Wednesday, February 29, 2012

ဓဇဂ္ဂ ရဲဘော် (၁)

၁၉၉၀ သြဂုတ်လကုန်ပိုင်း

ကျနော်တို့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ABSDF-NB အခြေစိုက်ထားတဲ့ လိုင်စင်စခန်း၊ မိုးနှင်းတွေ က အဆက် မပြတ်ကျလို့ ရာသီဥတုက အေးစိမ့်လို့နေတယ်။ တနှစ်မှာ ၂၄ နာရီပတ်လုံး မီးလင်းဖို ဖိုပြီး နေ ရ တဲ့နေရာ။ ကျနော်က ဒီ နယ်မြေရောက်ခါစ၊ အအေးဒဏ်ကို ကြိတ်မှိတ်ခံနေရတဲ့ ကာလပေါ့။ မနက် ၁၁ နာ ရီကျော်လောက်ထိ မထသေးဘဲ အိပ် ယာထဲမှာ ကွေးနေတုန်း။

“သံချောင်း ငါ့ကို ရိုက်တယ်၊ သံချောင်း ငါ့ကိုရိုက်တယ်” ဆိုပြီး ကျနော်နေတဲ့ ဘားတိုက်အပေါ်ဘက်က ရဲဘော်တယောက် ဆင်းလာသံကြားလိုက်တယ်။ ထရံကြားကအသာကြည့်လိုက်တော့ ဇော်လွင်ကြီး၊ တပ်စိပ် မှူးမိုင်းဆရာ ဇော်လွင်ကြီး၊ ကျနော် သူ့အစား အတော်ခေါင်းကြိမ်းသွားတယ်။ အဲဒီအချိန် က ကျောင်း သား တပ်မတော်မြောက်ပိုင်း ဒုဥက္ကဋ္ဌ နဲ့ စစ်ရေးတာဝန်ခံ ကိုသံချောင်းက လက်သံ အတော်ပြောင်တယ် ကြားဖူး တာကိုး။ တိုက်ပွဲတခုမှာ M79 ကျည်မှန်ပြီး မျက် လုံးတဖက်ကန်းနေတယ်။ လူကတော့ လူပုံချောပါ။


ဇော်လွင်ကြီးကတော့ ABSDF-NB တပ်ရင်း (၇၀၁) ရဲ့ အားကိုရတဲ့ မိုင်းဆရာတယောက်၊ အရပ်ရှည်ရှည် ကိုယ်လုံးပြည့် ပြည့်နဲ့ ကျန်းမာသန်စွမ်းသူ G3 သေနတ်နှစ်လက်ကို ပြောင်းထိပ်က ကိုင်း၊ သေနတ်နှစ်လက် ရဲ့ ပြောင်းထိပ်ချင်းတေ့ထား ပြီး ရင်ဘောင်တန်း မြေပြင်နဲ့အပြိုင် ရင်ဘက်ရှေ့မှာ လက်နှစ်ဖက်တန်းပြီး ပင့်ထားနိုင်သူ။ အစားကြမ်းကြမ်း အသောက် ကြမ်းကြမ်း။ ခုပဲ မနက် ၁၁ နာရီလောက်မှာ သူမူးနေပြီ။ အရက်သောက်တာကလဲ ကချင်ပြည်နယ်ရဲ့ ရိုးရာဓလေ့လို ဖြစ် နေတာကိုး။ ဒီတော့လည်း မိဝေး ဖဝေး ဆုံးမ မယ့်လူဝေး နေတဲ့သူတွေအဖို့ သောက်ဖြစ်နေတာပေါ့။


--------------------------------------------------------------------------------------------------------------
 “သတ်လိုက်ပါ၊ ခင်ဗျားတို့ ကျုပ်ကို သတ်လိုက်ပါ၊ ခင်ဗျားတို့ ဇော်လွင် ဆိုတဲ့ ကျုပ်တယောက်ကိုပဲ သတ်နိုင် မှာပါ။ ဒါပေ မယ့် ဗမာပြည်မှာ ကကျောင်းသားတွေအများကြီးသိတဲ့အတိုင်းပဲလေ။ အိမ်တိုင်းမှာ ကျောင်းသား ရှိတယ်။ ဒါပေမယ့် အိမ်တိုင်းမှာ စစ်သားမရှိ ဘူး။ အဲဒီတော့ သမိုင်းကြောင်းအရ ခင်ဗျားတို့က ရှုံးနေပြီးသားပဲ”
---------------------------------------------------------------------------------------------------------------
ကျနော်တို့ မရောက်ခင်ကဘဲ ကျောင်သားတပ်မတော် (ကချင်ဒေသ) ကို ကျောင်းသားတပ်မတော် မြောက် ပိုင်းအဖြစ် တိုးချဲ့ဖွဲ့စည်းပြီးတဲ့ ကာလပေါ့။ ၇၀၁၊ ၇၀၂ နဲ့ ၄၀၁ ဆိုပြီး တပ်ရင်း ၃ ရင်း ပါဝင်တယ်။ ၄၀၁ တပ်ရင်းက ရှမ်းပြည်မြောက် ပိုင်း KIA တပ်မဟာ ၄ နယ်မြေထဲမှာ အခြေပြုတာ။ 

ကျနော်တို့ မြောက်ပိုင်းတက်လာတော့ သူတို့ အဖွဲ့နဲ့ ရှမ်းပြည်မြောက် ပိုင်း ဟိုခို ဂွင်ထဲမှာ ဆုံခဲ့သေးတယ်။ ကျနော်တို့ NB ဌာနချုပ်ရောက်တော့ ၄၀၁ တပ်ရင်းက ကိုယ်စားလှယ်ခေါင်းဆောင် တချို့ သူတို့ဒေ သ ပြန်ဆင်းဖို့ လုပ်နေပြီ။ ရဲမေ (ခင်ရွှေလှိုင် လက်ရှိ ဥက္ကဋ္ဌ ရဲဘော်သံခဲ ဇနီး) တယောက်နဲ့ ရဲဘော်လေး ငါးယောက်က NB ဌာနချုပ်မှာ ကျန်ခဲ့တယ်။

 ၁၉၉၀ စက်တင်ဘာလဆန်းပိုင်းမှာတော့ မိုးညှင်း၊ မိုးကောင်းနဲ့ မြစ်ကြီးနားမြို့နယ်ဘက်တွေကို ဒေသ ထိုးဖောက်ရေးအ တွက် ရှေ့တန်းဆင်လှုပ်ရှားကြဖို့ ကျနော်တို့ ဆင်းသွားကြတယ်။ အဲဒီအခေါက်က ကျနော်တို့ ကျောင်းသားတပ်မတော် ရဲဘော်သက်သက်ပဲ ဘယ်မဟာမိတ်မှ မပါဘူး။ အင်အား ၁၀၀ နီးနီးနဲ့ ဦးဆောင်သူကတော့ အဲဒီအချိန်က တွဲဘက် အတွင်းရေးမှူး (၂) ဒု စစ်ရေးတာဝန်ခံ ကိုမျိုးဝင်း ပေါ့။ (ရဲဘော် တချို့က သူ့ကို မှုံကြီးလို့ နောက်ကွယ်မှာ ခေါ်ကြတယ်။ မျက်နှာပေါက်ဆိုးလို့ ထင်တယ်။)
ဒါနဲ့ပဲ ကျနော်တို့ ကောက်ကွေ့ဂွင်လို့ခေါ်တဲ့ ကောက်ကွေ့ချောင်း ဖြတ်ဆီးသွားတဲ့ဒေသကို ဖြတ်ပြီး KIA ဗျူ ဟာ ၄ ဌာန ချုပ်၊ ဗျူဟာမှူး ဗိုလ်မှူး ဇော်တူး အခြေချနေတဲ့ KIA တပ်ရင်း ၅ ရဲ့ ဟိုပင်ပို့စ် ကို ရောက်သွား တယ်။ အဲဒီစခန်းမှာပဲ။ တာဝန်ခွဲကြတော့ အဲဒီအချိန်က ABSDF (NB) ရဲ့ ဘဏ္ဍာရေးမှူး ကိုအောင်ကြီး (မိုးကောင်း)၊ ရန်ကုန်ဒေသ တာဝန်ခံ ဗဟို ကော်မတီဝင် ကိုရဲလင်း (ရန်ကုန်)၊ ကျနော်နဲ့ တပ်စုတစုက မိုးကောင်း၊ မြစ်ကြီးနားမြို့နယ်တွေမှာ လှုပ်ရှားဖို့ ဖြစ်ပါတယ်။ အောက်တိုဘာလကုန်လောက်မှာ ကိုအောင်ကြီး၊ ကျနော်တို့အဖွဲ့ဟာ အဲဒီအချိန်က KIA တပ်ရင်း ၁၁ တပ်ရင်းမှူး ဗိုလ်မှူး လဆန်အောင်ဝါ ဦးဆောင် စစ်ကြောင်းနဲ့ မန္တလေး မြစ်ကြီးနားရထားလမ်းရဲ့ အနောက်ဖတ်ခြမ်းကို ကူးပြီး တချိန် က လီဒိုလမ်းလို့ ထင်ရှားတဲ့ ကားလမ်းဟောင်းတဝိုက်နဲ့ သံလမ်းရိုးတလျောက်လှုပ်ရှားတယ်။ NB တပ်အများ စုကတော့ အဲဒီအချိန်က ဗဟိုကော်မတီဝင် မိုးညှင်းခရိုင်မှူး ကိုစိန်အေးနဲ့ ၇၀၁ တပ်ရင်းမှူး ကိုအောင်သန်း ဦးဆောင်ပြီး သံလမ်း အရှေ့ခြမ်း မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းမြို့နယ်ဘက်မှာ လှုပ်ရှားဖို့ကျန်နေခဲ့ပါတယ်။
အဲဒီနှစ် ပွင့်လင်းရာသီရောက်တော့ ရန်သူစစ်အစိုးရတပ်တွေက ဒီဒေသတွေကို အလုံးအရင်းနဲ့ ထိုးစစ်ဆင် ပါတယ်။ ကျနော်တို့ လှုပ်ရှားရာ ရထားလမ်း အနောက်ဘက်ခြမ်းကို တပ်ရင်းတရင်း တခါတလေ နှစ်ရင်းနဲ့  နယ်မြေရှင်းလင်းရေး သဘောမျိုး လှုပ်ရှားစစ်ဆင်းပြီး ဇော်လွင်ကြီးတို့ လှုပ်ရှားရတဲ့ ရထားလမ်းအရှေ့ ဘက်ခြမ်းနဲ့ ကောက်ကွေ့ဂွင်ကိုတော့ တပ်မ ၉၉ တခုလုံးနဲ့ ထိုးစစ်ဆင်ပါတယ်။ ရန်သူက ယပ်တောင်ပုံ အရပ် ၈ မျက်နှာ နယ်မြေရှင်းလင်းရေးလုပ်တယ်။ ချောင်းငယ် ချောင်းဖျား ရေရနိုင်တဲ့နေရာတွေ အဓိကပစ်မှတ် ထား  ရှင်းလင်းပါတယ်။ ရေမရှိရင် အသက်မရှင်နိုင်ကြဘူး မဟုတ်လား။
အဲဒီကာလမှာ ကျနော်တို့ ရဲဘော်တွေ အကျအဆုံးများပါတယ်။ ဒီရန်သူ ထိုးစစ်ကာလမှာ တချို့က ပြည် တွင်းပြန်ဝင် ပုန်း အောင်းနေကြ၊ တချို့က သံလွင်မြစ်အနောက်ဘက်ကမ်းကူးပြီး ရွာတွေမှ ခိုအောင်းနေရ၊ တချို့ကို ဖားကန့်နယ်မြေထဲထိ ထွက်ပြေးသွားပြီးမှ ကိုယ့်လမ်းကြောင်းနဲ့ ကိုယ့်တော်လှန်ရေးနယ်မြေ ထဲ ပြန် လာရပါတယ်။ (ဒီနေရာမှာ ထင်ကောင်းထင် နိုင်တယ်။ တော်လှန်ရေးသဘောတရားနဲ့ ယှဉ်ပြီးတော့ပေါ့  ဒီနယ်မြေကလူထုကို မစည်းရုံးထားနိုင်လို့ စည်းရုံးရေးကျ ဆင်းလို့ ချေမှုန်းခံရတာလို့၊ ဒါပေမယ့် မဆိုင်ပါဘူး။ အဲဒီအချိန်မှာ ABSDF –NB စည်းရုံးရေးကျဆင်းနေတဲ့ အချိန်မဟုတ် သေးပါဘူး။ ဒီနယ်မြေမှာ လူထု လဲ တော်လှန်ရေးတပ်တွေနဲ့အတူ ထွက်ပြေးနေရတာ။ ကောက်ကွေ့ဂွင်လို့ခေါ်တဲ့ ဒေသ ရဲ့ ထူးခြားချက်ပါ။ လူဦးရေကျဲပါးတယ်။ တောနက်တယ်။ ကျားတို့ ဝက်ဝံတို့ တချို့ တောဆင်ရိုင်းတွေရှိ တဲ့ ဒေသပါ။
ကျနော်ပြောတဲ့ ဇော်လွင်ကြီးလဲ ဒီရန်သူထိုးစစ်ကာလမှာပဲ ကျဆုံးခဲ့ပါတယ်။ (ဇော်လွင်ကြီး လို့ ခေါ်ရတာက NB မှ ဇော် လွင် နှစ်ယောက်ရှိပါတယ်။ နှစ်ယောက်လုံးက သူရဲကောင်းပီသစွာပဲ ကျဆုံးခဲ့ရတာ ထူးခြားချက် တခုပါ။) သူကျဆုံးခဲ့တဲ့ နေရာကတော့ ဟိုပင်မြို့နယ် မြေနုပိုစ့် (မြေနုစခန်း) မှာပါ။ ကျနော်ပြောခဲ့တဲ့အတိုင်း ကျနော်တို့ လှုပ်ရှားဂွင်နဲ့ ဇော်လွင် ကြီးတို့ လှုပ်ရှားဂွင်က သပ်သပ်စီပါ။ မန္တလေး၊ မြစ်ကြီးနား ကားလမ်း၊ ရထားလမ်း ခြားပါတယ်။ ကျနော်က သူနဲ့အတူ လှုပ်ရှားခဲ့တဲ့ ရဲဘော်တွေရဲ့ ပြောပြချက်အရ သိရှိခဲ့ရတာပါ။ ပြီးတော့ အဲဒီအချိန် စစ်ကြောင်းတွေမှာ ပါလာခဲ့တဲ့ မိုးညှင်း မြို့သား ဝန်ထမ်း (ပေါ်တာ) တွေရဲ့ နောင် တ ချိန် ပြန်လည်ပြောပြချက်တွေအရ သိရှိခဲ့ရတာပါ။
တိုက်ရင်းခိုက်ရင်း ပြေးလွှားကြရင်းနဲ့ပဲ ဇော်လွင်ကြီးကို ရန်သူက အရှင်ဖမ်းမိသွားပါတယ်။ သူတို့ရဲ့ နောက် တန်း၊ အထိုင် စခန်းကို ခေါ်သွားပြီး ထုံစံအတိုင်း စစ်ဆေး မေးမြန်းပါတော့တယ်။ အဲဒီအချိန်မှာ သူ့ကို ဖမ်းခေါ် သွားပြီး စစ်ဆေးမေးမြန်း တဲ့ နဝတ (အဲဒီအချိန်က နဝတ ပါ) ဗိုလ်ကို ဇော်လွင်ကြီး ပြန်ပြောခဲ့တဲ့ စကားက ကလေးလဲဆန်တယ်၊ ထူးလဲထူးခြားပါ တယ်။ နိုင်ငံရေးစကား နိုင်ငံရေးသဘောတရား ထူးထူးခြားခြားတွေ မပါပေမဲ့လည်း ထူးခြားပါတယ်။ ကလေးတယောက် စကားနိုင်လုပြောနေသလို ပါပဲ။
“သတ်လိုက်ပါ၊ ခင်ဗျားတို့ ကျုပ်ကို သတ်လိုက်ပါ၊ ခင်ဗျားတို့ ဇော်လွင်ဆိုတဲ့ ကျုပ်တယောက်ကိုပဲ သတ်နိုင် မှာပါ။ ဒါပေ မယ့် ဗမာပြည်မှာက ကျောင်းသားတွေအများကြီး သိတဲ့အတိုင်းပဲလေ၊ အိမ်တိုင်းမှာ ကျောင်းသား ရှိတယ်။ ဒါပေမယ့် အိမ်တိုင်းမှာ စစ်သားမရှိဘူး အဲဒီတော့ သမိုင်းကြောင်းအရ ခင်ဗျားတို့က ရှုံးနေပြီးသားပဲ” တဲ့။ အဲဒီလို စကားနိုင်လုသလို ပြောခဲ့ပေမယ့် နဝတ စစ်ဗိုလ်လဲ ဘာပြောရမှန်း မသိဘူးဖြစ်သွားခဲ့ရ တယ် တဲ့။ နောက်ဆုံးတော့ အဲဒီ နဝတ စစ်ကြောင်း အခြေချစခန်းကနေ ဇော်လွင်ကြီးကို လှုပ်ရှားနယ်မြေ ထဲ ကို ပြန်ခေါ်လာပြီး ကျနော်တို့ တပ်ဖွဲ့တွေ ခိုအောင်းတဲ့ နေရာတွေ ကို လိုက်ပြခိုင်းပါတယ်။ သိတဲ့အတိုင်း ကျနော်တို့ရဲ့ အင်အားတွေက လိုအပ်တဲ့အချိန်တိုင်း နေရာတိုင်း အပြည့်ကင်းမ စောင့်နိုင်တော့ မိုင်းကိုပဲ ကင်းစောင့်ခိုင်းရပါတယ်။ သိတဲ့အတိုင်း ဇော်လွင်ကြီးက မိုင်းဆရာဆိုတော့ မိုင်းရှိတဲ့ နေရာအ မှတ်အ သားတွေကို သူကိုယ်တိုင်လဲ ထောင်ထားခဲ့မိုင်းတွေဆိုတော့ ရင်နှီးကျွမ်းဝင်ရှိနေတယ် မဟုတ်ပါလား။
ဒီလိုနဲ့ ဇော်လွင်ကြီးကို ခေါ်ဆောင်လာတဲ့ ရန်သူစစ်ကြောင်းဟာ ကျနော်တို့ ရဲဘော်တပ်ဖွဲ့တဖွဲ့ ခိုအောင်းနေ တဲ့ စခန်းပုန်း တခုနားကို ချဉ်းကပ်မိပါတယ်။ အဲဒီ စခန်းပုန်းဟာ ဇော်လွင်ကြီး နေခဲ့ဖူးတဲ့ နေရာဆိုတော့ သူကိုယ်တိုင်ထောင်ထားတဲ့ မိုင်းတွေနားကို သူကိုယ်တိုင်ချဉ်းကပ်မိတာပါပဲ။ မိုင်း (တိုက်မိုင်း) ရှိတဲ နေရာ ကိုလဲ သူ သိပါတယ်။ အဲဒီအချိန်မှာပဲ ဇော် လွင်ကြီးက ဆုံးဖြတ်ချက်တခုကို ခိုင်ခိုင်မာမာ ချလိုက်ပုံပါပဲ။

သူထောင်ထားတဲ့ တိုက်မိုင်းကြိုးကို သူကိုယ်တိုင် ဝင်တိုက် ပြီး ပေါက်ကွဲစေခဲ့ပါတယ်။ မိုင်းကွဲသံနဲ့ ကိုယ့်ရဲဘော်တွေကို အချက်ပေးပြီး ရန်သူအနားရောက်နေပြီဖြစ်ကြောင်း သိစေခဲ့ ပါတယ်။ အဲဒီမိုင်းကွဲသံကြောင့် ကျနော်တို့ တပ်ဖွဲ့တဖွဲ့ဟာ ရန်သူရဲ့ အလစ်အငိုက်ချေမှုန်းခံရမယ့်ဘေးက လွတ်မြောက် ခဲ့ရပါတယ်။ ဒါပေမယ့် ဇော်လွင်ကြီးရဲ့ အသက်ဝိဉာဉ်ကိုတော့ သူကိုယ်တိုင်ထောင်ခဲ့ပြီး သူကိုယ်တိုင် ဆွဲဖြုတ်ခဲ့တဲ့ မိုင်း က နှုတ်ယူသွားခဲ့ပါပြီ။
အဲဒီစစ်ကြောင်းက နဝတ ဗိုလ်ကတော့ တက်တခေါက်ခေါက်၊ စုပ်တသပ်သပ်နဲ့ပါတဲ့။ ကျနော်တို့ လက်မ တင်လေး လွတ် မြောက်သွားတဲ့အတွက် တက်တခေါက်ခေါက်နဲ့၊ ဇော်လွင်ကြီး အတွက်တော့ စုပ်တသပ်သပ် နဲ့ပါတဲ့။ ဒီလို သစ္စာရှိ သတ္တိ ရှိတဲ့ ရဲဘော်မျိုး ငါ့တပ်ထဲမှ လိုချင်လိုက်တာလို့ ဆိုပါသတဲ့။ ဒီအကြောင်းတွေကို အဲဒီအချိန်က အဲဒီ စစ်ကြောင်းမှာပါ လာတဲ့ ဟိုပင်၊ မိုးညှင်း တဝိုက်က ပေါ်တာ (အထမ်းသမား) တွေ အချိန် အတော်ကြာပြီးမှာ ကျနော်တို့ ရဲဘော်တွေနဲ့ ပြန် တွေ့တဲ့အခါ ပြောပြလို့ သိခဲ့ရပါတယ်။
ကိုယ်တိုင် အဲဒီလောက် သတ္တိမှရှိတာကိုတော့ ဝန်ခံပါတယ်၊ ဒါပေမယ့် သစ္စာရှိသူ သတ္တိရှိသူ စွန့်လွှတ်အနစ် နာခံသူတွေ ကိုတော့ လေးစားတတ်ပါတယ်။ ကျနော်တို့အများစုဟာ နာမည်ကြီး နာမည်ရှိသူတွေရဲ့ ဂုဏ် သိက္ခာတွေကိုပဲ ဂုဏ်ပြုချီး ကျူးလေ့ ရှိကြပြီး မထင်မရှား ကျဆုံးခဲ့တဲ့ သူတွေကိုတော့ မျက်စေ့လျှမ်းလေ့ ရှိကြပါတယ်။ ကျနော့်အနေနဲ့တော့ ဒေါ် အောင်ဆန်းစုကြည် ရဲ့ အညတြသူရဲကောင်းဆိုတဲ့ ဖွင့်ဆိုချက်ကို ကြားခဲ့ရတာရယ်။ နောက်ပြီး ဆောင်းပါးရှင် ရဲဘော် ကျော်သန်း ရဲ့ ဒီမိုကရေစီတော်လှန်ရေး ဘာကြောင့်၊ ဘယ်သူတွေကြောင့် တည်ရှိနေ၊ ရှင်သန်နေရသလဲဆိုတဲ့ ဖွင့်ဆို ချက်တွေကို ဖတ်ရတာရယ် နောက်ပြီး တတိယနိုင်ငံကိုရောက်လာတော့ တချို့မိတ်ဆွေ ရဲဘော်ဟောင်းတွေက ကျနော် တို့ ရှိနေတုန်းက ABSDF က အများကြီးလုပ်နိုင်တယ်။ အခုဘာများလုပ်နိုင်လို့လဲဆိုပြီး မေခွန်းထုတ်ချက်တွေ ကြားလာခဲ့ ရတာတွေ ရယ်။ အဲဒီတော့ ကျနော်တို့ ရဲမေတယောက် ပြောခဲ့တဲ့ “ကျောင်းသားတွေက သမိုင်းရှိတယ် ပထဝီတော့ မရှိ ဘူး” စကားကိုပဲ ကိုးကားပြီး ပြန်ပြောနိုင်ပါတယ်။ ဒါတွေကြောင့်ပဲ ကျနော်လေးစား အမှတ်ရတဲ့ မထင်မရှား ကျဆုံးသွားရ တဲ့ ရဲဘော်တချို့အကြောင်းကို အခြားလူများ သိစေလိုစိတ် ဖြစ်ခဲ့ပါတယ်။ ဒါကြောင်ပဲ သူတို့ အကြောင်းကို ရေးဖြစ်ခဲ့တာ ပါ။
စစ်ငြိမ်း

ဓဇဂ္ဂ = တံခွန်ဖျား၊ အလံဖျား ၊ (ပါဠိ-မြန်မာ အဘိဓာန် ဦးဟုတ်စိန်) 
နေ့ သစ် မှကူးယူဖော်ပြသည်။

Kyaw Gyi AB ကိုဇော်လွင်ကြီး မှာကောင်းချက် ရှိသလို လွဲချက်လဲရှိခဲ့ပါတယ်၊ ကိုလွှမ်းမိုး ကို စခန်း အလည်ခေါင်တန်းစီကွင်းမှာ သံချောင်းက ပစ်သတ်ပြီး တွင်းတိမ်တိမ်မှာ မြုပ်ထားခဲ့ပါတယ်၊ ( ၃ ) ရက်အကြာ မှာတော့ ကိုဇော်လွင် နဲ့  ဇော်ဇော်မင်းတို့  မူးလာပြီး ကိုယ်တိုင်မသတ်လိုက်ရလို့ ဆိုပြီး ဘက်နက် နဲ့  တူးဆွ ပေါ်လာတဲ့ လက်တစ်ဆစ်စီကို ဖြတ် ဝါးစားကြတဲ့ ရာဇဝင်လဲ ရှိပါတယ်။
 BarBu Abnb
စစ်ကိုင်းတိုင်းကလူတွေကိုဗဟိုကလိုက်သတ်တုံးကဆရာအောင်မင်း ဆရာဇော်လွင်ချစ်ဖေ စက်အောင် တို့ လေးယောက် ပါ။ထောက် လှမ်းရေးဇာတ်မကသေးပါဘူး။နားမား ကံကုန်းကြီးသင်းချိုင်းမှာအချို့ ကိုညကရှင်းခဲ့ပြီးမနက်ကြတော့ကျွန်တော် နဲ့ ဝင်းသိန်း(ဝန်းသို) တို့ ကိုဆရာအောင်မင်းမှသတ်မည်တကဲကဲလုပ်နေတော့ကိုဇော်လွင်ကမသတ်ဖို့ အကြိမ်ကြိမ်တားခဲ့လို့ ကျွန်တော်အသက်ရှင်နေ ရပါတယ်။ (၁၉၉၁ဒီဇင်ဘာလနောက်ဆုံးအပတ်ထဲမှာဖြစ်ခဲ့တာပါခင်ဗျာ

No comments: