Sunday, March 11, 2012

၂၄ နှစ်မြောက်ဖိတ်စာ


သူငယ်ချင်းတို့ရေ
မင်းတို့ ပြန်လည် ဆုံတွေ့ကြတဲ့အခါ
ပြန်မမြင်နိုင်တော့တဲ့ ကျောင်းနေဘက်များကို သတိရပါ
မလာရောက်နိုင်တဲ့ ငါတို့ကို လွမ်းဆွတ်ပါ
မပြည့်ဝသေးတဲ့ အိပ်မက်များကို တမ်းမက်ပါ
ဒီကျောင်းတော်ကြီးရဲ့ လှပတဲ့ ရင်ခွင်ထဲမှာ၊

သူငယ်ချင်းတို့ရေ
မင်းတို့ ပြန်လည်ဆုံတွေ့ကြတဲ့အခါ
စွယ်တော်ပွင့်များကို နမ်းရှိုက်ပါ
ဩဘာလမ်းကို ဖြတ်လျှောက်ပါ
ကာတွန်းဘောက်စ် ကို ထောင်မတ်ပါ
ပင်မအဆောက်အအုံကြီးရဲ့ နဖူးစည်းမှာ
သမိုင်းအစစ်အမှန်ကို ရေးထိုးပါ
ဒီကျောင်းတော်ကြီးရဲ့ ခန့်ငြားတဲ့ ရင်ခွင်ထဲမှာ၊

သူငယ်ချင်းတို့ရေ
မင်းတို့ပြန်လည်ဆုံတွေ့ကြတဲ့အခါ
ကိုဖုန်းမော်အတွက် ဂုဏ်ယူပါ
ကိုစိုးနိုင်ကို အလေးပြုပါ
ပန်းခြံထဲက သွေးစက်များကို တူးဆွပါ
ငါတို့အားလုံး ဘဝတွေ ထပ်ခါ ထပ်ခါနာ
ဒီကျောင်းတော်ကြီးရဲ့ ကြေကွဲစရာ အလွမ်းပြဇာတ်ထဲမှာ၊

သူငယ်ချင်းတို့ရေ
မင်းတို့ပြန်လည်ဆုံတွေ့ကြတဲ့အခါ
ဒီကျောင်းတော်ကြီးရဲ့ နံရံများဆီက
ငါတို့ရဲ့ အရိပ်ဟောင်းများ လူးလွန့်နိုးထလာ
လူကိုယ်တိုင် အတူမရှိကြပေမည့်
ငါတို့ အားလုံး မင်းတို့ရဲ့အနားမှာ၊

သူငယ်ချင်းတို့ရေ
မင်းတို့ပြန်လည်ဆုံတွေ့ကြတဲ့အခါ
ကမ္ဘာမကြေဘူး သီချင်းကို အတူတူသီကြွေးလို့
ငါတို့အားလုံး စုံစုံညီညီ စုဝေးနိုင်ကြမည့်
မျှော်လင့်ချက် နေ့ရက်များကို ရှာ
ဒီကျောင်းတော်ကြီးရဲ့ မြင့်မားတဲ့ မေတ္တာတရားအောက်မှာ။


အောင်ဒင်
မတ် ၁၃၊ ၂၀၁၂
(မတ်လ ၁၃ ရက်၊ ၂၃ ကြိမ်မြောက် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အခန်းအနားကို စုပေါင်းကျင်းပကြမည့် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား/သူ ဟောင်းများသို့။)

ကောင်းကင် မှကူးယူဖော်ပြသည်။

No comments: