Sunday, January 22, 2012

စာအုပ်သစ်၊ မျှော်လင့်ချက်သစ်နှင့် လမ်းသစ် - ကျော်ဝင်း

by Ye Myint Thu on Sunday, January 22, 2012 at 1:48am
စာအုပ်သစ်

ယခုရက်ပိုင်းအတွင်း သိသိသာသာ စာရေးကျဲသွားသည်။ မရေးဖြစ်သလောက်ပင် ရှိသည်။  စာအုပ်သစ်တစ်အုပ်ကို ကြိုးစားပမ်းစား “ဖြို”နေရသောကြောင့် ဖြစ်ပါသည်။စာအုပ်ကြီးမှာ နည်း နည်းနောနောမဟုတ်၊ စာမျက်နှာ ၅၀၀ ကျော်ဆိုဒ်ကြီး။ အကြောင်းအရာမှာလည်း ကျယ်သလား၊ နက်သလား မမေးနှင့်။  “လူသားအကြိုကာလမှ ပြင်သစ် တော်လှန်ရေးသို့”( From Prehuman Times to the French Revolution )ဟူ၍ပင် ဒုတိယ ခေါင်းစဉ်တတ်ထားသည်။ ဤမျှရှည်လျား ထွေပြားလှသော၊ သမိုင်းဖြစ်စဉ်ကြီးအတွင်းနိုင်ငံရေးဖွံဖြိုးမှု၏မဏ္ဍိုင်များ (တစ်နည်းနိုင်ငံရေးအစီအစဉ်) အဆင့်ဆင့်ဖွံ့ဖြိုးပုံကို ဆန်းစစ်လေ့လာထားသော ကျမ်းကြီးဖြစ်သည်။ နာမည်ကျော် ဖရန်စစ်ဖူကူယားမား၏ ယခုနှစ် ၂၀၁၁ ထုတ် စာအုပ်သစ်“The Origins of Political Order  ” ဖြစ်ပါသည်။

ကျမ်းရှင်ဖူကူယားမားက ဆိုခဲ့ပါ ခရီးရှည်ကြီးကို အဆင့်နှစ်ဆင့် ခွဲပြသည်။“သဘာဝ၏ ပေးစာကမ်းစာ ကိုသာ ရှာဖွေစား သောက်ကြရသောအမဲလိုက်အစုလေးများ ( Small groups of hunter-gatherers )မှဆွေမျိုးသားချင်းကို အခြေခံသော “မျိုးတူ စုများ”( Tribes )အဖြစ်သို့စုစည်းလာသည်က ပထမအဆင့်၊ ဒုတိယအဆင့်မှာ အဆိုပါမျိုးတူစုများ မှာ“ခေတ်သစ်နိုင်ငံတော်” ( Modern State ) အဖြစ်၊ အဆင့်ဆင့်ဖြစ်  တွန်းလာပုံဖြစ်သည်။ကျမ်းရှင်က ပထမအဆင့်ကို “နောက်ခံကားအဖြစ်သာခင်းပြပြီး
ဒုတိယအဆင့်ကို အနုစိတ်ဖွင့်ဆိုသည်။ အထူးသဖြင့် နိုင်ငံရေးမျက်နှာစာ၏ မဏ္ဍိုင်သုံးရပ် (နိုင်ငံတည်ဆောက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီ) တစ်ဆင့်ပြီးတစ်ဆင့်ဖွံ့ဖြိုးလာပုံနှင့် အဆိုပါ မဏ္ဍိုင်များ၊ စီးပွားရေးမျက်နှာစာအပါအ၀င် ကျန်မျက်နှာစာများနှင့်အပြန်အလှန်ချိတ်ဆက်ကျေး ဇူးပြုကြပုံများကို မတူသော နိုင်ငံများ၏အတွေ့အကြုံများဖြင့်ဆက်စပ်ခြေရာခံ ပြသည်။

ပထမမဏ္ဍိုင် “နိုင်ငံတည်ဆောက်ရေး” (  State Building ) ၏ ကျေးဇူးပြုမှုမှာ“ဆွေမျိုးသားချင်းသစ္စာခံမှုထက်ကျော်လွန်သော နိုင်ငံတော်အပေါ် သစ္စာခံမှု”ကိုဖန်တီးတည်ဆောက်ပေးနိုင်ခြင်းဖြစ်သည်။ တစ်နည်းဆိုရလျှင် “ညီနောင်သားချင်းများ၏
နိုင်လိုမင်းထက်အုပ်စိုးမှု” ( tyranny of cousins ) ကို ထိန်းချုပ်ပေးသည်။“သန်စွမ်းသော အစိုးရ” ( Strong government ) ပေါ်တွက်လာခြင်း ဖြစ်ပါသည်။ကျမ်းရှင်က ဤသမိုင်းအဆင့်အတွက် တရုတ်ပြည် ချင်မင်းဆက်ကို မှတ်တမ်းတင်သည်။
သို့တိုင်အောင် နိုင်ငံတော်အာဏာစက် လွန်ကဲလာရာမှ “အုပ်စိုးသူများ၏ နိုင်လိုမင်းထက်ကြီးစိုးမှု”( tyranny of rulers ) ပေါ်လာပြန်ရာ ဒုတိယမဏ္ဍိုင် “တရားဥပဒေစိုးမိုး မှု”( rule of the Law )ဖြင့် ထိန်းရပြန်သည်။ ဤသမိုင်းအဆင့်အတွက်မူ ကျမ်းရှင်ကအိန္ဒိယတိုက်ငယ်နှင့် အရှေ့အလယ်ပိုင်း ကို အမှတ်ပေး သည်။သို့နှင့်တိုင် ဆိုခဲ့ပါ မဏ္ဍိုင်နှစ်ရပ် ရှိရုံမျှနှင့် “ပတိရူပ”မဖြစ်နိုင်သေးဟု
ကျမ်းရှင်က မှတ်ချက်ပြုပါသည်။ လူထု၏ဆန္ဒကိုထင်ဟပ်၍ လူထုအကျိုးစီးပွားကိုကိုယ်စားပြုနိုင်သော “တာဝန်ခံမှုရှိသည့်အစိုးရ”( accountable government )ရှိဖို့လိုသည် ဟုဆိုသည်။ အဆိုပါ တတိယမဏ္ဍိုင် ဖွံ့ဖြိုးရေးကိုမူ သမိုင်းတွင်တာထွက်စောခဲ့သော တရုတ်၊ အိန္ဒိယနှင့် အရှေ့အလယ်ပိုင်း တို့ တာဝန် မယူနိုင်ခဲ့။
ပြင်သစ်တော်လှန်ရေးနှင့် စက်မှုတော်လှန်ရေးတို့၏ မွေးရပ်မြေဖြစ်ခဲ့သောဥရောပနိုင်ငံများကသာ သဘာဝကျစွာ ပုံဖော်နိုင်ခဲ့သည်။
ဆိုခဲ့ပြီးသော မဏ္ဍိုင်သုံးရပ်သည်ပင် ခေတ်သစ်ဒီမိုကရက်တစ်နိုင်ငံတော်တည်ဆောက်ရေးအတွက် မဖြစ်မနေ ထူထောင်ရမည့် “ကျင့်ထုံး”သုံးရပ် (သို့မဟုတ်)အင်စတီကျူးရှင်းသုံးရပ်ဟု ကျမ်းရှင်ဖူကူယားမားက ကောက်ချက် ဆွဲပါသည်။
ဆိုခဲ့ပါကျင့်ထုံးသုံးရပ် (သို့ မဟုတ်) အင်စတီကျူးရှင်သုံးရပ်ကို တည်ဆောက်ရာတွင်မိမိသက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ ပကတိအရှိမှအစပြုရမည်ဟုဆိုထားပြန်ရာစာရေးသူမှာ ဖတ်ရမှတ်ရ သမျှကို လက်လှမ်းမီသမျှ နိုင်ငံသမိုင်းအပေါ် တင်ကြည့်ရပြန်သည်။
နှစ်ပေါင်း ၈၀၀ ကျော်မျှ ကြာသော မြန်မာ့ပဒေသရာဇ် သမိုင်းတွင်ခေတ်သစ်နိုင်ငံတော်၏ ပထမမဏ္ဍိုင်ဖြစ်သော သန်စွမ်းသည့်အစိုးရကိုထူထောင်နိုင်ခဲ့သည်မှာ သုံးကြိမ်မျှသာ ရှိခဲ့ သည်။
(အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရားလက်ထက်) ကျန်အချိန်များတွင်မူထီးပြိုင်နန်းပြိုင် မင်းငယ်များအဖြစ် သာရှိခဲ့ရသည်။ ကံမကောင်းအကြောင်းမလှစွာခေတ်သစ်နှင့်ထိတွေ့ခွင့်ရခဲ့သည်မှာလည်း ကိုလိုနီဘ၀ရောက်တော့ မှဖြစ်သည်။သည်တော့လည်း ပထမဏ္ဍိုင်နှစ်ရပ် (သန်စွမ်းသော အစိုးရနှင့်တရားဥပဒေစိုးမိုးရေး) ကိုသာအထိုက်အသင့်ရခဲ့သော်လည်း တတိယမဏ္ဍိုင်(တာဝန်ခံမှုရှိသော အစိုးရ)ကိုမူ ပီပီသသ မရခဲ့ပါချေ။
လွတ်လပ်ရေးရအပြီးတွင် မဏ္ဍိုင်သုံးရပ်ဖွံ့ဖြိုးရေးအတွက် လမ်းပွင့်လာခဲ့သော်လည်းပြည်တွင်းစစ်နှင့်တိုးခဲ့ ရပြန်၍ ထင်တိုင်းမပေါက်ဖြစ်ရပြန်သည်။၁၉၆၂ နောက်ပိုင်းတွင်ကား နိုင်ငံရေးလမ်းကြောင်းပြောင်းသွားရာမှ
ဖွံ့ဖြိုးရေးနှင့်ဝေးသထက်ဝေးရတော့သည်။ သည်လိုနှင့် မဏ္ဍိုင်သုံးရပ်ဖွံ့ဖြိုးရေးကိုသုညမှစရမလို ရှိတော့ သည်။
“ဟူး..မောစရာကြီးပါလား”
မျှော်လင့်ချက်သစ်

ဤစာအုပ်ကြီး ဖတ်ပြီးခါစ တစ်နေ့(၁၈-၁၁-၂၀၁၁) ချိန်ခါသင့်စွာပင် မင်္ဂလာသတင်းသုံးခုကိုတစ်ပြိုင်နက်တည်းကြားလိုက်ရရာ အမောတွေ ပြေရုံမျှမက မျှော်လင့်ချက်အသစ်တွေ ပြန်ဝေလာသည်။ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အင်န်အယ်လ်ဒီပါတီ မှတ်ပုံတင်မည်။ရွေးကောက်ပွဲတွေဝင်တော့မည်ဆိုသောသတင်း။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မြန်မာပြည်လာမည်ဆိုသောသတင်း၊ မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌဖြစ်ဖို့ သေချာသလောက်အလားအလာကောင်းနေပြီဆို သောသတင်းများဖြစ်ပါသည်။
ပြောရလျှင်နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်းမင်္ဂလာသတင်းတွေကို ပထမဆုံးအကြိမ် အစုလိုက်၊ အပြုံလိုက်ကြားလိုက်ရခြင်း ဖြစ်သည်။ပွင့်ပွင့်လင်းလင်းဆိုရလျှင် အဆိုပါ မင်္ဂလာသတင်း အားလုံး၏ မြစ်ဖျားခံရာမှာ ၂၀၁၀ ရွေးကောက်ပွဲဟုဆိုချင်ပါသည်။ဤရွေးကောက်ပွဲကို ၁၉၇၄ မှ စတင်ခဲ့သော ဒီမိုကရက်တိုင်ဇေးရှင်း တတိယလှိုင်း၏ နှောင်းပိုင်းကာလ တွင်ကျင်းပ ခဲ့ခြင်းဖြစ်သည်။ ဖလောရင့်တက္ကသိုလ်မှ ပါမောက္ခ ဖိလစ်ပီရှမစ်ထာက “သတ်မှတ် ပြဋ္ဌာန်းပြီးအပြောင်းအလဲ”
( imposed transition ) ဟု သတ် မှတ်သည်။ တည်ဆဲအီလစ်များ ကိုယ်တိုင်က အခြေအနေတစ်ခု သတ်မှတ်ပြီးအပြောင်းအလဲကို ပုံဖော်သွားလိမ့်မည်ဟု ဖွင့်ပြသည်။ မြန် မာပြည် တွင် ဤအပြောင်းအ လဲကိုတပ်မတော်က ဦးဆောင်ပါသည်။
ဤပုံစံအပြောင်း အလဲတွင် ၁။ ဖြေလျှော့ရေးအဆင့် ( Liberalization )၊ ၂။ ကူး ပြောင်းရေးအဆင့်           ( Transition ) နှင့်၃။ ခိုင်မာစေရေးအဆင့် ( Consolidation ) ဟူ၍ ယေဘုယျအဆင့် သုံးဆင့်ရှိလိမ့် မည်ဟုလည်း ပါမောက္ခရှမစ်တာက အကဲဖြတ်သည်။ပထမအဆင့်တွင် ကြမ်းရှသော အော်တိုကရေစီ        ( Rigid  Autocracy ) မှခွာ၍ ပျော့ပျောင်းသော အော်တိုကရေစီ( Liberalized Autocracy ) သို့ ရွေ့လာလိမ့်မည်။ ဒုတိယအဆင့်တွင် ခေတ်သစ်ဒီမိုကရက်တစ်နိုင်ငံတော်သို့ ဦးတည်သော
ကျင့်ထုံး များ(အင်စတီကျူးရှင်းများ) တည်ဆောက်ပြီး တတိယအဆင့်တွင်  ခိုင်မာအောင်တည်ဆောက်ကြ ဖို့ ဖြစ်လိမ့်မည်ဟု သရုပ်ခွဲပြသည်။
အခွာ၊ အကူး၊ အခိုင် ဟု အကြမ်း အားဖြင့် ဆိုနိုင်ပါလိမ့်မည်။
စာရေးသူက အဆိုပါ အခွာ၊ အကူး၊ အခိုင်တွင် ဒီမိုကရက်တစ်အင်အားစုများအတွက်လှုပ်ရှားခွင် ( Space ) ရနိုင်စရာရှိသည် ဟု မြင်သည်။
ဤအမြင်ဖြင့်ပင် ရွေးကောက်ပွဲကို စဉ်းစားသင့်ကြောင်း ပြောခဲ့၊ရေးခဲ့သည်။ သို့ နှင့်တိုင် အင်န်အယ်လ်ဒီက
အကြောင်းသုံးခုဖြင့် ရွေးကောက်ပွဲ ကို ငြင်းပယ်လိုက်ပါသည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေတို့ဖြစ်သည်။ နိုင်ငံရေးပါတီတစ်ခု၏ လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ခွင့်ကိုလေးစားရမည်ဖြစ်သည့်တိုင် အင်န်အယ်လ်ဒီပါတီ၊ ဥပဒေဘောင်အ တွင်း၊ တရားဝင်ရှင်သန်ရပ်တည်ရေးအတွက်မူအမှန်ပင် စိုးရိမ်မကင်းဖြစ်မိသည်။ စာရေးသူက အင်န်အယ်လ်ဒီကို ရှစ်လေးလုံးအရေးတော်ပုံကြီးမှ မွေးထုတ်လိုက်သောနိုင်ငံရေးအင်အားစု အဖြစ် မြင်သည်။ ဤလိုပါတီမျိုးကို တရားဝင်လှုပ်ရှားခွင်အတွင်း ရှိစေချင်သည်။
ရွေးကောက်ပွဲအပြီး အပြောင်းအလဲများသည်ကား စာရေးသူမျှော်လင့်ထားသည်ထက်ပင် မြန်ဆန်သွက် လက်နေတော့သည်။
သမ္မတသစ်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံခြင်း။ ဆင်းရဲမှုတိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ များ၊ မြစ်ဆုံဆုံးဖြတ်ချက် ဆိုလျှင်စာရေးသူတစ်သက် ပထမဆုံးကြုံဖူးသော လူထုလို လားချက်ကို အစိုးရဘက်မှ လိုက်လျောလိုက်ခြင်းပင်။
တစ်ပြိုင်နက်တည်းမှာပင် လွှတ်တော်အဆင့်ဆင့်မှာလည်း အင်ပြည့်အားပြည့် လှုပ်ရှားလာရာ နှစ်ပေါင်း ၅၀ နီးပါး
ပျောက်ဆုံးသလို ရှိနေသော ဒီမိုကရေစီ ၀ိညာဉ်ကို ပြန်တွေ့လိုက်ရသလိုရှိသည်။ နောက်ဆုံး ၂၀၁၀ ရွေးကောက်ပွဲ အကြို ကာလ၊ထောက်ကွက်တစ်ခုလိုဖြစ်နေသော နိုင်ငံရေး ပါ တီ များ မှတ်ပုံတင်ခွင့်ဥပဒေကိုပင် ပြင်ဆင်ပေးလိုက်သည်။
ဤသို့ပြောင်းလဲလာသော အခြေအနေသစ်များအပေါ် မှန်မှန်ကန်ကန်အကဲဖြတ်ပြီး ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်သော အင်န်အယ်လ်ဒီ၏ ဆုံးဖြတ်ချက်အသစ် ထွက်လာဟန်ရှိပါသည်။ ဤအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်အင်န်အယ်လ်ဒီ၏ အသေမကျသောပြောင်း လွယ် ပြင်လွယ်နိုင်စွမ်း ( Flexibilily ) ကိုလေးစား အသိအမှတ်ပြုကြရမည်ဖြစ်သလိုသမ္မတကြီးဦးဆောင်သော အ စိုးရသစ်၏ သဘောထားကြီးမှု( Tolerance ) နှင့် အမြော်အမြင်ကို လည်း ကျေးဇူးတင်တန်ဖိုး ထားကြ ရ  မည်ဖြစ်ပါသည်။ ဤသို့သော ပျော့ပျောင်းမှုနှင့်ဤသို့သော အမြော်အမြင်မျိုးဖြင့်သာဆက်လက်ကြိုး ပမ်းကြ မည်ဆိုလျှင် လွတ်လပ်ရေးနှင့်အတူ သက်ဆိုးရှည်ကြာလှပြီဖြစ်သော ပြည်တွင်းစစ်မီးကိုလည်း
မကြာမတင်  ငြှိမ်းသတ်နိုင်လိမ့်မည် ထင်ပါသည်။ ပြောရလျှင် နောက် ဆက်တွဲ သတင်းနှစ်ပုဒ်
(ဟီလာ ရီကလင်တန်သတင်းနှင့် အာဆီယံဥက္ကဋ္ဌသတင်း)တို့မှာ ပထမသတင်း(အင်န်အယ်လ်ဒီဆုံးဖြတ် ချက်)နှင့်ရွေးကောက်ပွဲလွန်အခင်းအကျင်းသစ်များ၏ အကျိုးဆက်ပင်ဖြစ်တန်ရာသည်။

စာရေးသူတို့နိုင်ငံအတွက်နှစ်ပေါင်း ၂၀ မျှ လက်လွှတ်ဆုံးရှုံးရသလို ဖြစ်နေခဲ့သောနိုင်ငံတကာ သိမှတ်လက် ခံမှုတစ်နည်း “တရားနည်းလမ်းကျမှု” ( Legitimacy )ပြန်လည်လာတော့ မည့် နိမိတ် ဟု သဘောရပါသည်။ ဤအတိုင်းသာဆိုလျှင် မြန်မာ့ခေတ်သစ်သမိုင်းတွင်တစ်ကြိမ်တစ်ခါသာ ရရှိခဲ့ ဖူးသော ဖက် ဆစ်တော် လှန်ရေးကာလ ညီညွတ်မှုမျိုးဒုတိယအကြိမ် ရှင်သန်လာနိုင်လိမ့်မည်ထင်သည်။
မင်္ဂလာရှိပေစွ။

လမ်းသစ်

၂၀၁၀ စာရင်းဇယားများအရ ကမ္ဘာပေါ်တွင် ရွေးကောက်ပွဲများကျင်းပနိုင်သည့် နိုင်ငံများ၏အချိုးအဆမှာကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးပေါင်း၏ ၆၀ ရာခိုင်နှုန်းဝန်းကျင်ရှိသည်ဟု သိရပါသည်။
ဤနိုင်ငံများကိုတန်းတင်ဖို့ တက္ကသိုလ်မှ ပါမောက္ခ လာရီဒိုင်းမွန်းက ရွေးကောက်ပွဲ ဒီမိုကရေစီ( Electoral demo-racy ) နယ်ပယ်ထဲ ချဉ်းနင်းဝင်ရောက်လာပြီဟု သတ်မှတ်သည်။ဤအထဲတွင် စာရေးသူတို့နိုင်ငံလည်းပါသည်။ သို့တစေ တည်ငြိမ်ရင့်ကျက်သော ဒီမိုကရေစီတစ်နည်းခေတ် မီဒီမိုကရက်တစ်နိုင်ငံတော်အဖြစ် ပီပီပြင်ပြင် တည်ဆောက်ပြီးသည့်နိုင်ငံအရေအတွက်မှာ ဤမျှလောက် မရှိသေးပါ။ ဆိုခဲ့ပြီးသော ၂၀၁၀ စာရင်းအရ၄၀ ရာခိုင်နှုန်း နီးပါးမျှသာ ရှိသေးသည်။ သို့အတွက် ရွေးကောက်ပွဲ ဒီမိုကရေစီရရှိပြီးနိုင်ငံများအနေနှင့် တည်ငြိမ်ရင့်ကျက်သော ခေတ် မီဒီမိုကရက်တစ်နိုင်ငံတော် ဖြစ်လာစေရန်ဆက်လက်လုံးပန်းဖို့ လိုလိမ့်မည်ဟု လာရီဒိုင်းမွန်း က သတိပေးပါသည်။ပြောရလျှင် ရှေ့ဆက်ရမည့် ဤခရီးမှာလည်း ကမ်းမမြင်၊ လမ်းမမြင်မဟုတ်တော့ပါ။
ဆိုခဲ့ပြီးသောကျမ်း( The Origins of Political Power ) မှာပင်ကျမ်းရှင် ဖူကူယားမား ကရွေးကောက်ပွဲ ဒီမိုကရေစီမှ ရင့်ကျက်သော ဒီမိုကရေစီသို့မတင်ပေးနိုင်မည့် လီဗာ ၅ ခု (သို့မဟုတ်)ကုတ် ၅ ချောင်းကို ယခုလို အညွှန်းပေးပြီးဖြစ်သည်။
စီးပွားရေးတိုးတက်မှု ( Economic growth )၊ နိုင်ငံတည်ဆောက်ရေး ( State building ) ၊တရားဥပဒေစိုးမိုးရေး( Rule of Law )၊ ဒီမိုကရေစီ ( Democracy )၊လူမှုနိုးကြားလှုပ်ရှားမှု( Social Mobilization ) တို့ဖြစ်သည်။တစ်မျိုးသားလုံးစည်းလုံးညီညွတ်စွာဖြင့် အဆိုပါ ကုတ် ၅ ချောင်းကိုသာပြိုင် တူ မကြလျှင် ခေတ်မီဒီမိုကရက်တစ်နိုင်ငံတော်သစ်ဆီသို့ အသေအချာဦးတည်မည့် လမ်းကြောင်း သစ်တစ်ခုအမှန်ပင်ဖော်နိုင်လိမ့်မည်ဟု အာမခံထားသည်။
ဖူကူယားမားညွှန်သော အဆိုပါလမ်းသစ်၏ ဦးတည်ရာကို စာရေးသူက စိတ်ကူးဖြင့်ပုံဖော်ကြည့်နေ မိသည်။ဤနေရာ၊ ဤဒေသတွင် တိုင်းရင်းသားအားလုံး ညီရင်းအစ်ကို စိတ်ဓာတ်ဖြင့် ဥမကွဲ သိုက်မပျက်ရှိနေကြမည်။စီးပွားရေးဖွံ့ဖြိုးမှု၏ အသီးအပွင့်အဖြစ် အဆင့်မြင့်ပညာရေးနှင့် အကောင်းဆုံးဘ၀ အရည်အသွေးကိုလူတိုင်းကိုယ်စီခံစားနိုင်ကြမည်။ တရားဥပဒေ၏ ရှေ့မှောက်တွင် လူတိုင်းလူတိုင်း တန်းတူညီမျှစွာရှိနေရမည်။
လူထုဆန္ဒနှင့် လူထုအကျိုးစီးပွားကို ကိုယ်စားပြုသော ကောင်းမွန်သည့် အုပ်ချုပ်ရေး၏အမြိုက် အရသာကိုနိုင်ငံသားတိုင်း တင်းပြည့်ကျပ် ပြည့်ခံစားခွင့်ရမည်။ တူညီသောအကျိုးစီးပွားအတွက် နိုင်ငံသားများကိုယ်တိုင်စည်းရုံးလှုပ်ရှားကြသော အရပ်ဘက် အဖွဲ့အစည်းများ လွတ်လွတ်လပ်လပ် ရှင်သန်နေမည်။ပြီး..“ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့ အစဉ်”ဆိုသော ဆရာငြိမ်း(မြို့မငြိမ်း)၏မင်္ဂလာတေးသံကို သူတို့အားလုံး သံပြိုင် သီဆိုနေကြ ပါလိမ့်မည်။အချုပ်ဆိုရလျှင် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူသော မင်္ဂလာတရားတော်မှ “ပတိရူပလူ့အဖွဲ့အစည်း”(ပညာဖြင့်ထုံမွမ်းသော လူ့ဘောင်) ဖြစ်ပါလိမ့်မယ်။

ယခုအခါ အသက်ခြောက်ဆယ်နီးပြီဖြစ်သော စာရေးသူတစ်ယောက် အိုဇာတာကောင်းတော့မည် ထင်ပါသည်။

Ex - ABSDF မှကူးယူဖော်ပြသည်။


No comments: