Thursday, March 8, 2012

ပျော်ရွှင်ဘွယ်ကောင်းတဲ့ နိုင်ငံရေးတခုဆီ သို့......

by Aung Moe Win on Wednesday, 7 March 2012 at 21:46 ·
နိုင်ငံခြားသား စာရေးဆရာတယောက်က ကျနော့်နိုင်ငံအကြောင်းကို စိတ်ဝင်တစားမေးရှာတယ်။ “ ဒီကနေ့ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခင်းအကျင်းကို ဘယ်လိုထင်သလဲ” တဲ့။ ကျနော်ကလည်း ရိုးရိုးလေးပြန်ဖြေ လိုက်ပါတယ်။ အယ်လ်ဘတ်ကမူးရဲ့     The Plague ဝတ္ထုကို ဖတ်နေရသလိုမျိုးပါပဲလို့။ ကျနော်ဘာပြောတယ် ဆိုတာကို သူက ချက်ချင်းသဘောပေါက်ပါတယ်။ ကမူးရဲ့ The Plague ဝတ္ထုထဲက မြို့ကြီးတမြို့ဆီမှာ ပလိပ်ရောဂါကြီး ကျရောက်လာတဲ့အခါ၊  လူတွေ ရဲ့ ခရီးဆုံးပန်းတိုင် နဲ့ ပိုင်ဆိုင်ရရှိကြ တဲ့အခြေ အနေတွေ ပေါ်မှာ တုန့်ပြန်ကြတဲ့ လူ့သဘော၊သဘာဝတွေကို နှိုင်း ယှဉ်ဖေါ်ပြထားခဲ့တယ်။ အချိန်ရရင် ပြန်ဖတ်ကြည့်ပါ။ ဒီကနေ့ မြင်တွေ့နေရတဲ့ နိုင်ငံရေးပါတီတွေ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေ၊ သတင်း သမားတွေနဲ့ မျှော်လင့်ချက်ထားလွန်းတဲ့ ပြည်သူတွေရဲ့ ပုံရိပ်တွေဟာ အယ်လ်ဘတ်ကမူးရဲ့ The Plague ဝတ္ထုကြီးထဲက မှာ ဖတ်ဖူးခဲ့တဲ့ ပုံရိပ်တွေအတိုင်းပါပဲ။
တခါတလေတော့လည်း နိုင်ငံရေး ဆိုတဲ့အရာကို စာပေအနုပညာတခုလို ပေါ့ပေါ့ပါးပါးခံစား ကြည့်ချင်တော့တယ်။
--------------------------------------------------------------------------------------------------------------
“ နိုင်ငံရေးတွေ၊ ရွေးကောက်ပွဲတွေကို သိတ်ပြီး လေးလေးနက်နက် မှတ် ယူတွေးမနေပါနဲ့ဗျာ။ ခြစားအကျင့် ပျက်တဲ့ လူလိမ်နိုင်ငံရေး သမားတွေ ကို ထောင်ထဲ ဆွဲထည့်တာထက်၊ ဟာသလုပ် ပြက်ရယ်ပြုနေတာ က ပိုကောင်းမယ်ထင်တယ်” လို့ ရုရှားအနုပညာရှင် သရော်စာရေးသူတွေ က ဆိုလေ့ရှိပါတယ်။ သူတို့ရဲ့ ဟာသဥာဏ်တွေဟာ ဗလာဒီမာပူတင် အနိုင်ရမယ်လို့ မျှော်လင့်ထားတဲ့  မတ်လ (၄) ရက် ရွေးကောက်ပွဲ အပေါ်မှာ တားဆီးနိုင်ချင်မှ တားဆီးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သေချာတာ တခုကတော့၊ သူတို့ရဲ့ ပြက်ရယ်ပြု မှုတွေဟာ ရုရှားပြည်သူတွေကို စုစည်းမှုတခုအဖြစ် ဖန်တီးပေးနေပြီး ပူတင်အစိုးရရဲ့ မူဝါဒအမှားမှန်သ မျှကို စောင့်ကြည့်နေမှာ အမှန်ပါ။ 
“တကယ်တော့ဟာသတွေချည်းလုပ်နေတာမဟုတ်ပါဘူးဗျာ။ ရယ်မောနေတဲ့ လူထုဟာ ဆုံမှတ်တခုဆီ ကို သွားနေကြတာပါ” တဲ့။
---------------------------------------------------------------------------------------------------------------
ဒီတပတ် လွတ်လပ်တဲ့အာရှအသံ ( RFA) ရဲ့ အင်္ဂါနေ့ညပိုင်း အစီအစဉ် ( မတ်လ ၆ ရက်၊ ၂၀၁၂) မှာ တင်ဆက်ခဲ့တဲ့ ဆောင်းပါးလေးပါ။

သောတရှင်များခင်ဗျား
ရုရှားစာရေးဆရာ လီယိုတော်စတွိုင်းရဲ့  “ဘုရားသခင်ရဲ့ နိုင်ငံတော် ဆိုတာ မင်းရဲ့အတွင်းမှာသာ ရှိတယ်” လို့ အမည်ရတဲ့ ဝတ္ထုတပုဒ်အကြောင်းကို ကြားဘူးမိကြပါလိမ့်မယ်။ သူ့ရဲ့ စာအုပ်ဟာ အကြမ်းဖက်မှုတွေ နဲ့ ချုပ်ကိုင်လွှမ်းမိုးထားတဲ့ လူ့အဖွဲ့အစည်းကို စည်းစံနစ်ကျတဲ့ အကြမ်းမဖက် လှုပ်ရှားမှုတွေ၊ အဖွဲ့အစည်းတွေဖွဲ့ပြီး  ပြန်လည်တုန့်ပြန်ကြဖို့ ဆော်သြထားတာကြောင့် ရုရှားအုပ်ချုပ်သူလူတန်းစားတွေက ပိတ်ပင်တားဆီးခဲ့ပါတယ်။ ဒါပေမဲ့ ၁၉ ရာစုကုန်ခါနီးမှာ ဂျာမဏီနိုင်ငံမှာ ပထမဆုံးထုတ်ဝေနိုင်ခဲ့ပါတယ်။
သူရဲ့ စာပေအရေးအသားတွေဟာ မဟာ့တ္တမ ဂန္ဒီ နဲ့ မာတင်လူသားကင်း တို့အပေါ်မှာ ထူးထူးခြားခြားသြ ဇာ သက်ရောက်ခဲ့ပါတယ်။ တကယ်တော့ ရုရှား စာပေအနုပညာရှင်တွေဖြစ်တဲ့ ဒေါ့တိုယက်စကီး၊အလက်စန္ဒား ပွတ်ရှ်ကင်၊ အန်တာ ချက်ကော့ လို ထင်ရှားကျော်ကြားတဲ့စာရေးဆရာတွေအပါအဝင် ပြဇာတ်ရေး ဆရာတွေ၊ သရော်စာရေးသူတွေဟာ ၁၉ ရာစု က စပြီး ဆိုဗီယက်ယူနီယံ ပြိုကွဲခါနီးကာလနဲ့ ကွန်မြူနစ် အစိုး ရအလွန် ကာလတွေ အထိ ပြည်သူလူထုအတွက် သမိုင်းပေးတာဝန်ကျေစွာ ရပ်တည်ခဲ့သလို၊ သူတို့ရဲ့ စာပေတွေဟာ တကမ္ဘာလုံးမှာရှိတဲ့ လွတ်မြောက်ရေးလှုပ်ရှားသူတွေဆီကို အထောက်အကူပြုခဲ့ ဘူးပါတယ်။

“ရုရှားမှာ စီးပွားရေးချွတ်ခြုံကျပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်လာရပြီဆိုရင်၊ အစိုးရရဲ့ မူဝါဒတွေကို သရော်တဲ့စာပေအနုပညာရှင် တွေက ပထမဆုံးထွက်ပေါ်လာတယ်။ ၁၉ ရာစုမှာ ထွက်ပေါ်ခဲ့တဲ့ “မိုက်မဲတဲ့မြို့” ဆိုတဲ့ ဇာတ်လမ်းလေးတခုမှာ  လူတွေဟာ သူတို့ ရရှိလိုက်တဲ့ ကံကြမ္မာလေးကို ရိုးရိုး စင်း စင်းလေး လက်ခံလိုက်ကြတယ်။ မြို့ထဲမှာ ရှိတဲ့လူတွေအားလုံးနီးပါး ဟာ သောက်စား မူးယစ်ပြီး တယောက် ကို တယောက် အပြန်အလှန်သတ်ဖြတ်ကြတယ်။  ဝရုန်းသုန်းကားဖြစ်နေတဲ့ လူ့အဖွဲ့အစည်းကို သရော်ထား ခဲ့တယ်။ ဒါကြောင့်လည်း လူကြိုက်များခဲ့ကြတယ်။ ဆိုဗီယက် ကွန်မြူနစ်တွေ အာဏာချုပ်ကိုင်ထားတဲ့ ကာလ မှာလည်း ဒီအတိုင်းပဲ။ ရုရှားတွေရဲ့ ယဉ်ကျေးမှု တရပ်ဖြစ်တဲ့ ဗော်ဒဂါ အရက်သောက်ခြင်းကို ဆန့်ကျင် ရှုတ် ချတဲ့ စီမံကိန်းတွေကိုချမှတ် အကောင်အထည်ဖေါ်ခဲ့တဲ့ မစ်ဟိုင်းဂေါ်ဗာချော့၊ သောက်စားမူးယစ်၊ ကခုန် တာ ကို အားပေး လှုံ့ဆော်တဲ့ ဘောရစ်ယဲ့ဆင် တို့ကို သရော်ခဲ့တဲ့ စာပေ၊ကာတွန်းတွေကို လူတွေ သဘောကျ ခဲ့ကြတယ်”
ရုရှားလူမျိုးတွေအတွက်တော့ သရော်စာတွေဆိုတာ  ရင်းနှီးကျွမ်းဝင်နေကျ ဘာသာဗေဒတခုဖြစ်ခဲ့ကြပါ တယ်။                  
ဒါပေမဲ့ ၂၀၀၀ ခုနှစ်မှာ ရုရှားခေါင်းဆောင် ဗလာတီမီယာ ပူတင် တက်လာချိန်က စပြီး သရော်စာ တွေဟာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ခဲ့ရပါတယ်။ ပူတင်တယောက်၊သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး ရက်အနည်းငယ်အတွင်းမှာ သတင်းစာ အယ်ဒီတာချုပ်တွေ ကိုယ်တိုင် သူတို့သတင်းစာမှာ ပင်တိုင်ရေး ဆွဲပေးတဲ့ နာမည်ကြီး ကာတွန်းဆရာတွေကို ဆင့်ခေါ်ပြီး၊            “ ကျနော်တို့အနေနဲ့ ပူတင် ရဲ့ ကာတွန်း ပုံတွေ ရေးဆွဲခြင်းကို ဆက်လက်ခွှင့်ပြုတော့မှာ မဟုတ်ဘူး။ သူက အရေမထူ ဘူး၊ အန္တရာယ်ရှိတယ်” လို့ သတိပေးတားမြစ်ခဲ့ပါတယ်။ သူတို့ မျှော်လင့်ထား သလိုပါပဲ ပူတင်ရဲ့ ပထမ သက်တမ်းမှာ အစိုးရ ကို ဝေဖန်တဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေဟာ  နိုင်ငံရေးသရော်မှု အခန်းကဏ္ဍတွေကို ပယ်ဖျက်ပစ်ခဲ့ ရပါတယ်။ “ပူတင်” အစိုးရရဲ့ သတင်းဋ္ဌာနတွေကို အတင်းအဓမ္မ ဝယ်ယူ သိမ်းပိုက်မှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရ ပါတယ်။ တဘက်မှာတော့ ရုရှားပြည်ထောင်စုဟာ ပြည်နယ်ခွဲထွက်ခွင့်တောင်းနေတဲ့ အစ္စလာမ်ဘာသာဝင် လက်နက်ကိုင် အုပ်စုတွေ နဲ့ စစ်ပွဲတွေ ကြုံတွေ့နေရသလို၊ အကြပ်အတည်းပေါင်းစုံကို ရင်ဆိုင်နေရတဲ့ ကာလပဲဖြစ်ပါတယ်။ “ဗလာဒီမာ ပူတင်” ဟာ ပြည်သူတွေ အလိုရှိနေတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ သူ့လက်ထက်မှာ ရေနံနဲ့သဘာဝဓါတ်ငွေ့ဆီက ရရှိတဲ့ ငွေအရင်းအနှီးတွေ၊ ပြည်သူလူထုရဲ့ တယောက်ခြင်းဝင်ငွေတွေ၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးတွေဟာ တိုးတက် လာခဲ့ ပါတယ်။ ဒါကြောင့်လည်း ရုရှားပြည်သူတွေဟာ အစိုးရနဲ့ ပတ်သက်တဲ့ နိုင်ငံရေးကိစ္စတွေမှာ ဝင်ရောက် စွက်ဖက်ဝေဖန်မှုမပြုတော့ပဲ၊ “ပူတင်” အပေါ်မှာ ယုံကြည်မှုအပြည့်ထားခဲ့ကြပါတယ်။                            
       ရုပ်ဝတ္ထုပစ္စည်း ပြည့်စုံသွားမှုတွေဟာ  သရော်စာနဲ့ ရင်ပါး ကျွမ်းဝင်နေတဲ့ ရုရှားလူတန်းစားတွေ ကို ဟာသ မလုပ်တတ်အောင် ပိတ်ဆို့တားဆီး နေသရောင်ရောင်ထင်ရပါတယ်။
“  မကြာသေးခင်လတွေ လောက်က စပြီး အင်တာနက်တွေမှာ နိုင်ငံရေးဟာသတွေ နဲ့ ပြည့်နှက် လာခဲ့တယ်။ သရော်စာတွေနဲ့ဝေးနေပြီလို့ ထင်တဲ့ ရုရှားပြည်ထောင်စုဟာ “ဗလာဒီမာ ပူတင်” ကို ပြုံးရယ်နိုင်စွမ်း မရှိလောက်အောင် လှောင်ပြောင်ခဲ့ကြတယ်။ ချမ်းသာကြွယ်ဝတဲ့ လူတန်းစားတွေ အပါအဝင်၊ လူလတ်တန်း စား ပညာတတ်တွေဟာ ပူတင်အစိုးရ ကို အင်တာနက်စစ်ပွဲ စတင်လိုက်ကြတော့တယ်။ သူတို့ဟာ ရုရှားနိုင်ငံ ကို ပြောင်းလဲပစ်မဲ့ နိုင်ငံရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ကြတယ်။”
ရုရှားပြည်သူတွေကတော့ သူတို့ဟာ ရုရှားရဲ့ မိရိုးဖလာ နိုင်ငံရေးဟောင်းတခုကို လက်မခံသ လို၊ နိုင်ငံရေး အပေါ်မှာ ဟိတ်ကြီးဟန်ကြီး သရုပ်ဆောင်နေတဲ့ “ဗလာတီမာ ပူတင်” အပါအဝင်၊ နိုင်ငံရေးသမားတွေ ကို လေးလေးနက်နက် သဘောမထားကြဖို့အတွက် ဟာသ သင်္ကေတတွေကို ဖေါ်ဆောင်ပြကြလေ့ ရှိပါ တယ်။အနုပညာနဲ့ ယဉ်ကျေးမှု မဂ္ဂဇင်း တစောင်ဖြစ်တဲ့ အဖစ်ရှာ မဂ္ဂဇင်း အယ်ဒီတာ တယောက် ရဲ့ အဆို အရတော့
“ ဆန္ဒပြပွဲတခုကို ရဲတွေလာရောက်ပြီး ခေါင်းဆောင်ကို မေးတယ်။ စစ်ဆေးဖို့ကြိုးစားမယ်လို့ ခြိမ်းခြောက် ပြောဆိုတဲ့ အခါတိုင်း၊ ဆန္ဒပြသူတွေက မသိချင်ရောင်ဆောင်ပြီး ရဲတွေရဲ့ ကို့ရိုးကားယားနိုင် မှုတွေ၊ မိုက်မဲမှုတွေ ကို ရီမောနေကြတယ်။ တကယ်တော့ ဒါဟာ ဆန္ဒပြပွဲပဲလေ။ ဒါပေမဲ့ ဆန္ဒပြပွဲစစ်စစ် မဟုတ်သရောင်လုပ်ကြပြန်တယ်။ သူတို့က အာဏာပိုင်တွေအပေါ် ဟာသတွေ ပျက်လုံးတွေ ထုတ်နေကြ တယ်။ ဒါပေမဲ့ သူတို့ရဲ့ လေးနက်မှုကိုလည်း မြင်တွေ့နေရတယ်။”
ရုရှားပြည်ထောင်စုရဲ့ အင်တာနက်စာမျက်နှာတွေမှာတော့  အစိုးရ သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်မှုတွေကို ပြန်လည်တုန့်ပြန်တဲ့ ဟာသတွေ ရောက်ရှိလို့လာခဲ့ပါပြီ။ ဒေသတခုမှာဆိုရင် “ပူတင်ရဲ့ ပါတီဟာ မဲအရေ အတွက် ၁၄၆ % ကျော်ဖြင့် အနိုင်ရသွားကြောင်း၊ အာဏာရပါတီ ဖြစ်တဲ့ ညီညွတ်သော ရုရှားများ ပါတီ ရဲ့ မိန်းမတွေဟာ ( Orgasms) တွေကို အတုလုပ်တာမဟုတ်ပါဘူး။ မှားယွင်းအောင်သာ လုပ်ခြင်းဖြစ်ပါတယ်”  ဆိုတဲ့ သရော်စာတွေနဲ့ ရုရှားရွေးကောက်ပွဲတွေကို တုန့်ပြန်ကြပါတယ်။ မကြာသေးမှီက ဆန္ဒပြပွဲတခုမှာ ဆိုရင် ကွန်ဒုံ တခုကို ခေါင်းစွပ်လို ပေါင်းထားတဲ့ ဗလာဒီမာပူတင်ရဲ့ ပုံကို ကိုင်စွဲကြပြီး၊ ပူတင်ရဲ့ ရွေးကောက် ပွဲ မဲဆွယ်မှုတွေကို ပြက်ရယ်ပြုခဲ့ကြ ပါတယ်။ ပူတင်အတွက် မဲထည့်ကြမဲ့အိမ် ဆိုတဲ့ သရုပ်ပြ သီချင်း ဗွီဒီယိုတခုထဲမှာတော့ စိတ်ရောဂါသည်တွေဟာ “ တိုင်းပြည်မှာက ရောင်းချလို့ရတဲ့ ရေနံနဲ့သဘာဝ ဓါတ်ငွေ့ ဆီက ပိုက်ဆံတွေဘယ်ရောက်သွားသလဲ” ဆိုတဲ့ အူကြောင်ကြောင်မျက်နှာတွေ၊ နားမလည်နိုင်တဲ့ အဖြေတွေ က  ပြည်သူလူထုကို ရယ်မော မေးခွန်းထုတ်စေခဲ့ပါတယ်။
သောတရှင်များခင်ဗျား
“ နိုင်ငံရေးတွေ၊ ရွေးကောက်ပွဲတွေကို သိတ်ပြီး လေးလေးနက်နက်မှတ်ယူတွေးမနေပါနဲ့ဗျာ။ ခြစားအကျင့် ပျက်တဲ့ လူလိမ်နိုင်ငံရေး သမားတွေကို ထောင်ထဲ ဆွဲထည့်တာထက်၊ ဟာသလုပ် ပြက်ရယ်ပြုနေတာ က ပိုကောင်းမယ်ထင်တယ်” လို့ ရုရှားအနုပညာရှင် သရော်စာရေးသူတွေက ဆိုလေ့ရှိပါတယ်။ သူတို့ရဲ့ ဟာသဥာဏ်တွေဟာ ဗလာဒီမာပူတင် အနိုင်ရမယ်လို့ မျှော်လင့်ထားတဲ့  မတ်လ (၄) ရက် ရွေးကောက်ပွဲ အပေါ်မှာ တားဆီးနိုင်ချင်မှ တားဆီးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သေချာတာတခုကတော့၊ သူတို့ရဲ့ ပြက်ရယ်ပြု မှုတွေဟာ ရုရှားပြည်သူတွေကို စုစည်းမှုတခုအဖြစ် ဖန်တီးပေးနေပြီး ပူတင်အစိုးရရဲ့ မူဝါဒအမှားမှန်သမျှ ကို စောင့်ကြည့်နေမှာ အမှန်ပါ။ “ တကယ်တော့ ဟာသတွေချည်းလုပ်နေတာ မဟုတ်ပါဘူးဗျာ။ ရယ်မောနေတဲ့ လူထုဟာ ဆုံမှတ်တခုဆီကို သွားနေကြတာပါ” တဲ့။ သောတရှင်တို့ လည်း ပျော်ရွှင် ဘွယ်ကောင်းတဲ့ နိုင်ငံရေးတခုဆီကို ရွေ့လျားနိုင်ကြပါစေ။
အောင်မိုးဝင်း
Aung Moe Win facebook မှကူးယူဖော်ပြသည်။



No comments: