ကျွန်တော် သေဆုံးခြင်း
ကျွန်တော် သေဆုံးခြင်း အကြောင်းကိုရေးဖို့ ပထမဆုံး ကျွန်တော် မသေဆုံးမှ ဖြစ်လိမ့်မယ်
လူတစ်ဦး တစ်ယောက် သေဆုံးတယ်ဆိုတာ သေဆုံးကြောင်း အထောက်အထား တစ်စုံတစ်ရာရှိရမယ်
အသက်မရှူတော့ခြင်းဟာ သေဆုံးကြောင်း အကောင်းဆုံး သက်သေပြချက်တော့ မဟုတ်လှပေဘူး
တစ်ချို့ စွမ်းအားရသူတွေ အသက်မရှူဘဲ မသေဆုံးဘဲ အကြာကြီး နေနိုင်ကြတယ်
ကျွန်တော် ငယ်ငယ်က ကျွန်တော့် မေမေ သေသွားမှာကို အရမ်းစိုးရိမ်ခဲ့တယ်
မေမေ အိပ်ပျော်နေချိန် ကျွန်တော် နိုးနိုးလာပြီး မေမေ့ နှာခေါင်းကို အသက်ရှူသေးလားလို့ လက်ချောင်းလေးနဲ့ တို့တို့ စမ်းခဲ့ဖူးတယ်
ဆေးပညာအရ သေဆုံးတယ်ဆိုတာ နှလုံးမခုန်တော့တာ
ကျွန်တော် သေဆုံးခြင်းကို ရေးဖို့ ကျွန်တော် မသေဆုံးသေးမှဖြစ်မယ်
သေဆုံးခြင်းဆိုတာ ရှိခြင်းလား မရှိခြင်းလား
သေဆုံးခြင်းဆိုတာ ဖြစ်ခြင်းလား မဖြစ်ခြင်းလား
ကျွန်တော် ရေးပြီးသား စာကြောင်းတွေကို ပြန်ဖျက်လိုက်တယ်
ကျွန်တော် သောက်ပြီးသား စီးကရက်ခိုးတွေက အဆုတ်ထဲမှာ တ၀ဲလည်လည်
ကျွန်တော် သောက်ပြီးသား ဘီယာတွေကို ပြန်မသောက်လို့တော့ မရတော့ဘူး
ဟိုး..နေ့တွေကတော့ ကျွန်တော် ရန်ကုန်မှာ ရှိခဲ့တယ်
ကျွန်တော် မန္တလေးမှာ ရှိခဲ့တယ်
ကျွန်တော် ရွှေဘိုမှာ ရှိခဲ့တယ်
ကျွန်တော် ပန်နီဆူးလားမှာ ရှိခဲ့တယ်
ကျွန်တော် ဘန်ကောက်မှာ ရှိခဲ့တယ်
ကျွန်တော် ပီနန်းမှာ ရှိခဲ့တယ်
ကျွန်တော် ငယ်ငယ်ကတော့ မေ့မေ့ရင်ခွင်မှာ ရှိခဲ့တယ်
ကျွန်တော့် သူငယ်ချင်းတွေရဲ့ အတွေးတွေထဲမှာ ရှိကောင်း ရှိခဲ့လိမ့်မယ်
ကျွန်တော် ဖေ့ဘွတ်မှာ ရှိခဲ့တယ်
ခု ကျွန်တော် ဆက်ရေးဖို့ စကားလုံးတွေကို စဉ်းစားနေမိတယ်
ကျွန်တော့် ရှေ့မှာ ရှိတဲ့ သောက်ပြီးသား ဘီယာပုလင်းက ကျွန်တော်
ကျွန်တော် ရှေ့မှာ ရှိတဲ့ သောက်ပြီးသား စီးကရက် ဘူးခွံက ကျွန်တော်
ကျွန်တော်က ကျွန်တော့်ကိုယ် ကျွန်တော် ပြန်သောက်တယ်
အပေါ်က ရေးထားတဲ့ စာကြောင်းတွေကို ပြန်ဖတ်တော့ ကျွန်တော်နဲ့ စထားတာတွေများတော့ ပြန်ဖျက်ပစ်လိုက်ချင်တယ်
ရေးပြီးသား စာကြောင်းတွေကို ဒီအတိုင်းပဲ ထားပါစေ
ပြောရင်း ဆိုရင်း ကျွန်တော် ဘာလုပ်နေပါလိမ့်လို့ တွေးနေမိတယ်
ကျွန်တော် စာကြောင်းတွေ စကားလုံးတွေရေးနေတာပါ
ဘာမှ မယ်မယ်ရရ မဟုတ်ဘဲ တခြားလူတွေ စိတ်အညောင်းခံအောင် ကျွန်တော် ရေးမနေသင့်တော့ဘူး
အဲဒီစကားကို အဲဒီ့ ကီးဘုတ်မှာ ရိုက်နေတဲ့လက်က ရိုက်တယ်
ဒီနေ့ဟာ ဘာနေ့လဲ
ဘာနေ့ဖြစ်ဖြစ် နေ့ တစ်နေ့တော့ တစ်နေ့ပဲ
ဒီနေရာမှာ ခဏရပ်တယ်...စဉ်းစားတယ်
ကျွန်တော် မသေဆုံးခင်ပေါ့
ကျွန်တော်က ကဗျာရေးနေတာလို့
သေဆုံးခြင်းဆိုတာ ရှိခြင်းလား မရှိခြင်းလား
ဖြစ်ခြင်းလား မဖြစ်တော့ခြင်းလား
ရင်ငြိမ်းပွင့်က သူ့ နှလုံးခုန်သံကို ရပ်ပစ်ဖို့ တိုက်ပေါ်က ခုန်ချခဲ့တယ်
ဟဲမင်းဝေးက သူ့ ဦးခေါင်းထဲကို ကျည်ဆံတစ်တောင့် ပစ်သွင်းခဲ့တယ်
ဟဲမင်းဝေးက ဘာကြောင့် သူ့နှလုံးသားတည့်တည့် ကျည်ဆံမပစ်သွင်းခဲ့တာလဲ
လူဆိုတာ ယားလာရင်တော့ ယားနေတဲ့ နေရာကို ကုတ်ခြစ်ပစ်ကြတာပဲ
ဒီနေရာမှာ စာကြောင်း သုံးကြောင်း ရေးပြီးသားကို ပြန်ဖျက်ပစ်လိုက်တယ်
အရေးကြီးတာက
ကျွန်တော် သေဆုံးခြင်းအကြောင်း တွေးတောဖို့ ကျွန်တော် မသေဆုံးမှ ဖြစ်လိမ့်မယ်...။ ။
ဟိန်းထိုက်ဈာန်
၂၄.၃.၂၀၁၂
No comments:
Post a Comment