by Soe Lynn on Wednesday, 15 February 2012 at 00:19 ·
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ (၁၂) ရက်ပွဲမှာ ကျွန်တော်တို့ အားလုံးနီးပါး ပြန်ဆုံခဲ့ကြပါတယ်။ အဟောင်းတွေအသစ်ဖြစ် စကားတွေပြောလို့မကုန်ခဲ့ပါဘူး။ အကိုကြီး (ကိုထွန်းအောင်ကျော်)အပါအ၀င် ကြွေလွင့်ခဲ့သူအားလုံး အတွက် ကျွန်တော်တို့ တတ်နိုင်သမျှ ကြိုးစားပေးခဲ့ကြပါတယ်။
အောင်မိုးဝင်းရေးခဲ့သလို ထွန်းအောင်ကျော်၊ စိုးလင်း၊ အောင်နိုင်ဆိုတာ အတော်တွဲခဲ့ကြတာပါ။ ၁၉၈၉ မေ ၁၉-၂၀ မန္တလေးတက္ကသိုလ်အင်းဝခန်းမမှာကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံ (ဗကည) အပြီးမှာ ဒီသုံးဦးပိုရင်နှီးခဲ့ကြပါတယ်။ သွားအတူ၊ စားအတူ၊ အိပ်အတူ ကာလတွေပေါ့ ဒီလိုနဲ့ မြောက်ပိုင်းကိုသွားဖို့ ဖြစ်လာတဲ့ အခါ သူတို့နှစ်ဦးက အရင် သွားပြီး ကျွန်တော်က တစ်လလောက်နေမှ လိုက်သွားခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့မှာ မြောက်ပိုင်းပြန်တွေ မိတ်ဆက်ပွဲလုပ်ရင်း မိုးကြီး (မိုးဇော်ထွန်း) ပြောတဲ့ ကျေးညီနောင်ပုံပြင်ဟာ အကိုကြီးတို့ကို ရည်ညွှန်းတာပါ။ လာရာဒေသတူပေမဲ့ စရိုက်ချင်းကွဲသွားတဲ့ ကျေးညီနောင် အကြောင်းကို အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။
အကိုကြီးနဲ့ပါတ်သက်ရင်တော့ ရေးစရာတွေက အများကြီးပါ။ တစ်ခုခု ရေးမယ်ထိုင်လိုက်တိုင်း ကျွန်တော်မရေးနိုင်ခဲ့တာအခုထိပါပဲ။ အဲ့ဒီအတွက်လည်းနားလည်ပေးကြပါ။ အောင်နိုင်နဲ့ ပါတ်သက်ရင် တော့ ရေးစရာမရှိပါဘူး ။ မြောက်ပိုင်းမှာ ဖမ်းဆီးထားသူတွေရဲ့ရှေ့မှာ သူပြောခဲ့တဲ့စကား “မင်းတို့ထဲမှာ ကျောင်းသားအစစ်တစ်ယောက်ပါရင် ကြိုးစင်ကိုပျော်ပျော်ကြီးတက်သွားမယ်” တဲ့ ။ အခုအနှစ် (၂၀) ကြာတဲ့အချိန်မှာ အားလုံးက ရန်သူ့လူမဟုတ်ဘူးဆိုတာ ရှင်းနေပါပြီ။ ကျွန်တော်လိုချင်တာက ကြိုးစင်တက်ဖို့မဟုတ်ပါဘူး။ ရိုးသားဖို့ပါ။ အောင်နိုင်မှ မဟုတ်ပါဘူး တာဝန်ရှိတဲ့သူအားလုံး ရိုးသားကြစေချင်ပါတယ်။ ကိုမင်းကိုနိင်ရဲ့ ကဗျာတစ်ပုဒ်ထဲက စာသားလို ကိုယ်ရေးဆွဲတဲ့ပန်းချီကားမှာ ပန်းချီဆရာကိုယ်တိုင် လက်မှတ်ရေးထိုးကြဖို့လိုပါတယ်။
အမှန်အတိုင်းဝန်ခံရရင် ဒီအကြောင်းတွေကို ပြန်ပြော၊ ပြန်ရေးနေရတာ ကျွန်တော်အရမ်းစိတ်ပင်ပန်းပါတယ်။ မုန်တိုင်းည၊ လှိုင်းမူးခြင်း၊ အိပ်မက်ဆိုး ကဗျာတွေအကြောင်းတွေးတိုင်း မွန်းကျပ်မိပါတယ်။ ကျွန်တော်မှမဟုတ်ပါဘူး။ ခံခဲ့ရသူတွေအားလုံးမှာ စိတ်ဒဏ်ရာတွေနဲ့ပါ။ အလားတူပဲ ဒီအဖြစ်အပျက်တွေကို ရှာဖတ်၊ စောင့်ဖတ်နေသူတွေလည်း ခံစားမိကြမယ်ဆိုတာ ကျွန်တော်ယုံတယ်။ မွန်းကျပ်နေတဲ့ ကျွန်တော်တို့ တစ်တွေအတွက် တစ်ခါတစ်လေမှာ ထွက်ပေါက်ကလေး ရှိသင့်ပါတယ်။ အောက်မှာရေးပြမယ့် မိုးကြီး (မိုးဇော်ထွန်း) ရဲ့ ပုံပြင်လေးတစ်ပုဒ်က အဲ့ဒီသဘောများဖြစ်နေမလား တွေးရင်း မျှဝေပေးလိုက်ပါတယ်။
တစ်ခါတုန်းက ကျောင်းသားတပ်မတော်ဆိုတာ ရှိခဲ့ဖူးသတဲ့။ မြန်မာနိုင်ငံနယ်စပ်တစ်လျှောက် တောင်မှမြောက်အထိ သူတို့လေးတွေ ဖြန့်ကျက်တည်ရှိခဲ့ကြတယ်။ အော်ဟစ်ငြင်းခုန်လိုက်ကြ၊ ကြိုးစားအလုပ်လုပ်လိုက်ကြနဲ့ပေါ့။ အေဘီ(ဗဟို) အောင်မြင်သလို အေဘီ(မြောက်ပိုင်း)လည်း ကျော်ကြားခဲ့ပါတယ်။တစ်နေ့မှာတော့ အေဘီ(မြောက်ပိုင်း) ကိုထောက်လှမ်းရေးထုတ်လုပ်တဲ့ စက်ကြီးတစ်လုံးရောက်လာခဲ့ပါတယ်။ ခေါင်းဆောင်တစ်ချို့လည်း ၀မ်းသာအားရနဲ့ စက်ကြီးကိုစမ်းသပ်မောင်းနှင်ပါတယ်။ စီမံကိန်းရာနှုန်းပြည့်အောင်မြင်ပါတယ်။ မြောက်ပိုင်းမှာ ထောက်လှမ်းရေးတွေအများကြီးထုတ်လုပ်နိုင်ခဲ့ပါတယ်။အနီးဆုံးတရုတ်နိုင်ငံရဲ့ယဉ်ကျေးမှုတော်လှန်ရေး တောင် သူတို့လောက်မအောင်မြင်ခဲ့ပါဘူး။
ဒါကိုကြားတော့ အေဘီ (ဗဟို) ကခေါင်းဆောင်ကြီးတွေလည်း မြောက်ပိုင်းကိုရောက်လာကြပါတယ်။ စက်ကြီးရဲ့အလုပ်လုပ်ပုံတွေကို အသေအချာ အသေးစိတ် လေ့လာပြီး ဗဟိုမှာလည်း အလားတူစက်မျိုးတည်ဆောက်ဖို့ ကြိုးစားကြပါတော့တယ်။ ဒါပေမဲ့ ဒေသချင်းကွာခြားလို့လားမသိဘူး ဗဟိုရဲ့ ထောက်လှမ်းရေးစက်ကြီးဟာ အနည်းငယ်သာထုတ်လုပ်နိုင်ခဲ့ပါတယ်။ လျာထားချက်စီမံကိန်းလည်း မပြည့်မီခဲ့ပါဘူး ။ ဒီလိုနဲ့ နှစ်ပေါင်းနှစ်ဆယ်ကြာလာတဲ့အချိန်မှာတော့ …………………………………..
နောက်တစ်ပိုင်းမှာ ကိုနိုင်အောင်အကြောင်းကို ရေးသွားပါဦးမယ်
မှားတတ်တာ လူ့သဘာဝ
အမှားနည်းတာ လူ့အရည်အချင်း
အမှားကိုအမှားမှန်းသိပြီးဝန်ခံရဲတာ လူ့တန်ဖိုး
(အပေါ်နှစ်ကြောင်းက စာရေးဆရာ တစ်ယောက်ရဲ့ စကား၊ နောက်ဆုံးတစ်ကြောင်းက ကျွန်တော်ထပ်ဖြည့်ထားတာပါ)
စိုးလင်း
Soe Lynn facebook မှကူးယူဖော်ပြသည်။

No comments:
Post a Comment