Saturday, February 25, 2012

မြစ်ကြီးနား



 News and Information Department of NLD  မှကူးယူဖော်ပြသည်။
အခု ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး မရှိဘူး။ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒါဟာကမ္ဘာ့အလယ် မှာ အရှက်ရစရာ ဖြစ်ပါတယ်။ ကိုယ့်အချင်းချင်း တိုက်နေတယ်ဆိုတာ ဘာမှဂုဏ်ယူစရာ အကြောင်း မရှိပါဘူး။ ဒါ အင်မတန် ရှက်စရာ ကောင်းတဲ့ ကိစ္စပါ။ သဘောထားတွေမတူညီတာ ရှိနိုင်တယ်။ မတူညီတဲ့ သဘောထားတွေကို စကားပြောပြီးတော့ ပြေလည်အောင်လုပ်နိုင်ရမယ်။ အဲဒီဟာကို လုပ်နိုင်မှ ခေတ်မီတဲ့ လူသားလို့ဆိုနိုင်မှာပါ။ ကျောက်ခေတ်ကလူတွေလိုလက်နက်တွေနဲ့တိုက်ခိုက်နေရမယ့် အချိန်မဟုတ်တော့ ဘူး။ စကားလုံးတွေနဲ့ ဖလှယ်ပြီး အဖြေရှာရမှာပါ။
လူတွေဆိုတာ ထက်မြက်ရမယ်၊ လုပ်ရဲရမယ်။ ဒါပေမယ့် လူ ပီပီသသ ဖြစ်ချင်ရင် မယုတ်မာရဘူး။
နှိပ်စက်ချင်တဲ့ စိတ်တွေ မရှိရဘူး။ မကြမ်းတမ်းရဘူး။

တိုင်းရင်းသားတွေ အချင်းချင်း ငြိမ်းချမ်းရေးရဖို့ ပြိုင်ရာမှာ ဘယ်ဘက်ကပိုပြီး တိုက်နိုင်တယ်၊ ခိုက်နိုင်တယ်။ ဘယ်ဘက်က ပိုပြီး လက်နက် အင်အားကြီးတယ်။ ဒါတွေကိုပြိုင်ရမှာ မဟုတ်ဘူး။ ဘယ်ဘက်က ပိုပြီး သဘောထားကြီးတယ်။ ဖြူစင်တယ်။ ဘယ်ဘက်ကပိုပြီး စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပိုပြီးမွေးမြူနိုင်တယ်ဆိုတာ ပြိုင်ရမယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ မဟာမိတ်တိုင်းရင်းသားတွေ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက် ကတည်းက၂၁ ပင်လုံဆိုတာ ပြောလာတာ ရှိပါတယ်။ ပင်လုံမြေ မှာ နောက်တစ်ကြိမ် လက်မှတ်ထိုးဖို့ မဟုတ်ပါဘူးစစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ် ပြန်လည်ဖြစ်ပေါ်လာ ဖို့ကို ရည်ရွယ်တာပါ။
လူငယ်တွေကို ငယ်စဉ်ကတည်းကစစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူပေးရမယ်။စစ်မှန်တဲ့   ပြည်ထောင်   စု   စိတ်ဓာတ် မမွေးမြူနိုင်ခဲ့လို့ ငြိမ်းချမ်းရေး မရသေးတာ ဖြစ်ပါတယ်။ပြည်တွင်းငြိမ်းချမ်းရေး မရှိရင် ပြည်သူတွေ ဘယ်လောက် နစ်နာတယ်ဆိုတာ ထွေထွေ ထူးထူးရှင်းပြနေစရာ မလိုပါ ဘူး။ ပြည်နယ်ခေါင်းဆောင် အချို့နဲ့ စကားပြောဖြစ်တဲ့အခါ ဒီပြည်နယ်ရဲ့ အရေးကြီးဆုံး ပြဿနာ က ငြိမ်းချမ်းရေး မရှိတာကိုပါပဲ။ ပြည်တွင်း ငြိမ်းချမ်းရေး မရှိတဲ့ အခြေခံအကြောင်းကတော့ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု မရှိလို့၊ လေးစားမှု မရှိလို့ပါပဲ။
ယုံကြည်မှု၊ လေးစားမှု မရှိဘူးဆိုတာ ပွင့်လင်း ဖြောင့်မတ်မှု မရှိတဲ့ ကိစ္စတွေ ကြောင့်ပါပဲ။
ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ အရေးကိစ္စတွေဟာ ကိုယ့်အိမ်ထဲမှာ ဖြစ်နေတဲ့ ကိစ္စလို့သဘောထား နိုင်ရမယ်။ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ဒုက္ခတွေဟာ ဒီနိုင်ငံမှာရှိနေတဲ့ လူတွေအားလုံး ဖြစ်နေတဲ့ ဒုက္ခတွေလို သဘောထား နိုင်ရမယ်။ ဒီပြည်နယ်မှာ ဘာလို့ ငြိမ်းချမ်းရေးမရနိုင်ရတာလဲ။ အားလုံး ၀ိုင်းစဉ်းစား ကြရမယ်။ ဘယ်လို လိုအပ်ချက်တွေ ရှိနေလို့လဲ။ ၁၉၄၇ခုနှစ်က ရှမ်းပြည်နယ် ပင်လုံမှာ တိုင်းရင်း သား ခေါင်းဆောင်တွေ စုပြီး လက်မှတ်ရေးထိုးခဲ့လို့ ပင်လုံစာချုပ်ဆိုတာ ပေါ်လာပြီး လွတ်လပ်ရေး ရခဲ့တာပါ။ မနေ့ညက ကချင် ခေါင်းဆောင်တွေနဲ့ စကားပြောဖြစ်ခဲ့တဲ့ အခါမှာ ပင်လုံစိတ်ဓာတ် ဆိုတာ မြစ်ကြီးနားကနေ စပြီး သွားခဲ့တာလို့ကချင်ခေါင်းဆောင်တွေက သတိပေးပါတယ်။
 ဒေါ်အောင်ဆန်းစုကြည် (မြစ်ကြီးနား၊ မနောကွင်း၌ ဟောပြောခဲ့သည်များမှကောက်နုတ်ချက်)  
Eleven Media မှ

No comments: