Saturday, February 11, 2012
ကျွန်တော်သိခဲ့သော ABSDF(NB) အပိုင်း(၅)-ကောက်ကြောင်းနောက်ဆုံးပိုင်း။
by Maungmaung Skw on Saturday, 11 February 2012 at 04:39
                          ကျွန်တော်သိခဲ့သော ABSDF(NB)  ကောက်ကြောင်း-အပိုင်း (၅)၊ 
          အထက်ပါအတိုင်းALL BURMA STUDENT DEMORACTIC FRONT (NORTHEN BURMA) ၊ ABSDF(NB) ၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြန် မာပြည်မြောက်ပိုင်း)၊ မကဒတ(မပ) ဗဟိုကော်မတီကို ဖွဲ့စည်းပြီးသည့်နောက်ပိုင်းတွင် ဥက္ကဌ ထွန်းအောင်ကျော်၏ ဦးဆောင်မှုဖြင့် အဖွဲ့ကြီးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ခိုင်မာစွာ ရေးဆွဲ ပြဌာန်းနိုင်ခဲ့သည်။
          ABSDF(NB) ၏ နိုင်ငံရေးမူဝါဒများ၊မူးယစ်ဆေးဝါးနှင့်ပတ်သက်သောမူဝါဒ သဘောထားများ၊နိုင်ငံခြား ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊သဘောတရားရေးနှင့် စည်းမျဉ်းစည်းကမ်း ဥပဒေများကို ခိုင်မာအောင်ရေးဆွဲ ပြဌာန်းနိုင်အောင် ကျိုးပမ်းအားထုတ်ခဲ့သည်ကို တွေ့ရှိရပေသည်။
          ထွန်းအောင်ကျော်၏ သဘောထားမှာ အခြေအနေတစ်ရပ်ကြောင့် မြို့ပေါ်တွင် နေမဖြစ်တော့ သဖြင့် တောခိုသည့်လမ်းကို ရွေးချယ်ခဲ့ရသည်။တောထဲတွင် လက်နက်ကိုင်ပြီး စစ်ခေါင်းဆောင် တစ်ယောက်အဖြစ် မနေ လို ပြည်တွင်းလှုတ်ရှားမှုဖြင့်သာ နိုင်ငံရေးအရ အောင်နိုင်မှုကို ရရှိနိုင်လိမ့်မည် ဟူသော သဘောထား ဖြစ်သည်။
          မြို့ပေါ်လှုတ်ရှားမှုများကို ဦးစားပေး ဆောင်ရွက်ခဲ့သဖြင့် မြို့ပေါ် UG လုပ်ငန်းများကို အရှိန်အ ဟုန်မြှင့် ဆောင်ရွက်ခဲ့သဖြင့် တပ်ဖွဲ့ဝင်သစ်များ တိုးပွားလာခဲ့သည်။တော တွင်းသို့  ရောက်ရှိ လာသူတိုင်းကိုလည်း တောခိုနေထိုင်ခွင့်မပေးခဲ့ပါ။
          အခြေအနေကောင်းသူများ-မြို့ပေါ်တွင်နေထိုင်ပြီးဘာပြသနာမှမရှိနိုင်သောသူများကို လိုအပ်သော သင်တန်းများတက်ရောက်စေပြီး မြို့ပေါ်တွင်သာနေထိုင်ရန် ပြန်လွှတ်ခဲ့သည်။တောထဲတွင် လက်နက်ကိုင် စစ်ခေါင်းဆောင်အဖြစ်နေရန်လောက်သာ ရည်ရွယ်ချက်ရှိသော မျိုးဝင်း သံချောင်းတို့နှင့် ဥက္ကဌထွန်းအောင် ကျော် တို့  သိပ်အစီး မကပ်ကြတော့ပေ။
          ထိုအခြေအနေတွင် ဥက္ကဌမှ ဗဟိုကော်မတီဆုံးဖြတ်ချက်ဖြင့် မြို့ပေါ် UG လုပ်ငန်းလုပ်ကိုင်နေသူများ ထဲမှ ဖရက်ဒီအောင်သန်း(ခ)ချိုကြီးကို ABSDF(NB) ဗဟိုကော်မတီဝင်အဆင့်ဖြင့် UG တာဝန်ခံ အဖြစ်တာဝန် ပေးအပ်ခဲ့သည်။နောက်ပိုင်း ချိုကြီး မြို့ပေါ်တွင်နေထိုင်ရန် မဖြစ်နိုင်တော့ သဖြင့် တော ခိုရောက်ရှိလာသောအခါ နိုင်ငံရေးသင်တန်းမှုးအဖြစ်တာဝန်ပေးခန့် အပ်ခဲ့သည်။
          မြို့ပေါ်ရှိ နောက်ထပ်အမည်မသိသူ တစ်ဦးအားလည်း ABSDF(NB) ဗဟိုကော်မတီဝင်အဖြစ်ခန့်အပ်ခဲ့ သေးသည်။မည်သူမည်ဝါ ယနေ့ အချိန်အထိမသိရပါ။မန္တလေးဘက်ပိုင်းမှ အလင်းဝင်လာသူတိုင်း အဆိုပါ ဗဟို ကော်မတီဝင်ကိစ္စကို ထောက်လှမ်းရေးမှ အသည်းအသန် စစ်မေးခြင်း ခံခဲ့ရပါသည်။ကျွန်တော်ကိုယ်တိုင်လည်း အဆိုပါ ပုဂ္ဂိုလ်ကိစ္စနှင့်ပတ်သက်ပြီး အကြိမ်ပေါင်းမြောက်များစွာ အစစ်အဆေးခံခဲ့ရပါသည်။ မည်သူမှသူ့ အ ကြောင်းမသိကြပါ။ယနေ့တိုင်မသိရခြင်းဖြစ်ပါ သည်။အဆို ပါလူ မှာလည်း UG လုပ်ငန်းလုပ်ကိုင်သူဟုသာ ကြား သိခဲ့ဘူးပါသည်။
          မြို့ပေါ်တွင်ရှိနေသော ညီညီအား ABSDF(NB) ၏ဗဟိုကော်မတီဝင်အဆင့်သတ်မှတ်ပေးထားပြီး နိုင်ငံခြားဆက်ဆံရေးအရာရှိအဖြစ်တာဝန်ပေးထားခဲ့ပါသည်။အထူးသဖြင့်ဆရာတော်ဦးရေဝတ နှင့်ပူးတွဲပြီး အဖွဲ့အတွက် နိုင်ငံခြားသံရုံးများနှင့်ဆက်ဆံရေး မြို့ပေါ် UG လုပ်ငန်းလုပ်ဆောင်နေသူများအားလိုအပ်သလို ကူညီဆောင်ရွက်ရေးတို့အတွက်တာဝန်ပေးထားခဲ့သည်။ညီညီ မြို့ပေါ်တွင် နေထိုင်ရန်မဖြစ်နိုင်တော့သောအခါ မြောက်ပိုင်းစခန်းသို့ခေါ်ယူပြီး နိုင်ငံခြားဆက်ဆံရေးမှူးအဖြစ်ခန့် အပ်ခဲ့ပြီး တပ်ဖွဲ့ ဝင်များအားပညာရေးမြှင့်တင် ရေးအစီအမံများချ မှတ်ရေးဆွဲစေခဲ့သည်။
          ထွန်းအောင်ကျော်သည် KIO ဥက္ကဌ ကြီးဦးဘရန်ဆိုင်းနှင့် အဖွဲ့ ဝင်များနှင့် အကြိမ်ကြိမ်တွေ့  ဆုံ ဆွေး နွေးပြီးနိုင်ငံရေးဆိုင်ရာသဘောထားများ၊တိုင်းပြည်အကျိုးရှိမည့်ကိစ္စများကိုဆွေးနွေး ညှိနှိုင်းနိုင်ခဲ့ သည်။ ရလာဒ်  အဖြစ် KIO အဖွဲ့ ၏ ဘိန်း နှင့်ပတ်သက်သောမူဝါဒကို ပြောင်းလဲနိုင်ခဲ့သည်။
          ABSDF(NB) ဥက္ကဌ ထွန်းအောင်ကျော်နှင့် KIO ဥက္ကဌ ဦးဘရန်ဆိုင်းတို့၏ဆွေးနွေးပွဲမှ ရလာဒ်အဖြစ် ဘိန်းစိုက်ပျိုးခြင်း၊ထုတ်လုပ်ခြင်း၊ဘိန်းချက်ခြင်း၊ရောင်းဝယ်ဖောက်ကားခြင်း၊ သုံးစွဲခြင်း၊သယ် ယူပို့ ဆောင်ခြင်း၊ အစောင့်အရှောက်လိုက်ပါခြင်း များကို KIO အဖွဲ့ မှ တားဆီးပိတ်ပင်ခဲ့ပေသည်။ KIO အဖွဲ့ နှင့် ABSDF(NB) တို့ ပူးပေါင်းပြီးကချင်ပြည်နယ်ကို ဘိန်းနှင့်မူးယစ်ဆေးဝါးကင်းစင်သောပြည် နယ်ဖြစ်စေရမည်ဟူသော ဆုံးဖြတ်ချက် ကိုကြော်ငြာနိုင်ခဲ့ပေသည်။ဘိန်းနှင့်ပတ်သက်၍ စီးပွားရှာမှု ကိစ္စအဝဝကို KIO ကလက်လွှတ်အောင်နားချနိုင်ခဲ့ လေသည်။
          ABSDF(NB) အဖွဲ့ အနေနှင့်လည်း ယခင် ABSDF(KS) ဘဝက တပ်ဖွဲ့  ဝင်များကိုယ်တိုင် ပေါင်းသင် မြက်ရှင်းလုပ်ပေးခဲ့ကြရသော ဘိန်းခင်း ဧကပေါင်း မြောက်များစွာကို ခုတ်ထွင် ရှင်းလင်းနိုင်ခဲ့ပြီး တရုတ်လူမျိုး ကုန်သည်များ သယ်ဆောင်လာသော ဘိန်းတင် လားတန်းများကို ဟန့်  တားပြီး ဘိန်း ပိဿာချိန်ပေါင်းများစွာကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပေသည်။
          KIA အရာရှိငယ် အချို့ ၏ ငြိုငြင်မှု ရှိသော်လည်း KIO အဖွဲ့ ၏ တရားဝင် မူဝါဒပြောင်း လဲမှု ဖြစ်သည့် အတွက်မည်သည့်ပြသနာမှ မရှိခဲ့ပါ။သို့ သော် ကျောင်းသားတပ်အတွက် ရံပုံငွေကောက်ခံမှု များကို ကချင် လူမျိုးတို့ ၏နယ်မြေအတွင်း ပြုလုပ်ခွင့် မပေးတော့ပါ။
          ထိုအခါ ထွန်းအောင်ကျော်မှ ABSDF(NB) သည် စားနပ်ရိက္ခာ၊စစ်လက်နက်  နှင့် အခြားကိစ္စများ အားလုံးအတွက် ငွေရေးကြေးရေး ကိစ္စများအပါအဝင် KIO အပေါ်လုံးဝမှီခိုနေ၍မဖြစ်-ကိုယ်ပိုင်ဝင်ငွေဖြင့် သီး ခြားရပ်တည်နိုင်ရမည်ဟု ဆုံးဖြတ်ခါ ABSDF(NB) ကိုယ်ပိုင်လုပ်ငန်းများအဖြစ် ဖားကန့် ဒေသ တွင် ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်း၊တရုတ်နယ်စပ်တွင် သစ်ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး အတွက် KIO မှ ကော်မတီဝင်များနှင့် ဆွေးနွေးညှိနှိုင်းပြီး ခွင့်ပြုချက်ရအောင် လုပ်ဆောင်နိုင်ခဲ့သည်။
          မြို့ပေါ်မှ စိတ်ဓာတ်ပြင်းပြပြီး တောခိုရန်ရောက်ရှိလာသူများကိုလည်း တောထဲတွင် တပ် ဖွဲ့ ဝင်များရေး ကိုဦးစားမပေးဘဲလက်နက်ကိုင်စစ်သင်တန်းကို လူတိုင်းမတက်ရောက်စေဘဲသဘောတ ရား ရေးရာများသွန်သင် ညွှန်ပြပြီး မြို့ပေါ်လှုတ်ရှားမှုများတွင်သာ ပါဝင်ရန် မြို့ပေါ်သို့ ပြန်ခိုင်းပါသည်။
          တောထဲတွင် တပ်ဖွဲ့ဝင်များများ အင်အားကောင်းကောင်းနှင့် စစ်ဘုရင်လုပ်လိုပြီး သဘောတရားရေး အမြင် နိုင်ငံရေးအမြင်မရှိဖြစ်နေကြသော သံချောင်း-မျိုးဝင်းတို့၏ စစ်အုပ်စုက ထွန်းအောင်ကျော်၏လုပ်ငန်း များကို လုံးဝ ကြည့်မရဖြစ်နေကြလေသည်။
          ခံယူချက်ခြင်းမတူသဖြင့် လုပ်ဆောင်ချက်ခြင်းမတူကြသည့် အခြေအနေမှ တဖြည်းဖြည်း ရန်ပြုလို သည့် အခြေအနေသို့ ရောက်ရှိလာခဲ့လေသည်။ထိုအတောအတွင်း NLD(LA)  အဖွဲ့  ၀င် များ တော ထဲသို ရောက်ရှိလာသောအခါ သံချောင်းနှင့်မျိုးဝင်းတို့၏“ ကချင်နယ်မြေအတွင်း သီးခြားလူမျိုးစုတစ်စုကို ကိုယ်စားပြု ထားသော လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ တည်ရှိရေး အိမ်မက်” ပိုမိုကြီးထားလာခဲ့သည်ဟု ယူဆရ ပါသည်။
          လွတ်မြောက်နယ်မြေရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ ဝင်များမှာလည်း ၄င်းတို့ နှင့် လူမျိုး တူ ဒေသတူ များဖြစ်နေခြင်းသည်လည်း ပိုမို၍ လက်ရဲ ဇက်ရဲဖြစ်စရာ အခြေအနေဖြစ်နေ ပါသည်။ အဖွဲ့  အစည်းတစ်ခုလုံးကို၎င်းတို့ စိတ်တိုင်းကျအခြေအနေသို့ရောက်လာနိုင်ရန်အတွက်မှာဥက္ကဌထွန်းအောင်ကျော် အပါအဝင် ၄င်းတို့  စိတ်တိုင်းကျခိုင်းမရနိုင်မည့်လူ အားလုံးကို ရှင်းလင်းရန်လိုအပ်သောကြောင့် အုံနှင့် ကျင်းနှင့် ရှင်းလင်းသုတ်သင် နိုင်ရေးအတွက် ထောက်လှမ်းရေးသူလျှို တပ်ခွဲတစ်ခွဲ ကျောင်းသား တပ်ထဲရောက်နေသည်ဟူသော သတင်းကို ကျောင်းသားတပ်ဖွဲ့ဝင်များအတွင်း တီးတိုးတစ်မျိုး ကျယ်ကျယ် တဖုံ လွှင့်ထုတ်လာခြင်းမှာ ပြသနာ၏ အစပင် ဖြစ်ပါတော့သည်။
          ထိုအချိန်အခါတွင် အရည်အချင်းမရှိသူ အချောင်သမား အာဏာရူးသူ အောင်နိုင်က ဥက္ကဌဖြစ်လိုဇော ဖြင့် သံချောင်းမျိုးဝင်းတို့၏ တပည့်ခံပြီး နေရာဝင်ယူလာခြင်းဖြစ်ပါသည်။ နိုင်အောင်က လည်း မိုးသီးဇွန်ကို တိုက်ခိုက်ရန် အင်အားစုနေသောအချိန်၊သူ့ဆရာ ခွဲစိတ်ကုဆရာဝန်ကြီး၏သား သူလိုဆရာဝန်ဖြစ်ခါနီးလူ နိုင် အောင်ကိုယုံကြည်ကိုးစားပြီး နဂို ညံ့ပြီးသားရှိနေသည့် စိတ်ဓာတ်ကြောင့် အားလုံးပူးပေါင်းပါဝင်သော ABSDF အဖွဲ့ ဝင်များကိုသာမက အဖွဲ့ ကြီးကိုပါလုပ်ကြံမှုကြီး   ဖြစ်ပွား လာခဲ့ ရပေတော့သည်။
          ၁၉၉၁ခုနှစ် သြဂုတ်လ(၆)ရက်နေ့တွင် ၅၀၁ ရင်းမှူး သိုက်ထွန်းဦး၏အကူရဲဘော် စိုးမင်းအောင် (မန္တလေး) စခန်းမှ ထွက်ပြေးသွားခဲ့သည်။“စခန်းတွင် ရှစ်လေးလုံးနှစ်ပတ်လည် အခမ်းအနားကြီး ကျင်းပရန် စီစဉ်ထားသောအချိန် ထွက်ပြေးတာ-အရေးကြီးတဲ့သတင်းတွေ နဝတ ဘက်ကိုပေးဖို့ ပြန်သွားတဲ့ သူလျှိုဖြစ် နိုင်တယ်” ဟု မျိုးဝင်းကစွတ်စွဲမှတ်ချက်ချပြီး သူ့၏ ကွန်မင်ဒိုအဖွဲ့ဝင်များဖြင့် ပြေးလမ်းပေါင်စုံမှ ပိတ်ဆို့ဖမ်းဆီး စေရာ-သြဂုတ်လ(၈)ရက်နေ့တွင် ရွှေလီမှ ပြန်လည်ဖမ်းမိခဲ့သည်။
          စိုးမင်းအောင်ကို ဥက္ကဌထွန်းအောင်ကျော်တို့ ရှိနေသည့် ဌာနချုပ်သို့ ခေါ်မလာဘဲ KIA ၏ဗျူဟာ(၁) နယ်မြေ-ဗန်းမော်နယ်အတွင်းတည်ရှိသော (ခရိုင်မှူး-ညီညီကျော်ရုံးထိုင်ရာ)ABSDF စခန်းခွဲသို့ ခေါ်သွားပြီး မျိုးဝင်း၏ ကွန်မင်ဒိုများက ရိုက်နှက် နှိပ်စက် စစ်မေးကြပါသည်။
          စိုးမင်းအောင် မည်သို့အစစ်ခံရသဖြင့် မည်သို့ အဖြေပေးလိုက်သည်ကို သေသေချာချာ မသိရသော် လည်း မျိုးဝင်းမှ “စိုးမင်းအောင်က အစစ်ခံသွားသည်-ABSDF(NB) ဌာနချုပ်မှာ ရန်သူ့ထောက်လှမ်းရေး တပ်ခွဲ တစ်ခွဲ ရှိနေသည်” ဟုဆိုပြီး ၁၉၉၁ခုနှစ် သြဂုတ်လ(၁၀)ရက်နေ့  တွင် လူဖမ်းပွဲကြီးစတင် ကျင်းပ လိုက်ပါတော့ သည်။
          လူဖမ်းပွဲကို ဗန်းမော်ခရိုင်တွင်စတင်လိုက်ခြင်းဖြစ်သည်။ထိုအချိန်က ခရိုင်မှူး ညီညီကျော်မှာ ဗဟိုသို့ ရောက်ရှိနေခဲ့ပါသည်။ပထမဆုံး အဖမ်းခံရသူများမှာ အေးကျော်(မန္တလေး)၊ တင့်လွင်(မိုးကောင်း)၊ အိုကေ (မန္တလေး)တို့  ဖြစ်ကြပြီး ဗန်းမော်ခရိုင်တွင် အဖမ်းခံကြရခြင်းဖြစ်သည်။
          ဗဟိုစခန်းတွင်ရောက်ရှိနေသော ညီညီကျော်အား ဗန်းမော်စခန်းသို့ပြန်မသွားရန် မျိုးဝင်းက တားထားခဲ့  သံချောင်းနှင့်မျိုးဝင်း တို့ စစ်ရေးတာဝန်ခံများက စိတ်တိုင်းကျ ကိုင်တွယ်စစ်ဆေးခဲ့ပါ သည်။ဥက္ကဌ ထွန်းအောင် ကျော်ကလည်း စစ်ရေးကော်မတီက စစ်ဆေးပြီးလျှင် ဗဟိုကော်မတီကိုတင်ပြရ မှာဘဲဖြစ်သည်-အချင်းချင်း ရက် ရက်စက်စက်လည်းလုပ်မှာမဟုတ်-ကျောင်းသားတပ်ဖွဲ့ ဝင်များသည် လူရော စိတ်ဓာတ်ပါ ခိုင်မာပြီးသူများဖြစ် သည်-မယုံသင်္ကာဖြစ်နေသည်များလည်း သံသယရှင်းသွား လိမ့်မည်ဟု ရိုးရိုးသားသားယုံကြည်သဖြင့် အခြေအ နေကိုစောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ညီညီ၊ ညီညီကျော်နှင့် အခြားသူများ၏ အကြံပေးချက်များကို လက်မခံခဲ့ ဘဲ သံချောင်း၊မျိုးဝင်းနှင့်အောင်နိုင် တို့  ၏ ကျောင်းသားစိတ်ဓာတ်ကို ယုံကြည်မှုပိုခဲ့လေသည်။ကျောင်းသားစိတ် ဓာတ်ဆိုသည်မှာ အမှန်တရားကို ချစ်မြတ်နိုးသော အမှန်တရားကိုတပ်မက်စွာ ရှာဖွေတတ်သော အမှန်တရား အတွက် အသက်ကိုစွန့်  လွှတ်တတ်သောစိတ်ဓာတ်ဖြစ်သည်။
          ထိုသို့ စောင့်ကြည့်နေရင်း ၁၉၉၁ခုနှစ်စက်တင်ဘာလ (၁၀) ရက်နေ့ - (စိုး မင်းအောင်၏ထွက်ဆိုချက်ရရှိ ပြီး တစ်လတိတိအကြာတွင်) ထွန်းအောင်ကျော်၊ချိုကြီး၊ညီညီကျော်၊ညီညီတို့  အပါအဝင် (၂၂)ယောက်တစ် ရက်ထဲ တစ်ပြိုင်ထဲဖမ်းဆီးလိုက်ပါတော့သည်။
          ဖမ်းဆီးလိုက်သည်နှင့် တပြိုင်ထဲ အဖမ်းခံရသူအားလုံး၏ အဝတ်အထည်များ-လက်ပတ်နာရီများ-အသုံးအဆောင်များကို ဖမ်းဆီးသူလူများက တိုက်ပွဲတွင် သုံ့ ပန်းများဖမ်းသလို ချွတ်ယူ ခွာယူ ခွဲဝေယူလိုက် ကြပါ တော့သည်။
          ဖမ်းဆီးထားသူများကို တစ်နေရာထဲ ချုပ်မထားဘဲ နေရာများခွဲ၍ ချုပ်နှောင် စစ်ဆေးပါတော့သည်။လူမ ဆန်သောနည်းများဖြင့် နှိပ်စက်ညဉ်းပမ်းပြီး ထောက်လှမ်းရေး အရာရှိများအဖြစ် ဝန်ခံခိုင်းပါသည်။ နေ့ စဉ် ညှဉ်း ပမ်းနှိပ်စက်မှုပြုနေခြင်းကို အများအမြင်ကောင်းစေရန်အတွက် ဘယ်တုန်း ကမှ မရှိခဲ့သော (သူတို့ စိတ်ကူးယဉ် ဖန်တီးထားသည့်) အဆိပ်လက်နက်ထုတ်ပေးရန်တောင်းဆိုနေပါသည် ဟူသော အကြောင်းပြချက်ဖြင့် ဖုံးကွယ် ထားခဲ့သည်။
          တစ်ချိန်လုံး ထွန်းအောင်ကျော်၏သူငယ်ချင်း လုပ်ဖေါ်ကိုင်ဘက်ချင်းအဖြစ်နှင့် ထွန်းအောင်ကျော် ၏ နောက်လိုက်ဖြစ်ခဲ့သော ရော်နယ်အောင်နိုင်ကိုလည်း မျိုးဝင်း၏အမိန့် ဖြင့် ပြန်တမ်းမရှိ ဘာမရှိနှင့် ဥက္ကဌ အဖြစ် ခန့် အပ်လိုက်ခြင်းဖြင့် စည်းရုံးထားလိုက်လေသည်။
          ဖမ်းဆီးထားသော အကျဉ်းသားများကို စိတ်ကူးပေါ်လာလျှင်ပေါ်လာသည့်ပုံစံ၊ စိတ်ကူးပေါ်လာ လျှင် ပေါ်လာသောနေရာ များတွင် တစ်ယောက်ထဲတစ်မျိုး၊အုပ်စုလိုက်တစ်ဖုံ စိတ်ကူးရှိသမျှ အရသာခံ၍ ညှဉ်းပမ်း နှိပ်စက်လေ့ရှိကြပါသည်။
          ထိုအခြေအနေများအတွင်း ၁၉၉၁ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့တွင် ညီညီကျော်တစ်ဦးတည်း အချုပ်မှလွတ်မြောက်သွားခဲ့ပါသည်။လက်ကိုချီနှောင်ထားသော ကြိုးလျော့သွားသည်ကိုပင် ကြိုးဖြည်ပါ သည် ဟူသော စွတ်စွဲချက်ဖြင့် လက်ဖြတ်ပစ်ရသည်အထိ အရေးယူခံရတတ်သည့်နေရာတွင် ဆက် လက်နေထိုင်ရန် မဖြစ်သည်ကတကြောင်း-ကိုယ်တိုင်လည်းလမ်းကောင်းကောင်းမလျှောက်နိုင်လောက်အောင် အနှိပ်စက်ခံထား ရသဖြင့်အသက်သေ ရန်စိုးရိမ်ရသည်ကတကြောင်း-ကျောင်းသားတပ်မှဖြစ်ပျက်နေသည့်အခြေအနေကို ပြင်ပမှလူများသိရှိပါက -ပြင်ပမှနိုင်ငံရေးအဖွဲ့ အစည်းမှလူများသိရှိပါက အကျဉ်းကျ အနှိပ်အစက်ခံနေရသူများအတွက် တစ်စုံတစ်ခု လုပ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မိသည်ကတကြောင်း အစရှိသောအကြောင်းများစွာတို့ကြောင့် ညီညီကျော် သည် တရုတ်ပြည်တွင်း တောလမ်းခရီးအတိုင်း တစ်ကိုယ်တော်ဖြတ်သန်းခဲ့ရာ (၆)ရက်လမ်းခရီး တွင်ကြာ ခဲ့ပြီး နောက် အောက်တိုဘာလ(၁၀)ရက်နေ့ တွင် မြန်မာနိုင်ငံ မူဆယ်မြို့သို့ ရောက်ရှိခဲ့ပြီး မူဆယ်မြို့ နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ သို့  ရောက်ရှိ သတင်းပို့ခဲ့သည်။
          မူဆယ်မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ က တပ်မတော်ထောက် လှမ်းရေး အမှတ်(၂၃) တပ် ဆွယ်(မူဆယ်)သို့  လွှဲပြောင်းပေးခဲ့ပြီး ၄င်းမှ တပ်မတော်ထောက်လှမ်းရေးအမှတ်(၂၃) ကွတ်ခိုင်မြို့သို့  လွှဲပြောင်းစစ်ဆေးခဲ့ပါသည်။၎င်းမှတဆင့်တပ်မတော်ထောက်လှမ်းရေးအမှတ်(၉)လားရှိုးမြို့သို့ လွှဲပြောင်းေ ပး ပို့ ပြီး ထပ်မံ စစ်ဆေးခဲ့ပါသည်။၎င်းမှတဆင့် တပ်မတော်ထောက် လှမ်းရေးအမှတ်(၁၂) ရန်ကုန်မြို့သို့  လွှဲပြောင်းပေး၍စစ် ဆေးမှုခံယူစေခဲ့ပါသည်။ထိုမှတဆင့် တပ်မတော်ထောက်လှမ်းရေးအမှတ်(၁) မန္တလေးမြို့ သို့ လွှဲပြောင်းပို့အပ် ပြီး စစ်ဆေး မှုခံယူခဲ့ရကာအစစ်အဆေးခံ ရက်ပေါင်း(၇၇)ရက် စုစုပေါင်း နှစ် လနှင့် တဆယ့်ခွန်နှစ်ရက်နေခဲ့ ရ ပြီးမှ အိမ်သို့  အလင်းဝင်အဖြစ် ပြန်ခွင့် ရခဲ့ပါသည်။
          အိမ်ပြန်ခွင့်ရသည့်နေ့မှစပြီး ညီညီကျော်သည် တစ်ကိုယ်တော်လှုတ်ရှားခဲ့သည်။အပေါ်စခန်းတွင် ကွယ်လွန်သွားပြီးသော သူများ၏မိသားစုများထံ အကြောင်းကြားခြင်း၊အဖမ်းခံနေရသူများ၏မိသားစုများထံ အကြောင်းကြားခြင်း၊အဖမ်းခံရနိုင်စရာရှိသော သူများ၏ မိသားစုထံ သတင်းပေးခြင်းများကို ပြုလုပ်ခဲ့သည်။ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်ဟောင်းများထံအခြေအနေကိုပြောပြပြီး လောလောဆယ်ဆယ် နောက်ထပ်တောခို မည့်သူများကို တားဆီနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့လေသည်။မန္တလေးမြို့ လမ်း(၃၀)ရှိ ကျွန်တော့်အိမ်သို့  လည်း လာရောက်၍ ညီညီ-ထွန်းအောင်ကျော်၊ချိုကြီးတို့နှင့်အတူ အဖမ်းခံခဲ့ရပုံ-နောက်ပိုင်းညီညီ ကိုပြန် လွှတ်ပေးပြီး KIA ဘက်သို့ ပို့ ထားခဲ့ပြီးနောက် အခြေအနေကိုကွဲကွဲ ပြားပြား မသိရပုံ-တစ်ယောက်နှင့် တစ်ယောက် နေရာ များခွဲချုပ်ထားပြီး မျက်နှာအဝတ်စည်းထားခြင်း၊စကားပြောခွင့်မပေးခြင်းတို့ကြောင့် တိတိကျကျပြောနိုင်ခြင်း မရှိပုံ တို့ ကို လာရောက်ပြောပြခဲ့ပါသည်။
          ညီညီကျော်ကျွန်တော့အိမ်သို့  ရောက်ရှိပြောပြစဉ်က ကျွန်တော်အိမ်မှာရှိမနေခဲ့ပါ။ အိမ်တွင် ကျွန်တော့်အဖွား၊အမေ၊အစ်ကိုနှင့်အမတို့ သာရှိနေခဲ့ပါသည်။ကျွန်တော်ကဝန်းသိုမြို့သို့ ပုဂ္ဂလိကသစ် ကုမ္မ ဏီ တာဝန်ဖြင့် သွားရောက်နေစဉ်ဖြစ်ပါသည်။
          ကျွန်တော်အလုပ်တာဝန်များမှ အားလပ်၍ မန္တလေးမြို့သို့  ပြန်လည်ရောက်ရှိလာသည့် ဒီဇင်ဘာလ အတွင်း ရောက်မှ ကျွန်တော်နှင့်ညီညီကျော်တို့  တွေ့ ဆုံမိကြပြီး ပြသနာကြီးအတွင်း ပါဝင်ပတ်သက် မိခြင်းဖြစ် ပါသည်။
          ညီညီကျော်နှင့်တွေ့ ဆုံဖြစ်ခဲ့သည်မှစ၍      ကျွန်တော်ပါဝင်ပတ်သက်မှုတို့ ကို ကျွန်တော်သိခဲ့သော
ခေတ်သစ်ဟင်္သာကိုးသောင်းပုံပြင်စာအုပ်တွင်အပြည့်အစုံရေးသားတင်ပြထားပါသည်။၂၀၁၂ခုနှစ် မတ်လ အတွင်းကျွန်တော်၏စာအုတ် ဓာတ်ပုံ(၄၀)ကျော်နှင့် ထွက်ရှိလာပါမည်။
မောင်မောင်(ရွှေကရဝိက်) ၁၁.၂.၂၀၁၂။
Maungmaung skw facebook မှကူးယူဖော်ပြသည်။
2 comments:
လင်္ကာ said...
Nang Aung Htwe Kyi ကိုမောင် မောင် ..ကိုညီညီ K I A ရောက်လာချက်ကို သိပ်မရှင်းလင်းဘူး ။ကိုညီညီ (စမားညီညီ )ဟာ မငယ် K I A ကို ၁၉၉၂ စက်တင်ဘာ .. အောက်တိုဘာလလောက်မှာ ဗိုလ်ချုပ်ဇော်မိုင် အမိန့်နဲ့ရယ် မငယ်ရဲ့ဆုံးဖြတ်ချက်နဲ့ရယ် မငယ်ကို K I A မှတရားဝင်လွှဲပြောင်းယူပြီးနောက်ပိုင်း မှဇြစ်တယ်။မငယ် K I A မှာရောက် ရှိပြီး ရက်တော်တော်ကြာမှ မငယ်နဲ့ K I A မှ ထောက်လှမ်းရေွးှရာရှိတဦးနဲ့ ကျောင်းသားတပ်ထဲမှာ ကျန်ရှိနေသေးတဲ့သူတွေ ကို ခေါ်ယူဖို့ပြောဆိုရာမှ ကိုညီညီ ကို K I A မှာ English သင် ဖို့အကြောင်းပြချက်နဲ့ ခေါ်လိုက်တာဖြစ်တယ် ။နည်းနည်းရှင်းပြပါဦး ။
လင်္ကာ said...
Aung Khin Myint http://www.pyustate.com/2012/02/absdf.html
...ABSDF တပ်ဖွဲ့ဝင် အချင်းချင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သော အနှစ်(၂၀) ပြည့် ၀မ်းနည်းခြင်း အခမ်းအနား (မန္တလေးမြို့)
14 hours ago
Maungmaung Skw မငယ်-ကျွန်တော် မငယ်မေးထားတဲ့အကြောင်းကို သေချာမသိပါဘူး-ကျွန်တော်နဲ့ညီညီ အဆက်အသွယ်မရှိပါဘူး-သူအခု ညီညီကျော်တို့နဲ့ အဆက်အသွယ်ရှိပါတယ်-ညီညီကျော် က တဆင့် သူ့ကို ရှင်းပြခိုင်းကြည့်ပါလား-ကျွန်တော်ရေးထားတာတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀)ကကြားသိခဲ့တာတွေကို ရေးထားတာပါ-အများစုသော အကြောင်းအရာတွေက ညီညီကျော် ဟိုတုန်းကပြောခဲ့တာတွေကို ကျွန်တော်ရေးမှတ်ထားခဲ့တာတွေပါ-တစ်ချို့ဆိုရင် ညီညီကျော်ကိုယ်တိုင် မမှတ်မိတော့ပါ-ကျွန်တော် တတ်သ၍မှတ်သ၍ “နငယ်”ကိုတော့ ရေးလိုက်ပါပြီ- အဲ့ဒီ “နငယ်” ကို အလှဆုံးဖြစ်အောင် အားလုံးဝိုင်းပြီး အမြီးတပ်ပေးကြပါဦး။