Sunday, February 19, 2012

“ယမင်းညီညီသို့ အမှန်တရားနောက်ကြောင်းပြန်” (စိမ်းခက်စိုး)

by Sein Khat Soe on Sunday, 19 February 2012 at 12:13 ·
“ယမင်းညီညီသို့ အမှန်တရားနောက်ကြောင်းပြန်”



ယမင်းညီညီရေ
ငြိမ်းချမ်းရေးဆိုတာ
ခင်ဗျား မေမေက
အချိန်တန်အိမ်ပြန်လာစေချင်တာကစတယ်လို့ ကျွန်တော်တော့ယုံတယ်။

ပြီးတော့
ကျောင်းသားရဲ့ မေမေ
ရဲဘော်ရဲ့မေမေ
လယ်သမားရဲ့မေမေ
စာရေးဆရာရဲ့မေမေ
သားသတ်သမားရဲ့မေမေ
စစ်သားရဲ့မေမေ
သူတို့တစ်တွေလည်း
သူတို့သားသမီးတွေကို ကျန်းမာရွှင်လန်းစွာ အိမ်ပြန်လာစေချင်တာကစတယ်။


ခင်ဗျားဟာ ဆေးစွဲနေသူတစ်ယောက်ဘဲ ယမင်းညီညီ
ခင်ဗျားစွဲနေတဲ့ ရဲဘော်ကျောင်းသားညီအကိုဆိုတဲ့သစ္စာဆေးဟာ
ခင်ဗျာသေမှဘဲ ပြတ်မယ်ဆိုတာ
ဆေးဖြတ်ပေးသူမဟုတ်တဲ့ ကျွန်တော်လည်းသိနေပါတယ်။


ဆိုပါတော့ ယမင်းညီညီရေ
အမှန်တရားတွေ တောင်တန်းတစ်ဆုံးပွင့်ပြီး
နေရောင်လင်း လရောင်ချိုတဲ့ ရက်စွဲတွေနဲ့အတူ
အိမ်ပြန်လာလိုသူ ရဲဘော်ညီအကိုတွေရဲ့ဝိညာဉ်ဟာ
မြူငွေ့တွေ ထူပွေ့နေတဲ့ တောင်ကုန်းတစ်နေရာမှာ
ခင်ဗျားတို့ပြန်ခေါ်မယ့်နေ့ကို စောင့်နေရှာတယ်။


သူတို့မော်ဖူးခဲ့ရရှာသော သွေးစွန်းအမှန်တရားအတွက်
သူတို့လည်း ငိုညည်းနေကြမှာမဟုတ်ဘူးဆိုတာ
ခင်ဗျားလည်း ယုံကြည်နေမယ်လို့
ကျွန်တော် မှန်းဆနိုင်ပါတယ် ယမင်းညီညီ။


အချိန်တန်တဲ့အခါ အမှန်တရားဆိုတာ
လူကြုံမပါးလည်း
အိမ်အရောက် ရောက်အောင်ပြန်လာတတ်တဲ့
လမ်းသိသူပါ ယမင်းညီညီ
ခင်ဗျားသိပ်ပူမနေပါနဲ့တော့…….။


သစ္စာတရားရဲ့ရနံ့လေ
စိမ်းရွှေရွှေထင်ရပေမယ့်
ခု ဘယ်သူတားမလဲ ကြိုင်လှိုင်ကျဲလာပြီပေါ့
သူလေ
မိုးနံ့ကိုစောင့်နေတဲ့ ပျိုးလိုဘဲ
မျိုးစေ့ထဲမှာတောင်စိမ်းနေတတ်တယ် ယမင်းညီညီ။


မှန်ပါတယ် ယမင်းညီညီ
ပြန်ဖောက်လာတဲ့ ဖောက်ပြန်မှုတွေသာ
သည်းသည်းမည်းမည်းသီးဝေတတ်တဲ့ခေတ်မှာ
“မေမေတွေကို ရဲဘော်ကျောင်းသားညီအကိုတွေအကြောင်းများ ပြန်ပြောင်းပြောပြပေးဖို့
ခင်ဗျားတို့မှာတာဝန်ရှိတယ်ဆိုတာ”
ခင်ဗျားမှန်ပါတယ် ယမင်းညီညီ…။


စိတ်ချလိုက်ပါဗျာ
အမှန်တရားဆိုတဲ့ ကိုးနဝင်းဟာ
မိုးမလင်းတော့ဘူးဆိုရင်တောင်
အမှောင်ထဲအမြဲမနေဘူးဆိုတာ
ခင်ဗျားကို ကိုယ်ထင်ပြခဲ့ပြီ ယမင်းညီညီ။


သူတို့လည်း
“ငြိမ်းချမ်းပျော်ရွှင်စွာ အိမ်ပြန်လာခဲ့ချင်တယ်ဆိုတဲ့အကြောင်း”
 သူတို့မေမေကိုမှာခဲ့လိမ့်မယ်လို့
တောင်ကုန်းအိုအိုလေးဆီက အရိုးတွန်သံတွေက
ကျွန်တော့်စိတ်နားမှာတောင် လာလာကြားကြားနေမိတယ်။

တစ်ခါတစ်ခါ
ခင်ဗျားကိုယ်တိုင်က ကျောင်းသားတစ်ယောက်လို
ခင်ဗျားကိုယ်တိုင်က ရဲဘော်တစ်ဦးလို
ခင်ဗျားကိုယ်တိုင်က ညီအကိုတစ်ဦးလို
ခင်ဗျားစိုလူးနေပုံက ထင်ရှားလွန်းလှတယ်။
ဒါပေမယ့်
အဲဒီလိုအချိန်တိုင်း
ခင်ဗျားကိုယ်တိုင်က ဝိညာဉ်တစ်ခုပူးနေသလိုဘဲလို့ ကျွန်တော်မြင်မိတယ် ယမင်းညီညီ။

ဟုတ်တယ်
ခင်ဗျားဘေးမှာ
ခင်ဗျားတာဝန်ကျေမယ့်နေ့ကိုစောင့်နေတဲ့ ဝိညာဉ်တွေ
သတိဆွဲလို့ သီချင်းဟစ်နေတယ် ယမင်းညီညီ။

ဘာဘဲဖြစ်ဖြစ်ပေါ့
အချိန်ဆိုသော နစ်နေတဲ့ နွံတွေထဲကနေဘဲ
သူတို့ရဲ့ ဝိညာဉ်တွေနဲ့လမ်းသလားအပြီး
ခင်ဗျားနဲ့ ကျွန်တော် အိမ်ပြန်ဖြစ်ခဲ့ကြတယ်မဟုတ်လား ယမင်းညီညီ။

ယမင်းညီညီရေ
ငြိမ်းချမ်းရေးဆိုတာ
ခင်ဗျား မေမေက
အချိန်တန်အိမ်ပြန်လာစေချင်တာကစတယ်လို့ ကျွန်တော်ယုံသိလိုက်တယ်။


ပြီးတော့
ကျွန်တော်လည်း
ငြိမ်းချမ်းပျော်ရွှင်စွာ အိမ်ပြန်လာခဲ့ပါဦးမယ်ဆိုတဲ့အကြောင်း
ကျွန်တော့်မေမေ့ကို လူကြုံလှမ်းပါးလိုက်ပါဦးမယ်။       ။



စိမ်းခက်စိုး
(တနင်္ဂနွေနေ့) ဖေဖော်ဝါရီလ ၁၉၊ ၂၀၁၂
တာမွေမွန်းဘိတ်ခရီ
ည - ၁၁း ၁၅ နာရီ
တာမွေမွန်းဘိတ်ခရီမှ စိုက်လာသောအမှတ်တရ။

Sein Khat Soe facebook မှကူးယူဖော်ပြသည်။

No comments: