Sunday, February 12, 2012

ကိုအောင်ကျော်

မှတ်မှတ်ထင်ထင်ရှိခဲ့တဲ့ ဆရာလေး ကိုအောင်ကျော်သို့

by Stephin Lee on Sunday, 12 February 2012 at 00:25 ·
အေဘီ - မြောက်ပိုင်း မှာဖြစ်ခဲ့တဲ့ လူသတ်မှုတွေ ဖော်ထုတ်လာကြတဲ့ အထဲမှာ ကျနော်တို့ သိတဲ့ ကိုအောင်ကျော် ပါလာပါတယ်။ သူသေခဲ့ရတဲ့ နေ့စွဲ၊ ဘာကြောင့် သေဆုံးရတယ် ဆိုတဲ့ အချက်တွေ အတိအကျ မတွေ့ရဘူး။ ဒါကြောင့် သူဘယ်လို လူဆိုတာ ကျနော် ရေးဖို့ အကြောင်း ဖြစ်လာပါတယ်။ အခုလို ဖော်ထုတ်မှုတွေ မရှိခင်ကတည်းက သူ့အကြောင်း ကျနော့် အက်ဆေး တစ်ပုဒ်ထဲ ထည့်ရေးခဲ့ဖူးပေမယ့် သူသေတာလား၊ ပျောက်တာလား မသေချာခဲ့ဘူး။ (http://mrbalance.blogspot.com/2008/03/place-of-diamond-of-jubilee_16.html)

သူ့ကို လူချင်း မသိရခင်ကတည်းက သူ့အကြောင်းကို ကျနော် သိနေခဲ့တယ်။ ကျနော့် အဖေရဲ့ လက်ရင်း ပန်းချီတပည့်လည်း ဖြစ်၊ ပန်းချီတော်သူ တစ်ဦးလည်းဖြစ်တယ်။ ကျနော်တို့ ကျောင်းအတွက် ပန်းချီဆုတွေ ယူပေးခဲ့တဲ့ သူတွေထဲမှာ သူလည်းပါပါတယ်။ ပန်းချီတင်မက၊ အခြား အဆိုအကတွေနဲ့ ကျောင်းလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူ ဖြစ်တယ်။ ဘက်စုံထူးချွန်သူ တစ်ဦးဖြစ်ပါတယ်။
သူနဲ့ ကျနော် အသက်အရွယ်အရ ကွာပေမယ့် တစ်ကျောင်းတည်းထွက်ပါ။ တစ်ရပ်ကွက်ထဲ နေခဲ့ဘူးလို့ လူချင်းသိရ ရင်းနှီးရတာပါ။

အဲဒီ ကျောင်းနဲ့ ရပ်ကွက်က မိုးနဲ့မြေ ဆိုသလို ဆန်ကျင်ဖက် အရပ်နှစ်ခုပါပဲ။ အဲဒီ နှစ်နေရာလုံးမှာ သူဟာ လူမှန် တစ်ယောက်၊ အများအတွက် လုပ်ဆောင်သူ တစ်ယောက် အဖြစ် လေးစားခံရသလို လူချစ်လူခင်များသူ ဖြစ်ပါတယ်။

ပညာရေးတက္ကသိုလ်၊ လေ့ကျင့်ရေးကျောင်း (ကမာရွက် တီတီစီ) ဟာ မြန်မာပြည်ရဲ့ ထိပ်တန်း ကျောင်း တစ်ကျောင်း ဖြစ်ပြီး၊ သူတို့ခေတ်ကတည်းက အပြိုင်အဆိုင်များ ခဲ့တာ သာမန် ကျောင်းသားတစ်ဦး ထင်ပေါ် ဖို့ဆိုတာ အတော့်ကို ခက်တဲ့ကိစ္စပါ။ ဒါပေမယ့် သူက ထင်ပေါ်ပြီး အားလုံးရဲ့ ချစ်ခင်ခံရတဲ့ ကျောင်းသား တစ်ဦးပါ။

ကျနော်တို့ နေတဲ့ လိုင်းပေါက်ဆိုတာ တက္ကသိုလ်များ အမှုထမ်းရိပ်သာ ဆိုသော်လည်း လူဆိုး၊ လူပေ၊ လူရှုပ်၊ လူပွေတွေ ပေါတဲ့ရပ်ကွက်လို့ နံမည်ဆိုးနဲ့ ကျော်ကြားသော်လည်း ကိုအောင်ကျော်ကို လူတိုင်း တလေးတစား ရှိကြတယ်။

သူ့မိသားစု နောက်ကြောင်း မျိုးရိုးကို မသိပါ။ သူ့ကို စသိစဉ်ကတည်းက ကျနော်တို့ ရပ်ကွက် ဆွမ်းလောင်းအသင်းမှာ ဝေယျာဝစ္စ လုပ်ကိုင်ရင်း အဲဒီမှာ သူတစ်ယောက်တည်း နေတယ်။ ဒီတုန်းက သူ တက္ကသိုလ်ကျောင်းသား တစ်ယောက် ဖြစ်နေမည်။

ဝါတွင်း သုံးလ စနေနေ့တိုင်း အလှူခံထွက်သမျှ လူကြီး၊ လူငယ်တွေ ပါဝင်လာအောင် သူအမြဲတမ်း နိုးဆော်လေ့ရှိတယ်။ မည်သည့်အခါမျှ ပျက်ကွက်သည်ကို မတွေ့ခဲ့ရပေ။ ပုဆိုးတိုတို သူ့အရပ် ကလန်ကလားနဲ့ အော်လံကြီး ကိုင်ပြီး လမ်းကြိုလမ်းကြား၊ အိမ်ကြိုအိမ်ကြား ဆွမ်းလောင်းအသင်း အလှူခံလို့ မရှက်မကြောက် သူအော်တယ်။ သာမန် တက္ကသိုလ်တက်နေသူ တစ်ယောက် အဲဒီလို အလုပ်မျိုး လုပ်မှာ မဟုတ်ပါဘူး။ ဆွမ်းဆန် ပြည့်လာပြီဆို ထမ်းစရာ ရှိတာ ဝင်ထမ်းတာပဲ သူ့လုပ်နိုင်သမျှ စကားနဲနဲ မှန်မှန်ပဲ ဝင်လုပ်လေ့ ရှိတဲ့။ သူနဲ့ ဘကြီးဘပေါ်၊ ဦးသောင်းတို့ဟာ ရပ်ကွက်ဆွမ်းလောင်းအသင်းရဲ့ နိဗ္ဗာန်ဆော်များ ဖြစ်သကဲ့သို့ အချိန်ပြည့်စေတနာ့ဝန်ထမ်းများလည်း ဖြစ်ကြတယ်။

ဆွမ်းလောင်းရုံရှေ့ ဘာမှ မသုံးပဲ ထားတဲ့ ဆေးပေးခန်းနေရာကို ကိုအောင်ကျော် ဦးဆောင်ပြီး ရပ်ကွက် စာကြည့်တိုက် အဖြစ် ပုံဖော်ခဲ့တယ်။ လူငယ်လူရွယ်တွေ စာဖတ်အောင်၊ စာကြည့်တိုက် လာကြဖို့ အမြဲ အားပေးနှိုးဆော်သူပါ။ မိသားစုနဲ့ မနေပဲ တစ်ယောက်တည်း နေတဲ့ ကိုအောင်ကျော်ဟာ သူ့ဖာသာ သူရပ်တည်နိုင်အောင် ကြိုးစားရပ်တည်ခဲ့သူ ဖြစ်တယ်။

အဲဒီအချိန်က ၄ တန်းကနေ၊ ၈ တန်း အထိ သချာင်္သင်တဲ့ ဦးဝေဇင်ကျူရှင်မှာ သူက အင်္ဂလိပ်စာ ဝင်ပြတယ်။ သူပြတဲ့ အင်္ဂလိပ်စာ အတန်းကို ၆ တန်းနှစ်မှာ တက်ခဲ့တယ်။ သူ့ဆရာသား ဆိုပြီး မျက်နှာသာ ပေးတာမရှိ။ ပြောစရာတာပြော၊ ဆုံးမစရာ ရှိတာဆုံးမတယ်။

အကြီး၊ အငယ် အားလုံးကို သက်ညာလေ့ရှိတယ်။ အမြင်မတော်တာဆိုလည်း ညင်ညင်သာသာပဲ ပြောဆိုပြီး၊ ဦးဆောင်လုပ်ပြတတ်သူ ဖြစ်တယ်။ အကိုကြီး တစ်ယောက်လို၊ ဆရာတစ်ယောက်လို လူငယ်တွေကို အမြဲ ဆုံးမဆွေးနွေးတယ်။

လူငယ်ရန်ပွဲတွေ ပေါတဲ့ ကျနော်တို့ ရပ်ကွက်မှာ သူနဲ့ အခြားသူ တစ်ဦးနဲ့ ခွန်းကြီး ခွန်းငယ် စကားများတဲ့ အခြေအနေမျိုးတောင် မတွေ့ခဲ့ရပါဘူး။ စာသင်လို့မရတဲ့၊ သူ့အားနည်းချက်ကြောင့် အခြားသူများက အမြဲအနိုင်ကျင့်ခံရတဲ့ ကျနော့် အကိုလို လူမျိုးကိုတောင် သူအကာအကွယ် ပေးခဲ့တယ်။ ကျနော့်အကိုက အခြား ဘယ်သူ့စကားမှ နားမထောင်ချင်နေပေမယ့် ကိုအောင်ကျော် ပြောသမျှ နားထောင်ပြီး သူ့အနားမှ ရှိနေတတ်ပြီး ဆွမ်းအလှူခံ ကိစ္စကို အမြဲမပျက်မကွက် ဆောင်ရွက်တယ်။


ကိုအောင်ကျော် သေသည့် အကြောင်း ကျနော် အကို သိရတဲ့နေ့က သူမျက်ရည်ကျကြောင်း သိရတယ်။
အရပ်ရှည်ရှည်၊ ကိုယ်လုံးကိုယ်ထည် တောင့်တောင့်၊ အသားညိုညို၊ မျက်ခုံး မျက်ဖန်ကောင်းကောင်း၊ မျက်နှာ လေးထောင့်ကျကျ ကိုအောင်ကျော်ဟာ အမြဲတည်တည်တန့်တန့် နေတတ်တယ်။ တခါတရံတော့ တည်ကြည်လေးနက်စွာ ပြုံးနေတတ်တယ်။ မည်သူနှင့်မဆို စကားပြောတဲ့ အခါ လေးလေးနက်နက်နဲ့ စိတ်ဝင်တစား နားထောင် ဆွေးနွေးတတ်တယ်။ စကားနည်းတဲ့ လူတစ်ယောက် ဖြစ်တယ်။ သူအတွက်နဲ့ အခြားသူတွေ ဝန်ထုပ်ဝန်ပိုး မရှိစေလို့တဲ့ လူမျိုးဖြစ်တယ်။

သာမန် လူငယ်တစ်ယောက် အနေနဲ့ ဆွမ်းလောင်းအသင်းလို နေရာမျိုးမှာ နှစ်ရှည်လများ ဒုက္ခသည်းငြီးခံပြီး နေထိုင်ဖို့ မလွယ်တဲ့ ကိစ္စပါ။ ဝေယျာဝစ္စ ကိစ္စတွေ ရှိသလို၊ ဆွမ်းလောင်း အသင်း၏ ဘဏ္ဍာငွေကြေး ထားရာ နေရာဖြစ်တဲ့ အများသဘောမတူပဲ အဲဒီနေရာမျိုးမှာ နေထိုင်ဖို့ မဖြစ်နိုင်ပါ။ သူနောက်ဆုံး ထွက်သွားတဲ့ အချိန်အထိ အဲဒီမှာပဲ နှစ်ပေါက်အောင် နေခဲ့သည်။

ကိုအောင်ကျော် အချစ်ဆုံး သူငယ်ချင်း ကိုအောင်ကျော်ထွန်းပါ။ နံမယ်က ခပ်ဆင်ဆင်တူသလို ပန်းချီဝါသနာပါတာလည်း တူကြတယ်။ အဲဒီသူ့သူငယ်ချင်းနဲ့ သူတို့ ဆယ်တန်းအတူတူ အောင်ကြတယ်။ အဲဒီအောင်ပြီး ရက်ပိုင်းအတွင်းပဲ သူဆယ်တန်းအောင်လို့ ရတဲ့ ပြိုင်စက်ဘီးနဲ့ ကားနဲ့ တိုက်ပြီး ကွယ်လွန်ခဲ့ရတယ်။ ဒီတုန်းက သူ့သူငယ်ချင်းအတွက် သူဘယ်လို ခံစားရမည်ကို မခန့်မှန်းတတ်ပါ။ သို့သော် သူတို့ ၂ ယောက်စလုံး ကံကြမ္မာဆိုးနဲ့ သေကြရတယ်။

အတတ်ပညာ တစ်ခုခု တတ်မြောက်ခြင်းက တကြိမ်မှာ အကျိုးပြုတတ်သည်တဲ့။ သူ့အတွက်တော့ မကောင်းတဲ့ အကျိုးပေး ဖြစ်ခဲ့တယ်။ မြေပုံဆွဲတဲ့ အတွက်ကြောင့် ဖမ်းဆီးခံရကာ သူ သေဆုံးခဲ့ရတယ်။ သူ့ရဲ့ ပုံဆွဲဆရာ ဖြစ်တဲ့ ကျနော့်အဖေ ဘယ်လိုခံစားရမည် မသိပါ။

သူနဲ့ ကျနော် နိုင်ငံရေးအရ ဆက်စပ်မှုမရှိခဲ့ပါ။ သို့သော် သူဟာ နိုင်ငံရေးရဲ့ အစပျိုး ရပ်ရေးရွာရေး လူမှုရေး ကိစ္စများ ကျနော်တို့ကို မျိုးစေ့ချခဲ့တဲ့သူပါ။ လူငယ်တွေ စာဖတ်ဖို့ ဆော်သြခဲ့တဲ့သူပါ။ "ဟဲ့ အောင်ကျော်ကို ကြည့်ကြစမ်း” လို့ အမေတွေ စံပြုခံပြောစရာ လူတစ်ယောက် ဖြစ်ခဲ့တယ်။

သေချာသည်က သူ့ရဲ့ တည်ကြည်မှု၊ အနစ်နာခံမှု၊ အမှန်တရား ဘက်မှ ရပ်တည်ရဲမှုများ အတွက် သူလိုလူမျိုး သူလျှိုဖြစ်ခဲ့ရင်တောင် သူဖက်ကနေပြီး ကျနော် အသတ်ခံရဲပါတယ်။ထိုသို့ သူမျိုးများ စစ်အစိုးရက နှစ်ပေါင်းများစွာ ကျောင်းသား ဆဲလ် အဖြစ် မြုပ်နှံထားတာပါ ပြောလာလျှင်၊ ကျနော်လည်းပဲ သူစိုက်လို့ ပေါက်ခဲ့တဲ့ အပင်တစ်ပင် ဖြစ်တယ်။ ဒီတော့ အဲဒီ ဆဲလ်မျိုးပင် ဖြစ်တယ်။

ကျနော်တို့ ဒီမိုကရေစီအရေး တိုက်ပွဲ အတွက် ဒီလို အဖြစ်မျိုးတွေ မလိုချင်တော့ပါ။ ဒီကနေ့ အနှစ် ၂၀ ကြာခဲ့တဲ့ ကိုအောင်ကျော်တို့လို အဖြစ်အပျက်တွေ အတွက် ထုတ်ဖော် ပြောဆိုကြတာဟာ ဒီမိုကရေစီရေး အတွက် လုပ်သင့်တဲ့ အလုပ်ကို လုပ်ခြင်း အဖြစ် ရှုမြင်ရင်း ကျနော်တို့ရဲ့ ကိုအောင်ကျော်၊ ဆရာကိုအောင်ကျော်၊ ဆရာလေးကိုအောင်ကျော် ကောင်းရာသုဂတိလားပါစေ။
ကျော်ဝင်း
ဖေဖော်ဝါရီ ၁၂ ရက်၊ ၂၀၁၂ ခုနှစ် (ပြည်ထောင်စုနေ့)

Stephin Lee facebook  မှကူးယူဖော်ပြသည်။

No comments: