Friday, February 10, 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၉-)

by Aung Moe Win on Friday, 10 February 2012 at 19:30 ·
 အမှာ- မြောက်ပိုင်းဒေသ အရိုးတွန်သံများ ( ဆောင်းပါး-၇-) မှာ အစီရင်ခံစာတင်သူတဦးဖြစ်တဲ့ ရဲဘော်ကျော်ခိုင်ဝင်းက အဲ့ဒီကာလတုံးက ကိုရီးယား နိုင်ငံမှာပါ။ အခုတော့ သူက ကချင်ပြည်နယ် မိုးညှင်း ကို ပြန်ရောက်နေပါပြီ တဲ့၊ မြောက်ပိုင်းဒေသရဲ့ အစုလိုက်အပြုံလိုက် လူသတ်ပွဲအကြောင်းကို သိချင်ရင်သူ့ကိုဆက်သွယ်မေးမြန်းနိုင်ပါသတဲ့။ သူ့ရဲ့ဖုံးနံပါတ်၊၀၉၄၉၃၀၁၈၀၁ ဖြင့်ဆက်သွယ်နိုင်  ပါကြောင်း။
ဆောင်းပါး ( အပိုင်း-၉-) ကို ဆက်လက်တင်ပြလိုက်ပါတယ်။

လူသတ်သမားများရဲ့  စိတ္တဇ ရောဂါ
တရုတ်ပြည်ရဲ့ ဝရုန်းသုန်းကား ယဉ်ကျေးမှုတော်လှန်ရေးကို ဦးဆောင်ခဲ့သူ၊ လေးဦးဂိုဏ်းအဖွဲ့ခေါင်းဆောင်၊ (မော်စီတုံးရဲ့ မိန်းမ)     Jiang Qing ကို ဖမ်းဆီးစစ်ဆေးတဲ့ တရားခွင်က စိတ်ပျက်စရာအလွန်ကောင်း ပါ တယ်။ သူမ ရဲ့ ခက်ထန်ခေါင်းမာမှုကို နောက်ဆုံးချိန်ထိ အထင်အရှားတွေ့ခဲ့ရပါတယ်။ တရားရုံးမှာ သူမကြောင့် သေကြေပျက်စီးခဲ့သူတွေရဲ့ဆွေမျိုးသားချင်းတွေ၊ ပါတီဝင်တွေက မျက်ရည်နဲ့ပြောပြီး ရင်ဖွင့်နေစဉ်မှာတောင် သူမဟာ မထေ့မဲ့မြင် ငေါက်ငမ်း သရော်တော်တော် တုံ့ပြန်ခဲ့တယ်။ သူမရဲ့ ရာဇဝတ်မှုတွေကို မှန်ကန်တဲ့လုပ်ရပ်လို့ သူမကိုယ်တိုင်က ယုံကြည်နေပုံရပါတယ်။  တကယ်တော့ သူမဟာ ရုပ်ရှင်မင်းသမီး၊ ပြဇာတ်မင်းသမီးအဖြစ် ရှင်သန်ရပ်တည်ခဲ့တဲ့ အမျိုးသမီးတယောက်ဖြစ်တယ်၊ မော်စီတုံး ကို ချည်းကပ်ပြီး နိုင်ငံရေးလောကမှာ ထင်ရှားလာတဲ့ ဇာတ်ကောင်တယောက်ဖြစ်လာခဲ့တယ်။ သူမရဲ့ ခက်ထန်မာကျောမှု့၊ ခေါင်းမာမှုတွေကို လူကြားထဲမှာ ဘယ်လိုပဲ ပြပြ၊ သူမတယောက် တည်း နေတဲ့ အခါ ကျတော့ အထီးကျန်သိမ်ငယ်စိတ်တွေနဲ့ ခြောက်လှန့်နေတတ်ပါတယ်။ လူ့အဖွဲ့အစည်းက သူမကို လက်မခံတော့ဘူး ဆိုတာကို သူမကောင်းကောင်းသိပါတယ်။ ၁၉၉၁ မှာ ကျန်းမာရေးအခြေအနေကြောင့် အပြင်ဆေးရုံကို တက်သကုသခွင့်ရခဲ့ပါတယ်။ ထောင်တွင်းကို ပြန်မရောက်တော့ပါဘူး။ သူမကိုယ်တိုင် သတ်သေပစ်လိုက်ပါတော့တယ်။ တကယ်တော့ တရုပ်ပြည် ရဲ့ ယဉ်ကျေးမှုတော်လှန်ရေး  အဖြစ်အပျက် ရယ်၊ ၁၉၉၄ ရဝမ်ဒါမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးစုသုတ်သင် ရှင်းလင်းရေးတွေကို ကြည့်လိုက်မယ်ဆိုရင် ဝရုန်းသုန်းကား  လှုံ့ဆော်မှုတွေကြောင့် လူအုပ်ဟာ သွေးကြွလာပြီး အုပ်စုတစု ကို အုပ်စုတစုက စွပ်စွဲ သတ်ဖြတ်ခဲ့ကြတာပါ။ ဒီလိုမျိုးအဖြစ်အပျက်တွေကို Mob Psychology လို့ခေါ်ပါတယ်။ ဒါပေမဲ့ မြောက်ပိုင်း ကိစ္စမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုကတော့ လူတွေကို သွေးအေးအေးနဲ့ လပေါင်းများစွာ ဖမ်းဆီးနှိပ်စက်၊ ခုတ်ထစ်သတ်ဖြတ် ခဲ့ခြင်းဖြစ်ပါတယ်။  မြောက်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံ လိုက်လူသတ်ပွဲအကြောင်း ပြောကြတဲ့အခါ၊ လူသတ်မှုကို ကျူးလွန်ခဲ့သူတွေက သူတို့ကပဲ မှန် သယောင်ယောင် ပြောဆိုနေမှုတွေကို ကြားရတိုင်း၊ ယဉ်ကျေးမှုတော်လှန်ရေးရဲ့ အမှားတွေကို ဦးဆောင် ခဲ့သူ၊ Jiang Qing ရဲ့ ကိုယ့်ဘာသာ သတ်သေမှုတွေကို သတိယဖြစ်ပါတယ်။  

ရုပ်ရှင်ကားနှစ်ကား၊ ရွေးချယ်မှုနှစ်ခု
အဖွဲ့အစည်းတွေဟာ ကိုယ့်သမိုင်းကို ဘယ်လိုအဆုံးသတ်မလဲ ဆိုတဲ့မေးခွန်းကို စဉ်းစားနိုင်ဖို့အတွက် ရုပ်ရှင်ကားနှစ်ကားကို မိတ်ဆက်ပြီး သတိပေးချင်ပါတယ်။ တကားကတော့ ဗမာပရိဿတ်တွေ ရင်းနှီး ကျွမ်းဝင်ခဲ့တဲ့ “ ဝံပလွေများနှင့် ကခုန်ခြင်း” Dance with Wolves ဆိုတဲ့ရုပ်ရှင်ပါ။ လူဖြူတွေ အမေရိကားကို ကျူးကျော်သိမ်းပိုက်တဲ့ သမိုင်းနောက်ခံလေးတွေကို တင်ပြရင်း၊ ဒါရိုက်တာ “ကယ်ဗင်ကော်စနာ” က အဆိုးအကောင်း၊ ကျူးကျော်မှု နဲ့ တုန့်ပြန်မှု၊ အမှားနဲ့ အမှန်တွေကို ပွင့်ပွင့်လင်းလင်းချပြတယ်။ ဒေသခံ အမေရိကန်တွေရဲ့ ပျက်စီးသွားတဲ့ဘဝတွေကို စာနာနားလည်အောင် ရိုက်ပြခဲ့တယ်။ သူများတွေရဲ့ဘဝကို စာနာနားလည်ရင်း၊ သမိုင်းအမှားတွေကို ဝန်ခံခဲ့တဲ့ကားမို့လည်း Dance with Wolves ဟာ ဆုအများကြီးဆွတ်ခူးခဲ့ပါတယ်။

နောက်ရုပ်ရှင်ကားတကားကတော့ American History X “ အမေရိကန်သမိုင်း အိတ်(-က)(-စ) ဆိုတဲ့ ကားပါ။ KuKluxKlan လို့ ခေါ်တဲ့လူဖြူအစွန်းရောက်ကေသုံးလုံးတွေအကြောင်းကြားဖူးမိကြပါလိမ့်မယ်။ လူ ဖြူတွေသည်သာမြင့်မြတ်တယ် ဆိုတဲ့အယူအဆ နဲ့ အာဖရိကန်အမေရိကန်တွေကို နည်းပေါင်းစုံ သတ် ဖြတ်နှိပ်စက်ခဲ့တဲ့ ကေသုံးလုံးလူငယ်တယောက် အကျဉ်းထောင်ထဲကို ရောက်သွားတဲ့အချိန်မှာတော့၊ သူလေးစားခဲ့တဲ့ ကေသုံးလုံးခေါင်းဆောင်တွေဟာ မူးယစ်ဆေးဝါး၊ မကောင်းမှုမျိုးစုံနဲ့ ပတ်သက်နေတယ် ဆိုတာကို ထင်ထင်ရှားရှားသဘောပေါက်လိုက်တယ်။ ကိုယ်ကျင့်သိက္ခာကို တန်ဘိုးထားတဲ့သူဟာ ကေသုံး လုံးခေါင်းဆောင်တွေကို ရှောင်ဖယ် အန်တုလာတဲ့အခါ၊ သူလေးစားခဲ့ဘူးတဲ့ ကေသုံးလုံးဂိုဏ်းတွေကပဲ သူ့ကို ဖိနှိပ်ရက်စက်တော့တယ်။ နောက်ဆုံး ယောင်္ကျားခြင်း အဓမ္မကျင့်ခံရသည်အထိ ခံခဲ့ရ တယ်။ ထောင်ကလွတ်တော့ လူဖြူအစွန်းရောက်တွေ နဲ့ ပတ်သက်နေတဲ့ သူ့ညီကို၊ ထောင်အတွေ့ အကြုံတွေပြောပြီး၊ ကေသုံးလုံးဂိုဏ်းတွေနဲ့ အဝေးဆုံးမှာ နေဖို့ သတိပေးခဲ့တယ်။ အားလုံးသိကြတဲ့ အတိုင်းပါပဲ။ အမေရိကန်သမိုင်းကို သင်တဲ့အခါ၊ ကေသုံးလုံးတွေရဲ့ သမိုင်းကို အမွှန်းတင် ခြီးမြှောက် ပြော ဆိုရဲတဲ့သူမရှိပါဘူး။

ဒါကြောင့် ငါ့အဖွဲ့အစည်းမှ ငါ့အဖွဲ့အစည်း ဆိုအော်ဟစ်၊ သူများတွေရဲ့ သမိုင်းကိုလည်း မလေးစား၊ မှားခဲ့တဲ့သူတွေဘက်က တိတ်တဆိတ်ရပ်တည်နေကြမယ် ဆိုရင်တော့ ကေသုံးလုံးတွေရဲ့ သမိုင်းဆိုးတွေ လိုပဲ လူတွေရဲ့ နှုတ်ဖျားမှာ ကျန်ရစ်ခဲ့မှာ အမှန်ပါ။ ကျနော်ပြောခဲ့သလိုပဲ။ ကိုထွန်းအောင်ကျော်တို့ ကျဆုံး ခြင်းအကြောင်းကို ဖေ့ဘွတ်မှာရေး၊ အနှစ် (၂၀) အခမ်းအနားတွေကျင်းပပြီး မေ့လျော့သွားမယ်လို့ တွက် ထားရင်တော့ မှားသွားပါလိမ့်မယ်။ မုန်တိုင်းက ဆက်လက်တိုက်ခတ်နေမှာပါ။ အစုလိုက်အပြုံလိုက် လူသတ်မှုကြီး အပေါ်မှာ တာဝန်မဲ့၊ သတ္တိမဲ့၊ အရည်အချင်းမဲ့တဲ့သူများရဲ့ အသည်းမာမှု၊ မသိကျိုးကျွံပြု မှုဆိုတာတွေ ဟာ တကယ်ဖြစ်နိုင်ပါ့မလား။ သူရဲဘောကြောင်စွာတိတ်ဆိတ်နေတာကော မဖြစ်နိုင်ဘူးလား။ အနာဂတ်ကို စိတ်ဝင်စားပါတယ်။

တရားခံများ၊ သက်သေများနှင့် ငရဲ၏ လားရာ
မြောက်ပိုင်း ကျောင်းသားတပ်မတော်အတွင်းက အစုလိုက်အပြုံလိုက်လူသတ်မှုမှာ တာဝန်ရှိ သူ ခေါင်းဆောင် (၃) ဦးကတော့ ရော်နယ်အောင်နိုင်၊ သံချောင်း ( ထောင်တွင်း) နဲ့ မျိုးဝင်း ( သေဆုံး)  တို့ဖြစ်ပြီး၊ စစ်ကြောရေးကို ဦးဆောင်ပြီး ခေါင်းဖြတ်မှုကို ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ လှဆိုင်း ( လက်ရှိ ABSDF မြောက်ပိုင်း) ၊ သန်းဇော်  တို့ဖြစ်တယ် ဆိုတာ အားလုံးသိပြီးကြပြီးဖြစ်ပါတယ်။

ဆောင်းပါး (-၉-) မှာ ဆွေးနွေးတင်ပြချင်တဲ့အကြောင်းအရာကတော့ ၁၉၉၂ ခုနှစ် မတ်လ (၁) ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲ့ သတင်းထုတ်ပြန်မှုပဲဖြစ်ပါတယ်။ သတင်းထုတ်ပြန်မှုတွေက အင်္ဂလိပ်လိုတွေချည်းဖြစ်နေတော့ အောက်ခြေကျောင်းသားရဲဘော်တွေက ကောင်းကောင်းသိရှိခဲ့ဟန်မတူပါ ဘူး။ အင်္ဂလိပ်လို ထုတ်ပြန်ခဲ့တာလည်း အကြောင်းရှိပုံရပါတယ်။ မြောက်ပိုင်း ABSDF အစုလိုက်အပြုံလိုက် လူသတ်မှုဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်းမှာ နာမည်ပျက်လာတော့ ABSDF ခေါင်းဆောင်တွေဟာ သူတို့အဖွဲ့အစည်းကို အဖတ်ဆည်ဖို့ကြိုးစားခဲ့ပုံရပါတယ်။ ဒါပေမဲ့ အဖတ်ဆယ်ဖို့ကြိုးစားခါမှ သက်သေဖြစ် ခဲ့ရပြန်ပါတယ်။

ကိုအောင်ထူး ( ယ္ခု - ရှေ့နေများကောင်စီ၊ BLC) လက်မှတ်နဲ့ အင်္ဂလိပ်လိုထုတ်ပြန်ထားတဲ့ သတင်း ထုတ်ပြန်မှုကို အတတ်နိုင်ဆုံး ဆီလျော်အောင် ဘာသာပြန်ပေးထားပါတယ်။

ABSDF  ( ဘယ်ဘက်တွင် စည်းတံဆိပ်နှင့် ခွပ်ဒေါင်း)
ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး
ဗဟိုကော်မတီ ( ဋ္ဌာနချုပ်)

ABSDF ( မြောက်ပိုင်းဒေသ) မှ ခိုင်လုံသော သက်သေများနှင့်တွဲထားသော အစီရင်ခံစာအရ၊ စစ်အစိုးရရဲ့ သူလျှို (၁၅) ယောက်ကို သတ်ဖြတ်ကွပ်မျက်ပစ်လိုက်ပါပြီ။
(၁) သတ်ဖြတ်ကွပ်မျက်ပစ်လိုက်တဲ့ ရန်သူ့သူလျှို (၁၅) ယောက်ဟာ အမျိုးသား ဒီမိုကရေစီကို ဆက်သွယ် ခဲ့တဲ့ စစ်အစိုးရရဲ့ ထောက်လှမ်းရေး တိုက်ပိတ် (ခ) သန်းထွန်းစိုး ရဲ့ အပေါင်းအပါများဖြစ်ပါတယ်။ သန်းထွန်းစိုး ဆိုသူဟာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်ပြီးနောက် ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ဆီသို့ ဝင်ရောက်လှုပ်ရှား ခဲ့ပါတယ်။ နောက် မကြာခင်မှာ၊ စစ်အစိုးရ ( SLOC) ထံသို့ လက်နက်ချသယောင်ယောင် ဟန်ဆောင်ပြီး၊ ဒေါ်အောင်ဆန်း စုကြည်သည် ကျောင်းသားတပ်မတော်( မြောက်ပိုင်း) နှင့် အမြဲမပြတ်ဆက်သွယ်လှုပ်ရှားနေသည် ဟု ထွက်ဆိုခဲ့ပါသည်။ စစ်အစိုးရရဲ့ စစ်ထောက်လှမ်းရေးဗျူရို ( MIS) နဲ့ အမျိုးသားထောက်လှမ်းရေးဗျူရို
( NIB) တို့ရဲ့ ညွှန်ကြားချက်အောက်မှာ၊ တိုက်ပိတ်(ခ) သန်းထွန်းစိုး နဲ့ အပေါင်းအပါ သူလျှို (၁၅) ယောက် တို့ဟာ “ ဒေါ်အောင်ဆန်းစုကြည် သည် လက်နက်ကိုင်သူပုန်များ နှင့် ဆက်သွယ်ခဲ့သည်” ဆိုတဲ့ ဇာတ်လမ်း အတုတခုကို ဖမ်းဆင်းခဲ့ပါတယ်။ ဒီလိုဖန်တီးခြင်းအားဖြင့် သူမကို ရာဇဝတ်မှု ဥပဒေ နှင့် ဆက်နွယ်ဖမ်း ဆီးနိုင်မှာဖြစ်ပါတယ်။

(၂) ၁၉၈၈ အရေးတော်ပုံ ကာလအတွင်း၊ စစ်အစိုးရရဲ့ ထောက်လှမ်းရေးတွေဟာ အပြစ်မဲ့ ပြည်သူတွေကို လုယက်ခြင်း၊ ရာဇဝတ်သားတွေကို ထောင်မှလွှတ်ပေးပြီး အစားအစာနဲ့သောက်ရေတွေထဲမှာ အဆိပ် ခပ်ခြင်း--- စတဲ့ အဖျက်အမှောင့် လုပ်ငန်းတွေ ကျူးလွန်အောင် လှုံဆော်ခဲ့ကြတယ်။  သူတို့ကို ဖမ်းဆီးမိပြီး ပြည်သူ့ခုံရုံးမှာတင်တဲ့အခါ ကြားသိခဲ့ရပါတယ်။ သာမန်ပြည်သူတွေလိုပဲဝတ်စားဆင်ယင်ထားတဲ့ စစ်ထောက်လှမ်းရေးတွေဟာ၊ ဒေါသထွက်နေတဲ့ ပြည်သူလူထုကြီးကို ခေါင်းဖြတ်သတ်တဲ့ဖြစ်ရပ်တွေ ကျူး လွန်အောင် သွေးထိုးလှုံ့ဆော်ကြပြီး ၊ စစ်တပ်မှ အာဏာသိမ်းခွင့်ရေစေတဲ့ နည်းလမ်းတခုကို ဖန်တီး ခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ပြီး ဂုဏ်သိက္ခာ ပျက်ယွင်းအောင် ပြုလုပ်ခဲ့ကြပါတယ်။ ( အမျိုးသားခေါင်းဆောင်တယောက်ဖြစ်တဲ့ သူမအနေနဲ့ စစ်အာဏာ မသိမ်းခင်နဲ့ စစ်အာဏာသိမ်းအပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများအတွက် ဘာတခုမှ လုပ်ပေးလို့ မရတော့ပါ ဘူး) ။ ABSDF ( မြောက်ပိုင်း) မှာ ကွပ်မျက်သတ်ဖြတ်ခဲ့တဲ့ ရန်သူ့သူလျှို (၁၅) ယောက်ဟာ အဲ့ဒီထောက် လှမ်းရေးတွေရဲ့ တစိတ်တပိုင်းဖြစ်ပြီး---- ( ကြိုးစားဖတ်ပေမဲ့ စာကြောင်းထဲမှာပါသော စာလုံးများမရှင်းပါ။ သို့သော် အရေးမကြီးပါ။ စွပ်စွဲချက်တွေကို ခန့်မှန်းလို့ရပါသည်)

(၃)  မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲဖို့အတွက်၊ စစ်အစိုးရဟာ ရန်ကုန်ကျောင်းသား၊ မန္တလေးကျောင်းသား၊  -- စတဲ့ မတူကွဲပြားတဲ့ နယ်မြေအသီးသီးမှ ကျောင်းသားအုပ်စုတွေကို အုပ်စု ခွဲစေလွှတ်ပြီး “ရေလှိုင်းစစ်ဆင်ရေး” ကို ဆင်နွဲခဲ့ပါတယ်။ မတူကွဲပြားတဲ့အတွေးအခေါ်တွေနဲ့ ABSDF ခေါင်းဆောင်တွေရဲ့ နေထိုင်မှုပုံစံတွေကို မေးခွန်းထုတ်ဝေဖန်လာခဲ့ပါတယ်။ စစ်အစိုးရပြုလုပ်တဲ့ အမျိုးသားညီလာခံ မစတင်ခင်မှာ၊ ABSDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ အထင်အမြင် လွဲမှားအောင်ဖန်တီးပြီး၊ ABSDF ရဲ့ ဂုဏ်သိက္ခာ နှိမ့်ဆင်းကာ လက်နက်ချအညံ့ခံစေခြင်းများဖြစ်ပေါ်အောင် ဖန်တီးခဲ့ကြပါတယ်။ စစ်အစိုးရရဲ့ စီမံကိန်းအရ၊ အမျိုးသားညီလာခံကျင်းပနေချိန်အတွင်းမှာ လက်နက်မချတဲ့ကျောင်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်။ ဒါဟာ ABSDF ကို ကွဲပြဲအောင်လုပ်မဲ့ စစ်အစိုးရရဲ့ နိုင်ငံရေး အစီအစဉ်တရပ်ပဲဖြစ်ပါတယ်။

(၄) တခြားတဘက်မှာတော့၊ “ရေလှိုင်းစစ်ဆင်ရေး”အရ၊ ရှစ်လေးလုံးအရေးတော်ပုံ သုံးနှစ်ပြည့်မှာ၊  ရန်သူ့သူလျှိုတွေဟာ ကျောင်းသားခေါင်းဆောင်နဲ့မဟာမိတ်တွေကို အဆိပ်ခပ်သတ်ဖို့ ကြိုးစားခဲ့ကြ ပါတယ်။ တချိန်တည်းမှာပဲ၊ ကွန်မန်ဒို လို့ ယူဆရတဲ့ သူတို့ထဲက တချို့ဟာ၊ ရေလှိုင်းစစ်ဆင်ရေးကို ဆင်နွဲဖို့အတွက် အသေးစားလက်နက် (၁၅) လက်နဲ့လက်နက်ခဲယမ်း မီးကျောက်တွေကို သယ်ဆောင်လာခဲ့ကြပါတယ်။ အဲ့ဒါတွေကိုလည်း သိမ်းဆည်းရခဲ့မိပါတယ်။

(၅) ဒါတွေဟာ စစ်ပွဲတခုအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့အခြေအနေဆိုခဲ့ပေမဲ့ စွပ်စွဲခံရသူတွေဟာ ခုခံကာ ကွယ်ပိုင်ခွင့်ရှိခဲ့ပါတယ်။ ရန်သူ့သူလျှိုတွေရဲ့အမှုကို တရားရုံးမှာ ကြားနာခဲ့ပါတယ်။ စွပ်စွဲခံရသူတွေအနေနဲ့ သူတို့ဟာ ရန်သူ့သူလျှိုတွေဖြစ်ကြောင်း  သူတို့ကို ကွပ်မျက် မသတ်ဖြတ်ခင်မှာ ရှင်းလင်းစွာဝန်ခံထွက်ဆို သက်သေခံခဲ့ပါတယ်။

( ကိုအောင်ထူး လက်မှတ်)
အောင်ထူး
အတွင်းရေးမှူး (၁)
ဗဟိုကော်မတီ
ကျောင်းသားတပ်မတော် ( ABSDF)
မတ်လ(၁) ရက်၊ ၁၉၉၂

ကျနော်ဗျာ- ၁၉၉၂ မတ်လ (၁) ရက်မှာ ထုတ်ဝေတဲ့ ကျောင်းသားတပ်မတော်ရဲ့ စတိတ်မန့်ကို ဖတ်ပြီး BLC က ကိုအောင်ထူး ကို အကြံပေးချင်ပါတယ်။ “ ခင်ဗျားဗျာ- တတ်နိုင်ရင် ရှေ့နေလုပ်မစားပါနဲ့။ ခင်ဗျား လိုက်တဲ့ အမှုက ရှုံးပြီး ခင်ဗျားလူ ထောင်ကျမှာစိုးလို့ပါ” လို့။ ဘာကြောင့်ကျနော် ဒီလိုအကြံပေးရပါသလဲ။ ခင်ဗျားတို့ပဲ ထုတ်ပြန်ကြေငြာချက်ကို သုံးသပ်ကြည့်ပေတော့။

ထုတ်ပြန်ချက်ထဲက နံပါတ်(၁) ကတော့ ထားလိုက်တော့။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စေတနာထားပြီး စိုးရိမ်ရှာလို့ဖြစ်တာ လို့ နားလည်ပေးလို့ရပါတယ်။
အချက် (၂) ကိုကြည့်ဗျာ။ ၁၉၈၈ မှာ စစ်ထောက်လှမ်းရေးတွေ ဟာ ဒေါသထွက်နေ တဲ့လူအုပ်ကြီး ကို ခေါင်းဖြတ်သတ်ဖို့ လှုံ့ဆော်ခဲ့တယ် လို့ဆိုတယ်။ မြောက်ပိုင်းဒေသမှ အဲ့သလို၊ မိုက်မိုက်ရိုင်း ရိုင်း ခေါင်းဖြတ်သတ်ခဲ့တာ ဘယ်သူတွေလဲ။ မျိုးဝင်း၊ သံချောင်း၊ လှဆိုင်၊ သန်းဇော် --- တို့တတွေလား၊ ကိုထွန်းအောင်ကျော်နဲ့ စွပ်စွဲခံရသူတွေလား။ ထုတ်ပြန်ချက်က ရှေ့နောက်မညီဘူးဖြစ်နေတယ်။ ထုတ်ပြန် ချက်ထဲက ဥပမာတွေကလည်း တက်တက်စင်အောင်လွဲနေတယ်။ ကိုထွန်းအောင်ကျော် ဆိုတာ ဗကသ ( အထက်ဗမာပြည်) ခေါင်းဆောင်တယောက်ဖြစ်တယ် ဆိုတဲ့ သမိုင်းကို မသိခဲ့ကြတာလား။ သိသိချည်း နဲ့ ခေါင်းဖြတ်သတ်ခဲ့ကြတာလား။ ခက်တော့နေပြီ။ သမိုင်းနားမလည်ပဲနဲ့ အဖွဲ့အစည်းခေါင်းဆောင် လုပ်တော့၊ ပေါက်လွှတ်ပဲစားပဲဖြစ်တော့မှာပေါ့။

အချက် (၃) ကို စမ်းစစ်ကြည့်ပါ။ မြောက်ပိုင်းကျောင်းသားတပ်မတော် ခေါင်းဆောင်တွေ ဟာ ရေဘင် မျက်မှန်တွေတပ်ပြီး မာဖီးယားခေါင်းဆောင်တွေလို နေခဲ့ကြတယ်လို့ဆိုတယ်။  ရဲဘော်တွေက ငပိ နဲ့ စားနေရချိန်မှာ ခေါင်းဆောင်တွေက လခယူ၊ ကိုယ်ဆုပ်လက်နှယ်ပြုစုပေးမဲ့တပည့်တပမ်းတွေထား ခိုင်းစားကြတာပါ။ ဒါကို မြင်နေတဲ့ ရဲဘော်တွေမှာ ဝေဖန်ပိုင်ခွင့်မရှိဘူး လား။ ဒေါ်ချိုချိုကျော်ငြိမ်း ရဲ့ မွေးစား သား လို့ လူသိများတဲ့ မောင်မောင်ကြွယ် ဆို အဲ့သလို အခွင့်ထူးခံခေါင်းဆောင်တွေကို ဆန့်ကျင်လေ့ရှိလို့ သူ့ကို မျိုးဝင်းက ညှိုးခဲ့တာလို့သိရတယ်။ ကျနော်ကတော့ ခေါင်းဆောင်တွေ ခြစားအကျင့်ပျက်တာယုံတယ်။ ထိုင်းနယ်စပ်နဲ့ မဲဆောက်မှာလည်း ဒီအတိုင်းပဲလေ။ လူတွေကို အခွင့်အရေးပေး၊ ငွေပေးပြီး ပျက်စီးအောင် လုပ်၊ အပြစ်ကျူးလွန်သူခြင်း ကျောခြင်းကပ်ထားတဲ့ အစုတ်ပဲ့ဆုံးနိုင်ငံရေးကို ပြပါဆိုရင် မဲဆောက်၊ ချင်းမိုင် နိုင်ငံရေးပါပဲ။ သူတို့နဲ့ သန်းရွှေ ရဲ့ စစ်အစိုးရ အကျင့်စရိုက်တွေဟာ သူမသာ ၊ ကိုယ်အသုဘ ပါပဲ။

အချက် (၄) ကတော့ ကာယကံရှင်တွေကိုသာမေးကြည့်ပါတော့။ နှိပ်စက်စစ်မေးတုံးက မရခဲ့တဲ့ အဆိပ်တွေ၊ လက်နက်တွေကို ကိုယ့်ဘာသာ ဘယ်ကရှာပြီး သတင်းစာရှင်းလင်းပွဲလုပ်လဲ မသိပါဘူး တဲ့။

ကဲ-- ကိုအောင်ထူး နဲ့ ၁၉၉၂ ကျောင်းသားတပ်မတော် ( ဗဟိုဋ္ဌာနချုပ်) ခေါင်းဆောင်များကို အတိတ်ရဲ့ စဉ်းစားစရာများကို တွေးစေပြီး ဆောင်းပါး (-၉-) ကို နိဂုံးချုပ်ပါရစေ။
ကိုထွန်းအောင်ကျော် နှင့် ကျဆုံးခဲ့သော ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ရဲဘော်များ ကောင်းရာ သုဂတိလားပါစေ။ မတရားသဖြင့် နှိပ်စက်စော်ကားသူများလည်း မသန့်ရှင်းသော ဝိညာဉ်တွေ မှ ဆေးကြော သန့်စင် လွတ်မြောက်နိုင်ကြပါစေ။ အမှန်တရားပေါ်ထွန်းပါစေ။

အောင်မိုးဝင်း

No comments: