Saturday, February 4, 2012

ကြံ့ ဖွံ့ အစိုးရ ၀င်္ကန္တ

ဒီနေ့ မဂ္ဂင်ကျောင်းက ဆရာတော်တွေ အထုပ်ကလေး ကိုယ်စီဆွဲပြီး ကျောင်းပေါ်ကဆင်းသွားကြ တာကို မြင်လိုက်ရတဲ့မြင်ကွင်းဟာ စိတ်အထိခိုက်ရဆုံးပဲ။ သိပ်ရင်နာဖို့ကောင်းတယ်သာသနာကိုစော်ကား လိုက်ပြန်ပြီ။ သံဃာတွေကို စော်ကားလိုက်ပြန်ပြီ။ သံဃာတွေကို ကျောင်းက မောင်းထုတ်လိုက်ကြပြီ။ သူတို့မှာ ဘာအပြစ် ရှိလို့လဲ။
မတရားမှုကို လက်ပိုက်ကြည့်နေရင် အဲဒီလက်ပိုက်ကြည့်နေသူဟာ မတရားမှုကို အားပေးတာနဲ့ ဘာမှ မထူးဘူး။ မတရားတာကိုမတားမြစ်တဲ့ အပြင်၊ မတရားတာကို မတရားဘူးလို့မှ မပြောရဲရင် အဲဒီလို လူ့အဖွဲ့အစည်းရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုဟာအန္တရာယ် ကျရောက်နေပြီလို့ ဆိုရပါတော့မယ်။

ကြံ့ဖွံ့ စစ်အစိုးရရဲ့ လုပ်ရပ်ဟာ လူတွေ၊ သံဃာတွေကို နားလှည့် ပါးရိုက်တဲ့ လုပ်ရပ်ပဲ။ ကြံ့ဖွံ့ စစ်အစိုးရဟာ ရက်စက်ယုံသာမကလှည့်ဖျား ကောက်ကျစ်တတ်သေးတယ်ဆိုတာကို အခု မဂ္ဂင်ကျောင်း ဖြစ်ရပ်က သက်သေခံပါတယ်။
ကဲ…အခု မဂ္ဂင်ကျောင်းဖြစ်ရပ်မှာ ကြံ့ဖွံ့ အစိုးရရဲ့ အရင်နဲ့ မတူ တမူထူးတဲ့ လုပ်ရပ်တွေကို ကြည့်ကြရ အောင်ပါ။အမှုက ဘာမှုလဲဆိုတော့ ရိုးရိုး အရပ်သား စကားနဲ့ ပြောရရင် မဂ္ဂင်ကျောင်းချိတ်ပိတ် ထား တာကို ဖွင့်တဲ့ အမှုပါ။ ပုဒ်မ ၁၄၅ တဲ့။

ဖြတ်သန်းသွားလာ နေထိုင်ခွင့်မရှိတဲ့ အရပ်ကို ကျူးကျော်မှုတဲ့။ ဒီအမှု ဒီပုဒ်မအကြောင်းကို ပြီးမှ ဆက်ဆွေးနွေးတာပေါ့လေ။
ထူးတာက သူတို့တရားစွဲတာကို နိုင်ငံတော် သံဃမဟာ နာယက (မဟန) အဖွဲ့က သိသွားပြီး မဖြစ်သင့်တာ မဖြစ်ရအောင်ကြားဝင် ဆောင်ရွက် ပေးပါသတဲ့။ ဒီသံဃာတော်တွေကို အခုပဲ လွှတ်ပြီး အခုပြန်ဖမ်းရင် လည်း လူကြားမကောင်းဘူး၊ ဒါ့ကြောင့်မဟနက ကြားဝင် ရသတဲ့။
မဟနက သံဃာတော်တွေကို လာတွေ့ကြဖို့ ပင့်ဖိတ်လိုက်တယ်။ ဆရာတော် ဦးဂမ္ဘီရက သွားမတွေ့ ဘဲရှောင်သွားတယ်။
ဆရာတော် တချို့ သွားတွေ့ပါတယ်။ သူတို့ မဟနနဲ့ ကြံ့ဖွံ့အာဏာပိုင်တွေဘက်ကတော့ ဆရာတော် ဦးဂမ္ဘီရ ကြွလာမှာပဲလို့မျှော်လင့်ထားခဲ့တယ်။ ဒါ့ကြောင့်လည်း အသျှင်ဂမ္ဘီရနာမည်ကို ထိပ်ကတပ်ပြီး ဆုံးဖြတ်ချက်စာ ကို အသင့်ရိုက်ထားခဲ့တယ်။လက်မှတ်ထိုးမယ့် ပုဂ္ဂိုလ်နေရာမှာ လည်း ကျောင်းထိုင် ဆရာတော်ကို ထိပ်က မထား ဘဲ၊ အသျှင်ဂမ္ဘီရနာမည်ကိုရှေ့ကထားပြီးရေး ထား၊ ပြင်ထားခဲ့တယ်။ အဲဒီ ဆုံးဖြတ်ချက်က ဘယ်လို ဆုံးဖြတ်ချက်လဲဆိုတော့ အကျဉ်းချုပ်ပြောရရင်သံဃာတော်တွေက ကျောင်း ကနေယာယီထွက်ပေးရမယ်။
ကျောင်းကို ချိတ်ပြန်ပိတ်မယ်။ချိတ်ကို ပြန်ဖွင့်ပေးမယ်။
သံဃာတွေ သူတို့ဖာသာ သင်္ကန်းပြန်ဝတ်တာ တရားမဝင်ဘူး။ တိုင်းသံဃနာယက က ပြန်ဝတ်ပေးမယ်။
အကျဉ်းချုပ်ပြောရရင် ဒါပါပဲ။ ကျောင်းမှာ သံဃာတွေ နေနေကြပြီ။ ပြီးရင်လည်း ပြန်ဖွင့်ပေးမှာပဲ။ ဘာလို့
ပိတ်လိုက်ဖွင့်လိုက်လုပ်နေတာပါလဲ။ သံဃာတော်တွေ သင်္ကန်း ရုံပြီး ဝတ်ပြီးနေပြီ။ ဘာလို့ ပြန်ဝတ်ဦး လုပ်နေ ပြန်တာလဲ။
ဘာသဘောလဲ။ ဒီလုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေး ကစားကွက်တွေ အများကြီးပါနေပါတယ်။ အမျိုး၊ ဘာသာ၊သာသနာကိုစော်ကားတဲ့ရည်ရွယ်ချက်၊အများပြည်သူကိုစော်ကားတဲ့ရည်ရွယ်ချက်တွေအများကြီးပါနေပါတယ်။
ကြံ့ဖွံ့ စစ်အစိုးရက သူတို့တရားစွဲမှာကို မဟနကို ကြိုအသိပေးခဲ့ပါတယ်။ အရင်ကဘယ်တုန်းက ဒါမျိုး အသိပေးခဲ့ဖူးလို့လဲ။ဦးဂမ္ဘီရတို့ကို ဖမ်းတုန်းကရော အသိပေးခဲ့သလား။ ကျောင်းတိုက်ကို ချိတ်ပိတ်တုန်းက ရော အသိပေးခဲ့သလား။ ဘုန်းကြီးတွေကိုစစ်ကြောရေး လုပ်တုန်းကရော အသိပေးခဲ့သလား။ ငွေကြာယံကို ဝင်စီးပြီး ဘုန်းကြီးတွေကို ထိပ်ပေါက်ခေါင်းကွဲဖြစ်အောင်ရိုက် တုန်းနှက် တုန်းကရော မဟနဆီက ခွင့်ပြုချက်တောင်းခဲ့သလား။ ဘုန်းကြီးတွေကို သင်္ကန်းဆွဲချွတ် တုန်းကရောမဟန ကိုခေါ်ချွတ်ခိုင်းခဲ့သလား။ ဒါတွေ တခုမှ မလုပ်ခဲ့ဘူး မဟုတ်လား။ ကောင်းပြီ။ ဒါဆိုရင် အခုမှ ရုတ်တရက် ဘာ့ကြောင့်လူလိုသူလို သိတတ်လာသလဲ။ ဘာ့ကြောင့် အခုမှ လိမ္မာလာသလဲ။ သူတို့ကိုယ်သူ တို့ ကြော်ငြာထိုးနေသလိုပြောင်းလဲလာတာလား။
 
မဟုတ်ပါဘူး။ ကြံ့ဖွံ့ အစိုးရဟာ (ပြောင်) ဗြောင်ရက်စက်တဲ့ အဆင့်ကနေ၊ ကောက်ကျစ်ယုတ်မာမှု ထပ်ဖြည့်
ကျင့်သုံးလိုက်တာသာဖြစ်ပါတယ်။ ကြံ့ဖွံ့ အစိုးရရဲ့ ကောက်ကျစ်လှည့်ဖျားတဲ့ ဝင်္ကန္တလုပ်ရပ်သာ ဖြစ်ပါတယ်။
ခွေးအမြီးလိုကောက်၊ မြစ်လို ကောက်တဲ့ ကြံ့ဖွံ့အစိုးရရဲ့ ဝင်္ကန္တလုပ်ရပ်ပါပဲ။

ဆရာတော်အသျှင်ဂမ္ဘီရနဲ့ ရွှေဝါရောင်သံဃာတော်တွေကို ကြံ့ဖွံ့အစိုးရဟာ မလွဲမရှောင်သာတဲ့ အဆုံးမှာ ထောင်ကလွှတ်ပေးခဲ့ရပါတယ်။ ဘာ့ကြောင့် လွှတ်ပေးခဲ့သလဲ။ အရင်ဆောင်းပါးတွေ မှာ ရေးခဲ့ သလိုပါပဲ၊ စီးပွားရေး ပိတ်ဆို့မှုရုတ်သိမ်းစေချင်လို့၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာကြစေချင်လို့၊ အိုင်အမ်အက်ဖ် နဲ့ ကမ္ဘာ့ဘဏ်ကနေ ချေးငွေတွေရချင်လို့ ၊အဲဒီအခွင့်အရေးတွေကို ကြံ့ဖွံ့ အလိုတော်ရိ သူဌေးတွေနဲ့စစ်ဗိုလ်ချုပ် သားသမီးတွေကသာ မြက်မြက်ကလေးစားချင်ကြလို့ဖြစ်ပါတယ်။
ဆရာတော် အသျှင်ဂမ္ဘီရကို ဆိုရင် ထောင်ထဲမှာတောင် အငြိုးထား နှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။

အသေလုပ်ခဲ့သလားလို့တောင်တွေးလောက်တဲ့ နှိပ်စက်ညှင်းပန်းမှုမျိုး လုပ်ခဲ့တဲ့ အကြောင်းကို ဆရာတော်ရဲ့ အစ်မတော်က ဖွင့်ပြောခဲ့ဖူးပါတယ်။ အဲသလိုအငြိုးထားပါတယ်။ ဒါပေမဲ့ သူတို့လိုချင်တာတွေကလည်းရှိနေ၊ လူထုကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နည်းမျိုးစုံနဲ့ ဖိအားပေးလာတော့ မလွှဲမရှောင်သာ လွှတ်ပေးခဲ့ရပါတယ်။
အသျှင်ဂမ္ဘီရတို့ကို လွှတ်ပေးပေမဲ့ သူတို့ကျောင်းကိုတော့ ချိတ်ပိတ်ထားတာကို ဖွင့်မပေးဘူး။ ဒါဟာ
အရင်သံဃာတွေတုန်းကလုပ်သလို သူတို့ လုပ်နေကျ အတိုင်းလုပ်တာပဲ။ ပြည်သူ့အရေး ဆောင်ရွက်တဲ့ သံဃာတော်တွေကိုနေစရာမရှိအောင် လုပ်တာပါ။ ဒါပေမဲ့ ရွှေဝါရောင် ဆရာတော်တွေဟာ ခေါင်းဆောင် ဆရာတော်တွေပါ။
သာမန်ဆရာတော်တွေမဟုတ်ဘူး။ သူတို့က ခေါင်းဆောင်ပီသတဲ့ လုပ်ရပ်ကို လုပ်လိုက်ကြတယ်။ ကိုယ့်ကျောင်းကို သူများကမတရားပိတ်ထားတာကို ကိုယ့်ဖာသာ ဖွင့်ပြီးပြန်ဝင်လိုက်တယ်။ တကယ်တော့ ဒါဟာ ရိုးရိုးရှင်းရှင်းလုပ်ရပ်ကလေးပါ။ ကိုယ့်မှာနေစရာမရှိလို့၊ အစိုးရကလည်း ဘာမှ စီစဉ်မပေးဘဲ မသိချင်ယောင်ဆောင်နေလို့ ကိုယ့်နေရာကိုယ် တံခါးဖွင့်ပြီးဝင်နေလိုက်တာပါပဲ။ ခြောက်တိုင်းမကြောက် တတ်တာ ကို သာ အပြစ်ဆိုချင်ရင် ဆိုဖို့ရှိပါတယ်။
ဒါပေမဲ့ ဦးသိန်းစိန်အဖို့ရာမှာတော့ ရွှေဥကြမ်းညပ်သည့်ပမာ ဆတ်ဆတ်ခါ နာတယ်။ ဒါဟာ နိုင်ငံရေးအရ စိန်ခေါ်တဲ့လုပ်ရပ်လို့မြင်တယ်။ အသျှင်ဂမ္ဘီရရဲ့ လုပ်ရပ်ကို ခွင့်ပြုထားလိုက်ရင် ကြံ့ဖွံ့ သိက္ခာကျတယ်လို့ ထင်တယ်။ လူတွေကြောက်အောင်သူတို့ တသက်လုံး ရက်စက်မှု အမျိုးမျိုးသုံးပြီး ခြိမ်းခြောက်ခဲ့သမျှဟာ အသျှင်ဂမ္ဘီရ လုပ်ပြလိုက်တာနဲ့ ငပေါကြီးလုံးလုံးဖြစ်ရတော့မှာပဲလို့ တွေးပုံရတယ်။ အသျှင်ဂမ္ဘီရ ကို ပြန်ဖမ်းချင်လိုက်တာ လက်ကိုယား နေမှာ အမှန်ပဲ။ သူတို့လက်ကသံဃာတော်တွေ ရဲ့ သွေးစွန်းဖူးတဲ့ လက်ပဲ၊ ဖမ်းဆီးထောင်ချဖို့ဆိုတာလောက်ကတော့ သိပ်ကို လက်ယဉ် နေတယ်ဆိုတာ သံသယဖြစ် စရာ မရှိဘူး။ ဒါပေမဲ့ဒီလိုလုပ်ရင်သူတို့အစီအစဉ်တွေပျက်ပြားလိမ့်မယ်။အခုပြန်လွှတ်ပေးပြီးအခုပြန်ဖမ်းရင်လူကြားမကောင်း ဘူး မသင့်တော်ဘူးဆိုတဲ့ အချက်၊ နိုင်ငံတကာကရော ပြည်သူတွေကပါ သူတို့ကို ယုံကြည်ကြတော့မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကိုလည်း သူတို့သိတယ်။ ဒီတော့ဦးဂမ္ဘီရနဲ့ ရွှေဝါရောင် ဆရာတော်တွေ ကို နိုင်ငံရေး ဦးချိုးဖို့ရာအကွက်ချစီမံပါတော့တယ်။ မဟနနဲ့ လက်ဝါးချင်းရိုက် စီစဉ်ပါတော့တယ်။ မဟနကို ရုပ်သေးရုပ်ပမာ ကြိုးဆွဲအသုံးချပါတော့တယ်။ သံဃာ အချင်းချင်း ရန်တိုက် ဂိုဏ်းခွဲပါတော့တယ်။

အထက်မှာ ပြောခဲ့သလိုပဲ ကြံ့ဖွံ့၊ နအဖ စစ်အစိုးရသက်တမ်းတလျှောက်မှာ ဘုန်းကြီးသံဃာတော်တွေ ကို စော်ကားဖိနှိပ်မှုအရေးယူမှုတွေ အမျိုးမျိုးလုပ်ခဲ့ပေမဲ့ မဟနကို ဘယ်တုန်းကမှ အရေးလုပ် အသိပေးခဲ့တာ မဟုတ်ပါဘူး။ မဟနကလည်းဒို့ဘုန်းကြီးတွေကို သတ်နေတယ်၊ ဒို့ဘုန်းကြီးတွေကို ဖမ်းနေတယ်၊ ရိုက်နေတယ်ဆိုပြီး တခါမှ ကြားဝင်ပေးတာ၊ တာဝန်သိသိဆောင်ရွက်ပေးခဲ့တာ ဘာမှ မရှိခဲ့ဖူးဘူး။ ဒါပေမဲ့ အခုတော့ အစိုးရက တရားစွဲမှာကို မဟနက မဖြစ်သင့်တာ မဖြစ်ရအောင်ကြားဝင်ပေး ပါသတဲ့။ ကြံ့ဖွံ့ အစိုးရရဲ့ တချက်ခုတ်နဲ့ သုံးလေးချက်ပြတ်အောင် ကြံစည်တဲ့လုပ်ရပ်ပါ။ ကြံ့ဖွံ့အစိုးရကိုလည်း
လူတွေ အရိုအသေ မတန်ရ အောင်၊ မဟနလည်း နာမည်ကောင်းရအောင်၊ အသျှင်ဂမ္ဘီရလည်း ဦးကျိုးအောင် ဆိုတဲ့သားရွှေအိုးထမ်း စီမံကိန်းကြီး စီမံ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အသျှင်ဂမ္ဘီရတို့ကို ဒီကျောင်းမှာ နေခွင့်မပေးလို့ မဖြစ်တော့ပေးရတော့မယ်။ ဒါပေမဲ့ မင်းတို့ဖာသာ ဝင်နေလို့ မရဘူး၊ ဒို့ဖွင့်ပေးမှ ဝင်လို့ရမယ်လို့ အာဏာပြချင်ပါတယ်။ ဒါ့ကြောင့်ကျောင်းကနေ ခဏထွက်ပေးရမယ်။ ချိတ်ပြန်ပိတ်မယ်။ ပြီးမှ ပြန်ဖွင့်ပေးမယ်၊ ဒါမှ တရားဝင်မယ်လို့ ပလောင်းပလဲ လုပ်ပါတယ်။ဒါက နိုင်ငံရေး ဦးချိုးတာ အာဏာပြတာ၊ ဒါ့အပြင် အသျှင်ဂမ္ဘီရတို့ရဲ့ လုပ်ရပ်ကို တရားမဝင်ဘူး၊ ဆရာတော်ကြီးတွေ ကတောင်မကြိုက်ဘူးဆိုတာမျိုးဖြစ်အောင် ဆရာတော်ကြီးတွေကို ဖိအားပေး အသုံးချ လိုက်တာဖြစ်ပါ တယ်။ သံဃာအချင်းချင်းတိုက်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒီလောက်နဲ့တင် မကျေနပ်သေးဘူး။ မဟနကိုလည်း လူရိုသေအောင် အာဏာပြခိုင်းဦးမယ်လို့ ကြံစည်တယ်။ မဟနကိုအရောင်တင်ပေးဖို့ ကြိုးစားတယ်။ အဲဒါကတော့ အသျှင်ဂမ္ဘီရတို့ ကိုယ့်ဖာသာ သင်္ကန်းပြန်စည်းတာ၊ သိက္ခာထပ်တာဟာတရားမဝင်ဘူး။ တိုင်းသံဃနာယက က သင်္ကန်းစည်းပေးမှ တရားဝင်တာလို့ ဆိုလိုက်ပြန်တယ်။
ဒီနေရာမှာ ရှေ့နောက်မညီတာတွေရှိလာပါတယ်။ မဟန ဆရာတော်ကြီးတွေကိုလည်း မေးခွန်းထုတ်စရာ ရှိလာပါတယ်။

သင်္ကန်းချွတ်တုန်းကရော၊ အသျှင်ဘုရားတို့ သင်္ကန်းချွတ်ခဲ့တာပါလား။ ဒါမှမဟုတ် အသျှင်ဘုရားတို့ဆီက
ခွင့်ပြုချက်တောင်းခံခဲ့ပါသလား။ အသျှင်ဘုရားတို့ ခွင့်ပြုခဲ့ပါသလား။ ဒါ့အပြင် အရင် သံဃာတော်တွေ
ထောင်ကပြန်လွတ်လာတုန်းကရော အသျှင်ဘုရားတို့ တာဝန်သိသိနဲ့ ခေါ်ပြီး သင်္ကန်းပြန်စည်းပေးခဲ့ ပါသလား။ ခုကျမှဘာကြောင့် စိတ်ကူးပေါ်လာပါသလဲဘုရား။ ဒီစည်းကမ်းက အသျှင်ဂမ္ဘီရတို့ လွတ်မယ်ကြား မှ ထုတ်လိုက်တာပါလား။ထောင်ထဲမှာ သံဃာတော်တွေကို သင်္ကန်းဝတ်ခွင့် မပေးတာကို အသျှင်ဘုရားတို့ ကန့်ကွက်ခဲ့ဖူးပါသလား။ သံဃာတော်တွေကိုထောင်ထဲမှာ မင်းနဲ့ငါနဲ့ ပြောပြီး ငါကိုင် တုတ် တာကို အသျှင်ဘုရားတို့ ဘာ့ကြောင့် မသိချင်ယောင်ဆောင်နေခဲ့ပါသလဲ။
သံဃာတော်တွေကို ထောင်ဝန်ထမ်းတွေက ပုံစံထိုင်ခိုင်းပြီး နားရင်းရိုက်တာကို အသျှင်ဘုရားတို့ဘာ့ကြောင့် လက်ပိုက်ကြည့်ခဲ့ပါသလဲ။ ဒီသံဃာတွေကို သံဃာအတုတွေလို့ စစ်အစိုးရက ပြောနေတာတွေ၊ အခုမှ ကတုံးတုံးပြီးဘုန်းကြီးယောင်ဆောာင်ထားတဲ့လူတွေလို့ ပြောတာတွေကိုအသျှင်ဘုရားတို့ဘာ့ကြောင့် နှုတ် ပိတ်နေခဲ့ပါသလဲ။ အခုဒီဘုန်းကြီးတွေဟာ သံဃာ အစစ်တွေဆိုတာ အသျှင်ဘုရားတို့ရော၊ အစိုးရကပါ ဝန်ခံလိုက်ပြီ မဟုတ်ပါလား။ အတုတွေ ဆိုရင်အသျှင်ဘုရားတို့ဘာလို့သင်္ကန်းပြန်စည်းပေးမှာပါလဲ။

ကြံ့ဖွံ့ စစ်အစိုးရအနေနဲ့ရော ဒီသံဃာတော်တွေဟာ သံဃာအစစ်မှန်း အစကတည်းကသိရင် ဘာ့ကြောင့် ပြည်သူကိုလိမ်ညာခဲ့သလဲ။ ဘာ့ကြောင့် ထောင်ဝန်ထမ်းတွေကို သူတို့က သံဃာမဟုတ်ဘူး ဆိုပြီး သင်္ကန်းချွတ်ခိုင်းခဲ့သလဲ။ ဘာ့ကြောင့်ကိုယ့်ဝန်ထမ်းတွေ ငရဲကျ အောင်လုပ်ခဲ့သလဲ။ ဘာ့ကြောင့် ဒီသံဃာ တွေ ကို စစ်ကြောရေးမှာ မော်တော်ဆိုင်ကယ်စီးခိုင်း၊ဒိုက်ထိုးခိုင်းခဲ့သလဲ။ ဘာ့ကြောင့် ငွေကြာ ယံ ကျောင်းတိုက် ထဲဝင်ပြီး ဘုန်းကြီးတွေကို ရိုက်နှက် ဘုရားဆင်းတုတွေရိုက်ချိုးတာမျိုး လုပ်ခဲ့ပါသလဲ။ ဘာ့ကြောင့် ဘုန်းကြီးအစစ်၊ သံဃာအစစ်တွေကို သတ်ခဲ့ပါသလဲ။
အသျှင်ဂမ္ဘီရကို စာပေးပို့ရာမှာလည်း မဂ္ဂင်ကျောင်းကို မပို့ဘဲ မိတ္ထိလာက မိဘအိမ်ကို ပို့ခဲ့ပါတယ်။ ဘာ့ကြောင့်လဲ။ အသျှင်ဂမ္ဘီရမဂ္ဂင် ကျောင်းမှာရှိတာကို သူတို့သိလို့ပဲ တရားစွဲမလို့ လုပ်နေဆိုမဟုတ်လား။ မာနတွေပါ။ တလွဲဆံပင်ကောင်းတဲ့စစ်ဗိုလ်မာနတွေပါ။ အသျှင်ဂမ္ဘီရတို့ မဂ္ဂင်ကျောင်းမှာ နေတာကို အသိအမှတ်မပြုတဲ့သဘောထားကို ဖော်ပြတာပါ။ ဒါပေမဲ့ဒီလုပ်ရပ်ကြောင့် သူတို့ရဲ့ တာဝန်မဲ့မှုဟာ ပိုပြီး ပေါ်လွင်လာပြန်တယ်။ မိဘအိမ်ဆိုတာ သံဃာတော်တွေတည်းခိုလို့ရပေမဲ့ကျောင်းထိုင် သီတင်းသုံးရာ အရပ်မဟုတ်ပါဘူး။ အသျှင်ဂမ္ဘီရမှာ မဂ္ဂင်ကျောင်းမှာ မနေရင် တခြားသင့်တင့်တဲ့နေစရာမရှိဘူး ဆိုတာ သူတို့ သိကြောင်းဖော်ပြရာရောက်ပါတယ်။ အသျှင်ဂမ္ဘီရကို နေစရာလည်း စီမံမပေး၊မဂ္ဂင်ကျောင်း ကိုလည်း ပိတ်ထားတဲ့ သူတို့ရဲ့ ညစ်ပတ်မှုဟာ ပေါ်လွင်နေပါတယ်။ အသျှင်ဂမ္ဘီရကတော့ တရားဝင်မူရင်းစာကို ယူဖို့
မိတ္ထိလာကို ကြွသွားတယ်လို့ဆိုပါတယ်။
နောက်တချက်က သံဃာတော်တွေဟာ ပိတ်ပင်ထားတဲ့ နေရာကို တရားမဝင် ဝင်ရောက်နေထိုင်တဲ့ အတွက်ဆိုပြီးရာဇဝတ်ပြစ်မှုနဲ့ တရားစွဲထားပါတယ်။ ပုဒ်မ ၁၄၅ တဲ့။ နိုင်ငံတော်အစိုးရက ပိတ်ထား တဲ့ နေရာတဲ့။ ဒီကျောင်းကိုချိတ်ပိတ်ထားတာကရော တရားဝင် ပိတ်ထားတာဟုတ်ရဲ့လား။ ဥပဒေနဲ့ အညီ ပိတ်တာဟုတ်ပါသလား။ ဘယ်တရားရုံးမှာဘယ်ဥပဒေနဲ့ တရားစွဲဆိုပြီး ပိတ်ခဲ့တာပါလဲ။ ကျောင်းထိုင် ဆရာတော်ကိုရော ကျောင်းကို ချိတ်ပိတ်တဲ့ အမှု အတွက်စစ်ဆေးမေးမြန်းခဲ့ပါသလား။ ဘာ့ကြောင့် ဘာအမှုနဲ့ ကျောင်းကို ချိတ်ပိတ်ခဲ့တယ်ဆိုတာကို ကျောင်းထိုင် ဆရာတော်ကို
အသိပေးခဲ့ပါသလား။ လူတယောက်၊ သံဃာတပါးနေထိုင်တဲ့ အဆောက်အဦကို ငါအစိုးရ၊ ငါအာဏာပိုင်ဆိုပြီး ဥပဒေမဲ့ပိတ်ချင်တိုင်း ပိတ်လို့ရသလား။ စစ်အစိုးရလက်ထက်မှာ ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ဦးသိန်းစိန်ဖြေရှင်းဖို့ လိုပါတယ်။ ဘယ်သူကကျူးကျော်တာလဲ။ သံဃာတွေက ကျူးကျော်တာလား၊ ခင်ဗျားတို့က ကျူးကျော်ခဲ့တာလားဆိုတာသေသေချာချာပြန်စဉ်းစားကြပါဦး။

ဒါ့အပြင် ကြံ့ဖွံ့စစ်အစိုးရရဲ့ လုပ်ဇာတ်နဲ့ သူတို့ရဲ့ အကြံအစည်ကို ဗူးပေါ်သလို ပေါ်စေတဲ့ နောက်ထပ် အချက်တချက်ရှိပါသေးရဲ့။
အဲဒါကတော့ တခြားမဟုတ်ဘူး။ ဆရာတော်တွေကို မဟနက ဆင့်ခေါ်တဲ့ အချိန်မှာ ဆုံးဖြတ်ချက်စာကို ကြိုတင် ရိုက်နှိပ်ထားတဲ့အချက်ပါ။ အထက်ကပေးလိုက်တဲ့စာကို ရိုက်နှိပ်ပြီးအသင့်ထုတ်ယူလာတယ်ဆိုတာ သိပ်ထင်ရှားပါတယ်။ ဝန်ခံလက်မှတ်ထိုးမယ့်စာထဲမှာ ဦးဂမ္ဘီရ စသော သံဃာတော်များလို့ ညွှန်းဆို ထားပါတယ်။ ဝန်ခံကတိလက်မှတ်ရေးထိုးရမယ့်နေရာမှာလည်း ဦးဂမ္ဘီရကိုထိပ်ကတင်ထားပါတယ်။ ဦးဂမ္ဘီရ မုချလာမယ်လို့ သူတို့က ထင်ထားတာကိုး။ ဒါပေမဲ့ ဦးဂမ္ဘီရက သူတို့ ဆင့်ခေါ်တဲ့ နေ့မှာရောက်မလာတော့ သူတို့ ကြိုတင်ကြံစည်ထား တာတွေဟာ ဗူးပေါ်သလို ပေါ်ကုန်ပါတယ်။ သူတို့ ဘယ်သူ့ကိုငြိုးတယ်ဆို တာလည်း ပိုပြီး ထင်ရှားသွားပါတယ်။ ဘာ့ကြောင့် ဦးဂမ္ဘီရကို ထိပ်ကတင်ပါသလဲ။

ကျောင်းထိုင်ဆရာတော်ကိုသာထိပ်ကတင်ဖို့မသင့်ပေဘူးလား။ ဖြောင့်ဖြောင့်တန်းတန်းစဉ်းစားရင် ကျောင်း ထိုင်ဆရာတော်က ပိုပြီး တာဝန်ရှိတယ်လို့စဉ်းစားဖို့ မသင့်ပေဘူးလား။ ခုတော့ ဘယ်သူ့အပေါ်မှာ အာဃာတထားတယ်ဆိုတာ သိပ်ရှင်းသွားတယ်။ တကယ်တော့ သူတို့စာကြိုရိုက်လာပေမဲ့ ဆရာတော် ဦးဂမ္ဘီရကြွမလာရင် စာကို ပြင်ရိုက်လိုက်ရုံသာရှိတာပ။ ကွန်ပြူတာမှာ စာတစောင်ပရင့်ထုတ်ရ တာ ဘာ ခက်တာလိုက်လို့။ ဒါပေမဲ့ ခက်တာက စာက အထက်ကလာတဲ့စာဖြစ်နေတယ်။ မပြင်ရဲဘူး။ ဘယ်လိုပဲ
ဘောင်းဘီချွတ်ထားထား၊ စစ်အစိုးရက စစ်အစိုးရပဲ။ အမိန့်ကို တရားသေ မလိုက်နာဘဲ အခြေအနေနဲ့ ကိုက်ညီ ဆီလျော်အောင်ပြုပြင်ကျင့်သုံးရဲတဲ့ သတ္တိ၊ သူတို့ငယ်သားတွေမှာ မရှိဘူး။ အဲဒီအခွင့် အရေး ပေးမထားဘူး။ ဗိုလ်ချုပ်တွေခေါင်းပေါင်းပေါင်းလိုက်ပေမဲ့ လုပ်ထုံးလုပ်နည်းက မပြောင်းဘူး။ ဗိုလ်ချုပ်တွေ ခေါင်းပေါင်းပေါင်းထားတာဟာ ခွေးနဲ့ ပါးချပ်မဟပ်သလိုဖြစ်နေလေရဲ့။

မဟန ဆရာတော်ကြီးတွေဟာ ကြီးတဲ့ အမှုကို ငယ်အောင်၊ ငယ်တဲ့ အမှုကို ပပျောက်အောင် လုပ်ချင်တဲ့ စေတနာရှိမယ်လို့တော့ယုံကြည်မိပါတယ်။ အထူးသဖြင့် ဥက္ကဌဖြစ်တဲ့ ဗန်းမော် ဆရာတော်ကြီးဟာ တပည့်သံဃာတော်တွေ အပေါ်စောင့်ရှောက်ချင်တဲ့စိတ်ဆန္ဒမျိုးရှိတယ်လို့ သတင်း ထွက်ပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်မှာ မဟနဟာ ဘာမှ မလုပ်နိုင်တဲ့ ရုပ်သေးရုပ်ဆိုတာအထင်အရှားပေါ် လွင်ပါတယ်။ ကြံ့ဖွံ့ အစိုးရက မဟနကို လက်ကိုင်တုတ်သဖွယ် အသုံးချနေတယ်ဆိုတာလည်း ထင်ရှားပါတယ်။
ဒီတော့ ဆရာတော်ကြီးများ အနေနဲ့ အလေးအနက်ပြန်လည် သုံးသပ်သင့်ပါတယ်။ ဘုရားရှင်ရဲ့ မျက်နှာ၊ ဒါယိကာပြည်သူတွေရဲ့မျက်နှာကို ကြည့်ပြီး အမှန်တရားဘက်ကနေ မားမားမတ်မတ် ရပ်တည်သင့်ပါပြီ။ အသျှင်ဘုရားတို့ မှန်ရာပြောရင်ရာထူးပြုတ်ချင်ပြုတ်ပါမယ်။သူတို့အသျှင်ဘုရားတို့ကိုထောင်မချရဲပါဘူးဘုရား။ တတိုင်းတပြည်လုံး အမျိုးသားရေးကိုဝိုင်းဝန်းဆောင်ရွက်ကြရမယ့် အခုလို ကာလ မျိုးမှာ အသျှင်ဘုရားတို့ ဟာ အဓမ္မရှေ့မှာ အကာအကွယ်ပေးသူတွေမဖြစ်ထိုက်ပါဘုရား။

တကယ်တော့ အခုလို မတရား စော်ကား ဖိနှိပ်ခံရတာမျိုးဟာ ဒီသံဃာတော်တွေသက်သက်နဲ့သာ ဆိုင်တဲ့ ပုဂ္ဂလိကကိစ္စမဟုတ်ပါဘူး။ အများပြည်သူနဲ့ သက်ဆိုင်ပါတယ်။ အစော်ကားခံရသူ ကာယကံရှင်ကိုသာမက အဲသလို စော်ကားတဲ့အပြုအမူလုပ်ရပ်ကို ဒီလူ့အဖွဲ့ အစည်းမှာ လက်သင့်ခံလိုက်ရတဲ့ အများပြည်သူရဲ့ ဂုဏ်သိက္ခာကိုပါ ညှိုးနွမ်းထိခိုက်စေပါတယ်။
တခါစော်ကားတာကို ငြိမ်ခံရင် နောင်လည်း ထပ်ခါထပ်ခါ စော်ကားနေဦးမှာပါပဲ။ ဒီ့ထက်ပိုဆိုးတာကတော့ အဲဒီ မတရားတဲ့လုပ်ရပ်ကို မှန်ကြောင်း တရားကြောင်း ပြောပြီး အတွေးအခေါ်အရ ရှေ့နေလိုက်တဲ့ လုပ်ရပ်ပါ။ မတရားလုပ်နေတဲ့သူတွေကိုပြောင်းလာပြီ၊ ကောင်းလာပြီ ပြောနေတဲ့ လုပ်ရပ်တွေပါ။ ဒါတွေက ပိုလို့တောင် အန္တရာယ်ကြီးပါသေးတယ်။
အခုလောလောဆယ်မှာပဲ ဆရာ မောင်ဝံသက သူ့ရဲ့ ဒီမိုကရေစီရပြီလား ဆောင်းပါးမှာ မြန်မာပြည်ဟာ ဒီမိုကရေစီ မရသေးပေမဲ့စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်နေပြီတဲ့။ အခု ဒီနေ့လို လုပ်ရပ်မျိုးတွေကို ဘာလို့ ထည့်မပြောထည့်မတွက်တာပါလဲ။ ဒါမှမဟုတ် ဒါတွေကို သိသည့် တိုင်အောင် ကောင်းသေးတယ်၊ ပြောင်းနေတယ်လို့ ယူဆနေတာပါလား။
လူမဆန်တဲ့ လုပ်ရပ် အခု ၁၀၀ လုပ်ထားတဲ့ အထဲကနေ ၅ ခု ၆ ခုကို သူတို့ အကျိုးစီးပွားမျှော်ပြီး ပြန်လည်
ရုပ်သိမ်းပေးလိုက်တာမျိုးကို ဘာ့ကြောင့် မှန်ကန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်နေပြီလို့ ကာကွယ်ပြောဆိုနေသလဲ။
ဒါဟာ လူထုကို အတွေးအခေါ်အရ မှိုင်းတိုက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မျက်စေ့ထဲ သဲပက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ စစ်အစိုးရရဲ့မတရားတဲ့ အဓမ္မလုပ်ရပ်တွေကို မှန်ကြောင်း တရားကြောင်း ရှေ့နေ လိုက်ပေးတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဘာ့ကြောင့် ဒီလိုပြောနေတာလဲ။ ဦးသိန်းစိန် နဲ့ နားလည်မှု လွဲမှာ စိုးလို့လား။ သူတို့ပြောနေကြသလို ပြုပြင်ရေးတွေ နောက်ပြန်ဆုတ် သွားမှာစိုးလို့လား။ သတင်း သမား ကောင်းမှန် ရင် မှန်တာကို မှန်တယ်လို့ ပြောရဲရမယ်။ မှားတာကို မှားတယ်လို့ ရဲရဲ ထောက်ပြ ရဲရမယ်။
ဟိုဟာဖြစ်မှာ စိုး၊ ဒီဟာ ဖြစ်မှာစိုးနေရင် အဲဒီစိုးရိမ်မှုအားလုံးဟာ ဘယာဂတိပဲ။ စိုးရိမ်မှု၊ အကျိုးမျှော်မှု တခုခုနဲ့ ရေးသားရင်အဂတိလိုက်စားတဲ့ သတင်းသမားလို့ပဲ ခေါ်ရပါလိမ့်မယ်။ စစ်အစိုးရရဲ့ လက်အောက်မှာ မှန်ရာကို ရေးခွင့်မရဘူးဆိုရင်နားလည်ပေးနိုင် ပါတယ်။ ဒါပေမဲ့ မမှန်တာကိုတော့ ရေးစရာ မလိုဘူးထင်ပါတယ်။ ထမင်းမစားရရင်ရှိပစေ၊သတင်းသမားသိက္ခာကိုတော့ ရိုသေမယ်ဆို တဲ့ စိတ်ထားမျိုးရှိသင့်ပါတယ်။

ကြံ့ဖွံ့ စစ်အစိုးရဟာ အမှန်တကယ် ပြောင်းလဲရမှာကိုမလိုလားပါဘူး။လူထုအား နဲ့ပြောင်းလဲ သွားကြ မှာကိုလည်းပိုစိုးရိမ်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာ ပဲ ဒေါ်အောင်ဆန်းစုကြည် ကို မန္တလေးမှာ ဟိုနေရာ တရားမဟောရ၊ ဒီနေရာလူမစုရဆိုပြီး နိုင်ငံရေး ဦးချိုးတဲ့ လုပ်ရပ်ကို လုပ်ခဲ့ပါတယ်။ စိတ်မကောင်း စရာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က ရိုကျိုးပါတယ်။လိုက်နာပါတယ်။ မတရားတဲ့ ဥပဒေကို ခေါင်းငုံ့ သည်းခံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို နိုင်ငံရေးဦးချိုးလို့ရပေမဲ့ဦးဂမ္ဘီရကို နိုင်ငံရေး ဦးချိုးလို့ မ ရလိုက်ဘူး။ ဒါကို သူတို့ ကျေနပ်မှာ မဟုတ်ပါဘူး။ သူတို့ထပ်ပြီး ဖိနှိပ်ဦးမှာပါ။ သူတို့ ထပ်ပြီးစော်ကားဦးမှာပါ။

ဆရာတော်ဦးဂမ္ဘီရက
“ချိတ်ပိတ်တာကိုကမှားနေပြီ သံဃာက ကျောင်းမှာ မနေလို့ ဘယ်မှာ နေရမလဲ။ ချိတ်ပိတ်တာကိုက မှားနေတယ်။ ဒါဟာလက်ခံရမယ့် ကိစ္စမဟုတ်ဘူး။ ကျောင်းထိုင်ဆရာတော်ကြောင့်လက်ခံလိုက်ရတာလို့”
မိန့်ပါတယ်။ အလွန်ပြတ်သားတဲ့ အာဇာနည်စကားမျိုးဖြစ်ပါတယ်။ ဒါမျိုးကို ကြံ့ဖွံ့အစိုးရဟာ အငြိုးထားဦးမှာ သေချာပါတယ်။
ဒါ့ကြောင့် မတရားအပြုခံရတဲ့ ဆရာတော်အသျှင်ဂမ္ဘီရနဲ့ သံဃာတော်များ ဘက်မှာ အားလုံးရပ်တည် အကာအကွယ်ပေးကြဖို့မေတ္တာရပ်ခံချင်ပါတယ်။ သင့်မိတ်ဆွေအပေါ်မှာ ပြုတဲ့ မတရားမှုကို လျစ်လျူပြုရင် အဲဒီမတရားမှုဟာသင့်အပေါ်ရောက်လာပါလိမ့်မယ်။ လူ့အဖွဲ့ အစည်းထဲက လူတယောက် အပေါ်မှာ အစိုးရကိုယ်တိုင်က ကျူးလွန်တဲ့ မတရားမှုဟာအဲဒီလူ့အဖွဲ့ အစည်းဝင် အားလုံးနဲ့ သက်ဆိုင်ပါတယ်။ မတရားမှုကို ကာကွယ် ဖို့ တိုက်ဖျက်ဖို့ဟာ လူတိုင်းမှာ တာဝန်ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့လို၊ ကိုမင်းကိုနိုင်တို့လို လူထုက အားထားယုံကြည်ကြတဲ့ ခေါင်းဆောင်တွေမှာ ပိုပြီးတော့တာဝန်ရှိတယ်လို့ ဆိုချင်ပါတယ်။ ခေါင်းဆောင်တွေ ခေါင်းရှောင်မနေကြပါနဲ့။ ခေါင်းဆောင်တွေ
ရှေ့ကခေါင်းဆောင်ပေးကြမှာကို ကျွန်တော်တို့ လိုလား မျှော်လင့်နေပါတယ်။
ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

ဒေါင်းမာန်ဟုန် မှကူးယူဖော်ပြသည်။ 

(ဆောင်းပါးရှင်၏ အာဘော်ကို တချို့ တ၀က်လက်ခံပါသည်။ တချို့ တ၀က်လက်မခံပါ။)

No comments: