Wednesday, January 25, 2012

ကိုထိန်လင်း၊ မနန်းအောင်ထွေးကြည်၊ ကိုညီညီကျော်၊ ကိုထင်လင်းအောင်၊ကိုထွန်းအောင်ကျော် နဲ့ကျနော်

 ဦးသန်းဆွေ(မြေနီကုန်း)- 25-1-2012 
”ကိုထိန်လင်း ၊ မနန်းအောင်ထွေးကြည် ၊ ကိုညီညီကျော် ၊ ကိုထင်လင်းအောင်-”
- သူတို့က ယုတ်ကန်းပက်စက်လှတဲ့အဲဒီငရဲခန်းကြီးကို ကိုယ်တိုင်ခါးစည်းပြီး ဖြတ်သန်းခဲ့ကြရတဲ့ သူတွေထဲက ကံကြီးလွန်းလို့ မသေပဲ လွတ်မြောက်လာသူ တချို့။
တနည်းပြောရရင် ငရဲကောင်တွေကို ငရဲပို့ဖို့၊ လူ့အဖွဲ့အစည်းတရားခွင်မှာ လူမဟုတ်တဲ့ လူတူ သတ္တဝါတွေကို လူ့စည်းဝိုင်းအပြင်ဘက် လူ့သမိုင်းအဆက် ဆက်မောင်းထုတ်ကြဖို့၊ လောကပါလ တရားကိုယ် အရ၊ လိုအပ်မှုအရ ရှင်သန်ခွင့်ရခဲ့ကြတဲ့ လူတွေထဲက တချို့။၊
လူ့အဖွဲ့အစည်းဝင်တစ်ခုဖြစ်တဲ့မြန်မာ့လူ့အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာနဲ့ လူ့ယဉ်ကျေးမှုတန်ဘိုး ”စံ” ကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် ဖျက်ဆီးခဲ့ကြတဲ့၊ ဖျက်ဆီးနေဆဲလည်းဖြစ်တဲ့၊ ဆက်ဖျက်ဆီးဖို့လည်း ကြံစည် နေကြတဲ့ ဗီဇယုတ် ငရဲကောင်တွေနဲ့အပေါင်းပါတွေရဲ့အန္တရာယ်က နောက်မျိုးဆက်တွေ လွတ်ကြရအောင် လုပ်ဖို့တာဝန်ရှိတဲ့၊ တာဝန်သိတဲ့၊ခိုင်ကြည်တဲ့ သက်သေ၊ တရားလိုတွေဖြစ်တယ် ။ ကာယကံရှင်တွေဖြစ်တယ်။


”ကိုအောင်မိုးဝင်း”
- သူက စာဖွဲ့လို့ မရနိုင်လောက်အောင်ဖြစ်ခဲ့တဲ့ ဒီပက်စက်မှုကြီးကို စာဖွဲ့ပြီး မှတ်တမ်းတင်နေတဲ့သူ ။
ပြီးတော့ လူ၊ လူ့တန်ဘိုး၊ လူ့ကျင့်ဝတ်၊ လူ့ဂုဏ်သိက္ခာ၊ အားလုံးကို တစ်စ မကျန် ဖေါက်ပြန်ကျူးလွန် ခဲ့ကြတဲ့ အဲဒီ အဟိတ်တွေနဲ့ တရားမဲ့မှုကို အပြစ်မဲ့စွာ ခံလိုက်ရတဲ့ ဘက် ၊ နှစ်ဘက်လုံးက အတော်များများနဲ့ ထဲထဲဝင်ဝင် ကျွမ်းဝင်ခဲ့သူ ။
လုပ်ဖေါ်ကိုင်ဘက်၊ ရဲဘော် ၊ မိတ်ဆွေ ၊အသိ အဖြစ် ထိတွေ့ ဆက်ဆံခဲ့ဖူး သူ၊ သူ့မှာ အထောက်အထားတွေရှိတယ်။
သူ့အထောက်အထားတွေကို သူယုံတယ်။ မျှတတဲ့ စိမ်ခေါ်မှု နဲ့ ပြည်သူကို ချပြမယ်၊။
ဓမ္မနဲ့အဓမ္မ ပြည်သူက ဆုံးဖြတ်ပါလိမ့်မယ်။

ဒီဖြစ်ရပ်ကြီးထဲ သူဘာကြောင့် ဝင် ပါခဲ့တယ်၊ သူ့ရပ်တည်ချက် က ဘယ်လိုဆိုတာ စ ဝင်ကတည်းက ” သူ” ဒီလို ရှင်းရှင်းပြောပြီး -ဝင်ခဲ့သူဖြစ်တယ်။


”ကိုထွန်းအောင်ကျော်”
- ABSDF ကို စတည်ခဲ့ကြသူ တွေထဲက တစ်ဦး၊ ပင်မ ဗဟိုအေဘီရဲ့ အစောဆုံးဥက္ကဋ္ဌလည်း ဖြစ်တယ်။
မြောက်ပိုင်းကိစ္စဟာ သူတာဝန်ယူ နေစဉ်ကာလမှာ ဖြစ်ခဲ့တာ မဟုတ်ပေမယ့်- ကျောင်းသား တပ်မတော် ရဲ့ဂုဏ်သိက္ခာကို ထိပါးစေတဲ့ ဘယ်လုပ်ရပ်မျိုးကို မဆို၊ ဆန့်ကျင် တိုက်ဖျက်သွားဖို့ လိုတယ်ဆိုတဲ့အမြင်နဲ့- မြောက်ပိုင်းဗဟိုမှာဖြစ်ခဲ့တဲ့ ပက်စက်မှုကြီးကို သိက္ခာရှိရှိရှင်းကြဖို့၊ တာဝန်သိသိဝင်ပြီး ဆော်သြတဲ့၊ အေဘီဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်တယ်။

ကျနော်က ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့ကာယကံရှင်လဲ မဟုတ်ပါဘူး ။
နှစ်ဘက်လုံးနဲ့ထဲထဲဝင်ဝင် သိခဲ့ကျွမ်းခဲ့ပြီး နှစ်ဘက်လုံးနဲ့ ပတ်သက်တဲ့အထောက်အထား တွေ ရှိတဲ့သူလည်း မဟုတ်ပါဘူး ။
ဘယ်နိုင်ငံရေး၊ စစ်ရေးအဖွဲ့အစည်းဝင်မှလည်း မဟုတ်ပါဘူး။

ဒါဖြင့် ဘာကြောင့် ဒီပြဿနာထဲကို ဝင်ပါရတာလဲလို့ သဏ္ဌာန်မျိုးစုံနဲ့မေးလာသူ မိတ်ဆွေများကို ကျနော် တလေးတစား တန်ဘိုး ထားပြီး ဖြေလိုက်ပါတယ် ။” ကျနော်ဟာ မြန်မာနိုင်ငံမှာ မွေးခဲ့တဲ့ မြန်မာ နိုင်ငံသား တစ်ဦးဖြစ်လို့ပါဘဲ” ။


ပြီးတော့ ”လူသား တစ်ဦးအနေနဲ့လူ့ဂုဏ်သိက္ခာ ၊ လူ့တန်ဘိုးကို ထိန်းသိမ်းဖို့တာဝန်ရှိတယ်” လို့အခိုင်အမာ ယုံကြည်လို့ပါဘဲ။

အရင် စာတွေမှာ ကတည်းက ကျနော်ရေးခဲ့ပြီးပါပြီ။
မြောက်ပိုင်းကိစ္စဟာ ဘက်နှစ်ဘက်(နိုင်ငံတော်နှစ်မျိုး) ကြားက ပြဿနာ၊ တပ်စုတစ်စု၊ အဖွဲ့အစည်း တစ်ခုတည်း အတွင်းက ပြဿနာမျှသာ မဟုတ်တော့ဘူး။
နယ်လွန်သွားပြီ၊
မြန်မာ အပါအဝင် တိုင်းရင်းသား လူ့အဖွဲ့အစည်းဝင် အားလုံးရဲ့ယဉ်ကျေးမှု ဂုဏ်သိက္ခာကို ပြောင်ပြောင်တင်းတင်း အသရေဖျက်တာ။

လူ့အဖွဲ့အစည်းဝင်တွေရဲ့ လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဘိုးကို မိုက်ရိုင်း စုတ်ပဲ့စွာ စော်ကားလိုက်တာပဲ လို့ ယူဆပါတယ်။

အဲဒီလူ့အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့အဖွဲ့အစည်းဝင် တစ်ဦးဖြစ်တဲ့ကျနော့်မှာ တာဝန်ရှိတယ်လို့ယုံကြည်လို့ အခုလို ဝင်ပြီး ရေးသားခြင်းဖြစ်ပါတယ်။

မိတ်ဆွေများ ခင်ဗျား၊ အားလုံးကို လေးစားပါတယ်။
ဒါကြောင့်လည်း ရေးလက်စ များ ဆက်မတင်ခဲ့တာပါ။
အခုလည်း ကျနော့်အမြင်၊သဘောထားကို ကြားဖြတ်ပြီး ကျနော်တတ်စွမ်းသမျှ ရှင်းပြလိုက်ပါတယ် ။
ကျနော်ဆက် ရေးသွားပါမယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

”ဟေး... အသံတွေ တိတ်ကုန်ပါလားဟေ့......
ခွာရှပ်ပြီး ကန်သင်းကို ထိုးခွဲ ...ဂျိုပဲ သွေးနေတာလား၊
စိတ်ကြိုက်ပြင်ဆင်ပြီးရင် ခတ်ကွင်းထဲ ဝင်ခဲ့တော့ ၊
”ဂျို”ထောင်လား။ ”ဂြိုဟ်” ကောင်လား..။
အံသွားတွေ ကျိကျိမြည်အောင် ကြိတ်ထားတဲ့ ပရိသတ် ကြီးက သိပြီးသား အဖြေကို အေးစက်တဲ့မျက်လုံးတွေနဲ့ကြိုဆို နေကြပါတယ် ။”


ဦးသန်းဆွေ(မြေနီကုန်း)

ဟစ်တိုင် မှကူးယူဖော်ပြသည်။

No comments: