by Zaw Min Oo on Saturday, 18 February 2012 at 22:43 ·
အသန့်ရှင်းကြိုက်တဲ့လူနဲ့ သန့်ရှင်းတဲ့အရာ (နေရာ၊ အစားအသောက်၊ အသုံးအဆောင်) ကြိုက်တဲ့လူဟာ ဆင်သလိုလိုနဲ့ ကွဲပါတယ်။ အသန့်အရှင်းကြိုက်တဲ့လူဆိုတာ ကိုယ်တိုင် သန့်သန့်ရှင်းရှင်း နေသလို မိမိနဲ့ပတ်သက်သမျှကိုလည်း သန့်ရှင်းအောင် အမြဲလုပ်ပါတယ်။ သန့်ရှင်းတဲ့အရာ ကြိုက်တဲ့လူကတော့ သန့်ရှင်းပြီးသားအရာများကိုသာ သုံးစွဲသူဖြစ်ပြီး ကိုယ်တိုင်သန့်ရှင်းရေး မလုပ်လိုသူပါ။ တစ်ခါတစ်ရံမှာ အဲ့ဒီလိုလူကြောင့် သန့်ရှင်းတဲ့အရာတွေပါ ညစ်ပတ်သွားတတ်ပါတယ်။ အဲ့ဒီလိုလူကိုတော့ သန့်ရှင်းသူ အနေနဲ့ မသတ်မှတ်ပါဘူး။ ဇီဇာကြောင်သူဟုသာ ခေါ်ပါတယ်။
အဲဒီလိုပါပဲ၊ အကောင်းကြိုက်တဲ့လူနဲ့ ကောင်းတဲ့အရာကို ကြိုက်တဲ့လူဟာလည်း မတူပါဘူး။ အကောင်းကြိုက်တတ်တဲ့လူဟာ သူနဲ့ သူ့ပတ်ဝန်းကျင်ကို ကောင်းအောင် ကိုယ်တိုင်ကြိုးစားအားထုတ်ပြီး တည်ဆောက်ယူပါတယ်။ ကောင်းတဲ့အရာကို ကြိုက်တဲ့လူကတော့ ကောင်းပြီးသား၊ ကောင်းတယ်လို့ ယူဆတဲ့ အရာများရဲ့ နောက်ကိုသာလိုက်ပြီး အဲ့ဒီအရာများကို ကြိုးစားရယူပါတယ်။ ဒါပေမယ့် အဲ့ဒီလို လုပ်တဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာ ကောင်းခြင်း (physically goods) များကိုသာ အများအားဖြင့် ရနိုင်ပါတယ်။ နီးစပ်တဲ့ဥပမာပြောရရင် - ကြက်သားအစစ်နှင့် သဘာဝဟင်းခတ်များသုံးပြီး ခေါက်ဆွဲဖတ် လတ်လတ် ဆတ်ဆတ်သုံးပြီး အိမ်မှာခေါက်ဆွဲသုတ် လုပ်စားသူနဲ့ ရယ်ဒီမိတ်ခေါက်ဆွဲ (Instant Noodle) စားသူလိုပါပဲ။ သဘာဝ ပစ္စည်းများနှင့် လတ်လတ်ဆပ်ဆပ် လုပ်စားသူဟာ အရာသာမှာ ပိုမိုကောင်းမွန်သလို ကျန်းမာရေး အတွက်လည်း အထူးသင့်တော်ပါတယ်။ဒါပေမယ့်ရယ်ဒီမိတ်ခေါက်ဆွဲလုပ်စားသူမှာတော့ ခေါက်ဆွဲအဖြစ်နှင့် လိုအပ်သော အဟာရများသာပါပြီး၊ လတ်ဆပ်စားမြိန်သည့် အရာသာ မရနိုင်သလို၊ ရေရှည်ခံရန် ဓာတု ပစ္စည်းများ ထည့်၍ စီမံထားသည့်အတွက် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးများ ရှိလာနိုင်သလို သဘာ ဝ ပစ္စည်းများလို အလွယ်တကူ အစာကြေခြင်းလည်း မရနိုင်တော့ပါ။
ကျနော်တစ်ယောက်ထဲရဲ့ အမြင်အရတော့ ကျနော်တို့လို နိုင်ငံရပ်ခြားမှာ လာရောက်အလုပ်လုပ်ကိုင်ရင်းနဲ့ အခြေအနေအရ အခြေချရန် ကြိုးစားနေကြသူများကိုတော့ ရယ်ဒီမိတ်ခေါက်ဆွဲ စားသူများနဲ့ တူနေတယ်လို့ ခံစားရတယ်ဗျာ။ ကျနော်တို့ဟာ သူများယဉ်ကျေးမှု၊ သူများဓလေ့စရိုက်နဲ့ တည်ဆောက်ထားတဲ့ လူ့အဖွဲ့ အ စည်း ပတ်ဝန်းကျင် တစ်ခုမှာ အဲဒီလူများနည်းတူ ဘဝတစ်ခုကို တည်ဆောက်နေထိုင်ဖို့ ကြိုးစားနေကြ တာမဟုတ်လား။ ကျနော်အဲဒီလိုပြောလို့ ကိုယ့်မိသားစုထဲမှာ ကိုယ့်ယဉ်ကျေးမှုကို သေသေချာချာ ထိန်းသိမ်း ပြီး ကလေးတွေကိုလည်း ကိုယ့်ယဉ်ကျေးမှု ဓလေ့စရိုက်ကို သေသေချာချာ သင်ပေးရင် ရတာပဲလို့ ပြော ကြ မယ် ထင်ပါတယ်။ ဟုတ်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း အဲဒီလို တွေးခဲ့တာပါ။ ဒါပေမယ့် ကျနော်တို့ဟာ ကလေးတွေကို ကျနော်တို့ရဲ့ မိသားစုဘဝထဲမှာပဲ လှောင်ပိတ်ထားလို့မှ မရတာ။ အနည်းဆုံးတော့ သူတို့ရဲ့ ပညာရေးအတွက် သူတို့ဟာ ဒီပတ်ဝန်းကျင်မှာရှိတဲ့ လူမှုရေး ဓလေ့စရိုက်တွေနဲ့ ထိတွေ့ဆက်ဆံ ရတော့ မှာ ပဲလေ။ အဲဒါကိုမှ ကျနော်တို့က အတင်းအကျပ်ထိန်းချုပ်နေရင် ကလေးတွေမှာ Cultural Shock လို့ခေါ်တဲ့ လူမှုဓလေ့ သဟဇာတမဖြစ်မှုတွေနဲ့ ကြုံတွေ့ပြီး စိတ်ပိုင်းဆိုင်ရာ ပရိတ်ပက္ခတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကျနော်တစ်ကယ်လက်တွေ့ ပတ်ဝန်းကျင်မှာ ကြုံတွေ့ဖူးတာပါ။ တစ်ချို့ကပြောတယ်၊ ဒီကလေးတွေ နိုင်ငံခြားရောက်လာမှ အရမ်းရိုင်းပြီး ဆိုးသွမ်းလာတယ်တဲ့။ ကျနော်ကတော့ အဲ့ဒီလို မထင်ပါ။ နိုင်ငံခြားရဲ့ ယဉ်ကျေးမှုကြောင့် အဲ့ဒီလိုဖြစ်တယ်ဆိုရင် ဒီနိုင်ငံမှာ မွေးပြီးကြီးလာကြတဲ့ကလေးတိုင်း ရိုင်းဆိုင်းနေရမှာပေါ့။ ဒါပေမယ့် သူတို့လေးတွေ အများစုဟာ မရိုင်းဆိုင်းကြပါဘူး။ အဲ့ဒီတော့ ကျနော်တို့ဟာ ကလေးတွေကို Cultural shock မဖြစ်အောင်နဲ့၊ ရိုင်းစိုင်းမကုန်အောင် သူတို့ထိတွေ့ဆက်ဆံနေတဲ့ လူမှုပတ်ဝန်းကျင်ကို နား လည်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲ့ဒါနဲ့ တစ်ပြိုင်နက် Moral လို့ခေါ်တဲ့ ကိုယ်ကျင့်တရား၊ လူ့ကျင့်ဝတ်တွေကို သူတို့မှာ သိလာအောင်၊ ရှိလာအောင် ကြိုးစားတည်ဆောက်ပေးရမှာပါ။
Moral ခေါ် ကိုယ်ကျင့်တရားကို သူတို့သိအောင် တည်ဆောက်ပေးတဲ့နေရာမှာ အောက်ပါအချက် (၄) ချက်ကို သူတို့သိလာအောင်၊ သူတို့မှာ ရှိလာအောင် လုပ်ပေးဖို့က အရေးအကြီးဆုံးလို့ ထင်ပါတယ်။
(၁) Integrity လို့ခေါ်တဲ့ တည်ကြည်မှု၊ သမာဓိ၊ ဂုဏ်သိက္ခာ။
(၂) Responsibility လို့ခေါ်တဲ့ တာဝန်ယူခြင်း၊ တာဝန်ရှိခြင်း။
(၃) Compassion လို့ခေါ်တဲ့ အသနား၊ ကရုဏာ၊ အကြင်နာမေတ္တာ၊ စာနာရိုင်းပင်းတတ်မှု
(၄) Forgiveness လို့ခေါ်တဲ့ ခွင့်လွှတ်ခြင်း တို့ဖြစ်ပါတယ်။
ကျနော်ထင်ပါတယ်။ ဘယ်လိုမျိုး လူမှုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ကျနော်တို့ကလေးတွေဟာ အဲဒီအချက် (၄) ချက်နဲ့ ပြည့်စုံခဲ့မယ်ဆိုရင် သူတို့ဘဝဟာ အောင်မြင်ဖြစ်ထွန်းပြီး မိဘတွေဖြစ်တဲ့ ကျနော်တို့လည်း သူတို့အ တွက် စိတ်ကျေနပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့အတွက် အဓိကအရေးကြီးတာကတော့ ကလေးတွေကို အဲဒီလိုဖြစ်လာစေချင်တဲ့ မိဘတွေ ကိုယ်တိုင်မှာလည်း အဲ့ဒီ (Moral Value) ကိုယ်ကျင့်တရား၊ လူ့ကျင့်ဝတ်တွေကို နားလည်ကျင့်သုံးနေဖို့ပါပဲ။
ကျနော်ကိုယ်တိုင်ကတော့ အဲဒီ ကိုယ်ကျင့်တရား၊ လူ့ကျင့်ဝတ်တန်ဖိုးတွေကို ကြိုးစားတည်ဆောက်နေဆဲ သူတစ်ယောက်သာ ဖြစ်ပါတယ်။ ကျနော်ဟာ အသန့်အရှင်း ကြိုက်သူတစ်ယောက် ဖြစ်ပေ မယ့်၊ ကောင်းခြင်း နဲ့ ပတ်သက်ရင်တော့ အကောင်းဆုံးမဟုတ်ရင်တောင် အသင့်အတင့်ကောင်းမွန်တဲ့ (Instant Life) ရယ်ဒီမိတ် ဘဝကို ကြိုက်နေသေးတဲ့ လူတစ်ယောက် သာ ဖြစ်ကြောင်း ကိုလည်း ရှက်ရှက်နဲ့ ဝန်ခံပါတယ်။ သိပ်မကြာတော့တဲ့ နှစ်တွေအတွင်းမှာ ကိုယ့်မွေး ရပ်မြေကို ပြန်ပြီးတော့ ကိုယ်ပျော်တဲ့နေရာ ကို တော်ရာနေ ရာဖြစ်အောင် ဝိုင်းဝန်း တည်ဆောက် သူတွေ ထဲမှာလည်း ပါဝင်နိုင်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ကြိုးပမ်းနေပါ တယ်။
ဒါကြောင့်မို့ ပြည်တွင်းမှာနေပြီးကိုယ်ရတဲ့နေရာကနေကိုယ်ချစ်တဲ့မြေကို ကောင်းမွန်သင့်မြတ်တဲ့ နေရာအဖြစ် ကြိုးပမ်းတည်ဆောက်နေသူများအားလုံးကို လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်ခင်ဗျား။
(မနေ့က ကျနော့်သားအလတ်ရဲ့ ကျောင်းမှာလုပ်တဲ့ “Understanding your child’s learning style” ဆိုတဲ့ ခေါင်း စဉ်နဲ့ Parents Talk မှာကြားခဲ့ရတာလေးကို အခြေခံပြီး တွေးမိတာလေး မျှဝေလိုက်တာပါ။)
Zaw Min Oo facebook မှကူးယူဖော်ပြသည်။

No comments:
Post a Comment