by Kyaw Gyi AB on Friday, 24 February 2012 at 17:25 ·
၈၈ ရတနာဘုမ္မိ မှာ ဝီစီ ဟာ နာမည်ကြီး ပေါ့ ၊အာဏာသိမ်းတော့ ကြည့်ယိမ်းတဲ့ထဲမပါ သူဟာPNA ပအိုဝ် လွတ်မြောက်နယ်မြေမှာလေ ၊ အခြေခံသင်တန်းတွေဆင်း လို့ DYA တဲ့ ( Democratic Youth Army) တဲ့ ၊ AB နဲ့ တော့ သိခွင့် မရခဲ့ ရှာပါဘူး ၊စကားလုံး ထူးတွေပြောတတ် ၊ စာတွေဖတ် ၊ ' ချေဂွေ ' ဖက်က ရပ် တိုက်ပွဲ မပြတ် ဖော်လိုတတ် တဲ့ မင်း
ကိုယ်ပိုင်နံပါတ် ၀၀၆၀ ကျော် နဲ့  ၊ အစောပိုင်း ရဲ့ ရက်တွေထဲ ' အောင်ထူး ' ဆိုတာ နဲ့ လဲ
ရင်းနှီး ခဲ့ တဲ့မင်း
ရင်းနှီး ခဲ့ တဲ့မင်း
အချင်းချင်း မှာ မင်းဟာ ဘယ်သူဆိုတာ ကျက်မိရင်
သူ့ ကျေညာချက် ရက်စက်မယ် မထင်
အော် ' ခြေခွင် ကားရား ၊ ခြေခွင် ကားရား '
၂ လသားအကြာမှာတော့ လက်တွဲမရ အဖြေသိရပြီ သူပြန်ပြီ တဲ့ တရားဝင်ပါ
မန္တလေးမှာ သူငြိမ်နေမယ် ထင်လို့ လား
အပြင်းစား လူ သူဟာ
ညီလာခံများမှာ အားပါပါနဲ့  စကားပြောစင် ထုခဲ့ ၊ သူ့ သွင်ပြင် နဲ့  စိတ်သဏ္ဍာန်
အမှန်ဆိုတာ လူတိုင်းနားလည် ခဲ့ကြရတယ်။
အောင်မင်း တဲ့ လူချစ်လူခင်များတဲ့ မင်း ၊ အချင်းချင်းလဲ ညှာတတ် ၊ ယုံကြည်ရာဖက်မှာ အတူတူ ရပ်
အထဲမှာ မပြတ် တာဝန် အထပ်ထပ် မှာ ကျရာကထမ်း ရင်း
တောတွင်းစခန်း က တို့ ဆီကို ခင်ဝမ်း သီချင်း ဆိုလဲ ပို့ ရဲ့ 
သမိန်ပေါသိပ် ဆိုလဲ လက်မနှေး ထိုးမုန့် ချိုး ကလေးများတောင် မလွမ်းအောင်တဲ့
ပို့ တပ်တဲ့ မင်းရဲ့ စိတ်ဓါတ် မမေ့အပ်ပါဘူး
ဒီလိုနဲ့  ရှစ်လေးလုံး သုံးနှစ်ကို အဖြတ်
မိခင်တပ်မှာပဲ ဆင်နွဲလိုတဲ့ မင်း ၊ ဗဟိုကိုခေတ္တ သွားရင်း
ပါဂျောင် အကျဉ်းသားဖြစ်ခဲ့ တပ်ကြပ်ကြီး တဲ့
" အများ နဲ့  တစ်ယောက်တုဖက် " သီချင်းတစ်ဝက် တစ်ပျက်
နံချပ်ကူ ရိုက်ချက် နဲ့  သွေးပိက်ပိက် အန်ခဲ့ တယ်
မင်းနဲ့  မတန်တဲ့သူတွေကြား မင်းဟာ ကျား ဆိုတာ
ဇာဂနာ မသိ ဟိုကိစ္စကြီး က မသိ တင်ရှိကြွေးတွေ က မသိ......
ရှိပါစေလေ တစ်နေ့ မှာ
မင်းဟာ ငါးခြောက်တစ်ဖတ် ပမာ
တန်ဖိုးရှိလာမယ် ဆိုတာ ငါတို့ ယုံကြည်စွာ နဲ့  ညီငယ် ထိန်လင်းတို့ ရဲ့ 
မြောက်ပိုင်း စာမျက်နှာ မှာ ငါတို့ ဆက်ရှာနေပါမယ်
မင်းကောင်းရာ သုဂတိ လားပါစေ။
kyaw gyi AB facebook မှကူးယူဖော်ပြသည်။.......တညမှာတော့ ထောင်မှုးတာဝန်ကျတဲ့ ကိုလမျိုးနောင်ဆိုတဲ့ ပုဂ္ဂိုလ်က တော်တော့်ကို မူးနေသဗျ။ ထုံးစံအတိုင်း ကျွန်တော်တို့ကို တယောက်ပြီးတယောက် ထခိုင်းပြီး စည်းစိမ် ယူနေရာ မန္တလေး တက္ကသိုလ်က မြန်မာစာတတိယနှစ် ကျောင်းသား ကိုအောင်မင်း (ခ) ထိန်လင်း အလှည့် ရောက်လာပါသဗျ။ ကိုအောင်မင်း က တခါမှ သီချင်းဆိုဘို့ ခိုင်းတာ မခံဘူးရလေတော့ ကျွန်တော်တို့တွေလည်း လှဲနေရာနေ ကိုအောင်မင်း ဘာများဆိုမလဲ နားစွင့်နေကြသဗျ။ “ကိုယ် အတန်တန်တားရက်နဲ့ သွားတော့ မှာလား။ အို တခါတရံအမှား အတွက်နဲ့၊ အပြစ်ပုံပြီလား” ဆိုတဲ့ ကိုနေ၀င်းရဲ့ သီချင်းစာသားတွေ ကိုအောင်မင်းဆီက ထွက်လာပါတယ်။ ကျွန်တော်တို့အားလုံး ကိုနေ၀င်းရဲ့ သီချင်းစာသားတွေ အတိုင်းစီးမျော ပါသွားပါတယ်။ ကိုအောင်မင်းက ကိုနေ၀င်း ခရေဇီကိုး။
…… “ကာယကံရှင်လူကိုယ်တိုင်၊ အသိထက် ဘယ်ပိုနိုင်မှာတုန်း၊ အများနဲ့ ယောက်တုဖက်ပြောရင်၊ အားနည်းတဲ့ တယောက်က အရှုံးပေါ့၊ မသွားလည်းပဲ ရောက်ခဲ့မိပြီကိုး” …………..
သီချင်းရဲ့ စာသား ရောသံစဉ်ပါ အားအကောင်းဆုံး အလှဆုံးနေရာ အရောက်မှာ “ဖုန်း” “ဖုန်း” ဆိုတဲ့ အသံနဲ့ အတူ ကိုအောင်မင်း သီချင်းဆိုသံ ထိုးရပ်သွားပြီး ထပ်ကာထပ်ကာ ဆဲသံနဲ့ ရိုက်သံတွေပဲ ထွက်လာပါတယ်။
“မင်းက အများနဲ့ တယောက်မို့ ခံရသလေး ဘာလေးနဲ့ မင်းတို့ကို ငါတို့က မတရားစွပ်စွဲ ဖမ်းထားတယ်လို့ ဆိုလိုတာပေါ့။ အေး ငါ့ နံချပ်ကူ အစွမ်းပြရသေးတာ ပေါ့ကွာ။ မင်းတို့ ကိုစစ်နေတဲ့ ထောက်လှမ်းရေး လောက်တော့ ငါလဲ ရိုက်တတ်ပါတယ်ကွ” ဆိုတဲ့ စကားနောက်မှာ တဖုန်းဖုန်း ရိုက်သံ ညဉ်းညူသံ ဆဲဆိုသံတွေဟာ ဆက်တိုက် စိတ်မချမ်းသာစရာ ထွက်ပေါ် လာပါတော့တယ်။
ဒီနောက်ပိုင်းမှာတော့ ရိုက်လိုက်၊ မောရင် ရိုက်တာရပ်ပြီး ဆဲဆိုနေလိုက်။ ခဏနေတော့ ရိုက်လိုက်နဲ့ စိတ်ရှိသလို ထင်တိုင်းကြဲနေတာကို ဘယ်သူ တဦးတယောက်ကမှလည်း လာ မတားကြပါဘူး။ ကျွန်တော်တို့ လှဲအိပ်နေတဲ့ လူတွေကလည်း တကယ်ကျတော့ အမှန်တရားအတွက် တိုက်ပွဲဝင်မယ် လို့ ကြွေးကြော် ချက်တွေနဲ့ တောထဲထွက်ခဲ့ ကြသူတွေပါ။ တကယ်လက်တွေ့မှာတော့ ဒီလူတယောက် မတားသဖြင့် ခံနေရတာကြီးကို ကြားနေပါလျက်နဲ့ ကျွန်တော်တို့ လူ၈၀ လောက်ထဲမှာ “ဟေ့လူ ဒီလူမတရားသဖြင့်တော့ မလုပ်ပါနဲ့” လို့ တယောက်မှ မပြောနိုင်ခဲ့တာ ခုထိ ရှက်လို့ မဆုံးပါဘူး။ ကိုအောင်မင်းကို လှိမ့်ရိုက်နေတဲ့ ထောင်မှုးက သူဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတဲ့ လူလို့ မူးမူးနဲ့ ကြွေးကြော်ရင်း ရိုက်နေခဲ့တာကို ကြားနေရတဲ့ ဘ၀ဟာ ကိုအောင်မင်း အတွက်သာမက ကျွန်တော်တို့ အတွက်လည်း ငရဲညပါပဲ။
တိုတိုပြောရရင် နောက်တနေ့ မနက်လင်းတော့ ကိုအောင်မင်း ထောင် အပြင်ကိုထွက် တန်းမစီ နိုင်တော့ ပါဘူး။ ကျွန်တော်တို့တွေကတော့ ထုံးစံအတိုင်း ကျောက်ထု၊ လမ်းခင်း၊ ထင်းသယ် စတဲ့ အလုပ်ကြမ်းခွင်တွေဆီ ထွက်လုပ်ရတာမို့ ကိုအောင်မင်းကို ထားခဲ့ရပါတယ်။ ညနေအလုပ်တွေ သိမ်းလို့ ထောင်ပြန်ရောက်တော့ ကိုအောင်မင်း အသက်ငင်နေပါပြီ။ နောက်ပိုင်း ထမင်းချက် တာဝန်နဲ့ ကျန်ခဲ့တဲ့ နန်းစောတို့ ပြောပြလို့ သိရတာက ထောင်မှူးက ညကသူရိုက်ထားလို့ မထနိုင်တဲ့ ကိုအောင်မင်းကို ဘဲများပြီး (ထောင်စကား အလုပ်မလုပ်ချင်လို့ အချောင်ခိုသည့် အဓိပ္ပါယ်) နေခဲ့တာမို့ နံချပ်ကူ အသစ်ကို လမိုင်းတင်ရမယ်လို့ ပြောပြီး တနေ့ခင်းလုံး ဆက်ရိုက်နေတယ်လို့ သိရပါတယ်။ ကိုအောင်မင်း အနားကို ခွင့်တောင်းပြီး ကိုညီညီနဲ့ ဘိုဘိုတို့က မှာစရာရှိတာမှာဘို့ မေးတော့ သွေးတွေပဲ ပါးစပ်က ဆက်ထွက်လာပြီး စကားတလုံးမှ ဆက်မထွက်လာပဲ ကိုအောင်မင်း ကွယ်လွန်ခဲ့ပါတယ်။
၂၀၀၅ ခုထောင်က လွတ်လာပြီးနောက်ပိုင်းမှာ မကြခဏ ၀ိုင်အမ်စီအေက ကိုရဲ (ကိုရဲလွင်)ဆီ မကြာခဏ ရောက်ဖြစ်သလို ကိုနေ၀င်းနဲ့လည်း ရံဖန်ရံခါတွေ့ဖြစ် သူ့သီချင်းတွေအကြောင်း ပြောဖြစ်ပါတယ်။ ဒါပေမယ့် ကိုနေ၀င်း သီချင်းစာသားတွေ သီဆိုရင်း လူ့လောကကို ကျေခိုင်းသွားခဲ့ရဘူးတဲ့ ဒီမိုကရေစီ ဘက်တော်သား တဦး ရှိခဲ့ဘူးတယ်ဆိုများ ကိုနေ၀င်း သိခဲ့ရင် ဘယ်လောက်များ ကြေကွဲလိုက်မလဲလို့ စိတ်ထဲက တွေးမိပါတယ်။ ထုတ်တော့ မပြောဖြစ်ခဲ့ပါဘူး။ စာဖတ်သူကိုလည်း ကိုနေ၀င်းတယောက်ကိုတော့ ဒီအဖြစ်ကို ပြန်မပြောမယ့် သူလို့ ယုံကြည်ပါရစေ။.......................
No comments:
Post a Comment