Tuesday, February 14, 2012

ကျွန်တော်မျိုးကြီးပဲသေသင့်ပါတယ် (ညီညီကျော်)

ကျွန်တော်မျိုးကြီးပဲ သေသင့်ပါတယ်

by Kyaw Gyi AB on Tuesday, 14 February 2012 at 13:07 ·
ABSDF မြောက်ပိုင်း သတ်ဖြတ်မှုနှင့် ပက်သက်ပြီး RFA မှ မေးမြန်း တင်ပြချက်ထဲမှ ကိုမိုးသီးဇွန် နဲ့ ဒေါက်တာနိုင်အောင် ပြောဆိုသွားတာတွေကို စာနဲ့ပြန်ရေးထားတာဖြစ်ပါတယ်။
-------
ကိုမိုးသီးဇွန်

ကျနော်တို့ ၁၉၉၁ လောက်မှာ ABSDF ညီလာခံလုပ်တယ်။ ညီလာခံနှစ်လလောက်ကြာတယ်၊ ညီလာခံထဲမှာပြဿနာတွေ တက်တယ်၊နောက်တော့ကွဲသွားတယ်။ ကွဲသွားပြီးတဲ့နောက်ပိုင်းမှာ ABSDF မိုးသီးဇွန် နဲ့ ABSDF ကိုနိုင်အောင် ဆိုပြီးတော့ တပ်ပေါင်းစုမှာခေါ်ကြပါတယ်။ သို့သော်ငြားလည်း မြောက်ပိုင်းက ကိုနိုင်အောင်ဗဟိုရဲ့ဦးဆောင်မှုအောက်မှာရောက်သွားတယ်။ အဲဒီတော့ ဖြစ်သွားတဲ့ဖြစ်ရပ်တွေအကုန်လုံးက ABSDF နိုင် ဆိုတော့ ကိုနိုင်အောင်တို့အဖွဲ့ကဖြစ်သွားတာ။ ကျနော်တို့အနေနဲ့တိုက်ရိုက်စွက်ဖက်လို့ မရတော့ဘူး။ ဒီ စပိုင်ဆိုပြီး စွပ်စွဲပြီးဖမ်းခဲ့တော့ အဲဒါ ကျနော်တို့လည်းမသိဘူး၊ ဘယ်ဟာ အမှန်အမှားဆိုတာ။
ဒါပေမယ့် ထောက်လှမ်းရေးတွေဖြစ်နေတယ်ဆိုတာတောင်မှ မသတ်ပါနဲ့၊ သူတို့ကို လွှတ်လိုက်ပါဆိုပြီးတော့ ကျနော်တို့က KIO ပေါ့ အဲဒီတုန်းက၊ KIO ရဲ့ ဆက်သွယ်ရေးစက်ကတဆင့် တောထဲကနေ ကျနော်က လှမ်းပြီးပို့လိုက်ပါတယ်။
ဒါပေမယ့် သတ်ဖြတ်မှုတွေ အဲလို ဖမ်းဆီးမှုတွေ နှိပ်စက်မှုတွေ ဖြစ်နေတယ်လို့ ကျနော်တို့ကြားလာတယ်။ ကြားလာတဲ့အတွက် ကျနော်တို့က စာထုတ်ပြီးတော့ ကန့်ကွက်တယ်၊ ၁၉၉၂ ခုနှစ် မတ် လပိုင်းလောက်ဖြစ်မယ်။ ကျနော်တို့မှာ စာတွေရှိတယ်၊ အဲဒီတော့ ဒီလုပ်ရပ်ကို တားဆီးပေးဖို့ ဆိုတဲ့ဟာတွေ ပါပါတယ်။ ခုဟာကျတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ ABSDF ဗဟို မိုးသီးဇွန်က ဥက္ကဌလုပ်တဲ့အချိန် သူကပဲ အမိန့်ပေးလိုက်သလိုလို တချို့ အင်တာနက် facebook တွေမှာလည်း ရေးတာတွေ ကျနော်တို့တွေ့ရတယ်၊ ဒါကတော့ နိုင်ငံရေးအရ သက်သက်လုပ်ကြံတာလို့ ကျနော် ပြောချင်တယ်။

ABSDF မြောက်ပိုင်းဖြစ်ရပ်ကို ကိုမိုးသီးဇွန် သုံးသပ်တာကတော့

ဥပမာပေါ့ ကိုထွန်းအောင်ကျော်နဲ့ပတ်သက်လို့ ကိုမောင်မောင်ကြွယ်တို့ နောက်တခါ ကိုထိန်လင်းတို့ပေါ့ဗျာ နောက် ကျနော်တို့သိတဲ့လူတွေပါ ပါသွားတာကိုး။ အဲတော့ အဲဒီကာလက ကျနော်တို့ ဒီဖက်က ယူဆတာကတော့ မိုးသီးဇွန်ကိုထောက်ခံတဲ့အဖွဲ့ကို နိုင်အောင်ကို ထောက်ခံတဲ့အဖွဲ့က သတ်လိုက်တယ်လို့ပဲ ကျနော်တို့ သုံးသပ်ထားတာ။ တချိန်တုန်းက ဗကပ မှာ ဖြုတ်ထုတ်သတ်တွေ ဖြစ်ခဲ့ဖူးတယ်။ အဓိကကတော့ ရန်သူက၀င်ပြီး သွေးထိုးလှုံ့ဆော်တယ်လို့ပဲ သုံးသပ်ပါတယ်။ လူတွေဟာအတွေ့အကြုံနည်းတာရယ်၊ သမိုင်းကို မလေ့လာတာပေါ့လေ၊ အဲဒီပေါ်မှာ သူတို့က မှန်မှန်ကန်ကန် သိမ်သိမ်မွေ့မွေ့မဆုံးဖြတ်နိုင်တာတွေ ဖြစ်သွားတယ်ပေါ့ဗျာ။
-------------

ဒေါက်တာနိုင်အောင်ကတော့ မကြာခင်မှာ သူ့အနေနဲ့ ရှင်းလင်းချက်တစောင်ထုတ်ပြန်ဖို့ရှိပြီး အခုလောလောဆယ် သူပြောပြနိုင်တာကတော့
... ကျနော့်တယောက်တည်းအနေနဲ့ ဟို ရှင်းလင်းချက်ပေါ့ နော် အဲလိုမျိုးလေး ထွက်ဖို့ရှိတယ်။ အလုပ်ရှုပ်နေတော့ အဲဒီဟာလေးကို ရေးဖို့ကိစ္စက လက်စမသတ်နိုင်ဘူးဖြစ်နေတယ်။ ဟိုဟာ လူတွေက အချက်အလက်တွေ မှားပြောနေတာတွေ ထင်ရာမြင်ရာပြောနေတာတွေလေ၊ တချို့ဆိုပြောတာရှိတယ် ကျနော် ရောက်သွားပြီးတော့ အမိန့်ပေးလိုက်ပြီး သတ်လိုက်တာတို့ ဘာတို့ညာတို့လေ၊ အဲလိုမျိုး လွဲတာတွေအများကြီးရှိတယ်ဗျာ။ တခုလုံးအနေနဲ့ပြောရရင် ဗဟိုမှာ တာဝန်ရှိတာတော့ရှိတာပေါ့ ဒါပေမယ့် ကျနော်တို့က ဖြစ်ပြီးတော့မှ ကျနော်တို့က သိရတာ အဲဒီအချိန်တုန်းကလည်း ကိုယ့်မှာက ကွဲနေတဲ့အချိန်၊ မာနယ်ပလောထိုးစစ်နဲ့ အဲ နောက် စားဝတ်နေရေးနဲ့ ပြီးတဲ့အခါကျတော့ ကျနော်တို့ ကိုယ်စားလှယ်တယောက်ပို့လိုက်တယ်၊ အဲဒီကိုယ်စားလှယ်က ပြန်မလာသေးဘူး။ သူတို့ အဲဒီဥစ္စာတွေ nation သတင်းစာထဲ ရင်ဒီက ရေးလို့ပါလာတော့မှ ကျနော်က သိပြီးတော့ ကမန်းကတန်းနဲ့လိုက်သွားရတာ ဆိုတော့ အဲလိုမျိုးဟာမျိုးတွေလေ။ ဗဟိုအနေနဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့အခါကျတော့ ကျနော် တာဝန်ယူရတယ်ဆိုပေမယ့် မြောက်ပိုင်းကိုလည်း ကျနော်တို့က ပိုင်တာမဟုတ်ဘူး။ အမိန့်ပေးလို့ရတာလည်းမဟုတ်ဘူးဗျာ။ ဆိုတော့ အဲဒီအချိန်ကမှစပြီး ABSDF ကို တည်ဆောက်နေရတဲ့အချိန်ကိုး၊ ရိုးရိုးလေးပဲပေါ့ဗျာ ဒီလောက်များတဲ့လူတွေ စပိုင်ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာပဲကိုး ဆိုတော့ ကျနော်တို့ရဲ့ ဦးတည်ချက်က တခုပဲရှိတယ် အဲလို ဖမ်းထားတဲ့လူတွေအကုန် ထပ်မသတ်ဖို့၊ နောက် လွှတ်ပေးဖို့ပေါ့ အဲဒါ မြောက်ပိုင်းနဲ့ညှိတဲ့အခါကျတော့ သူတို့က မိဘတွေကို တနှစ်နေပြီး ပြန်အပ်ပြီးတော့ လွှတ်ပေးမယ်ဆိုတဲ့ဟာမျိုးပြောတော့ ကျနော်တို့ဒါပဲ လုပ်ပေးနိုင်တယ်ဗျ၊ ဟို တနေ့နေ့ကျရင်တော့ ဒီကိစ္စတွေ ရှင်းရမှာပဲဆိုတာမျိုးအားလုံးက ဗဟိုက ခံယူထားတယ်။ သူတို့ကိုလည်းကျနော်တို့ပြောပြတယ် မြောက်ပိုင်းက တာဝန်ရှိတဲ့လူတွေ။

No comments: