Saturday, January 21, 2012

ကိုအေးအောင်

ကလေးမြို့ အကျဉ်းထောင်မှ
ကိုအေးအောင် သို့ သတိရခြင်းများစွာဖြင့်

ပြီးခဲ့တဲ့(Jan-13-2012) နေ့မှာ မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့ နိုင်ငံရေး အ ကျဉ်းသား တွေထဲကအချို့ကို ထပ်ပြီးလွှတ်ပေးလိုက်တယ်လို့ကြားရလို့ ၀မ်းသာလိုက်ရတယ်၊ ဒါပေမယ့် ပထမ ကြားထားရတဲ့ မီဒီယာတွေရဲ့ သတင်းမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ဒီတစ်ခါတော့ အပြီးလွှတ်တော့မယ်ဆိုတဲ့ သတင်းတွေအတိုင်း လက်တွေ့လွှတ်တဲ့အခါ ထုံးစံအတိုင်း ပဲ ဖြစ်နေ လို့ အရမ်းဝမ်းမ သာလိုက်ရဘူးဗျာ၊ ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံးနေပါပြီဆိုပြီး အဓိကကျ တဲ့ ကိစ္စတွေမှာတော့ ဆက်ပြီး တင်းခံကလိန်ကျနေသေးတဲ့ဒီ အာဏာရှင်ဖက်စပ် ဒီမိုကရေစီအစိုးရ ကိုတော့အရမ်းကို “ခံပြင်းဖို့ ကောင်းတယ်”  ဗျာ။  

အခုပဲကြည့်လေဗျာ လက်တွေ့ပဲ ဒီမိုကရေစီအရေးနဲ့ တိုင်းပြည်လွတ်မြောက်ရေးအတွက် မတရားဖမ်းဆီးခံ အ ကျဉ်းကျခံနေရတဲ့လူတွေကို ပြန်ပေးဆွဲတဲ့အလုပ်ကို စီးပွားဖြစ်လုပ်စားနေကြတဲ့ ဂိုဏ်းနဲ့မခြား တို့တိ တို့တိနဲ့ လွှတ်ပြလိုက် ချန်ထားချင်တဲ့လူတွေကို ကွက်ပြီးချန်ထားလိုက်နဲ့လုပ်နေတာ သူတို့စစ်တပ် အာဏာ သိမ်းသက်တမ်း တလျှောက်လုံးပဲ။ အဲ့ဒါတွေကြောင့် စစ်အကျဉ်းစခန်းတွေထဲမှာ ဆက်လက်ပိတ်နှောင် ထားခံနေရတဲ့ နိုင်ငံ ရေးအကျဉ်းသားတွေအတွက် အခုအချိန်မှာ လူအများရဲ့ စိတ်ထဲမှာခံစားနေကြရ သလိုမျိုး ကျနော်လည်း အရမ်း ခံပြင်းတဲ့စိတ်/၀မ်းနည်းတဲ့စိတ် ဖြစ်ရတယ်ဗျာ။



အခုရက်ပိုင်းတွေမှာ facebook နဲ့ သတင်း media မှာ ပြောနေ ရေးနေကြတဲ့ အသံတွေအတိုင်း 1996/1998 ကာလတွေရဲ့ ကျောင်းသားလှုပ်ရှားမှုတွေမှာ အဓိကအခန်းကဏ္ဍကနေ ဦးဆောင်ပါဝင်ခဲ့တဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား ကိုအေးအောင်ဟာ ချင်းပြည်နယ် စစ်ကိုင်းတိုင်းမှာရှိတဲ့ ကလေးမြို့ အ ကျဉ်းထောင် ထဲမှာ အကျဉ်း ကျနေထိုင်လာရတဲ့ ကာလတစ်လျှောက်မှာ သူနဲ့အတူ နှစ်တွေ လတွေ ရှည်ကြာစွာ အတူတကွ အကျဉ်းစံရင်းနဲ့ သူ့မျက်စေ့အောက်မှာတင် စစ်အစိုးရဲ့ ပြန်ပေးနည်းနဲ့ တစ်သုတ်ပြီး တစ်သုတ် ပြန်လွှတ်ပေးနေတာကို မြင်ရတာ အခုဆိုရင် အကြိမ်ပေါင်း သုံးကြိမ်ထက်မနည်းတော့ပါဘူး၊ အခု ကိုမင်းကိုနိုင်တို့ကို လွှတ်တဲ့အသုတ်မှာလဲ မပါ ပြန်ဘူးဗျာ၊ ကျနော်လည်းဒီလိုအဖြစ် မျိုးတွေတော့ နှစ်ကြိမ် သုံးကြိမ်လောက်တော့ကြုံဖူးခဲ့ပါတယ်။ ဒါပေမယ့် သူအခု ကလေးအကျဉ်းထောင်ထဲမှာ တစ်ယောက် ထည်းကျန်ခဲ့ရ သလောက်တော့မဟုတ်ပါဘူး၊ ကျနော်တို့တုန်းက နိုင်ငံရေးအကျဉ်းသားတွေ မတရား များနေ တဲ့ ကာလ ဥပမာ- 11/92 နဲ့ လွှတ်တုန်းက အသုတ်လိုက်အ သုတ်လိုက်သာ ကိုယ့်မျက်စေ့အရှေ့မှာ လွတ်လွတ်သွားလိုက်တာ။ ကိုယ်ကျတဲ့ နှစ်သာစေ့သွားတယ် ကိုယ်မပါ ဘူး၊ နောက်ပြီးတော့ ကလေးအ ကျဉ်းထောင်မှာတုန်းကလည်း(ကိုအေးအောင်ပါအပါအ၀င်အတူနေကြစဉ်) ကျနော်တို့အရှေ့မှာအချို့ကို ဒီလို ပဲ ပြန်ပေးဆွဲတဲ့နည်းနဲ့ တိုက်ဝန်းထဲမှာ လာလာခေါ်ထုတ်ပြီး လွတ်တာကြုံဖူး လိုက်ပါတယ်၊ ကျနော်   ပြန်တွေးပြီးစိတ်မကောင်းဖြစ်ရတာက July /6/ 2005 မှာ ရုတ်တရက် ဥူးပဇင်းဦးစန္ဒာသိရိ ရယ်(2007 မှာထောင်တစ်ကြိမ်ထပ်ကျပြီး ယ္ခု ကိုမင်းကိုနိုင်တို့နှင့်အတူ ပြန်လည်လွတ်မြောက်လာသည့် ဥူးပဇင်း) သင်္ကန်းကျွန်းမြို့နယ်က ကိုနေဦး၊ ကျနော်၊ ပဏ္ဍိတ်ထွန်း(2007 မှာထောင်တစ်ကြိမ်ထပ်ကျပြီး ယ္ခု ကိုမင်း ကိုနိုင်တို့နှင့် အတူပြန်လည်လွတ်မြောက်လာသူ) အဲ့ဒီ ကျနော်တို့ အမှုတွဲလေးယောက်ရယ် အပြင် 17/1 နဲ့ ထောင်ကျတဲ့ ကလေးမြို့ ပတ်ဝန်းကျင်တစ်ဝိုက်က ချင်းလူမျိုးတစ်ချို့ရယ် လွတ်တဲ့နေ့က ကိုအေးအောင် ရယ် ကိုစောဝင်း(ဒေါပုံ- အခုတော့ပြန်လွတ်သွားတာ နှစ်နှစ်လောက်ရှိပါပြီ) သူတို့နှစ်ယောက်အတွက် စိတ်မကောင်း ခြင်း/၀မ်းနည်းခြင်း ဆိုတာနဲ့ပဲ ကျနော်တို့လေးယောက်က သူတို့နှစ်ယောက် ကို ကျောခိုင်း ခဲ့ကြရတာပါ၊ အဲ့ဒီနောက်မှာ ကိုအေးအောင်နဲ့ ကိုစောဝင်းတို့ နောက်ထပ်လွှတ်တဲ့ အသုတ်တွေမှာပါလာနိုးနဲ့ သတင်းစောင့်နားထောင်နေရင်းကိုစောဝင်းကတော့လွတ်သွားပြီလို့ကြားပါတယ်။ဒါပေမယ့်ကိုအေးအောင် ကတော့ကလေးမြို့အကျဉ်းထောင်မှာ ထောင်ပိုင်တွေသာအဆက်ဆက်ပြောင်းသွားတယ်၊အကျဉ်းသားတွေ   ထောင် ၀န်ထမ်း တွေသာ တစ်သုတ်ပြီးတစ်သုတ် ပြောင်းသွားကြတယ်၊ သူကတော့ ဒီအတိုင်းပဲလေ။

April /1998 အင်းစိန်ထောင်ကနေ ကလေးမြို့ အကျဉ်းထောင်ကို ကျနော်တို့ပြောင်းရတာက စောစောက ကျနော်ပြောခဲ့တဲ့ ကျနော်တို့အမှုတွဲလေးယောက် အပါအ၀င် 15 ယောက်က ပထမအသုတ် အနေနဲ့စပြီးပြောင်း ခဲ့ရပါတယ် ပြီးမှ ကိုအေးအောင်(59 နှစ်) နဲ့ ကိုသက်ဝင်းအောင်(57 နှစ်) တို့အပါအ၀င် ဆယ်တစ်ယောက်က Nov / 1998 လောက်မှာ ထပ်ရောက်လာကြပါတယ်၊ သူတို့ 11 ယောက်က စစရောက်ချင်းမှာ ကျနော်တို့နဲ့ အ တူမနေရသေးပဲ အခန်း(5) ခန်းပဲပါတဲ့ တိုက်မှာနေကြရပါတယ်၊ သူတို့နေရတဲ့တိုက်နဲ့ ကျနော်တို့ 15 ယောက် နေရတဲ့ သီးသန့်ဆောင်တိုက်နဲ့က အုတ်ရိုး ခပ်နိမ့် နိမ့်တစ်ချက်ပဲ ခြားထားတာပါ၊ အဲ့ဒါကြောင့် သူတို့ကျနော်တို့ ကတစ်ဘက်နဲ့တစ်ဘက် နေ့စဉ် အုတ်ရိုးကျော် ပြီးတော့ အလည်အပတ်သွားလာကြပါတယ်၊ အဲ့ဒါကိုနောက်ပိုင်း မှာ ထောင်အာဏာပိုင်တွေကသိတော့ မထူးပါဘူးသူတို့ကို အတူပေါင်းထားတာပဲ ကောင်းပါတယ်ဆိုပြီး ကျ နော်တို့နေတဲ့ သီးသန့်ဆောင်တိုက် ဘက်ကို ပေါင်းပေးလိုက်ပါတယ်။

အဲ့ဒီလိုပေါင်းထားလိုက်တဲ့အခါမှာ ကိုသက်ဝင်းအောင်ကတော့ ကျနော်နဲ့ အရင်က(88/89) လောက် ကတည်း ကအဖွဲ့အစည်းတစ်ခုတည်း အတူလုပ်ခဲ့ဘူးတဲ့ ရင်းနှီးပြီးသားသူငယ်ချင်းတွေပါ၊ ကိုအေးအောင် ကတော့ အဲ့ဒီမှာ ကျမှ ကျနော်နဲ့ဆုံဖြစ်ကြတာပါ၊ သူလည်း သူ့အတွေ့အကြုံ ကိုယ့်အတွေ့အကြုံတွေ အပြန်အလှန်ပြောကြရင်း နဲ့(ကျနော်ထောင်မကျခင် တစ်ဖွဲ့တည်းမှာအတူလုပ်ကိုင်ကြရင်းနဲ့ ညီအစ်ကိုတမျှ ရင်းနှီးခဲ့ရတဲ့ အခုလက်ရှိ ဖင်လန်နိုင်ငံမှာရှိနေတဲ့ ကိုသားဆွေနဲ့ကလည်း နောက်ပိုင်းမှာ သူနဲ့ အဖွဲ့အစည်း တစ်ခုတည်းမှာပဲ ကျနော်နဲ့လိုပဲ ရင်းရင်းနှီးနှီးလုပ်ခဲ့ကိုင်ခဲ့ ပြေးခဲ့လွှားခဲ့ကြတယ်ဆိုတဲ့ အကြောင်းတွေကို ကိုသားဆွေအမှတ်တရအနေနဲ့ ထောင် ထဲမှာ စကားလက်ဆုံကျဖြစ်ခဲ့ပါတယ်) တဖြည်းဖြည်း ရင်းနှီးလာ ကြပြီး အချိန်ကြာလာတာနဲ့အမျှ သူ့စိတ်ဓါတ် ကိုယ့်စိတ်ဓါတ် သူ့စရိုက်ကိုယ့်စရိုက် အပြန်အလှန်နား လည် နိုင်လာကြပြီး အခန်းတစ်ခုထဲမှာ အတူနေပြီး အယူအဆတစ်ခု ဒါမှမဟုတ် စာအုပ်စာပေအကြောင်း အရာတစ်ခုခု အဲ့ဒါတွေကို စိတ်ကူးပေါ်ရင်ပေါ်သလို ငြင်း ခုံဆွေးနွေးပြီး မိုးစင်စင်လင်းခဲ့ရတဲ့ ညပေါင်းလဲ များခဲ့ပါတယ်။

အဲ့ဒီကလေးမြို့ အကျဉ်းထောင်ထဲကျမှ စပြီးရင်းရင်းနှီးနှီးသိလိုက်ရတဲ့ ကိုအေးအောင်မှာ ထူးခြားတဲ့ အချက်က လေးတွေ ကျနော်တွေ့ခဲ့ရပါတယ်၊ ကိုအေးအောင်က ကျနော့်ထက်အသက်အားဖြင့် ငယ်ပါ တယ်၊ဒါ ပေမယ့် သူနဲ့ရွယ်တူတွေကြားထဲမှာ သူက နိုင်ငံရေးစာပေ ဗဟုသုတစာပေ ရသစာပေ အစရှိ သဖြင့်ပေါ့လေ သူဖတ် မှတ်ထားတဲ့ အကြောင်းအရာတော်တော်များများကို စနစ်တကျ နဲ့ပြန်ပြီး ပြောနိုင်ဆွေးနွေးနိုင်တဲ့ အစွမ်းသူ့မှာရှိ တယ်။ နောက်တစ်ခုက မိဝေးဖဝေး ဆွေမျိုး ညီအစ် ကိုမောင်နှမတွေနဲ့ ဝေးနေရတဲ့လူအချင်းချင်းတွေအတွက် သူ့ဆီမှာရှိနေရင် တစ်ချက်ကလေးမှ လက်မတွန့် တတ်ပဲ အနစ်နာခံတတ်တယ် တစ်ခါတလေ သူမစားပဲ အငတ် ပါခံတတ်တယ်၊ ကျနော်တို့တိုက်ဝန်း အတွင်းမှာ ကျနော်တို့ဝေယျာဝိစ္စတွေကို ကူညီလုပ်ကိုင်ဖို့အတွက်ဆိုပြီး အာဏာပိုင်တွေက ပို့ပေးထား တဲ့ နိုင်ငံရေးပုဒ်မ မဟုတ်တဲ့ အကျဉ်းသားတွေကို ကအစပေါ့၊ နောက်တစ်ချက်က အပြင်လောက မှာ နိုင်ငံရေးလုပ်ကိုင်လာပြီးတော့ နိုင်ငံရေးအမှုနဲ့ ထောင်ကျလာတဲ့လူတစ်ယောက်အနေနဲ့ ရင့်ကျက်တဲ့ စိတ်ရှိတယ်၊ ကိုယ်အပြုအမူကြောင့် ထောင်တွင်းမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဂုဏ်သိက္ခာ/ ဗမာပြည် ဒီမိုကရေစီအရေးအတွက် စွန့်လွှတ်အနစ်နာခံနေကြတဲ့ နိုင်ငံရေးသမားတွေရဲ့ ဂုဏ်သိက္ခာတွေကို မကျဆင်းရေးအတွက် ထောင်ကျနေတဲ့လူငယ်တစ်ယောက် ဖြစ်ပေမယ့် “ငါအခု လူထောင်ကျနေတာ စိတ် တော့ ကိုယ့်ကိုကိုယ် ထောင်အကျမခံဘူးကွ”ဆိုပြီးတော့ ဗရမ်းပဒါ ပေါက်လွှတ်ပဲစားနဲ့ အရပ်သား ရာဇ၀တ်မှုနဲ့ ထောင်ကျလာသလို နေထိုင်ခဲ့တာမျိုး လုံးဝမရှိပဲ၊ ကိုယ့်အချင်းချင်းဖြစ်တဲ့ ပဋိပက္ခတွေမှာလဲ(ရန်ဘက်နည်းနဲ့ ကိုယ်ထိလက်ရောက် လက်ရုံး ရည်နဲ့ မဖြေရှင်းဘူး) နိုင်ငံရေးသမား ရပ် တည်ချက်နဲ့ ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ အဖြေရှာလေ့ရှိတယ် ၊ အာဏာပိုင်နဲ့ ပဋိပက္ခတွေမှာလည်း အခွင့် အရေးအတွက် တိုက်စရာရှိရင်/တိုက်ဖို့လိုရင် တိုက်တယ်၊ ဆွေးနွေးဖို့လိုရင်လည်း မိမိရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို အထိခိုက်မခံပဲ ထောင်တွင်းမှာရပ်တည် သင့်တဲ့ နိုင်ငံရေးရပ်တည်ချက်မူတွေအပေါ်မှာ ရပ်တည်ပြီးစကားပြောတဲ့ အလေ့အထတွေသူ့မှာ ရှိတယ်။ သူ့မှာ ငယ်ပေမယ့် အဲ့ဒီရပ်တည်ချက်မျိုးတွေ ရှိနေတဲ့အတွက် ကျနော့်အနေနဲ့ သူ့ကို လေးစားတဲ့စိတ်နဲ့ အမြဲအမှတ်ရ နေမိပါတယ်။

လူကြီးရောလူငယ်ပါ လေးစားအသိအမှတ်ပြုထားကြတဲ့ ကျနော်တို့ရဲ့ နောင်တော်“ကိုမင်းကိုနိုင်” နဲ့အတူ ခြား သော (1988/2007) မျိုးဆက်ကျောင်းသား ညီအစ်ကို/မောင်နှမများအချို့ပါ အကျဉ်းထောင် က ပြန်လည်လွတ် မြောက်လာကြတဲ့အတွက် ၀မ်းသာပါတယ်၊ အခုလိုပြန်လွှတ်ပေးလိုက်တဲ့ အတွက်“ကြို ဆို ပါတယ်”ပေါ့ ဗျာ။(ဘာ ဖြစ်လို့ ကျနော်အဲ့ဒီလေသံနဲ့ ပြောရသလဲဆိုတော့ ဗိုလ်သိန်းစိန် အင်တာဗျူးထား တဲ့ ဗွီဒီယိုဖိုင်တစ်ခုမှာ ဒီမိုကရေစီရေးအတွက် နိုင်ငံရေးယုံကြည်ချက်နဲ့ ဖမ်းဆီး/နှိပ်စက်/အကျဉ်းချ/ ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တွေနဲ့ ပါတ်သက်ပြီး သမတဆိုတဲ့လူတစ်ယောက်အနေနဲ့ ပြောထားတဲ့ စကားလေသံနဲ့ မျက်နာထားက အနာဂါတ် ဒီမိုကရေစီအရေးနဲ့ တိုင်းပြည်အတွက် အတော့်ကို ရင်လေးစရာပဲဗျာ)။ တကယ်သာ ကျနော်တို့ တိုင်းပြည်ကို စစ်မှန်တဲ့ ဒီမိုကရေစီ အနာဂါတ်ဆီကို အရောက်ပို့ချင်တယ်ဆိုရင်တော့ ပြုပြင်ပြောင်းလဲရေးတွေ ထဲက တစ်ချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးမှသာ ကျန်တဲ့အချက် တွေအတွက် အထောက်အကူပြုမယ့် လမ်းပွင့်သွားမှာပါ။

အခုလိုတစ်သုတ်ပြီးတစ်သုတ် လွတ်လာကြတဲ့အထဲမှာ ကိုအေးအောင်ပါမလာပဲ အကျဉ်းထောင်ထဲမှာ ဆက်ပြီး စိတ်ရောလူပါ ညှင်းပန်းအနှိပ်စက်ခံနေရတဲ့အတွက် ကျနော့်အနေနဲ့ သူ့မိသားစုနဲ့ထပ်တူ၊ သူ့ကိုချစ်ခင်တဲ့ ရဲ ဘော်တွေနဲ့ထပ်တူ စိတ်ထဲမှာ ၀မ်းနည်း ခံစားရပါတယ်ဗျာ။

“ကိုအေးအောင်နှင့်အတူ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး ချွင်းချက်မရှိ လွတ်မြောက်ကြပါစေ”

ကျော်ဇော

No comments: