) ကအဆုံးအဖြတ်ပေးရပါသည်။

ဘာကြောင့် ၃ ဒေါ်လာအတွက် လူသတ်ရတာလဲ။

အမေရိကန် နိုင်ငံကိုတချို့က ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ မို့လို့ အထင်ကြီးမိသူများရှိကောင်းရှိနိုင်ပါသည်။ အမေရိကန် နိုင်ငံမှာ လူတော်လူကောင်း စာတတ်ပေတတ်များရှိသလို (အ)သုံးလုံး မကြေသော စာပင်မဖတ်တတ်သူများလည်း ရှိပါသည်။ စာတတ်လျှင် ယျေဘူယျ အားဖြင့် (အသိ) ပိုရှိသည်ဟု ဆိုနိုင်ပါသည်။ (အသိ) ရှိလျှင် (သတိ) ရှိနိုင်ပါသည်။ (သတိ) ရှိလျှင် အနဲဆုံး (အတိမ်းအကွပ်) ရှိနိုင် ပါသည်။ စာမတတ် သော လူမိုက်အချို့သည် လိုချင်တာကိုပဲ (သိ)ကြသည်။ (မရ) လျှင် (စိတ်တို) မည်။ (စိတ်လှုပ်ရှား) လာမည်။ ထိုထိုသော ဒေါသစိတ် နှင့် emotion အရ ရှေ့အနောက် မစဉ်းစားပဲ ဘဏ်သော်၎င်း ၊  စတိုးဆိုင်တို့ကို ၀င်လုရင်း ဘဏ်နှင့် ဆိုင် ၀န်ထမ်းများကို ဘာမဟုတ်သော ငွေ အတွက် ပြစ်သတ် လိုက်သော အမှု များစွာ ကြုံခဲ့ရပါသည်။ ဘာမှ မဟုတ်သည့်ငွေ အတွက် သူတပါး လည်း အသက်ပျောက် မိမိလည်း တသက်လုံး ထောင်နန်းစံရသည့် ဘ၀ရောက်တတ်ကြပါသည်။ အကျိုး နှင့် အပြစ် မမျှတာကို ဘာကြောင့် လုပ်ကြတာလဲ။ နောက်ဆုံးတော့ (အသိ) ပဲ မဟုတ်ပါလား။

ဒီ ကပယ်စီတီကြောင့် ပဲ ပါတီ တွေပျက်ခဲ့ရတာပဲ။

လူတိုင်း ၊ လူတိုင်း ဟာ နေ့ဓဒူဝ ဆုံးဖြတ်ချက်တွေချရတယ်။ ဆုံးဖြတ်ချက် နောက်ကွယ်မှာ ကပယ်စီတီ ဆိုတာက ကပ်ပါလာစမြဲပဲ။ လူမိုက် တစ်ယောက် ဟာ (၃) ဒေါ်လာအတွက် လူသတ်ရဲ သလို ကပယ်စီတီ နဲတဲ့ လူမိုက်တွေ ပါတီခေါင်းဆောင် လာဖြစ်ကြတော့ ပါတီ ပျက် ကြရတာပဲ။ ဥပမာ ကပယ်စီတီ နဲတဲ့ ခမာနီတွေ ခမာကွန်မြူနစ်ပါတီခေါင်းဆောင် လာဖြစ်ကြတော့ ၎င်းတို့အတွက် စစ်မှန်တဲ့ ကွန်မြူနစ်နိုင်ငံဘ၀ံ ရောက်ဖို့ လူဦးရေ လေးပုံတစ်ပုံ ကို ရက်ရက်စက်စက် သတ်ဖြတ် လိုက်ကြတာဟာ ရာဇ၀င် တွင်ရုံမက တကမ္ဘာလုံး ကွန်မြူနစ် ဆိုရင် အော့ကျောလံ ကုန်ကြရပြီ။ ဒါက ကမ္ဘာအသိ။ ကမ္ဘာ မသိတာက ဗမာကွန်မြူနစ် ပါတီဟာ လည်း သခင်ဗသိန်းတင် တို့လို ကပယ်စီတီ ခပ်နိမ့်နိမ့် ခပ်ခြာခြာ ခေါင်းဆောင်တွေ ပါတီဥက္ကဋ္ဌ တက်ဖြစ်တော့ ပါတီ အကျိုးနဲ ရတော့တာပေါ့။

စာရေးသူ လေးစားတဲ့ Bertil Lintner ရဲ့ Burma in Revolt ဆိုတဲ့စာအုပ်ကိုဖတ်ကြည့်ပါ။ အချိန်က တရုတ်ပြည်ကြီး မှာ ယဉ်ကျေးမှုတော်လှန်ရေး ရဲ့ အဆုံးပိုင်းကာလ။ ၁၉၆၇ ခုနှစ် တရုတ်ဗမာ အရေးအခင်း အပြီးမှာ တရုတ်က ဗကပ တွေကို ငွေရော လက်နက်ရော လူပါ ကူပြီး ထောက်ပံ့နေတဲ့ ကာလ။ ထိုင်း ၊ အင်ဒိုနီးရှား က ကွန်မြူနစ်တွေ အားလုံး ဗမာကွန်မြူနစ်တွေရဲ့ ဋ္ဌါနချုပ် မှလာပြီး လေ့လာမှုပြု ရတဲ့ ကာလ။ ဗကပ တွေရဲ့ အသံကို တရုတ်ပြည်က လွှင့်နိုင်တဲ့ ကာလ။ တနည်းအားဖြင့် ဗမာကွန်မြူနစ်တွေ ဘုန်းမီး တန်ခိုး ကြီးမားစဉ်ကာလ။ လေးဦးဂိုဏ်း ရဲ့ ဓါးထက်စဉ်ကါလ။ ဗမာကွန်မြူနစ် တွေ လေးဦး ဂိုဏ်းကို အားကျပြီး ရဲရဲတောက် သွေးကြွနေကြတဲ့ ကာလ။ ယဉ်ကျေးမှုတော်လှန်ရေးကို မြန်မာနိုင်ငံကို ဖြုတ်-ထုတ်-သတ် အဖြစ် Export လုပ်ပြီးချိန် ကလ။ တရုတ်ပြည်ရဲ့ နိုင်ငံရေးရှုပ်ထွေးနေစဉ်ကာလ။

အမှန်က ယဉ်ကျေးမှုတော်လှန်ရေး ဆိုတာ လူချေက်ချီ နဲ့ တိန်လျောက်ပိန် တို့က ပါတီကို အုပ်စီးလာတော့ မော်စီတုံးက ကပယ်စီတီ အလွန်နဲတဲ့ သူ့ရဲ့ ဇနီး ချန်ချင်းကို မြှောက်ပေးပြီး အမှားအမှန်ကို ခွဲခြား လောက်အောင် (အသိ) မရှိသေးတဲ့ ကျောင်းသား ကျောင်းသူ ၊ လူမမယ် လေးတွေကို ရှူးတိုက်ပေးပြီး ပါတီကို ပြန်လုယူတဲ့ အာဏါလုပွဲ ကို နံမည်လှလှ ၊ လေဘယ် (Label) တပ်ပေးလိုက်တာပါပဲ။ အမှန်က ပါတီတွင်း အာဏါလုပွဲ လူသတ်ပွဲပါပဲ။ သူတို့ရဲ့ ဂျီးဒေါ်လင် တရုတ်ကြီး အချင်းချင်းချနေကြတာဆိုတတော့ကျန်တဲ့ ကွန်မြူနစ်ပါတီ တွေက နှာစေးနေကြတယ်။ တိန်လျောက်ပိန် ပထမအကြိမ် ပြုတ်သွား ပြီးပြန်တက် လာပြီး ဒုတိယအကြီမ် ပြုတ်သွားတော့ ကျန်တဲ့ပါတီတွေ အားလုံးက အမှီးလေးတွေကုပ်  ငြိမ်ငြိမ်လေး ၀ပ်နေကြလေရဲ့။ ကပယ်စီတီ နဲတဲ့ တော်လှန်တဲ့ ဥက္ကဋ္ဌကြီး သခင်ဗသိန်းတင် နဲ့ ဗမာကွန်မြုနစ် တွေကမနေ နိုင် မထိုင်နိုင် ၊ တင်ပဆုံ ယားပြီး လေးဦးဂိုဏ်းဖက် လိုက်ပြီး တိန်လျောက်ပိန် ကိုဝိုင်းချဲ ၀ိုင်းဝေဖန် ကြလေသတဲ့။

နိုင်ငံရေးဆိုတာ ဖတပြန် ၊ ကျားတပြန် ဆိုတာ ထိုထိုသော ဆရာကြီးတွေ ခမြာ မသိလိုက်ရှာ ကြဖူး။ တိန်လျောက်ပိန် လည်းပြန်တက်လာရော ၊ ပထမ ရေဒီယို ဌါနကြီးကို ပီကင်းကနေ နယ်စပ်အရင် အပို့ခံရ တယ်။ နောက် အားလုံး မဲဇာကို ဂျောင်းဆိုပြီး ကန်အထုတ်ခံရတယ်။ နောက်ဆုံး (၀) တွေပုန်ကန်လို့ ဘုံပျောက်ကုန်ကြရတယ်။  (၀) ဆိုတာ တကယ်တော့ ၊ တရုတ်တွေပဲလေ။ တရုတ်ကြီးကသာ ဟေ့!!! လို့ တခွန်းဟောက်လိုက်ရင် (၀) တွေဘာလုပ်ရဲမှာလည်း။ မရပ်ရင် တပ်နီတွေ ကို ယူနီဖေါင်းပြောင်းပြီး လှိမ့်ဝင်လာမှာပေါ့။

တချိန်က ပေါက်ဖေါ် ကြီးက ငွေ၊ လက်နက်အပြင် (လူ) ပါပေးတာဗျို့!!!  အဲတါ နိုင်အောင် မတိုက်နိုင်ဖူး။

နောက်ဆုံးတော့ မဟာဗျုဟာ Strategy ပဲ မဟုတ်လား။ Strategy နောက်က ဘာရှိသလဲ။ ကပယ်စီတီ (Capacity) လေ။

တော်လှန်သော ခေါင်းဆောင်ကြီး တွေ ကပယ်စီတီ (Capacity) မပြည့် တာကြောင့် နောက်ဆုံး ကွန်မြူနစ်ပါတီ မြေအောင်းတဲ့ တော်လှန်ရေး မြေကြွက်ကြီးတွေ ဘ၀ ရောက်ခဲ့ရတာပါ။

ကပယ်စီတီ (Capacity) မပြည့်တော့ ပကထိ အနေအထား ကို (မကြည့်) တတ်။ ထို့ကြောင့် (မမြင်) ။ ထို့ကြောင့် Strategy မှားပြီး ပါတီဂျောက်ထဲကျ ခဲ့ရတာပါ။

ကမ္ဘာပေါ်မှာ အညံ့ ဆုံးပါတီတဲ့။

ယဉ်ကျေးမှုတော်လှန်ရေး ခေတ်ဆုံးအထိ တရုတ်ပြည်က တပ်နီလူငယ် မိုက်ရူးရဲလေးတွေကို ဗကပ တံဆိပ်ကပ်ပြီး တိုက်ခိုင်းခဲ့တာ ငြင်းမရတဲ့ ရာဇ၀င် အချက်အလက်ပါ။ တချိန်တုန်း က တရုတ်ရဲနီ တစ်ယောက် ဟာ ဗကပ တွေဖက် က ၀င်တိုက်ပေးပြီး ယ္ခု ယူနန်က ပြည်နယ်အစိုးရ မှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ် တဦးဖြစ်နေပါပြီ။ မြန်မာအတိုက်အခံ အဖွဲ့တွေ အထဲက ပုဂ္ဂိုလ်တဦးဟာ တရုတ်တွေနဲ့ ခင်မင် တယ်လို့ပြောလို့ ရနိုင်ပါတယ်။ တရုတ်ပြည် ကိုမကြာခဏ သွားရလေ့ ရှိပါတယ်။ မြန်မာအတိုက်အခံ ကလူနဲ့ ရဲနီဟောင်း တရုတ်အရာရှိ ကူမင်းမှာတွေ့ကြတော့ ဗကပ တွေအကြောင်းပြောရင်း မှတ်ချက် ပေးသွားတာက  ကမ္ဘာမှာရှိတဲ့ ကွန်မြူနစ် ပါတီတွေ အထဲမှာ ဗမာကွန်မြူနစ်ပါတီ ဟာ အညံ့ဆုံးပါပဲတဲ့။ ဘာကြောင့်လို့တော့ အတိအကျ မပြော။ လက်တွေ့ အတွေ့အကြုံအရ လို့သာ ခန့်မှန်းရမှာပါ။ ခင်ဗျားတို့ရဲ့ ဥက္ကဋ္ဌကြီးက တကီလို ယွန် ၅၀၀ ပေးရတဲ့ လ္ဘက်ချောက်မှသောက်တာ လို့လည်း ဟားသွားသေးတယ်တဲ့ ……

Marxist ဦးဘငြိမ် က တိုင်းပြည်ကို LDC နိုင်ငံဘ၀ ရောက်အောင်သာ ပို့နိုင်ခဲ့တယ် …. ဗကပ တွေသာ အာဏါရခဲ့ရင် ပေါလ်ပေါ့တို့ က လူဦးရေ ၁/၄ သာ သတ်ခဲ့နိုင်တာ တော်လှန်တဲ့ ဥက္ကဋ္ဌကြီး တို့ဆို Rawanda ထက်သာပြီး ကမ္ဘာ့ အဆင်းရဲဆုံး ဖြစ်အောင် လုပ်ပြ လိုက်ကြမှာ …..

သြော်  ကပယ်စီတီ (Capacity) .. ကပယ်စီတီ (Capacity) တယ်လဲအရေးကြီးပါလားနော် ..

စဉ်းစားမိကြပါသလား

စာဖတ်သူများတော့ မသိ ၊ စာရေးသူ ကတော့ ဘာကြောင့် တရုတ်တွေ ဖက်ပြောင်းပြီး ဗကပ တွေကို ထောက်ခံ နေရာကနေ ၊ ဦးနေ၀င်း နဲ့ ဗမာ့စစ်တပ် ကို ပြစ်ထောက်ခံ ရသလဲ ဆိုတာ ကိုသိပ် စိတ်ဝင်စား တယ်။

တကယ်တွေးကြည့်ရင် …… တရုတ် ရဲ့ Role က ဗမာ့ ရာဇ၀င် ကို ပြောင်းလဲစေတာပဲ ..မဟုတ်ပါလား ..

တကယ်တော့ မြန်မာနိုင်ငံသား အနေနဲ့ တရုတ် ကိုအမြဲ သတိရှိနေရမယ်လေ။

ပထမ ဒီမေးခွန်းကို စာရေးသူ လေးစားတဲ့ နိုင်ငံခြားသား သတင်းတောက် တစ်ယောက်ကိုမေးဖူးတယ်။

သူ့ အမြင်ကတော့ ဗိုလ်ချုပ်နေ၀င်း က အဲဒီ အချိန်က တရုတ်ကြီးထောက်ခံတဲ့ ကန်ပူးခြား ခမာနီ တွေရဲ့ နိုင်ငံရေး အခက်အခဲ ကို အသုံးချ လိုက်တာလိုပြောတယ်။ တရုတ်တွေ အကူလိုတဲ့အချိန်မှာ ဦးနေ၀င်းက တရုတ်တွေနောက် က ရှိနေတယ်လေ။

ဇာတ်လမ်းက ဒီလိုပါ။

အသိမကြွယ်တဲ့ သူတွေအမြင်မှာတော့ တရုတ် နဲ့ ဗီယက်နမ် တွေဟာ ကွန်မြူနစ် အချင်းချင်း ပုလင်းတူဗူးစို့ လို့ထင်စရာရှိတယ်။ တကယ် လက်တွေ့မှာ က နှစ်နိုင်ငံအကြား ရာဇ၀င်ရှိတယ်။ ဗီယက်နမ်က ပေါလ်ပေါ့ ရဲ့ ခမာနီ တွေကို ၀င်တိုက်တော့ တရုတ်က ခမာနီတွေဖက် က ရပ်တယ်။ တိန်ကြီးက ဗီယက်နမ်တွေ ကို ပညာပေးဖို့ စဉ်းစားတာ ၀င်မတိုက်ခင် နှစ်ပေါင်းများစွာ ပြင်ဆင်ရတယ်။ ခမာနီ တွေကို အာဏါရလာတော့ အဦးဆုံး အသိအမှတ်ပြုတာ ဦးနေ၀င်း။ အဦးဆုံး သွားလည်တာ ဦးနေ၀င်း။ စာရေးသူ မေးတဲ့ သတင်းတောက် ကန်ပူးခြားရောက်တော့ တစ်နေရာမှ ဦးနေ၀င်း ပုံကြီးကိုတွေ့ရတော့ အိမ်ရှင်တွေက ဘယ်သူမှန်းတောင် မသိကြတဲ့ ။ တရုတ်ကြီး တစ်ယောက်လို့ ပဲထင်ကြတာတဲ့။ နောက် တရုတ်ကြီး က စစ်လက်နက်ပစ္စည်းတွေ ခမာနီတွေစီ ပို့တော့ ဗမာပြည် မှာ လေယဉ်တွေ နားခွင့်ကို ဦးနေ၀င်း ကခွင့်ပြုသတဲ့ . ဒီအကွက် ကိုနင်ပြီး ဦးနေ၀င်းက တရုတ်ကို ဆွဲစားသွားတာလို့ ဆွေးနွေးလာတယ်။

ဗိုလ်ချုပ် တဦးရဲ့ အဆိုအရတော့ . တိန်ကြီး အိမ်နိမ့်စံ ဘ၀နဲ့ မဲဇာရောက်နေချိန်မှာ .  ဦးနေ၀င်း တရုတ်ပြည်ရောက်တော့ ချုအင်လိုင်း ရဲ့ ဇနီး တိန့်ရင်ချောင်းနဲ့ တွေ့တော့ တိန်လျောက်ပိန် အကြောင်း မေးသတဲ့။ မဒန်တိန့်ရင်ချောင်း ကလည်းကြည့်ကောင်းအောင်ဖြေသတဲ့ ဒီမှာ..ဦးနေ၀င်း က တိန်လျောက်ပိန်ကို သတိရကြောင်းပြော ပေးပါဆိုပြီး ..မှာ..သွားတယ်တဲ့ .သတိပြုစရာက ..  ဦးနေ၀င်းဟာ တိန်လျောက်ပိန်အကြောင်းကို ချန်ချင်းကိုလည်း မမေးဖူး ..မော်စီတုံးကိုလည်း မမေးဖူး တိန်နဲ့ ခင်တဲ့ ချောင်အင်လိုင်း ဇနီးကိုမှ မေးတာ အကြောင်းရှိတယ်.. human psycho လို့ခေါ်တဲ့ လူတွေရဲ့ စိတ်သဘောထားကို သိတာလို့တွေးနိုင်တယ်။ ဒါနိုင်ငံရေး နားလည်တာ။ ကပယ်စီ ရှိတာမဟုတ်ဖူးလား။

တိမ်ယောင်သဖွယ် မင်းရေးကြွယ် ဆိုတာ ဗမာစကားမှာ ရှိတယ်မဟုတ်လား။ ဦးနေ၀င်းက တိန်ကြီးကို အညှာကကိုင်လိုက် သလို ကပယ်စီတီ နဲတဲ့ တော်လှန်တဲ့ ဥက္ကကြီး ဗသိန်းတင် တို့က ညိုသူကြီး ကနေ ဖြတ်ရိုက်လိုက်ကြတယ် မဟုတ်လား။ အကယ်၍များ ဗကပ တွေအာဏါရခဲ့ရင် တော်လှန်တဲ့ဥက္ကဋ္ဌကြီး က နိုင်ငံ့အကြီး အကဲ လာဖြစ်မှာ မဟုတ်ဖူးလား။ ဒီလိုအဆင့်ရှိရမဲ့ တော်လှန်သောခေါင်းဆောင်ကြီးဟာ မိမိရဲ့ ၀ါဒစွဲ ကို စိတ်မထိန်းနိုင်ပဲ ၊ ကိုယ်ကိုထမင်းကျွေးနေတဲ့ လက်ကိုပြန်ကိုက်တော့ နက်နက်တွေးကြည့်ရင် တာဝန်မဲ့ရာမရောက်ဖူးလား။

ဦးနေ၀င်းရဲ့ သမားတော်ဖြစ်ခဲ့ရတဲ့ ဆရာဝန် ဗိုလ်မှူးချုပ် ကျော်ဝင်း ဟာ ဦးနေ၀င်း နဲ့ တရုတ်ပြည်ကြီး ကို အတူပါသွားသတဲ့ . စည်းဝေးပွဲပြီးတော့ သံအမတ်ကြီးက ကျေနပ်ပါရဲ့လားလို့မေးသတဲ့။ (မြန်မာလိုကျွမ်းကျင်စွာတတ်သော အမျိုးသမီး သံအမတ်)။ တရုတ်တွေက သံတမန်ပြောဆိုနည်းနဲ့ ဝေ့လည်ကြောင်ပတ် ပြောနေကြတာကြောင့် ဦးနေ၀င်းတို့က ရေရေရာရာ မရှိဖူးလို့ ညည်းသတဲ့။ ချက်ချင်း တိန်လျောက်ပိန်က အစည်းအဝေးပြန်ထိုင်ပြီး ဦးနေ၀င်း စိတ်ကျေနပ်သည်အထိ ဆွေးနွေးခဲ့ကြသည်တဲ့။ ဒါကတော့ က အစိုးရနဲ့ရင်းနှီးတဲ့ ပါမောက္ခတစ်ယောက်ရဲ့ ထွက်ဆိုစကားပါ။

ဗိုလ်ချုပ်ကျော်ဇော်အဖြစ်။

ကွန်မြူနစ်ဆိုရင် အမှန် ၊ ကွန်မြူနစ်ဆိုရင် မျက်စိမှိတ် ကာကွယ်ကြ ဆိုတဲ့ သခင်စိုးနဲ့ သခင်သန်းထွန်းတို့ ရိုက်သွင်းခဲ့ကြတဲ့ (စိုး/သန်း) စိတ်ဓါတ်ကြောင့် သခင်ဗသိန်းတင်ရဲ့ မဟာအမှားတော်ပုံတွေကို မမြင်နိုင်ကြ ဖူး။ ဗိုလ်ချုပ်ကျော်ဇော် ရဲ့အဖြစ်ကိုလည်း ကြည့်ပါ။ တဖက်က ဗိုလ်ချုပ်ကျော်ဇော် ရဲ့ နံမည် - ရာဇ၀င်ကို အသုံးချပြီး စွပ်ပြီး သူရဲကောင်းအဖြစ် မြှောက်ပင့် နေကြပေမဲ့ တဖက်က ကပ်ပြီး (နှိမ်) ထားခဲ့ကြပါတယ်။ စစ်သူကြီး မဟာဗန္ဓုလ ကို အဝေးကမြင်ရင် ကြည့်ကောင်းအောင် စစ်သူကြီးတန်စာ တွေဆင် ၊ ရွှေထီးမိုးထားပြီး ..တကယ်တော့ အနီးကပ်ကြည့်ရင် နောက်ပြန်ကြိုးတုတ် ၊ လက်ထိပ်ခပ်ထားတာ နဲ့ အတူတူပါပဲ။ ထို့ ကြောင့်ဤသို့ ဆိုတဲ့စာအုပ်ကိုဖတ်ကြည့်ပါ။ သံပတ်ရုပ်ပေးထားသောကျော်ဇော် ဆိုတဲ့ အခန်းလေးကို ဖတ်ကြည့်ကြပါ။ စစ်မတိုက်ဖူးတဲ့ သခင်ဗသိန်းတင် ရဲ့ တပည့်က စစ်ကောင်စီ ဥက္ကဋ္ဌ ၊ နာမည် ကျော် စစ်ဗိုလ်ချုပ် သူရဲကောင်းကြီးကိုတော့ စစ်မတိုက်ရတဲ့ ၊ သုတေသန လုပ်ခိုင်းထားပါသတဲ့ဗျို့ ။ ကြားလို့ကောင်းကြသေးရဲ့လား။ တရုတ်ကြီးက ပေးလာတဲ့ ငွေ ၊ လက်နက် ၊ စစ်သား ၊ အားလုံးကို ဗိုလ်ချုပ်ကျော်ဇော် လက် ထဲထည့်ပြီး ၊ (နိုင်အောင်တိုက်) ဆိုတဲ့ အမိန့်ပေးခဲ့ရင် မြန်မာနိုင်ငံ ရာဇ၀င် မပြောင်းဖူးလို့ ဘယ်သူ ပြောနိုင်မှာလည်း ။ ကိုယ့်လက်ထဲမှာ  Ace (၃) လုံး ကိုင်ထားတာတောင် ထုတ်ရှိုး ရမှာ ကို မသိတဲ့ နောက် ဘာကြောင့်များ ဖဲသမား အမည်ခံနေဦးမှာလည်း။  ရွှေဥါဏ်တော် ဆူးရောက်လှတဲ့ ဥက္ကဋ္ဌကြီးပေပဲ။

ဗိုလ်ချုပ်နေ၀င်းက ရန်ကုန်အစိုးရဘ၀ အင်းစိန်ကို ကရင်တွေ အ၀ိုးင်းခံရတော့ တောင်ပိုင်းတိုင်း ကို ဗိုလ်မှူးချုပ် အောင်သင်းလက်ထဲ က မြောက်ပိုင်းတိုင်းမှူး ဗိုလ်ကျော်ဇော် လက်ထဲပြောင်းထဲ့ကာ အင်းစိန်ကို နိုင်အောင် တိုက်ခိုင်းတာပဲ။ ဗိုလ်ချုပ်ကျော်ဇော် စစ်တိုက်တော်လို့ ၊ တပ်သားတွေက အသေခံတိုက်လို့ ၊ ဗိုလ်မှူးချစ်မြိုင် ရဲ့ တပ်တွေ ..တပ်ဖြည့်ဖို့ ဆင်းလာတဲ့ ကရင်တပ်တွေကို ရန်ကုန် မ၀င်ခင်မှာ ခံတိုက်နိုင်လို့ .. ရန်ကုန် မကျတာပါ။ ခေါင်းဆောင်ဆိုတာ သေရေးရှင်ရေး ကြုံလာရရင် မိမိခံစားမှု ထက် ပါတီ အကျိုး ၊ ထိုမှတဆင့် တိုင်းပြည် အကျိုးကို မကြည့်သင့်ဖူးလား။ ခေါင်းအေးအေးနဲ့ ဖက်လိုက်မှု မပါပဲ အနုလုံ ပဋိလုံ စဉ်းစားရင် ဗိုလ်ချုပ်နေ၀င်း ဟာ သခင်ဗသိန်းတင် ထက် (ဥါဏ်) ပိုရှိတယ်လို့ ပြောလို့ မရနိုင်ဖူးလား။ ဆိုရှယ်လစ်ဗိုလ်ချုပ် က ကွန်မြူနစ်ဗိုလ်ချုပ် လက်ထဲ တပ်တွေထဲ့ပြီး တိုက်ခိုင်းရဲတယ်။ ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌကြီးက တရုတ်တွေ လက်နက် အပြည့်အစုံ တပ်ပေးထားတဲ့ ကွန်မြူနစ်တပ်ကြီးကို စစ်တိုက်တော်တဲ့ ကွန်မြူနစ်ဗိုလ်ချုပ် လက်ထဲတပ်တွေအပ်ပြီး နိုင်အောင်တိုက် လို့ အမိန့်မပေးရဲဖူး။ မယုံဖူး။ သခင်သန်းထွန်း တောခိုခိုင်းတာ မလိုက်နာရကောင်းလား ဆိုတဲ့ ပြစ်မှုကြီးနဲ့ သခင်သန်းထွန်း ရဲ့ အာဃာတ စိတ် ဟာ သူသေသွားပြီးသည့်တိုင် အကျိုးသက်ရောက်နေသေးတယ်။ နောက်ဆုံး ပါတီပျက်စေတဲ့ အထိ ဒဏ်လာပေးနေသေးတယ်။ အကယ်၍ ကြူကုတ်တိုက်ပွဲလို အရေးပါတဲ့ တိုက်ပွဲတွေမျိုးသာ အောင်နိုင်ခဲ့ရင် ဗကပ တွေ စိတ်ဓါတ်တက် ၊ တရုတ်တွေက ပိုကူဆိုရင် ဗမာပြည်ကြီး ရဲရဲ မနီဖူးလို့ ဘယ်သူ အာမခံ နိုင်မှာလဲ။ အနဲဆုံး တောင်-မြောက် ကွဲသွားနိုင်တယ်။

ခေါင်းဆောင်တစ်ယောက်ရဲ့ ကပယ်စီတီ ရှိမရှိ ဆိုတာဟာ တိုင်းပြည်ရဲ့ ရာဇ၀င်ကို ပြောင်းလဲ စေနိုင်ပါတာကို သတိပြုမိ စေချင်တဲ့ စေတနာပါ။

အခုလည်းကြည့်လေ။

လက်ရှိ တိုင်ပြည်ရဲ့ နိုင်ငံရေးကို သုံးသပ်လက်ခံရာမှာလည်း လူတဦးစီရဲ့ ကပယ်စီတီ အပေါ်မူုတည်ပြီး ကွာခြားးသွားကြပါတယ်။

ဒေါ်စု ဟာ သာမန် လူမသိ ၊ သူမသိ အတိုက်ခံခေါင်းဆောင် မဟုတ်ဖူး။ မြန်မာနိုင်ငံမှာသာ မက ကမ္ဘာကပါလေးစားရတဲ့ ဒီမိုကရေစီ အိုင်ကွန်။ ဒီ့အတွက် ဒေါ်စုဟာ ဒီမိုကရေစီ ဝေလေလေ တွေလို စိတ်ကူးယဉ်ခွင့် မရှိ။ အားလုံးက ဒေါ်စုကို ၀ိုင်းကြည့်နေကြသလို အားလုံးဟာ ဒေါ်စုပုခုံး အပေါ်မှာလေ။ ဒီမိုကရေစီ မရရင် ဒေါ်စုကို ၀ိုင်းအပြစ်တင်ကြဦးမှာ။ ခေါင်းမာတယ်။ နိုင်ငံရေးနားမလည်ဖူး။ စသည်..စသည် ဖြင့်ပေါ့။ ဒေါ်စု ဟာ ရာတူး မရှိသော်လည်း နိုင်ငံ့ ဥလျှောင် သကဲ့သို့ အသတ်မှတ်ခံနေရသူ။ ထို့ကြောင့် ဒေါ်စု ဟာ နိုင်ငံတော် ထိပ်သီးခေါင်းဆောင် တွေအတိုင်း ပေ (၄) သောင်းအဆင့်မှ ကြည့်သကဲ့သို့ ကြည့်နေရသူ။ ဤအဆင့်မှ ကြည့်ရန် ကပယ်စီတီ အပြည့်ရှိသူ။ Oxford တက္ကသိုလ်ကျောင်းထွက်။ အနှစ် (၂၀) စစ်အစိုးရ နဲ့ နိုင်ငံရေး နဖန်းလုံး ခဲ့သူ။ နိုင်ငံရေး မဂ်-ဖို ဆိုက်ပြီး သူလို့ တောင် ပြောလိုရနိုင်ပါတယ်။

ကိုမင်းကိုနိုင် - ကိုကိုကြီးတို့ဦးဆောင်သော ၈၈ မျိုးဆက်ခေါင်းဆောင်များသည်လည်း ဒေါ်စုနည်းတူ အနှစ် (၂၀) ကျော် ထောက်လှမ်းရေးနှင့် နဖန်းလုံးရင်း ထောင်နခမ်း လမ်းလျှောက် လာသူများ။ တိုင်းပြည် ၏ အခြေအနေ ၊ ပြည်သူ၏ နိုင်ငံရေး ရင်ခုန်သံကို လူထု၏ရင်ခွင် အတွင်းခိုလှုရင်း ကောင်းကောင်း နားလည်ခဲ့သူများ။ ဘ၀ နှင့် ရင်း၍ တိုင်းပြည်အတွင်း ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြသော ၈၈ မျိုးဆက် ခေါင်းဆောင်များ၏ အမြင်သည် ဒေါ်စုနှင့် အတူတူ ၊ ဒေါ်စု၏ ရွှေ့ကွက် များကို နားလည်ထောက်ခံကြရုံမက ဒေါ်စု ကို အပြင်က ၀န်းရံပေးနေံကြသူများ။

တချိန်ထဲမှာ ပြည်တွင်း မှ အနှစ်နှစ် အလလ စစ်အစိုးရကို အံတုခဲ့ကြသော အတိုက်ခံ အများစု နှင့် ပြည်သူလူထု က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယုံပြီးသား။ ဒေါ်စု ပြည်သူနှင့် တွေ့ခွင့် ရတော့ ပြည်သူက ကြိုဆိုကြသည်မှာ မြို့လုံးကျွပ် ၊ ရွာလုံးကျွပ် ၊ အို . အားရစရာ။

အမြင်မတူသူအချို့ မှာ မိုင်ပေါင်းများစွာ ဝေးသည့် အန္တရာယ်ကင်း ဘေးကင်း အရပ်မှ လေနှင့် တော်လှန်ရေးလုပ်နေသော ၊ လေနှင့် စစ်တပ်ကို ဆန့်ကျင်နေကြသော ရေပေါ်စီ တော်လှန်ရေးသမား များဖြစ်ကြသည်။ ၎င်းတို့ခမြာ တိုင်းပြည်ထဲတွင် တကယ်ဖြစ်ပေါ်နေသော အခြေအနေမှန်ကိုလည်း တကယ်မသိကြ ၊ အဝေးမှ မှန်ရမ်းပြီး ဆဲဆိုနေကြခြင်းသာဖြစ်သည်။ ဤ ရေပေါ်စီ လေတော်လှန်ရေး သမားများအဖို့ စစ်အစိုးရဆိုသည်မှာ မကောင်း။ သို့ဖြစ်ပါ၍ စစ်အစိုးရနှင့် သော်၎င်း ၊ မည်သည့် စစ်ဗိုလ်ဟောင်းများနှင့် ဆက်ဆံခြင်းသည် မကောင်း၊ ဒေါ်စု ကဲ့သို့ ခေါင်းဆောင်ကိုပင် မထေမဲ့မြင်ပြုကာ မထိတထိ ကလိချင်ကြသေး။ ရာရာဆဆ ဆော်ကားချင်ကြသေး။ ကောင်းပြီ ဒေါ်စုကို မဝေဖန်နှင့် ဟုမဆိုချင်။ ဝေဖန်နိုင်သည်။ ဒါဒီမိုကရေစီ။ သို့သော် ဘာကြေင့် ဒေါ်စု၏လမ်းစဉ် လွဲမှား နေသည်။ ဘယ်နေရာမှာတော့ ဘယ်လိုဖြစ်သင့် သည်ဟူသော အကျိုးအကြောင်းဆက်စပ်သော အဖြေမရှိ။ မနာလိုစိတ် နှင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုနှင့် မပိုကြပါ။

အမြို့ မြို့ အရွာရွာ မှာဒေါ်စု ကို ကြိုကြတာ အားရစရာ။ ၈၈ မျိုးဆက်တွေကို ကြိုကြတာ စိတ်ကြည်နူးစရာ။ ဒါ လူထုကွ။ လူထု အားပေးတာ ဒီလူတွေကွ ဟုပြောနေတာနှင့် အတူတူ။   

လက်ဝဲသူငယ်နာ မစင်သေးသော တဖက်စွန်း သမားများ စကားကိုနားထောင်ပြီး တဖက်သတ် ဖင်လှန်ဆဲနေပါလျှင် ဤ သို့ ပြည်သူနှင့် လူထုခေါင်းဆောင်တို့ ပေါင်းမိ ကြိုဆိုခွင့်ရမည် ထင်ပါသလား။

၈၈ မျိုးဆက်တွေ ကို ပြည်သူ့ရင်ခွင်ထဲ နွေးနွေးထွေးထွေး ဖက်ထားနိုင်မည်ထင်ပါသလား။

ကပယ်စီတီ မတူကြတော့ အမြင်ခြင်းမတူကြဖူးလေ။

လမ်းဆုံးရင် ရွာတွေ့မည်ဟေ့

ကပယ်စီတီ ဆိုတာအရေးကြီးပါတယ်။

အသိ မတူလို့ ၊ အမြင် မတူ။ အမြင်မတူလို့ သုံးသပ်တာခြင်းမတူ။ သုံးသပ်တာခြင်း မတူလို့ ဆုံးဖြတ်တာချင်း မတူ။ ဆုံးဖြတ်တာချင်း မတူလို့ ရွေးတဲ့ လမ်းချင်း မတူ တာကို နားလည်နိုင်ပါတယ်။

လမ်းဆုံး ရင် ဘယ်သူ ရွာ တွေ့မည် ဆိုတာကိုစောင့်ကြည့် လိုက်ကြပါ။

ဒို့ ကတော့ ပြည်သူ့ခေါင်းဆောင် ကို ယုံတယ်လို့ပဲ ရဲရဲ ကြေငြာလိုက်ပါရစေ။

ကပယ်စီတီ တန်ဖိုး နားလည်သူလို့ လည်းဗြောင် မောင်းခပ် လိုက်ပါရစေ။

ကပယ်စီတီ မမှီလို့ ဝေဖန်တာလား။ လူထုကြီးက ဒို့ရဲ့ လူထု ခေါင်းဆောင်နောက် ကောက်ကောက်ပါသွားလို့ အနီတွေ လန်ကွပ်တီ နဲ့ ကျန်ခဲ့တာမို့ ဝေဖန်တာလား။ အပြစ်ရှာတာလား ဆိုတာကိုတော့ စာဖတ်သူတို့သာ ဆုံးဖြတ်ကြပါတော့။

ဝေဖန်စာရေးလာသူ တပေကုလား ကိုလည်းကျေးဇူးတင်ပါတယ်။

နောက်ဆုံးမှ တပေကုလားဟာ အက်စစ်ရဲ့ မအေတူ ဖအေကွဲ ညီနောင်ဆိုတာ ရိပ်မိလိုက်ပါတယ်။

အက်စစ်တို့ အမေက ဖင်ဆော့တယ် ထင်တယ် ၊ အဖေကွဲတွေ အများသား။ နောက်လည်း ပေါ်လာလတ္တံ့ သော အက်စစ်တို့ မိသားစု ဝေဖန်ရေး ဘင်္ဂလား ညီနောင်များကို ကြိုဆိုလျက်ပါ။

ဒေါ်စု လို ဒီမိုကရေစီ အိုင်ကွန် ကိုတောင် တက်ဆဲရဲသူ အက်စစ် နှင့် တပေကုလား ညီနောင်တို့ရဲ ကပယ်စီတီ ကို အံ့အားသင့်လျက်ပါ။

ဘိုဘိုကျော်ငြိမ်း

မတ်လ (၃) ရက် ၂၀၁၂။
နံက် (၂)နာရီ ၂ မိနစ်။

မှတ်ချက်။
အင်္ဂလိပ်စကားလုံကို မြန်မာလိုရေးတော့ မိမိထင်ရာ လေယူလေသိမ်းအတိုင်း ရေးကြရာ တခါတရံ အဓိပ္ပါယ်ဖေါ်ရခက်ပါတယ်။ ဒါကြောင့် ဆိုလိုချင်တဲ့ အဓိပ္ပါယ် မလွဲရလေအောင် ကိုယ်သုံးလိုတဲ့ အင်္ဂလိပ် စကားလုံးကို ညှပ်သုံးရတာပါ။ အင်တာနက် ခေတ်မှာ အင်္ဂလိပ်စကား ဟာ ကမ္ဘာ့သုံး စကားဖြစ်ခဲ့ရပါပြီ။ ကိုလိုနီ အင်္ဂလိပ်တွေကို ပါးရိုက်ချင်စိတ် ယနေ့တိုင်မပျောက်သေးသော်လည်း အင်္ဂလိပ် စကား အသုံးဝင်ပုံ ၊ ထိရောက်ပုံကို အသိမှတ်မပြုပဲ မနေနိုင်ပါ။ ရှောင်၍ မရသော ကရိယာဟု လက်ခံရပါသည်။ ထို့အပြင် ခေတ်သစ် စကားလုံး အများစု မှာ မြန်မာမှု အပြုနိုင်ကြသေးပါ။ ဥပမာ ကွန်မြူတာ စသည်ဖြင့်ပေါ့။ ဗူးယို မဟုတ်ကြောင်း သိစေအပ်ပါသည်။ အင်္ဂလိပ်စာတွင်လည်း လက်တင် ။ ပြင်သစ် နှင့် အခြားဘာသာစကားလုံးများ ပါဝင်မှုရှိကြပါသည်။

No comments: