by Aung Moe Win on Tuesday, 28 February 2012 at 22:30 ·
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးငြင်းခုန်ကြတဲ့အခါတိုင်း၊ စစ်တပ်ရဲ့ အခန်းကဏ္ဍ နဲ့ အသွင်ကူးပြောင်းမှု ကာလမှာ ကြုံတွေ့ခဲ့ကြရတဲ့ နိုင်ငံတွေဆီမှ အခက်အခဲတွေကို လေ့လာသုံးသပ်ကြတယ်။ စစ်အာဏာသိမ်းခေါင်းဆောင်တွေ ဟာ အရပ်သားအစိုးရတရပ်ပေါ်လာအောင် ဘယ်လို အာဏာလွှဲပြောင်း ခဲ့သလဲ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို ဘယ်လိုအကောင်အထည်ဖေါ်ခဲ့ကြသလဲ ဆိုတဲ့အချက်တွေဟာ လူစိတ်ဝင်စားစရာအကောင်းဆုံး အရာတွေဖြစ်လာခဲ့တယ်။ အနောက်တိုင်းပညာတတ်အများစုကတော့ ချီလီနိုင်ငံရဲ့အံ့သြဘွယ်ပြောင်းလဲမှုတွေကိုစံထားအတုယူဘွယ်တွေအဖြစ်နှိုင်းယှဉ်သုံးသပ်ပြလေ့ရှိကြတယ်။ ချီလီနီုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲတွေကို သုံးသပ်မယ်ဆိုရင်၊
ကာလ (၃) ခုခွဲပြီးလေ့လာရပါလိမ့်မယ်။
(က) ၁၉၈၀ အခြေခံဥပဒေ နဲ့ ပီနိုချေးရဲ့ သမ္မတ သက်တမ်း နှစ်ခု ( ၁၉၈၀-၈၈)
(ခ) ၁၉၈၈ အလွန်၊ လစ်ဘရယ်စီးပွားရေးလှိုင်းများ ( ၁၉၈၉- ၂၀၀၉)
(ဂ) ၂၀၁၀ အလွန်မှာ ကြုံတွေ့နေရသော လူမှုရေးမငြိမ်သက်မှုများ-- ဆိုတဲ့ကာလတွေပဲဖြစ်တယ်။
အမေရိကန်ပြည်ထောင်စုက ထောက်ပံ့ကူညီပေးခဲ့တဲ့ ပီနိုချေး အာဏာသိမ်းစစ်အစိုးရရဲ့ အနှစ် (၂၀) စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေကြောင့် ချီလီနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခဲ့တယ် လို့ဆိုတယ်။ ဒါပေမဲ့ ၂၀၁၀ အလွန်၊ ချီလီနိုင်ငံမှာ ကြုံတွေ့နေရတဲ့ လူမှုရေး၊ နိုင်ငံရေး မငြိမ်သက်မှုတွေရဲ့ အဓိက အကြောင်းရင်းကို ကောက်ယူလိုက်မယ်ဆိုရင်၊ ချီလီနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အနှစ်(၂၀)အတွင်းမှာ မေ့လျော့ခဲ့တဲ့ အားနည်းချက်တွေကို တွေ့ရှိနိုင်ပါတယ်။
လက်တင်အမေရိက နိုင်ငံရေးသုံးသပ်လေ့လာသူတွေကတော့ “ချီလီနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ ပြဿ နာတွေအားလုံးဟာ ဗိုလ်ချုပ်ပီနိုချေးရဲ့ ၁၉၈၀ အခြေခံဥပဒေကြောင့်ဖြစ်တယ်” လို့ အကဲဖြတ်ကြတယ်။
“နိုင်ငံရေးပြဿနာတွေ မပြေလည် ရင် ငြိမ်းချမ်းရေးမရနိုင်ပါဘူး” တဲ့။ ပါလီမန်တွင်းကနေ၊ ၂၀၀၈ အခြေခံ ဥပဒေကိုတဖြည်းဖြည်းနဲ့ ပြုပြင်ပြောင်းလဲယူမယ် ဆိုတဲ့ စိတ်ကူးများ ကံကောင်းနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါ ရစေ။
ဒီတပတ်၊ လွတ်လပ်တဲ့အာရှအသံ ရဲ့ အင်္ဂါနေ့ ( ဖေဖေါ်ဝါရီ ၂၈၊ ၂၀၁၂) ညပိုင်းအစီအစဉ်မှာ၊ ချီလီနိုင်ငံမှာ ကြုံတွေ့နေရတဲ့ လူမှုရေးမငြိမ်သက်မှုတွေရဲ့ အဓိကအကြောင်းတရားတွေကို တင်ပြထားပါတယ်။
သောတရှင်များခင်ဗျား
လွန်ခဲ့တဲ့ နှစ်တုံးက ချီလီနိုင်ငံရဲ့ လူမှုရေးမငြိမ်သက်မှုတွေနဲ့အတူပေါ်ပေါက်ခဲ့တဲ့ ကျောင်းသားတွေရဲ့ ပင်ဂွင်းတော်လှန်ရေး အကြောင်းကို တင်ပြခဲ့ပြီး ချီလီနိုင်ငံရဲ့ နိုင်ငံရေးစံနစ်တခုကို မေးခွန်းထုတ်ခဲ့ဘူးပါ တယ်။ ဒီတပတ်မှာတော့ ချီလီနိုင်ငံရဲ့ အခြေခံဥပဒေကြောင့် သေအံ့ဆဲဆဲဖြစ်ခဲ့ရတဲ့ ဒီမိုကရေစီနည်းမကျ ဖြစ် ခဲ့ရတဲ့ ရွေးကောက်ပွဲတွေနဲ့ ပါလီမန်စံနစ်တခု အကြောင်းကို ဆွေးနွေးချင်ပါတယ်။
၁၉၈၈ ခုနှစ်ကာလတုံးက ချီလီနိုင်ငံမှာ “ပျော်ရွှင်မှုတွေ လာနေပြီ” ဆိုတဲ့ သီချင်းတပုဒ်ဟာ ပြည်သူလူထုရဲ့ အသဲနှလုံးထဲမှာ အမြစ်တွယ်ရိုက်ခပ်ခဲ့ဘူးပါတယ်။ စစ်အာဏာရှင် ပီနိုချေးရဲ့ သမ္မတသက်တမ်း (၂) ခုအပြီး မှာ၊ သမ္မတရာထူးကို မစွန့်လွှတ်ချင်တဲ့ ပီနိုချေးဟာ ချီလီနိုင်ငံရဲ့ အခြေခံဥပဒေကို ထပ်မံပြင်ဆင်ဖို့ကြိုးစား ခဲ့ပါတယ်။ နိုင်ငံတော်ကို ဆက်လက် ဦးဆောင်ချုပ်ကိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီကို လိုလားတောင့်တတဲ့ ပြည်သူတွေဟာ “ နိုး” မဟာမိတ်အဖွဲ့ကို ဖွဲ့လိုက်ကြပြီး၊ ပီနိုချေးရဲ့ ဦးဆောင်မှုကိုပယ် ဖျက်ကြဖို့ ဆော်သြခဲ့ကြပါတယ်။လူထုဆန္ဒခံယူပွဲ တွေကတဆင့်ပီနိုချေးရဲ့သမ္မတသက်တမ်းကို အဆုံးသတ် ပစ်ခဲ့ပါတယ်။
“ ၁၉၈၈ လူထုဆန္ဒခံယူပွဲအပြီးမှာ အာဏာရှင် ပီနိုချေးတယောက် သမ္မတရာထူးကနေ စွန့်ခွာပေးလိုက်ရပေ မဲ့၊ တပ်မတော်အကြီးအကဲရာထူးအဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်တယ်။ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဖမ်းဆီးအရေးယူလို့ မရအောင်၊ တသက်တာ ဆီးနိတ်တာ ဆိုတဲ့ ရာထူးတွေကို ခြီးမြှုင့် ကာကွယ်ပေးခဲ့တယ်။ ဒါကြောင့်လည်း ၂၀၀၆ ခုနှစ် မှာ သူ့ကိုစွဲချက်တင်ထားတဲ့ ရာဇဝတ်မှုပေါင်း ၃၀၀ ကျော်ကို ဘယ်သူကမှ တရားဝင် ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိခဲ့ဘူး။”
တကယ်တော့ နှစ်ပေါင်း (၃၀) အတွင်းမှာ ချီလီနိုင်ငံရဲ့ ၁၉၈၀ ချီလီအခြေခံဥပဒေ ထဲက ပြဋ္ဌာန်းမှုတွေကို အချက်ပေါင်း (၅၂) ချက်နီးပါးပြင်ဆင်ရေးဆွဲနိုင်ခဲ့ပါတယ်။ ၁၉၇၃အာဏာသိမ်းပွဲနေ့ကို နိုင်ငံတော် ရုံးပိတ် ရက်အဖြစ်သတ်မှတ်ခြင်း၊ပီနိုချေးအပေါ်ခြီးမြင့်ထားတဲ့တသက်တာဆီးနိတ်တာဘွဲ့တွေကို ပြန်လည်ရုတ်သိမ်း ခြင်း၊ စစ်အာဏာသိမ်းမှု၊ အတိုက်အခံနိုင်ငံရေးသမားများအပေါ် ဖမ်းဆီးသတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို ဖမ်းဆီး အရေးယူခြင်း၊ -- စတဲ့ အချက်တွေကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၈၀ အခြေခံဥပဒေရဲ့အရေးပါတဲ့ အချက်အ လက်တွေ ကိုတော့ ပြောင်းလဲနိုင်စွမ်းမရှိခဲ့ကြပါဘူး။
“ ပီနိုချေးရဲ့၁၉၈၀အခြေခံဥပဒေအရလွတ်လပ်တဲ့ရွေးကောက်ပွဲတွေကိုကျင်းပပေးမယ်ဆိုခဲ့ပေမဲ့ ရွေးကောက်ပွဲ မဲပေးပုံစံနစ်နဲ့ပါလီမန်အတွက်ရွေးချယ်မှုစံနစ်တွေဟာရှုပ်ထွေးနေခဲ့တယ်။ချီလီနိုင် ငံ ရွေးကောက်ပွဲတွေဟာ ဘိုင်နိုမီနယ် စံနစ် နဲ့ သွားတာ ဖြစ်တယ်။
ဥပမာ- ပါတီနှစ်ခု ရဲ့ ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲဝင်ကြတဲ့အခါ၊ ပါတီတခုခုရဲ့ ကိုယ်စားလှယ်က အပြတ်အသတ်အနိုင်ရချင်ရ၊ အပြတ်အသတ်မနိုင်ပဲ နှစ်ယောက်လုံးက မဲအရေအတွက် (၅၀) % ကျော်မှာ ရှိနေတယ် ဆိုရင်၊ ပါလီမန်မှာ ထိုင်ခုံတခုံဆီ ခွဲယူကြရတယ်။ ပီနိုချေး ဟာ သူတည်ထောင်ခဲ့တဲ့ ပါတီရဲ့ ကိုယ် စားလှယ်တွေကို ပါလီမန်ထဲ မရောက်ရောက်အောင် သွင်းဖို့ကြိုးစားခဲ့တယ်။ ၁၉၈၉ မှာ ခရစ်ယာန် ဒီမိုက ရက်တစ်ပါတီဟာ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့သလို၊ လက်ဝဲမဟာမိတ်များအဖွဲ့ကလည်း ပါလီ မန်ရွေးကောက်ပွဲမှာ အများအပြားနေရာရခဲ့တယ်။ ဒါပေမဲ့ အထက်မှာ တင်ပြခဲ့တဲ့ ပါလီမန်ရွေးကောက်ပွဲ စံနစ်အရ အာဏာရှင်ပီနိုချေးရဲ့ ပါတီကိုယ်စားလှယ်တွေဟာ မဲအများစုမရပေမဲ့ (၅၀) % ကျော်မှာ ရှိနေအောင် ကြိုးစားခဲ့ကြပြီး ပါလီမန်ထဲမှာ နေရာရခဲ့ကြတယ်။ ဒီမိုကရက်တစ်နည်းကျကျ ပြုပြင်ပြောင်း လဲမှုတွေကို လုပ်ဖို့ကြိုးစားသူတိုင်းကို အမာခံပြီး ပိတ်ဆို့တားဆီးခဲ့တာကြောင့် ချီလီနိုင်ငံဟာ နိုင် ငံရေးနောက်ပြန်ဆုတ်မှုတွေ၊ လူမှုရေးမငြိမ်သက်မှုတွေနဲ့ ကြုံတွေ့ခဲ့ကြရတယ်”
တကယ်တော့ အာဏာရှင်ပီနိုချေး ရဲ့ သမ္မတသက်တမ်း (၈) နှစ် အပါအဝင်၊ အစိုးရအသီးသီးဟာ လွတ်လပ် တဲ့ ဈေးကွက်စီးပွားရေး၊ ပုဂ္ဂလိက ပိုင်ဆိုင်မှု၊ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ် တည်ငြိမ် စေခြင်း စတဲ့အချက် (၃) ချက်ကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ကြပါတယ်။ ချီလီနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့ တဘက်မှာတော့ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကို ဦးစားပေးပြီး အစိုးရရဲ့ လူမှုဖူလုံရေး၊ ကျန်းမာရေးနဲ့ ပညာရေး ဆိုင်ရာအစိတ်အပိုင်းတွေအပေါ်၊တာဝန်ယူမှု နည်းပါးခဲ့တာကြောင့် လူတန်းစားကွာဟမှုတွေကလည်း ကြီး သထက် ကြီးလာခဲ့တယ်။ ပြည်သူတွေဟာ သူတို့ရဲ့ ဒီမိုကရေစီ နည်းကျကျ အသံစစ်စစ်တွေဟာ တိုင်းပြည် ခေါင်းဆောင်တွေ အပေါ် ဘာမှ သက်ရောက်မှုမရှိဘူး လို့ ထင်မြင်ယူဆ လာခဲ့ကြတယ်။
လူမှုဗေဒပညာရှင်မာတာ လူဂိုစ် ကတော့ “ ၁၉၉၀ ခုနှစ်မှာ ဒ်ီမိုကရက်တစ်ပြုပြင်ပြောင်းလဲမှုကို ထင်ဟပ်စေ တဲ့ ရွေးကောက်ပွဲတွေကို စတင်တဲ့အခါ ပြည်သူလူထု ၉၀ % မှတ်ပုံတင်ပြီး၊ ၈၅ % ကျော် မဲပေးခဲ့ကြတယ်။ ဒါပေမဲ့ မဲပေးနိုင်တဲ့ ပြည်သူလူထု အရေအတွက်ဟာ ၇၀ % အောက်မှာရှိပြီး၊ သုံးပုံတပုံက မှတ်ပုံ မတင်ကြဘူး။ ပြည်သူတွေဟာ သူတို့ရဲ့ အချုပ်အခြာပိုင်ဆိုင်မှုကို အထင်သေး ခံရတယ် လို့ ခံစားကြရတယ်။ တကယ်တော့ မကြာသေးခင်က ပေါ်ပေါက်နေခဲ့တဲ့ လူမှုရေးမငြိမ်သက်မှုတွေဟာ ၁၉၈၀ အခြေခံဥပဒေ ဖွဲ့စည်းပုံကြောင့် ပေါ်ပေါက်ခဲ့တဲ့ အကျိုးဆက်တွေဖြစ်တယ်။ ဒီကနေ့ တည်ရှိနေတဲ့ ချီလီပါလီမန်ဟာ သူတို့ရဲ့ အသံကို ကိုယ်စားပြုပါသလား လို့ မေးကြည့်လိုက်ရင် ပြည်သူလူထုရဲ့ ၆၀ % ကျော်က နိုး လို့ ဖြေကြပါလိမ့် မယ်။”
နိုင်ငံရေးလေ့လာသုံးသပ်သူ Guillermo Holzmann ကတော့ ပါလီမန်ရွေးကောက်ပွဲစံနစ်တခုလုံးကို အပြင်း အထန်ပြုပြင် ပြောင်းလဲမှု ပြုလုပ်ရမှာ ဖြစ်သလို၊ တခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ပါဝင်လှုပ်ရှားနိုင်ခွင့် ကိုလည်းအားကောင်းလာအောင် ပြုလုပ်ပေးရမှာ ဖြစ်တယ် လို့ ဆိုပါတယ်။
စီးပွားရေးပြုပြင်ပြောင်းလဲမှုတခုတည်းကိုသာ အာရုံစိုက်ခဲ့ပေမဲ့၊ ဒီမိုကရေစီနည်းမကျတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နဲ့ ထင်ရောင်ထင်မှားနိုင်ငံရေး စံနစ်တခုထဲမှာ မျောပါခဲ့တဲ့ ချီလီနိုင်ငံဟာ လူမှုရေးမငြိမ် သက် မှုတွေနဲ့အတူ မောပမ်းအသက်ငင် နေခဲ့ပါတယ်။ ချီလီပြည်သူတွေဟာ အတိတ်တုံးက လက်ခံခဲ့မိတဲ့ ၁၉၈၀ အခြေခံဥပဒေကို အန်တုငြင်းဆန်နေခဲ့ကြပါတယ်။
သောတရှင်များခင်ဗျား
ဗမာပြည်ရြဲ့ပုပြင်ပြောင်းလဲရေးတွေကို ချီလီနိုင်ငံနဲ့ နှိုင်းယှဉ်တင်ပြနေသူတွေရဲ့အသံကို မကြာခဏ ကြားမိကြပါလိမ့်မယ်။ ချီလီနိုင်ငံမှာ ဒီကနေ့ကြုံတွေ့နေရတဲ့ လူမှုရေး၊မငြိမ်သက်မှုတွေ နဲ့ နိုင်ငံရေးနှောင့်နှေး ဆုတ်ယုတ်မှုတွေဟာ အထက်ပါ တင်ပြဆွေးနွေးနေသူတွေအားလုံးကို ပြန်လည်စဉ်းစားဖို့ သတိပေးနေခဲ့ပါ တယ်။ တကယ်တော့ဗမာပြည်ရဲ့ ၂၀၀၈ အခြေခံဥပဒေဟာချီလီအာဏာရှင် ပီနိုချေးရဲ့နိုင်ငံရေးလက် ဝါးကြီး အုပ်မှုထက် အဆပေါင်းများစွာ ပြင်းထန်ပါတယ်။ တိုင်းပြည်ရဲ့ အရေးပါတဲ့ နေရာအားလုံးကို စစ်အုပ်စုက သိမ်းပိုက်ရယူထားခဲ့ပြီး အနာဂတ်နိုင်ငံရေးကို လွှမ်းမိုးခြယ်လှယ် ပါလိမ့်မယ်။ ချီလီနိုင်ငံရဲ့ ပါလီမန်ထဲမှာ လက်ဝဲမဟာမိတ်နဲ့ လက်ယာမဟာမိတ်များ ဆိုတဲ့အတွေးအခေါ်အားပြိုင်မှုတွေသာ ရှိခဲ့ပေမဲ့ ဗမာပြည်နိုင် ငံရေးမှာတော့ တိုင်းရင်းသားတွေရဲ့တန်းတူရေးတိုက်ပွဲတွေ၊ ဒီမိုကရေစီရေး အင်အားစုတွေရဲ့ ရုန်းကြွမှုတွေ က နေရာအနှံ့အပြားမှာ ပေါ်ပေါက်နေပါတယ်။ သောတရှင်တို့လည်း ဒီမိုကရက်တစ်စံနှုန်းတွေကို ဟန့် တားနှောက်ရှက်နေတဲ့ ၂၀၀၈ အခြေခံဥပဒေ နဲ့ စစ်အာဏာရှင်တွေ ချုပ်ကိုင် လွှမ်းမိုးထားတဲ့ နိုင်ငံရေး စံနစ် တခုဆီမှ လွတ်မြောက် ရုန်းထွက်နိုင်ကြပါစေ။
အောင်မိုးဝင်း
No comments:
Post a Comment