Monday, March 5, 2012

တာဝန်သိပြီး တာဝန်ယူလုပ်ဆောင်နိုင်ပါမှ ဒီမိုကရေစီနှင့် ထိုက်တန်မည်

ဦးဖိုးသာအောင်
5, February , 2012 

မြောက်ပိုင်းဒေသမှ အရိုးတွန်သံ ခေါင်းစဉ်နဲ့ အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် ယုတ်ယုတ်မာမာ လူမ ဆန်အောက်တန်းကျလှတဲ့ လူသတ်မှု့ ဖြစ်ရပ်ဆန်းကြီးကို ဖတ်ပြီးရင်း ဖတ်ရင်း ဖတ်နေရပါတယ်၊

စိတ်ဝင်စားလွန်းလို့ အင်တာနက်မှာ တင်ထားတာတွေ အားလုံးလိုလို ဖတ်တယ်၊အမှတ်တကယ် ဝန်ခံရရင် အစက ဒီလောက်မသိခဲ့ရပါ။ အချင်းချင်း သတ်မှုဖြတ်မှုအနည်းအကျဉ်းရှိပါတယ်ဆိုတာ လောက်ပဲသိတယ်။

အခု အောင်မိုးဝင်းတို့ ထိန်လင်းတို့ ရေးကြတာက စပြီး ကိုယ်တိုင်ပါဝင်တွေ့ကြုံသူတွေ ရေး လာကြမှ ပဲ ပြည့်ပြည့်စုံစုံ သိပြီး ဝေဒနာတွေဖြစ်လာရတယ်၊ ဝေဒနာတစ်ခုက သနားခြင်း ဂရုဏာနဲ့ တခုက ပူလောင် ပေါက်ကွဲလာတဲ့ဒေါသ။
ဘယ်သူတွေကို သနားတာလဲ၊ ရက်ရက်စက်စက်အသတ်ခံရတဲ့ ကလေးတွေကို သနားတာ၊ ဘယ်သူတွေကို ဒေါသဖြစ်တာလဲ၊ သတ်တဲ့လူတွေ။

ဒီလိုသတ်ကြဖို့အခြေအနေဖြစ်အောင်တမင်ဖန်တည်းသူတွေ (ရှင်းပါတယ်နော်)၊ နောက်ပြီး မနာကျဉ်း သူတွေ၊ အနေသာကြီးဆိုတဲ့ ကြွက်ထောင်ချောက်တွေ (ဆရာဖေမြင့်ရဲ့ ကြွက်ထောင်ချောက်ပုံပြင်ကို ရှာဖွေဖတ်ပါ) နဲ့ နောက်ဆုံးသေတဲ့လူတွေနဲ့ ပါတ်သက်ရာ ပါတ်သက်ကြောင်းတွေအပါအဝင် မသေလို့ လွတ်မြောက်ပြီး ကျန်နေသူတွေကိုပါ၊
ဒေါသဖြစ်မိတာအမှန်ပါ။
မြန်မာ့မြေပေါ်မှာ မြန်မာနိုင်ငံသားအချင်းချင်း ဖြစ်တဲ့ ကိစ္စအပေါ်မှာ မြန်မာနိုင်ငံသားအားလုံးနဲ့လည်း သက်ဆိုင်ပါတယ်လို့ ခံယူချက်ရှိကြသူ များလျှင် မြန်မာနိုင်ငံသည် ကမ္ဘာမှာ အောက်တန်းကျ ဖွတ်နိုင်ငံ မျိုး ဖြစ်မည်မဟုတ်ပါ၊
ဘာကြောင့်ဤသို့ရေးရပါသနည်း ဆိုသော် အဖြစ်သနစ်က ရာဇဝင်ရိုင်းလွန်းနေ၍ဖြစ်ပါသည်။

မြန်မာ့မြေပေါ်တွင် ၁၉၆၂ ခုနှစ်မှစပြီး စစ်အာဏာရှင်တို့ရဲ့ ရက်စက်ယုတ်မာမှု့မျိုးစုံကလည်း စာဖွဲ့၍ပင် ကုန်မည်မဟုတ်ပါ၊
ရွာလုံးကျွတ်မီးလောင်တိုက်သွင်း၊ လူသတ်မုဒိန်းကျင့်၊ အစာမကြွေးဘဲ ပေါ်တာဆွဲပြီးခိုင်း၊ အားကုန်လျှင် သတ်ပစ်ဆိုတာမျိုးတွေက ရိုးအီနေတဲ့ ဖြစ်ရိုးဖြစ်စဉ်တွေပါ၊

ထောင်ထဲ အချုပ်ထဲ ရဲဘက်စခန်းတွေဆိုတာလည်း အဝီစိငရဲထက် မနိမ့်တဲ့နေရာတွေဖြစ်ခဲ့ကြရပါတယ်၊
မျက်မှန်တင်ဦးလက်ထက် ရေကြည်အိုင်စခန်းဆိုတာလည်း လူအရှင်လတ်လတ်ကို ကျားစာကျွေးပြီး အရက်ကလေး တမြမြနဲ့ စစ်အာဏာရှင်တွေက ကြည့်ရှု့အပန်းဖြေကြတဲ့ အထိဖြစ်ခဲ့ကြတယ်။

- ဟစ်တလာက ဂျူးတွေသတ်တာသည် လူမျိုးခြားဖြစ်တယ်၊ စစ်အာဏာရှင် ဗိုလ်နေဝင်းနဲ့ အပေါင်းအပါတွေ သတ်တာက ကိုယ့်လူမျိုးခြင်းဖြစ်တယ်၊
အမေရိကန်နဲ့ အင်္ဂလိတ်တို့ မြှောက်ပေးလို့ မြောက်လာတဲ့ အာဏာရှင်စစ်အုပ်စုက ဗ.က.ပ နဲ့ အတိုက်အခံ သူပုန်အဖွဲ့တွေအပေါ်မှာ လူမဆန်စွာ ရက်စက်ခဲ့ကြတယ်၊

အဲဒီအကျင့်က မပျောက်ဘဲ အရိုးစွဲနေပြီး သာမန်ရာဇဝတ်မှု့ကျူးလွန်သူတွေနဲ့ ပြည်သူပြည်သားတွေ အပေါ်မှာလည်း လူမဆန်စွာ ရက်စက်ကြတော့တယ်၊ နောက်တော့ အာဏာနဲ့ ငွေကို အသေမက်ပြီး ရက်စက်မှု့အပေါင်း သရဖူဆောင်းကြတော့တယ်၊

ဖြစ်ရပ်မှန်ပေါင်းများစွာကို မှေးမှိန်အောင်လုပ်တယ်၊ သူတို့ ဆန္ဒအတိုင်း အကျယ်ချဲ့ချင်လည်းချဲ့တယ်၊
ဘာပဲဖြစ်ဖြစ် မြန်မာပြည်ရဲ့ စစ်အာဏာရှင်ခေတ်အကြောင်းကို မြန်မာပြည်သားတွေသိကြတယ်၊
မပြောရဲ မရေးရဲကြတာကလည်း မလှန်နိုင်သေးသ၍ ငြိမ်ခံနေကြရတဲ့အဖြစ်ပါ၊ ဒါမဆန်းပါဘူး။
ဒါပေမယ့် မြောက်ပိုင်းအေဘီက လူအစုလိုက်သတ်မှု့ကိုတော့ ဒါမဆန်းပါဘူး၊ ဖြစ်ရိုးဖြစ်စဉ် ပါ၊ ဖြစ်တတ် ပါတယ်၊ မှားတတ်ပါတယ်ဆိုပြီး ရောသမမွှေလို့မရပါဘူး၊ အခုဟာက မတရားတဲ့ စစ်အာဏာရှင်ကို တိုက်မယ့် ကလေးတွေက အချင်းချင်း ရက်စက်ယုတ်မာတဲ့ လုပ်ရပ်ဖြစ်လို့ သီးခြားဖေါ်ထုတ်ပြီး ဂလဲ့စားချေရမယ့် အဖြစ်မျိုးပါ၊

ဘာကြောင့် ဂလဲ့စားချေရမယ်ဆိုတဲ့ စကားကိုပြောတာလဲဆိုရင်၊အဖြစ်သနစ်က ချေကိုချေရလောက်အောင် ဆိုးလွန်းနေလိုပါပဲ။


အောင်မိုးဝင်းက စပြီးဖေါ်လိုက်တယ်၊ ထိန်လင်းက ထပ်ဆင့် ဖေါ်ထုတ်တယ်၊
နောက်တော့ အများအပြား ဖေါ်ထုတ်ရေးသားလာကြတယ်၊ သူတို့တတွေ ရေးကြသားကြလို့ သိရတယ်ဆိုပေမယ့် သူတို့ကိုလည်း ဒေါသထွက်မိတာအမှန်ပဲ၊ ဘာကြောင့် နှစ်ပေါင်း နှစ်ဆယ်ကျော်လောက် အောင့်အီးမြိုသိပ်နေနိုင်ခဲ့ကြတာလဲပေါ့၊

ရန်သူအားရမှာစိုးလို့တို့ ဘာတို့ဆိုပြီး တကယ်ကတော့ ကြောက်ချီးပါနေကြလို့ပါ၊
နောက်တခုကလည်း အနှိပ်စက်ခံသေဆုံးရသူများအတွက် အမှန်တကယ် မခံစားကြလို့ပါပဲ။

ဒေါသဖြစ်ရတဲ့အကြောင်းကတော့ လူသတ်လို့မဟုတ်ပါဘူး၊ သတ်ပါ သတ်နိုင်ပါတယ်၊
လူသတ်တာသည် စစ်ရေး စီးပွါးရေး၊ အာဏာပြိုင်ရေးမှအစ အချစ်ရေးအထိလုပ်နေကြတာပါပဲ၊

အစုလိုက်အပြုံလိုက်လည်း သတ်နေကြတာပါပဲ၊ အဆန်းတရားမဟုတ်ပါဘူး၊
ဒါပေမယ့် သတ်ပုံသတ်နည်းက ကွာခြားကြတယ်၊
ဂျပန်က ဟီရိုရှီးမားကို အမေရိကန်က အနုမြူဗုံးကျဲချပြီး လူတွေအများကြီးကို သတ်ခဲ့တယ်၊

ဒါမျိုးက မဆန်းဘူး၊ လူတွေကို အနည်းပဲဖြစ်ဖြစ် အများပဲဖြစ်ဖြစ် နည်းမျိုးစုံနဲ့ ရက်ရက်စက်စက်ညှင်းပမ်းနှိပ် စက်ပြီးမှ သတ်တယ်ဆိုတာကတော့ ဆန်းနေပါပြီ၊
နှလုံးသား ရှုဒေါင့်ကပဲကြည့်ကြည့် လူ့အခွင့်အရေး ရှုဒေါင့်ကပဲကြည့်ကြည့် မည်သို့မျှ ခွင့်လွှတ်စရာအကြောင်းမရှိပါ။
 
 - သို့ပေမင့် အဲ့ဒီတုံးက ကံကောင်းထောက်မ၍ မသေလို့ လွတ်မြောက်ခဲ့ကြသူတွေ အများကြီးရယ်ပါ။
သူတို့ပြောပုံ ဆိုပုံ ရေးသားပုံတွေကို ကြည့်ရတာလည်း ဖတ်ရှု့ရသူတွေအတွက် ဘဝင်မကျကြပါ၊
ဘဝင်မကျရတာက စပိုင်မဟုတ်ဘဲ တမင်သက်သက်ကြီး နှိပ်စက်သတ်ဖြတ်တာ ကိုသိရက်နဲ့ လူသတ်တရားခံ များကလည်း ထွက်ပြေးပုန်းရှောင်နေကြတာမဟုတ်ဘဲနဲ့၊ အချိန်မရွေးတွေ့နိုင်နေ သူတွေဖြစ်ရက်နဲ့ ဘာကြောင့် ဒီလောက်မြိုသိပ်ပြီး နှစ်ပေါင်းများ စွာ ဘာမှမလုပ်ကြဘဲ နေနေကြတာလဲ၊

ခုမှ သူများ အာလို့ ထပြီး ဖွါနေတာတွေ့တော့ ဒင်းတို့ပါ လိုက်ပြိး သေဖို့ကောင်းတာလို့ တွေးမိကြတာပေါ့
(မလွန်ပါဘူးနော်)။

ကိုင်း ခုမှပဲ ထကြ ကြွကြ ပွကြတဲ့ အခါမှာလည်း သေဆုံးကုန်သူတွေနဲ့ အနီးကပ် တိုက်ဖေါ် တိုက်ဖက်တွေဖြစ်ခဲ့ကြ တဲ့ အေဘီအက်(စ်)ဒီအက်(ဖ်)လို့ ခေါ်တဲ့ ကျောင်းသား ရဲဘော်ရဲဘက်ကြီးများ၊ အသက်ပေးဖေါ် ပေးဘက်ကြီးများ၊ သွေးသောက်ကြီးများကလည်း မနာကျည်းကြ ဘူးလား၊ သေဖေါ်သေ ဖက်အဖြစ် မခံယူကြဘဲ သောက်ဖေါ်သောက်ဖက်လောက်ပဲ ခံယူနေကြတာလား၊

အဲဒါမြန်မာလူငယ်မျိုးဆက်တွေတဲ့လား၊ ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ မျိုးဆက်တွေလား၊ ဘယ်မှာလဲ နီတာ၊ ဘယ်မှာလဲ ရဲတာ၊ ဘယ်မှာလဲ မကြောက်တရား၊ ရှာလို့တွေ့ကြရဲ့လား၊

တကယ်တော့ မြန်မာနိုင်ငံသားတွေ အများစုက ကြွက်ထောင်ချောက်တွေဖြစ်နေတယ်၊
အနေသာကြီး စိတ်ဓါတ်က အရိုးစွဲနေကြတယ်၊
ဒါကြောင့်လည်း စစ်အာဏာရှင် စနစ် သက်ဆိုးရှည်နေတာ၊
ဒါကြောင့်လည်း ဒေါ်စုက အကြောက်တရားမှကင်းဝေးခြင်းစာတမ်းကို ပထမဆုံးရေးသားရတာဖြစ်တယ်။


အခု စစ်အာဏာရှင်ကို တိုက်မယ်ဆိုတဲ့ အေဘီကျောင်းသားအဖွဲ့က ကိုယ့်အချင်းချင်းမတရားလွန်းပြီး အကြီးအကျယ်ရက်စက်ယုတ်မာမှုကိုတောင် ဖေါ်ထုတ်ရမှာကို ကြောက်နေကြတယ်၊
ဂလဲ့စားချေဖို့ဆိုတာ ဝေလာဝေးပဲ၊

*ဒီလထစ်နဲ့ ရှင်မဖြစ်ပါဘူး* ဆိုတဲ့ အစားတွေပါပဲ၊
ဒါက အဲဒီကျောင်းသား အေဘီအဖွဲ့ အကုန်လုံးကို ပြောတာ၊ မနာကြနဲ့။

ဒီကိစ္စဟာ ဒို့အေဘီအဖွဲ့ကြီးရဲ့ ကိစ္စ၊ ရာဇဝင်ရိုင်းလွန်းတဲ့ကိစ္စ၊ ဒီကိစ္စကို မဖြစ်မနေ ဖေါ်ထုတ် အရေး ယူဆောင်ရွက်ဖို့ ဒို့မှာ ကြီးမားတဲ့ တာဝန်ရှိနေပြီဆိုပြီး တက်တက်ကြွကြွနဲ့ ဘယ်သူတွေလုပ်နေလို့လဲ၊ ဘယ်အခြေအနေကို ရောက်နေလို့လဲ၊ လက်ရှိအေဘီဥက္ကဋ္ဌ သံခဲဆိုသူ ကိုယ်တိုင်တောင် ရေငုံနှုတ်ပိတ် ကြွက်ထောင်ချောက်လုပ်နေတာတွေ့ရတယ်၊

အချောင်သမားရဲ့ အဓိပ္ပါယ်ကို မသိဘူးထင်တယ်။ ကျောင်းသားစိတ်ရှိတဲ့ ကောင်းမြတ်သူကမှ ဖေါ်ထုတ် တရားစွဲ အရေးယူဖို့ကြိုးစားသေးတယ်၊
ပြီးတော့ လူသတ်တရားခံတွေကို အရေးယူဖို့၊ ဂလဲ့စားချေဖို့ဆိုတာ ဝေလာဝေးလို့ သူတို့အမှားကို သူတို့မြင်ရင်၊ ဝန်ခံကြရင်၊ တောင်းပန်ရင် တော်ပါပြီဆိုတဲ့ စကားမျိုးတွေကိုလည်း ပြောနေကြသေးတယ်၊

သမိုင်းတရားခံတွေကို ဖေါ်ထုတ်ရရင် ကျေနပ်ပြီလိုလို တာဝန်ကျေပြီလိုလိုတွေကလည်း ရှိနေကြတော့၊ အင်း... လိုက်လဲလိုက်ပါပေရဲ့ ကိုရွှေကျောင်းသား တို့ရယ်လို့ မှတ်ချက်ချ မိပါတယ်။
- ဋ္ဌေးတင့် (နယ်သာလန်) ရဲ့ ညီ ဋ္ဌေးနိုင်ကိုလည်း အေဘီဘိုမိုးသီးက ရက်ရက်စက်စက်သတ်ထားတယ်၊
ဒါကို ဋ္ဌေးတင့်က ဖေါ်ရဲပြောရဲတာလည်းမဟုတ်ဘူး၊ လက်စားချေဖို့ဆိုတာ ဝေလာဝေးပဲ၊
ကြားက အပိုင်သိထားသူက ဖေါ်လို့သာ ပေါ်ရတာ၊ ဒါပေမယ့် ဘိုမိုးသီးက မမှုပါဘူး၊

အားလုံးကို ဘောပဲထင်တယ်၊ ဂျပန်မှာ စိုးဝင်းရှိန်ကို ဘိုမိုးသီးဟောက်တာက ရင့်လှတယ်၊
သောက်ရှက်ခွဲလိုက်တာပဲ၊ သူခိုးက လူလူဟစ်လိုက်တာပဲ၊ မိုးသီးက သူ့မှာ တာဝန်မရှိဘူးလို့ ငြင်းနေတယ်၊

နိုင်အောင် မိုးသီးကွဲသွားပြီ၊ ဖြစ်တာက နိုင်အောင့်ဘက် မြောက်ပိုင်းမှာ၊ ပြီးတော့ မိုးသီးလူတွေဆိုပြီး သတ်တာဖြစ်တယ်လို့ မိုးသီးကဆိုတယ်၊
ကဲ ဒီလိုဆိုရင်လည်း မိုးသီးမှာ တာဝန်မရှိတော့ဘူးလား၊

မိုးသီးရဲ့လူတွေကို ရက်ရက်စက်စက်သတ်ထားတဲ့ နိုင်အောင်၊ အောင်နိုင်၊ လှဆိုင်၊ မျိုးဝင်း၊ သံချောင်းမှအစ အခြားပါဝင်ပါတ်သက်နေသူများနဲ့ မိုးသီးက မေးတာမြန်းတာ ဆွေးနွေးတာလောက်မှ မလုပ်ဘူးလား၊
သေတဲ့ကောင်တွေကရော ငါ့လူတွေမှမဟုတ်တာ အနေသာကြီးပဲဆိုပြီး ငါနဲ့မဆိုင်ဘူးလို့ မိုးသီးက ထင်နေ တာလား၊
မိုးသီးအကြောင်းက အများကြီးရယ်ပါ၊
တောင်ပိုင်းက လူသတ်မှု၊ ကိုးလေးလုံးဆိုပြီး လူရောငွေပါရှုတ်ထားမှုတွေအားလုံး ဒီမိုကရေစီရရင် ပေါ် လာကြမှာပါ မပူပါနဲ့။


မြောက်ပိုင်းမှာ နိုင်အောင်ခေါင်းဆောင်ပြီး ကျောင်းသားများကို အစုလိုက်အပြုံလိုက် ရက်စက်စွာ ညှင်းပမ်းသတ်ဖြတ်ခဲ့ကြတယ်၊ ပြီးတော့ ၁၉၉၂ မေ ၃၁ မှာ ကြေငြာချက်ထုတ်တယ်၊ အစိုးရ စပိုင်တွေ၊ ခင်ညွှန့်ရဲ့စပိုင်တွေဖြစ်နေလို့ပါတဲ့၊ စစ်ဆေးချက်အရ ဝန်ခံကြတဲ့ အတွက် သတ်တယ်ဆိုပဲ၊ ထားပါတော့၊ နောက် ရှေ့နေကောင်စီ ထောင်ပြီး ငွေတောင်းစားနေတဲ့ အောင်ထူးကလည်း ၁၉၉၂ မတ်လ ၁ ရက်နေ့မှာ စတိတ်မင့်ထုတ်တယ်၊ ဒီလူသတ်မှု့သည် မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်ပေါ့၊ အဲဒါတွေ အင်တာနက်ဝဘ်ဆိုဒ်တွေမှာ ပြန့်နေပါတယ်။

- ဒီတော့ သေတဲ့လူတွေလည်း မတရား အသတ်ခံရလို့ သေပြီးကြပြီ၊ သတ်တဲ့လူတွေကလည်း ဟုတ်ပါသည် သတ်ပါသည်၊ မတရား ရက်ရက်စက်စက်သတ်ပါသည်၊ အစိုးရရဲ့ သူလျှိုတွေ၊ စပိုင်တွေ သေချာလို့ သတ်ပါသည်၊ စစ်အတွင်းတိုက်ပွဲတွင်းမှာ ဒီလိုပဲ သတ်ရပါမည်၊

ကျောင်းသားရိုးရိုး စစ်စစ် တစ်ယောက်မှ အသတ်ခံရတဲ့ အထဲမှာ မပါပါဟု ရဲရဲရင့်ရင့် ပြောနေကြပြီ၊
ရင်ကော့ပြီး ကမ္ဘာပတ်နေကြပြီ၊ ဗမာပြည်ထဲမှာလည်း ထင်ထင်ရှားရှား လှုပ်ရှားနေကြပြီ၊

မသေလို့ကျန်ရစ်သူများ၊ ထွက်ပြေးလွတ်မြောက်သူများနှင့် တပ်ဖွဲ့ဝင်အများအပြားထဲမှ အချို့က ဒီကိစ္စကို ဖေါ်ထုတ်ကြပြီ၊
စပိုင်မဟုတ်ဘဲ သက်သက်မဲ့ လုပ်ကြံစွပ်စွဲပြီး ရက်ရက်စက်စက် သတ်တာသာဖြစ်သည်၊ အကြီးမား အရက်စက်ဆုံး နိုင်ငံရေး လုပ်ကြံမှုကြီးဖြစ်နေပါဟု သိထားသူများကလည်း နိုင်ငံတကာမှာ ရှိနေကြသည်၊
ဗမာပြည်ထဲနှင့် နယ်စပ်တွင် ရှိနေကြပါသည်။

သတ်သူများကလည်း မငြင်းကြပါ၊ သတ်သည်ဟု ဝန်ခံကြသည်၊
သို့သော် စပိုင်မို့လို့ သတ်သည်၊ ဒါဘာဖြစ်လဲပေါ့။ ဒီနေရာမှာ စပိုင်မဟုတ်ဘဲ သတ်ကြတာဖြစ်သည်၊
တမင်သက်သက်ရည်ရွယ်ချက်ရှိရှိ သတ်ကြတာဖြစ်သည် ဆိုပြီး စွပ်စွဲမယ့် တရားလိုက ဘယ်မှာလဲ၊
ဒါအရေး အကြီးဆုံးအချက်ပါပဲ။


အမှုမှန်ဖေါ်ထုတ်ရေးဆိုတဲ့ လေလှိုင်းစစ်ဆင်ရေးနှင့် အင်တာနက်အသုံးပြု ဖြန့်ချတာလောက်ဆိုရင်လည်း ရှက်စရာကောင်းတဲ့ ဗမာ့ကျောင်းသား သမိုင်းဖြစ်ရတော့မည်၊ အင်တာနက်မှာဖတ်ကြရတာ၊ ကြားကြ ရတာ၊ မြင်ကြရတာနဲ့ အမှန်တရားကို အားလုံးလိုလို သိနေလောက်ပါပြီ၊ သို့သော် ဒို့ဗမာတွေရယ်က ခွင့်လွှတ်နိုင်စွမ်းရှိတဲ့ ကြွက်ထောင်ချောက်တွေက များပါသည်။

တရားလိုပေါ်လို့ တရားစွဲတော့ရော ဘယ်တရားရုံးမှာစွဲမှာလဲ၊
ဘယ်သူက တရားလိုလုပ်ပြီး ဘယ်သူတွေက သက်သေလိုက်ကြမှာလဲ၊ ဖြစ်တာက ကချင်ဒေသ က တောထဲမှာ၊ အနက်ရောင်နယ်မြေ၊ သတ်ကြတာက ဗမာအချင်းချင်း၊ အမှုကလည်း အရှင်းကြီးပါ၊

သတ်သူများကလည်း ငြင်းလို့လည်း မရသလို သတ်ပါတယ်လို့ ပြောနေတာပါပဲ၊
စပိုင်တွေဖြစ်လို့ ရက်ရက်စက်စက်သတ်ပါတယ်လို့ ပြောပြီးကြပြီပဲ၊
ကျောင်းသားအဖွဲ့က သူပုန်အဖွဲ့ဖြစ်တာကြောင့် သူပုန်တို့လုပ်နည်းလုပ်ဟန်အတိုင်း လုပ်ကြတာပဲ၊

ဒါဘာဖြစ်လို့လဲဆိုတဲ့ သဘောနဲ့ ယ္ခုအထိ ကြွနေဆဲပါ၊
တရားခံများကလည်း ဘယ်ကိုမှ ထွက်မပြေးကြပါဘူး၊
ထွက်ပြေးလို့လဲ ရတဲ့ခေတ် မဟုတ်တော့ပါဘူး။

- သေဆုံးသူများနဲ့ တိုက်ရိုက်ပါတ်သက်နေသူများ၊ အဆင့်ဆင့်တာဝန်ရှိသူများနှင့် မတရားမှု့မှန်သမျှ ငါနှင့်ဆိုင်သူဟု ခံယူထားတဲ့ ပုဂ္ဂိုလ်များက ဒီရာဇဝင်ရိုင်းတဲ့ ကိစ္စကို ဘယ်လို ကိုင်တွယ်ကြမှာလဲ ဆိုတာ စောင့်ကြည့်ကြရပါမည်၊ ဗမာ့ စိတ်ဓါတ်ကို မကြာမှီသိကြရပါလိမ့်မည်။ ဒီရက်စက်ယုတ်မာတဲ့ လူအစုလိုက်အပြုံလိုက်သတ်မှု့ကြီး ဘာကြောင့် ဖြစ်ခဲ့ရသနည်း၊ ဖတ်ရကြားရသမျှ အချက်အလက် များအရတော့ အေဘီ ကျောင်းသားအဖွဲ့မှာ ဗို (လသတ်မထည့်ချင်ပါ) လုပ်ချင်လို့ အာဏာပိုင်ဖြစ်ချင်လို့ တစ်စုံတစ်ရာ အင်အားရှိနေတဲ့သူများက အင်အားနည်းသူတွေကို ရှင်းလိုက်ကြတယ်၊
သတ်လိုက်ကြတယ်လို့ မသေလို့ လွတ်မြောက်နေသူများနှင့် အခြား တွေ့ကြုံခဲ့သူတွေက ဆိုသည်။
နောက်တစ်ချက်က မိုးသီး၊ နိုင်အောင် အကွဲမှာ မိုးသီးရဲ့ လူတွေဖြစ်နေလို့ နိုင်အောင်ရဲ့ဘက်က သတ်လိုက်သည်လို့ မိုးသီးကလည်း ပြောနေသည်၊ နောက်တစ်ချက်က ခင်ညွှန့်ရဲ့ စပိုင်တွေဆိုပြီး သတ်ရပါတယ်လို့ နိုင်အောင်၊ အောင်နိုင်နဲ့ အောင်ထူးတို့ကပါ ပြောကြပြန်ပါသည်။

အဲ့ဒီအချက်သုံးချက်ဖြစ်တဲ့ …
၁။ အာဏာရူးလို့ သတ်တယ်၊
၂။ မိုးသီးနဲ့ နိုင်အောင်အကွဲမှာ မိုးသီးရဲ့လူတွေမို့ သတ်တယ်၊
၃။ ခင်ညွှန့်ရဲ့ စပိုင်တွေ၊ သူလျှိုတွေမို့ သတ်တယ်၊
ဆိုတဲ့ အဖြေသုံးခုထွက်လာပါတော့သည်။


အဖြေနံပါတ် (၃) အတိုင်း ယ္ခုတရားခံဖြစ်နေသူတွေက တွင်တွင်ကြီးပြောနေကြပါပြီ၊ စစ်ပွဲကာလမှာ သူလျှိုစပိုင်ဆိုပြီး သတ်ရတာဖြစ်တယ်၊ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မှားယွင်းပြီး သတ်မိ သည်ဖြစ်စေ လုပ်ရမယ့် အလုပ်ဖြစ်တယ်ဆိုပြီး ချေပကြမှာပါပဲ၊

ဗိုလ်နေဝင်းအစိုးရလိုပေါ့၊
လူဆယ်ယောက်ကို မသင်္ကာလို့ သတ်လိုက်တာအရေးမကြီးဘူး အဲ့ဒီအထဲမှာ သူပုန် ယူဂျီတစ်ယောက် ပါဖို့ က အရေးကြီးတယ်ပေါ့၊
အခုလည်း ဒါမျိုးပဲ ပြောကြအုံးမှာပါ။

အဖြေနံပါတ် (၂) မိုးသီးရဲ့လူတွေဆိုပြီး နိုင်အောင့်ဘက်က သတ်လိုက်တယ်၊ အဲဒီ့အချိန်မှာ သေသူရော သတ်သူပါအားလုံး သူပုန်တွေဖြစ်နေတယ်၊
မြန်မာအစိုးရရဲ့တည်ဆဲ ဥပဒေရဲ့ အပက ဖြစ်နေတယ်၊ အခုအထိ ဥပဒေပမှာ ရှိနေသူတွေက အများကြီးပါ၊

အချို့ကလည်း မြန်မာအစိုးရလက်အောက်မှာ ပြန်ပြီးရောက်ကြတယ်။
ဥပဒေပ ဖြစ်ရပ်တွေမို့ မြန်မာပြည်မှာပြန်ပြိး အမှုဖွင့်ဆိုတာတွေ၊ ဖြေရှင်းကြဖို့ဆိုတာတွေလည်း မဖြစ်နိုင်ဘူး။ - အဖြေ နံပါတ် (၁) အရလည်း ဒီလိုပါပဲ၊ နိုင်အောင့်ဘက်က အာဏာရှုးပြီးသတ်လိုက်ကြတယ်၊
သူပုန်နယ်မြေက သူပုန်အချင်းချင်းဖြစ်ခဲ့တဲ့အတွက် ဘယ်ခုံရုံးမှာ ဘယ်လိုတိုင်ကြား အရေးယူကြမှာလဲ၊
အခု တရားခံကြီး နိုင်အောင်ဆိုတဲ့ ကောင်က ပြည်တွင်းက ရထားအောင်မင်းနဲ့တောင် တွေ့ဆုံဆွေးနွေးပြီးပြီ၊
သူတို့သွားမယ့်လမ်းစဉ်အတိုင်း ဆက်လက်ချီတက်ကြအုံးမယ်။

ဒီနေရာမှာ ကောင်းမြတ်သူဆိုသူက လူသတ်တရားခံတွေကို တရားစွဲမယ်၊ ဒီအတွက် ပြည်ပမှာ ကြိုးပန်းနေပြီ၊
တာဝန်ရှိအဖွဲ့တွေက ဘယ်အဖွဲ့တွေဖြစ်တယ်ဆိုပြီးတော့ ရေးသားဖြန့်ဖြူးတာ ဖတ်ရတယ်၊
ဘယ်လိုဘယ်မှာ လုပ်မှာတုံးဆိုတာ စောင့်ကြည့်နေပါတယ်၊ ဖြစ် မဖြစ်လည်း မသိနိုင်ပါဘူး။


သတ်ကြတယ်၊ သေကြတယ်၊ ခွေးသေ ဝက်သေ မက ပက်ပက်စက်စက် သေခဲ့ကြရတယ်၊ အများကြီးရယ်၊
ဒီဖြစ်ရပ်မှန်ကြီးသည် ဒီအတိုင်းမှေးမှိန်ပျောက်ကွယ်ကြရတော့မှာလား၊
သပိတ်သွတ် အမျှဝေ၊ အမှတ်တရ လွမ်းကြလောက်နဲ့ ပြီးကြပြီလား၊
ဒါလောက်နဲ့ ပြီးမယ်ဆိုရင် ဒီလုပ်ကြံမှုကြီးကို စီမံခဲ့တဲ့ကောင်တွေဘက်က သမိုင်းမှာ အောင်ပွဲခံနိုင်ပြီပေါ့။

ကဲ ခိုချင်ကြပါအုံးလား တော ။ တော ခိုမယ်ဆိုတဲ့ကျောင်းသားတွေကို နောင်ကျဉ်အောင် ပညာပေးလိုက်တဲ့ လုပ်ရပ်ကြီး အောင်မြင်တယ်လို့ ဆိုရတော့မှာပဲ၊

ရှစ်ဆယ့်ရှစ် နောက်ပိုင်းမှာဖြစ်တာ၊
ပါဝင်သူတွေ အားလုံး သက်ရှိထင်ရှား ရှိနေသေးတယ်၊ မှုန်ဝါးမှေးမှိန်ရမယ့် သမိုင်းမဟုတ်သေးဘူး၊
အမှန်တရားကို ဘယ်လိုဖော်မလဲ။

- ကလေးချင်းသတ်ကြတယ်ပဲထားအုံး လူကြီးတွေမှာ တာဝန် မရှိကြဘူးလား (အဲ အဲဒါ မိန်းပွိုင်ပဲ)၊
ပထမစဉ်းစားရမှာက ကျောင်းသားတွေ တောခိုကြမယ်၊
ပြီးတော့ စစ်အစိုးရကို လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲပြီး ဖြုတ်ချကြမယ်ဆိုတဲ့ သဘောတရားနဲ့ လမ်းစဉ်ကို ဘယ်သူတွေက ချမှတ်ပေးတာလဲ၊

သူတို့ဟာ သူတို့ဆုံးဖြတ်ချက်ချပြီး လုပ်တယ်ဆိုအုံးတော့ ဘယ်တော ကို ဘယ်သူ့အားကိုးနဲ့ သွားပြီးခိုကြမှာလည်း၊
တောခိုတယ်ဆိုတာ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး အားလုံး အထောက်အပံ့ကို အားကိုးပြီး တောခိုကြတာဖြစ်တယ်၊

တောင်ပိုင်းရောက်တွေက ကရင်ကို အားကိုးတယ်၊ မြောက်ပိုင်းရောက်တွေက ကချင်ကို အားကိုးကြတယ်၊
အနိမ့်ဆုံးအားဖြင့် နယ်မြေထဲမှာ လှုပ်ရှားခွင့် ခိုလှုံခွင့် ယူမှ ဖြစ်တယ်။

သိကြတဲ့အတိုင်းပဲ မိုးသီးက တောင်ပိုင်းမှာ တောခိုတော့ ကေအင်ယူရဲ့ ထောက်ခံမှု ထောက်ပံ့မှုနဲ့အတူ အသိအမှတ်ပြုမှုကအစ နယ်မြေထဲမှာ နေထိုင်လှုပ်ရှားခွင့်တွေကို ရယူကြရတယ်၊
ဒီလိုပါပဲ နိုင်အောင်က မြောက်ပိုင်းက ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အေတို့ ကေအိုင်အိုတို့ ထံမှာ နယ်မြေခိုလှုံ လှုပ်ရှားခွင့်နဲ့ အခြားလိုအပ်တဲ့ အထောက်အပံ့တွေ ရယူကြရတာပါပဲ၊
ဘယ်ကျောင်းသားကမှ ကိုယ်ပိုင်ငွေကြေး အပြည့်နဲ့ တော်လှန်ရေး မလုပ်နိုင်ပါဘူး၊
အဲဒီတော့ ကျောင်းသားလေးတွေ အချင်းချင်း ဘယ်ပုံစံမျိုးနဲ့ပဲ သတ်သတ် အဲဒီက လူကြီးတွေက မသိကြဘူးလား၊
ဒါမှမဟုတ် ဒီလူသတ်မှုမျိုးမှာ ကိုယ်နဲ့ မသက်ဆိုင်ဘူးဆိုပြီး မျက်နှာလွှဲနေလိုက်တာလား၊
ဒါဆိုရင်လည်း မိမိတို့နယ်မြေထဲမှာ ဖြစ်လင့်ကစား ကိုယ့်အလုပ်မဟုတ်သဖြင့် ဝင်ပြီး မစွက်ဖက်ပါလို့ စာထုတ်သင့်တယ်၊

ကျောင်းသားတွေ အများအပြား သေပြီးကာမှ မဟုတ်သေးပါဘူးဆိုပြီး ဟန့်တာလောက်နဲ့ လူကြီးတွေ တာဝန်ကျေကြရောလား၊
ဒီလိုပါဘဲ တောင်ပိုင်းက မိုးသီးရဲ့ လူသတ်မှုရော၊ လူကြီးတွေ မသိလိုက်ဘဲ ဖြစ်သွားကြတယ်ဆိုရင် ရယ်စရာပျက်လုံးပါဘဲ။


တောင်ပိုင်းရော မြောက်ပိုင်းမှာပါ မပွင့်လင်း မလွတ်လပ်သေးတဲ့အခါမှာ လူသတ်တာ ဘာမှ မဆန်းပေမယ့် ပွင့်လင်းလာတဲ့ တနေ့မှာတော့ ဘယ်ကောင်တွေက တော်လှန်ရေးအကြောင်းပြပြီး ယုတ်မာနေကြ တဲ့ကောင်တွေ၊
ဘယ်သူတွေကတော့ တကယ့်ကို အနစ်နာခံ စွန့်လွှတ်စွန့်စားပြီး တော်လှန်ရေးကို ရိုးရိုးသားသား ဆင်နွှဲနေသူတွေဆိုတာ ပေါ်မှာပါ၊

အင်တာနက်ခေတ်ကို ရောက်နေပြီဆိုတာ သတိထားကြဖို့ပါပဲ၊
ဒါက နယ်မြေခံအဖွဲ့ကြီးတွေမှ လူကြီးတွေရဲ့ တာဝန်နဲ့ စိတ်ဓါတ်ဆိုတာဘာလဲလို့ မေးခွန်းထုတ်လိုက်တာပါ။

- ကျောင်းသားလေးတွေ မခံချင်စိတ်နဲ့ တောခိုဖို့ စီစဉ်ကြ တိုင်ပင်ကြတော့ အတိုင်ပင်ခံတွေက လူကြီးတွေပဲပေါ့၊
အဲဒီအထဲမှာ အချို့ကတော့ တောခိုတော်လှန်ရေးကို အားမပေးကြတော့ဘူး၊

မြန်မာပြည်မှာ ဒီခေတ်မှာ ခိုစရာတော မရှိတော့ဘူးလို့ မြင်တယ်၊ အင်တာနက် ဂိုဂယ် ခေတ်ကို ရောက်နေတာ သိကြတယ်၊
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ နယ်မြေဆိုတာ အရှိန်နဲ့ ဆက်ပြီးလိမ့်နေတယ်၊

ဒီအတိုင်းဆက်သွားလို့ မဖြစ်နိုင်တော့ဘူး၊ ပုံစံပြောင်းရမယ်ဆိုတာ အစောကြီးကတည်းက ကြိုပြီးသိနေကြတယ်၊
နှစ် ခြောက်ဆယ် နိုင်ငံရေး ဆရာကြီး ဗ.က.ပ က ပိုပြီး မြင်တယ်၊ ဒါကြောင့် လက်နက်စွန့်ပြီး ယူဂျီပုံစံကို ပြောင်းထားတယ်။

နှလုံးသားအခြေခံ ကျောင်းသားငယ်တွေကတော့ တိုက်မယ်ခိုက်မယ်ဆိုပြီး တက်ကြွနေကြတဲ့ အချိန်ပါပဲ၊ သို့သော် ရှေ့အလား အလာကို မြင်တဲ့ လူကြီးတွေက တောခိုလက်နက်ကိုင် လမ်းစဉ်ကို မကြိုက်ပေမယ့် အချို့သော လူကြီးမင်းများကတော့ သဘောတူစွာနဲ့ ကိုယ်အား ဥာဏ်အား အကူအညီတွေ ပေးခဲ့ကြပါတယ်၊

ယနေ့ထက်တိုင်လည်း လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်သည်သာ စနစ်တစ်ခု ပြောင်းလဲရေးအတွက် အဓိက ကျနေသည်ဟု တရားသေခံယူပြီး လက်နက်ကိုင် လမ်းစဉ်သည် တစ်ခါ တစ်ရံ လိုအပ်မှုဖြစ်သော်လည်း လက်နက်ကိုင်တော်လှန်ရေးသည် ယနေ့ခေတ်တွင် အဓိက အခန်းကဏ္ဍမှာ ရှိနေသည် မဟုတ်တော့ပါ ဆိုသည့် သဘောတရားကို လက်မခံကြသေးပါ။

အဲဒီ တောခိုလမ်းစဉ်ကို အားပေးသူ လူကြီးတွေသည် ၉၂ ခုနှစ် လူသတ်မှုကြီးလို ကိစ္စတွေမှာတော့ ရေငုံနှုတ်ပိတ်ပြီး နေနေကြပါပြီ၊
ပြန်လည်ဖော်ထုတ်ရေး၊ အမှန်တရားပေါ်ပေါက်ရေးလောက်တောင် မပြောကြတော့ပါဘူး၊
တစ်သက်တာမှာ ရှက်စရာပါလားလို့ မထင်ကြပါဘူး၊ ဆရာကြီးက ဆရာကြီးပါပဲဆိုပြီး ခတ်တည်တည်နေ နေကြပါတယ်၊
တာဝန်မရှိသလိုပါပဲ။


နောက်ဆုံးမှာတော့ ခင်ညွန့်ရဲ့ စပိုင်တွေဆိုပြိး ထွန်းအောင်ကျော်နဲ့ ကျောင်းသားများကို သတ်လိုက် တဲ့ နိုင်အောင်တို့အဖွဲ့သည် သေသူတွေဟာ စပိုင်မဟုတ်လျှင် သတ်သူတွေက စပိုင်တွေပဲ ဖြစ်မှာပေါ့၊

ခုတော့ လူသတ်သမားစပိုင်တွေက အေးအေးဆေးဆေး ထင်ထင်ပေါ်ပေါ်နဲ့ ပြည်တွင်းရော ပြည်ပမှာပါ လွတ်လပ်စွာ လှုပ်ရှားနေကြပါပြီကော၊ နှစ်ဘက်ချွန်ခေတ်နဲ့ သုံးဘက်ချွန်ခေတ်ဆိုတာ တိုင်းပြည်မှာ ဒီမိုကရေစီ မရ မခြင်းတော့ ရှိနေအုံးမှာပေါ့၊

ဒီမိုကရေစီရလျှင်တော့ ဘယ်သူတွေက စပိုင်၊ ဘယ်သူတွေက နှစ်ဘက်ချွန်၊ သုံးဘက်ချွန်နဲ့ ဘယ်သူတွေက တကယ့်ဖြူစင်ရိုးသားတဲ့ နိုင်ငံရေးသမားတွေ၊ တော်လှန်ရေးသမားတွေဆိုတာ ကွဲကွဲပြားပြား ပေါ် လာအုံး မှာပါ။

- ၁၉၆၄ ခုနှစ် ဗ.က.ပ ၏ ဖြုတ် ထုတ် သတ် ကြောင့် ပါတီဝင်တွေ ရဲဘောတွေ ရာကျော် သေခဲ့ရတယ်၊
ရိုးရိုးတန်းတန်း ပစ်ခတ်သတ်ဖြတ်တာမျိုး၊ အရေးယူ အပြစ်ပေးတာမျိုးဆိုရင် တစ်မျိုးပေါ့၊
ဒီလို မဟုတ်ဘဲ နောက်လူတွေလည်း အားလုံးကြည့်ထားကြဟေ့၊ ဥက္ကဌကြီးနှင့်တကွ ပုလင်းတူ ဘူးဆို့ အာဏာပိုင်တစ်စုကို သဘောတရားအရ ခုခံကြမယ်ဆိုရင် အဲဒီလို သေချင်းဆိုးနဲ့ သေပြီသာမှတ်ဆိုပြီး လုပ်ပြလိုက်ကြပါတယ်။
လက်ပြန်ကြိုးတုတ်ပြီး မတ်တတ်ရပ်နေတဲ့ အဖေကို သားဖြစ်သူက တံတွေးနဲ့ မျက်နှာကိုထွေးပြီး ပါးကို အကြိမ်ကြိမ်ရိုက်တယ်၊
ပြီးတော့မှ ခင်ဗျားကြီးက ပြန်လည်ပြင်ဆင်ရေးသမား၊ အချောင်သမား၊ တော်လှန်ရေး သစ္စာဖောက်ကြီး လို့ အော်ဟစ်ဆဲဆိုပြီး လှန်စွတ်နဲ့ ထိုးသတ်တယ်၊
ဝိုင်းဝန်းကြည့်ရှုနေတဲ့ တပ်နီတော် လူငယ် လူကြီးတွေက အော်ဟစ်ပြီး သံပြိုင်အားပေးနေကြတယ်။


ကျန်တဲ့ ခံရသူအားလုံးလည်း အဲဒီပုံစံမျိုးနဲ့ ဆင်တူစွာပဲ အသတ်ခံခဲ့ကြရတယ်၊
ဒါအမှန်အကန်ဖြစ်ရပ်ပါ၊
သခင်သန်းထွန်း နောက်ဆုံးနေ့စာအုပ်ဟာ အမှန်အကန်တွေ ရေးထားတယ်ဆိုတာ ဗ.က.ပ တွေ ကိုယ်တိုင်လည်း သိကြပါတယ်၊

ဒါပေမယ့် ၆၄ လမ်းစဉ် လူသတ်မှုကြီးကို နှစ်ပေါင်းနှစ်ဆယ်လောက်ကြာမှ ဒီအမှားသည် သဘောတရား ရေးရာ အမှားသာဖြစ်ပြီး၊ လူပေါင်းရာကျော် ရက်ရက်စက်စက် အသတ်ခံရတာကတော့ ဗ.က.ပ ဗဟိုလ်ကော်မတီမှာ တာဝန်ရှိပါတယ်လို့ တိုးတိုးတိတ်တိတ်လေး ဝန်ခံတယ်၊
ဥက္ကဌသန်းထွန်းက တာဝန်အရှိဆုံးလို့တောင် မပြောရဲကြဘူး၊
သန်းထွန်းသေပြီးတောင် မပြောရဲကြဘူး။

- အမှားကို မှားပါတယ်လို့ ဝန်ခံပြီး အမှားအတွက် ဘယ်လိုတာဝန်ယူကြပြီး မိမိတို့ ကိုယ်ကို ဘယ်လိုအရေးယူကြပါတယ်ဆိုတာ ဝေးလာဝေးပဲ၊

တော်တော် အတုယူ ချီးကျူးလောက်တဲ့ လူတွေပါပဲ၊ အခုလည်း ကျောင်းသားက တောခိုစပဲရှိသေးတယ်၊
အချင်းချင်းကို အစုလိုက် အပြုံလိုက် ရက်စက်စွာ သတ်လိုက်ကြတယ်၊ သတ်တဲ့ကောင်တွေလည်း ဘယ်မှ မပြေးမပုန်းဘဲ ရှိနေကြတယ်၊

မသေမပျောက် ကျန်ရစ်သူတွေလည်း ရှိနေကြတယ်၊
အဖြစ်မှန်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ရ မြင်ရ ကြားရသူတွေလည်း ရှိနေကြတယ်၊

အဖြစ်သနစ်တွေကို ကြားရ ဖတ်ရ သိကြရတဲ့ ပရိတ်သတ်ကြီးလဲ ရှိနေပြီ၊
ကဲ ဘယ်လို လုပ်ချင်ကြပါသလဲ၊
ကိုယ့်ဖာသာကိုယ်သာ ဆုံးဖြတ်ကြ၊ မြန်မာနိုင်ငံသား အပေါင်းတို့။ ။


ဦးဖိုးသာအောင်


ဟစ်တိုင် မှကူးယူဖော်ပြသည်။

No comments: