Saturday, February 11, 2012

သ၀ဏ်လွှာ

by UZa Wana on Saturday, 11 February 2012 at 04:48 ·
ကချင်ပြည်နယ်ပါဂျောင်ဒေသတွင်ကျဆုံးခဲ့ရသောကျောင်းသားခေါင်းဆောင်ကိုထွန်းအောင်ကျော်နဲ့တကွ
ရဲဘော်ရဲဘက်များ၏နှစ်(၂၀)မြောက်နေ့သို့ပေးပို့သောသ၀ဏ်လွှာ
သက္ကရာဇ်၂၀၁၂ခုနှစ်၊ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် ကျဆုံးခဲ့ကြရသောကျောင်းသား ခေါင်းဆောင် ကိုထွန်းအောင်ကျော်နဲ့တကွရဲဘော်ရဲဘက်များအားရည်စူး၍ ကျနော်တို့မှလေး နက်တည်ကြည်စွာ အောက် ပါသဘောထားကိုထုတ်ပြန်ကြေငြာအပ်ပါသည်၊

အို..ရဲဘော်တို့
ဖေဖေါ်ဝါရီလ-၁၂-ရက်နေ့ဆိုလျှင် ငါတို့အားလုံးအတွက် လုံးဝမေ့လို့မရနိုင်သောအလွန်တရာ မှဝမ်းနည်း ဘွယ်ရာ ကောင်းသောနေ့တစ်နေ့ဖြစ်ခဲ့လေပြီ၊ သက္ကရာဇ် ၂၀၁၂ခုနှစ်ဆိုလျှင် မင်းတို့တတွေကျဆုံးခဲ့ရသည် မှာနှစ်ပေါင်းနှစ်ဆယ်သို့ပင်တိုင်ခဲ့ပြီးဖြစ်သော်လည်းသင်တို့၏ဂုဏ်သိက္ခာမှာယနေ့ထက်ထိတိုင် တောက်ပြောင်နေ     ဆဲရှိနေတယ်ဆိုတာငါတို့အားလုံးတစ်ညီတစ်ညွတ်တည်းအသိအမှတ်ပြုသလို မည်သူကမှလည်းငြင်းကွယ်နိုင် မည်မဟုတ်ပါ၊
မင်းတို့ရဲ့တိုင်းပြည်ချစ်စိတ်မျိုးချစ်စိတ်တွေကိုငါတို့နှင့်တကွပြည်သူပြည်သားတွေအားလုံးကလည်း အမြဲတန်း အမှတ်ရဂုဏ်ယူနေဦးမည်ဖြစ်သလိုမင်းတို့ကျဆုံးခဲ့ရသည့်အဖြစ်အပျက်ကို လည်းစစ်မှန်သောတော်လှန်ရေး သမားများကျဆုံးသလို မှတ်ကျောက်တင်ထားရှိပြီးဖြစ်သည်၊

အိုရဲဘော်သူငယ်ချင်းအပေါင်းတို့၊မင်းတို့တစ်တွေကျဆုံးခဲ့လေပြီဖြစ်သော်လည်းမင်းတို့၏ သမိုင်းသည်ငါ့တို့နဲ့ အတူဆက်လက်ရှင်သန်နေဦးမည်ဖြစ်ပါသည်၊မြင့်မြတ်သောမင်းတို့၏နှလုံးသားနဲ့အတူတော်လှန်ရေးကို ချစ်မြတ်နိုးသည့် မွန်မြတ်သည့်မင်းတို့၏စိတ်ဓါတ်ကိုလည်းငါတို့ဘယ်သောအခါမှမေ့နိုင်လိမ့်မည်မဟုတ်ပါ၊

ကျဆုံးလေပြီးဖြစ်သောမင်းအတွက်သမိုင်းဝင်မှတ်ကျောက်တင်ရန်အတွက်ငါတို့အားလုံးရင် ထဲမှလှိုက်လှိုက် လှဲလှဲပြောလိုသည်မှာ
“မင်းတို့ဟာကျောင်းသားအစစ်အမှန်ဖြစ်တယ်၊”
“တော်လှန်ရေးကိုချစ်မြတ်နိုးသူအစစ်အမှန်ဖြစ်တယ်၊” “စစ်အာဏာရှင်စနစ်ကိုပြတ်ပြတ်သားသားဆန့်ကျင်သူတွေဖြစ်တယ်၊”
ဒါကြောင့်မင်းတို့တစ်ဦးချင်းစီရဲ့စွန့်လွှတ်စွန့်စားမှုတွေအားလုံးကိုမြင့်မြတ်သောတော်လှန်ရေး တပ်ဦး၏စွန့်လွတ်စွန့်စားမှုတွေအဖြစ်ကဗ္ဗည်းတင်ထားရှိမည်ဖြစ်သလို မင်းတို့တစ်ဦးချင်းစီ၏
ကျဆုံးခဲ့ရမှုကိုလည်း မြင့်မြတ်သောတော်လှန်ရေးသမားတစ်ဦးကျဆုံးမှုအဖြစ်မှတ်တမ်းတင်ထားရှိမည်ဖြစ်သည်၊

လူအခွင့်အရေးအတွက်တိုက်ပွဲဝင်ရင်းသူရဲဘောကြောင်သောလူရမ်းကားတစ်စု၏လက်ချက်ကြောင့်စစ် မှန်သောတော်လှန်ရေးသမားများကျဆုံးခဲ့ရသည့်အတွက်အထူးပင်ဝမ်းနည်း ကြေကွဲရသလို ဂိုဏ်းဂဏ ဆန်သောသူတို့၏လုပ်ရပ်များကိုလည်း ပြတ်ပြတ်သား သား ဆန့်ကျင်သွားမည်ဖြစ်ပြီး ရက်စက် စွာပြုမူခဲ့ သူတို့ကိုလည်း တရားဥပဒေရှေ့မှောက်အမြန်ဆုံး ရောက်ရှိနိုင်ရေးကိုလည်းဆက်လက်ကြိုးပမ်းအား ထုတ်သွားမည်ဖြစ်သည်၊အမှန်တရားကိုလိုလားသူတွေ၊ လူ့အခွင့်အရေးကိုချစ်မြတ်နိုးသူတွေ ဒီမိုကရေစီကို ချစ်မြတ်နိုးသူတွေအားလုံးမင်းတို့နဲ့အတူ ထပ်တူထပ်မျှရှိနေမည်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။

လွဲမှားသောအတွေးအခေါ်ကိုကျင့်သုံးပြီးမင်းမဲ့စရိုက်ဆန်သောလူတစ်စုလုပ်ရပ်အတွက်ငါတို့ရဲ့မြင့်မြတ်သော   တော်လှန်ရေးသမိုင်းကိုအစွန်းအထင်မခံနိုင်ပါ၊ထိုသူတို့များ တော်လှန်ရေးနယ်မြေထဲ သို့ရောက်လာ ခဲ့ကြသော တော်လှန်ရေးသမားများမဟုတ်၊အမှန်စင်စစ်၎င်းတို့သည် တော်လှန်ရေးကိုဖြိုခွဲသူပဉ္စမံတပ်သား လူရမ်းကားများသာလျှင်ဖြစ်သည်။

၎င်းတို့သည်၎င်းတို့နှင့်ထိုက်တန်သည့်တရားဥပဒေ၏အဆုံးအဖြတ်ကိုကျခံလိုက်နာရုံမှတပါး အခြားမရှိပါ။ လူဆိုး လူမိုက်လူရမ်းကားများကိုယဉ်ကျေးသောလူ့အဖွဲ့အစည်းကမည်သို့မှလက်သင့်ခံလိမ့်  မည်မဟုတ်ပါ၊

ငါတို့အနေနဲ့နောက်ဆုံးပြောလိုသည်မှာကျဆုံးလေပြီးသောမင်းတို့၏၀ိညာဉ်နဲ့အတူ မင်းတို့အထူးတလည် လိုလားသောမြတ်နိုးသော ဒီမိုကရေစီနှင့်လူ့အခွင့်အရေးရရှိရေးအတွက်ဆက်လက်တိုက်ဝင်သွားမည်ဖြစ် သလိုကျန်ရစ်သောမင်းတို့၏မိဖညီအစ်ကိုမောင်နှမများနဲ့ထပ်တူအထူးပင်ကြေကွဲရပါကြောင်းထပ်လောင်းပြော ကြားလိုပါသည်၊

အို..သူငယ်ချင်းရဲဘော်အပေါင်းတို့..မင်းတို့ဟာလူသေသော်လည်းနာမည်မသေခဲ့၊ သမိုင်း မသေခဲ့ပါ၊ မင်းတို့ဝိညာဉ်တွေဟာငါတို့ရဲ့ရင်ထဲအသဲထဲစွဲဝင်ကိန်းအောင်းခဲ့လေပြီ၊ဒီနေ့ဒီရက် ဟာမင်းတို့အတွက်သမိုင်း လှလှရေးဖို့ မွေးဖွားလိုက်တာဖြစ်တယ်၊ အနာဂတ်ရဲ့သမိုင်းစာမျက်နှာမှာ မင်းတို့ရဲ့မြင့်မြတ်တဲ့ စွန့်လွှတ် ခဲ့မှုတွေအတွက် ငါတို့သမိုင်းသစ်ကိုသွေးနဲ့ရေးခဲ့ရပြီဟုကမ္ဗည်းတင်ပါအပ်ပါသည်…. ရဲဘော်တို့၊

မင်းတို့အားလုံးကောင်းရာသုဂတိလားစေသော်ဝ်

ဝမ်းနည်းကြေကွဲခြင်းနဲ့အတူ..ရဲရင့်တည်ကြည်စွာဖြင့်

၁။ ABSDF မြောက်ပိုင်းဖြစ်ရပ်မှန်ဖေါ်ထုတ်ရေးအဖွဲ့။
၂။ နိုင်ငံတကာရောက် ဒီမိုကရေစီတိုက်ပွဲဝင်ရဲဘော်ရဲဘက်များ။
၃။ ၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ပ)။
၎။ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများ သမဂ္ဂ။
၅။ လွတ်လပ်သောမြန်မာ့လူ့ဘောင်အဖွဲ့ ။

သက္ကရာဇ် ၂၀၁၂ခုနှစ်၊ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့၊

အဖွဲ့အစည်းအဖြစ်ပါဝင်ရန်အခက်အခဲရှိသူများတစ်ဦးချင်းအနေဖြင့်အနေဖြင့် အမည်စာရင်း ပေးပို့လာပါက မှတ်တမ်းတင်ထားရှိပေးသွားမည်ဖြစ်သည်။
UZa Wana facebook   မှကူးယူဖော်ပြသည်။

No comments: