Tuesday, February 7, 2012

သူ့ကြွေးရှိက ဆပ်ရမည်(၃)

by Soe Lynn on Tuesday, 7 February 2012 at 04:54
   ကျွန်တော် အိမ်ပြန်လာချိန်မှာ မိသားစုစားဝတ်နေရေး အတော်ကျပ်တည်းပါတယ်။ လဘက်ရည်တစ် ခွက်ဖိုးတောင်မရှိတဲ့ ရက်ပေါင်းများစွာကို ဖြတ်သန်းခဲ့ရတယ်။ မြင့်ကျော်(မိုးညှင်း-ယခုကိုရီးယား) လာပြော လို့ ကျောင်းပြန်တက်လို့ရတာသိပြီး ပြန်တက်ခဲ့တယ်။ ကျောင်းတက်စဉ်မှာတော့ စင်္ကာပူနဲ့ပြည်တွင်းက
ကျောင်းနေဖက် သူငယ်ချင်းတွေရဲ့ ထောက်ပံ့မှုနဲ့ မျက်နှာမငယ်ခဲ့ရပါဘူး။ အဲဒီကာလက ကျောင်း သားအရေးကိစ္စတွေမှာ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ အောင်မိုးဝင်း(ယခု အမေရိက)ဟာ အာကာကျော် (ယခု ပြည်ပ)နဲ့ ကျွန်တော့်အခန်းတွေမှာ အများဆုံးနေသွားခဲ့တာပါ။
    ဘ၀မှာအခက်အခဲအပင်ပန်းဆုံးကတော့ မမျှော်လင့်တာတွေဖြစ်ပြီး နယ်စပ်မှာ ကျဆင်းခဲ့တဲ့စိတ်ဓာတ်ကို ပြန်လည်တည်ဆောက်ရတာပါပဲ။ အဖြစ်အပျက်တူ ပြန်လာကြသူချင်းတွေ့တော့ လည်း ခံစားချက်တူသူချင်းတွေမို့နားလည်ခဲ့ကြပါတယ်။ AB အပေါ် စိတ်ဆိုးခြင်း၊ စိတ်နာခြင်း ဘယ်တုန်းကမှ ကျွန်တော်မဖြစ်ခဲ့ပါဘူး။

                   ကျွန်တော့်ရည်ရွယ်ချက်မှာ AB သမိုင်းအတွက် အမှန်တရား တစ်ခုပေါ်ရေးဆိုတာ အဓိကပါပဲ။ ခံခဲ့ရသူတွေ ကများတော့ အားလုံးတစ်သဘောတည်း ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ သူတို့တစ်ဦး ချင်းခံစားချက်ကိုလည်း ကျွန်တော်တို့နားလည်ပေးရပါလိမ့်မယ်။
    
                   အခိုင်အမာတစ်ခုပြောချင်တာက မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ကိစ္စဟာ နေရာလုတာမဟုတ်ပါဘူး။ အကိုကြီး(ကိုထွန်းအောင်ကျော်)ဟာ နေရာသမားမ ဟုတ်ပါဘူး။ အဲဒီလိုပဲ တတိယအကြိမ်ညီလာခံမှာ AB နှစ်ခြမ်းကွဲတာလည်း မြောက်ပိုင်းကိစ္စကြောင့်မဟုတ်ပါဘူး။ မြောက်ပိုင်းကိစ္စမဖြစ်လည်း အုပ် စုနှစ်စု အားပြိုင်မှုကြောင့် ကွဲမှာပါ။ တကယ်တမ်း အဲဒီအချိန်က အဖွဲ့အစည်းရဲ့နိုင်ငံရေးပုံရိပ်အတွက် ကိုမိုးသီးဇွန် လိုအပ်ပါတယ်။ ကိုနိုင်အောင်လည်း အဖွဲ့အတွက် လိုပါတယ်။ စုစုစည်စည်း ညီညီညွတ်ညွတ်နဲ့ ကျွန်တော် တို့ လက်တွဲလုပ်ခဲ့ကြရမှာပါ။ ကိုနိုင်အောင်ဖက်မှာရပ်ခဲ့တဲ့ ကျွန်တော်လည်း မှားပါတယ်။

   အဲဒီအချိန်က AB မကွဲရေးအတွက် အတတ်နိုင်ဆုံးကြိုးစားခဲ့ကြသူတွေကို ကျွန်တော်တို့ လေးလေး စားစား ပြန်လည်မှတ်တမ်းတင်ကြရမှာပါ။

အိပ်မက်ဆိုး

နှင်းခါးတွေရိုက်တဲ့ည
ရထားမှောက်သွားတယ်။

အမှောင်ထဲမှာ
မျက်လုံးတွေ
အော်နေလိုက်ကြတာ။

ရင်ဘတ်တစ်ခုလုံး
ဟင်းလင်းပွင့်သွားခဲ့တာ
နောက်ဆုံးတစ်ချက် အသက်ရှူရင်း
သိနေသလိုလို
သိလိုက်သလိုလိုနဲ့။

ညကို
မုန်တိုင်းက စားလိုက်ပြီ
ရထားကို
ညက၀ါးမြိုသွားပြီ
ကျွန်တော့်ကို
ရထားကြိတ်သွားတယ်။
(20-4-98)

အနာဂတ်မှာ အိပ်မက်ဆိုးတွေ ဘယ်သူမှ မမက်စေချင်တော့ပါဘူး။ ။
 soe lynn facebook မှကူးယူဖော်ပြသည်။

1 comment:

လင်္ကာ said...

Aung Moe Win
၁၉၉၅ ကာလတွေကတော့ အခက်အခဲဆုံးနှစ်တွေပါပဲ ကိုစိုးလင်း။ လူတွေအားလုံးမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့။ ဖမ်းဆီးနှိပ်စက်ခဲ့သူတွေနဲ့ နှိပ်စက် စစ်ကြောခံရသူတွေလည်း ထောင်ထဲမှာ၊ တက္ကသိုလ်တွေမှာ ပြန်ဆုံကြ၊ ကိုမြင့်ကျော်နဲ့ ကျနော်က တတန်းတည်းပြန်တက်ကြ၊ ကော်ရစ်တာမှာ ဂစ်တာ တီးနေတဲ့ မိုးညှင်းက ကိုတင်စိုးဦး ကို ကျနော်မေးကြည့်မိတယ်။ “ ခင်ဗျားနှိပ်စက်ခဲ့တဲ့ ကောင်မလေးက ခင်ဗျားကို မမေ့နိုင်အောင် မှတ်မိနေတယ် ” ဆိုတော့ - သူလည်း ဂစ်တာတီးနေရာက ရပ်သွားပြီး အပြင်ကိုငေးကြည့်နေတယ်။ ဘဝဆိုတာ အံ့သြဖို့တော့ အကောင်းသား။ တကယ်တော့ လရောင်အောက်မှာ ရထားဖြစ်သွားပုံက အထီးကျန် ဆန်လွန်းပါတယ်။ ကျနော်လည်း သွေ့ခြောက်ခြောက် ဘူတာရုံတွေအောက်မှာ ကိုစောငြိမ်းရဲ့ မိုးသက်လေနှင် သီချင်းနားထောင်ပြီး သစ်ရွက်ကြွေတခု လို အိမ်ပြန်ဖြစ်နေတယ်။ ဒါမျိုးဇာတ်လမ်းတွေ မကြုံပါရစေကြပါနဲ့တော့။
23 minutes ago
Aung Moe Win အော်- အာကာကျော် တယောက်ကတော့ နယူးဇီလန် တက္ကသိုလ်မှာ ကျောင်းဆရာဖြစ်နေလေရဲ့။ သူ့ကို ခင်ဗျားဆီ ဖုံးဆက်ခိုင်းလိုက်ပါ့မယ်။