Sunday, December 4, 2011

ကိုဂျင်မီ၏သမိုင်းတွင်မည့် အနုပညာလက်ရာထူး နှစ်ခု

Written by ပန်းချီထိန်လင်း   

                                ပန်းချီဆရာအဖြစ်အသက်မွေးသူမဟုတ်သော သာမာန်ပန်းချီရေးသူတဦး ရေးသားခဲ့သာ ပန်းချီကား(၂) ကားသည် ကျွန်တော်အား ခြောက်ခြားလောက်အောင်ခံစားမှုနှင့်အတူ စဉ်းစားဆင်ခြင်တွေးတောစရာ တသီတတန်းကြီးပေးနိုင်လိမ့်မည်ဟု မမျော်လင့်ခဲ့ဘူးပေ။ အရိုးသားဆုံး ၀န်ခံရလျင် ၂၀၀၆ခုနှစ် အင်္ဂလန်သို့ ပြောင်းရွှေ့လာပြီးနောက်ပိုင်းတွင် နိုင်ငံတကာအနုပညာရှင်များ၏ အင်စတော်လေးရှင်းနှင့် ဗိဒီယို ပရောဂျက်များ ပါဖွန့်မင့် အနုပညာလက်ရာများကို ပိုမိုလေ့လာခွင့်ရပြီးနောက်ပိုင်းတွင် ကင်းဘတ်ပေါ်တွင်  ဆေးနှင့် ရေးဆွဲဖန်တီးသည့်အနုပညာများ အပေါ်အတော်လေး စိတ်ဝင်စားမှု  လျာ့ပါးလာခဲ့ ပါသည်။
                                  သို့ရာတွင်လွန်ခဲ့သောလပိုင်းက ကျွန်တော်သည်မြန်မာပြည်မှပြန်လာသော ဗြိတိသျှမိတ်ဆွေတဦးထံမှ ပန်းချီကား ၃ကားကိုလက်ခံရရှိခဲ့ပါသည်။ ပန်းချီကားရေးဆွဲသူမှာ လက်ရှိတောင်ကြီးထောင်ထဲတွင် ထောင်ဒဏ်၆၅နှစ် ကျခံနေရသော ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ပို့ခိုင်းလိုက်သည်ဟု ဆိုသဖြင့် တော်တော် စိတ်ဝင်စားသွားမိပါသည်။
လက်ရှိတောင်ကြီးထောင်ထဲတွင် ထောင်ဒဏ်၆၅ နှစ်ကျခံနေရသော ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ပို့ခိုင်းလိုက်သည်ဟု ဆိုသဖြင့်တော်တော် စိတ်ဝင်စားသွားမိပါသည်။

                                  မန်းထောင်စံဘ၀မှာ သာယာဝတီက အစာငတ်ခံဆန္ဒပြ၍ထောင်ပြောင်းလာသော ကိုသိန်းဇော်နှင့်၎င်း မြောင်းမြသို့ပြောင်းပြီးနောက် ကိုကျော်ဦးညိုနှင့်၎င်း ခင်မင်ခွင့်ရခဲ့ရာ သူတို့ထံမှ သာယာဝတီ ထောင်တွင်းလှုပ်ရှားမှုများနှင့်ပတ်သတ်လာတိုင်း ဂျင်မီဆိုသော အမည်ကို မကြာခဏကြားခဲ့ရပါသည်။ ထောင်တွင်း တွင်ရှိသည့်ပစ္စည်းနှင့် ဂစ်တာတခုဖြစ်အောင်လုပ်၍ သီချင်းစပ်ကြသည့်အကြောင်းများကြားရသည်။ ကိုဖြိုးမင်းသိန်း တို့ထံမှ လည်းဂျင်မီ။ ထူးခြားသည်မှာ ကိုဂျင်မီ အကြောင်းကိုကြားရသူတိုင်းတွင် တူညီသောအချက်တခုမှာသူတို့ အားလုံးသည် ကိုဂျင်မီကို နက်နက်ရှိုင်းရှိုင်းချစ်ခင်ကြခြင်းဖြစ်သဖြင့် ဒီကိုဂျင်မီ ဆိုတဲ့လူဟာ ကျောင်းသား ခေါင်းဆောင်တွေထဲမှာ ထူးထူးခြားခြား ခင်မင်စရာကောင်းတဲ့ လူပျော်တယောက်ဖြစ်မှာပဲ ထင်မြင်ခဲ့မိပါသည်။
                                သို့နှင့် ၂၀၀၅ခု ထောင်ထွက်ခြေသလုံးအိမ်တိုင်ဘ၀ တွင် ထောင်ကလွတ်လာကြသူ ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်များထဲတွင် ကိုဂျင်မီ ကိုလည်းတွေ့ဆုံခင်မင်ခွင့်ရခဲ့ပါသည်။ ထင်ထားခဲ့သလို နှစ်လိုစရာကောင်းသူ၊ဟာသဥာဏ်ရှိသူတဦးအဖြစ်အသိအမှတ်ပြုမိပါသည်။ သို့နှင့်ထိုကာလများတွင် ဘုန်းသုခကလောင်နှင့် သူ့စာများကိုဖတ်လာရသလို။ သူ၏အချစ်ဇာတ်လမ်းကိုလည်း ကြည်နူးဖွယ်ကြားသိလာရပါသည်။ ထိုနောက် ကိုမင်းကိုနိုင် ကိုကိုကြီး ကိုဌေးကြွယ်တို့ကို ခတ္တခ်ါထားသော ကာလထဲတွင်ရှစ်လေးလုံး ရှေ့တန်းခေါင်းဆောင်မှု နေရာသို့ ကိုမြအေးနှင့်တွဲ၍ကိုဂျင်မီ တို့ထွက်လာသည် နှင့်အတူ ရင်ဖွင့်လွှာ လှူပ်ရှားမှူ နှင့် နိုင်ငံရေးအရှိန်ကို ထပ်မြင့်လိုက်သည်ကိုတွေ့ရပါတော့သည်။ ထို့အပြင် ချစ်သူမနီလာသိန်း နှင့်ပူပေါင်းဖန်တီး သည့်အနုပညာမြောက်လှသော ကဒ်ပြားလေးများကိုတွေ့ရသလို သူတို့ကိုယ်တိုင် ဖန်တီးသောလက်ရာမင်္ဂလာ ဖိတ်စာလေးကို လက်ခံရရှိသောအခါ ဘ၀ကိုတကယ် အနုပညာဆန်ဆန် နေထိုင်ဖြတ်သန်းကြသည်မောင်နှံအဖြစ်  အားလုံးနှင့်အတူ တောင်းဆုတွေ ၀ိုင်းဖွဲ့ချွေကြသောရွှေရောင်ကာလများ။ နောက်ပိုင်းမှာတော့ ဆံထုံးနောက်ယောင်ပါ    (ယောင်ချာချာကိုဆိုလိုပါသည်)နှင့် ဘိလပ်ပန်းချီဆရာရောက်တော့ အများနည်းတူအင်တာနက် ပဉ္စလက်ကိုပဲ အားကိုးပြီး အမိမြေ နှင့် မိတ်ဆွေတွေကို အလွမ်းဖြေရပါတော့သည်။
             ၂၀၀၇ခုနှစ်မှာတော့ ရွှေဝါရောင်တော်လှန်ရေး၏ရှေ့ပြေး လှုပ်ရှားမှုများကြားတွင် သူတို့မောင်နှံနှစ်ဦး နှင့် လသားအရွယ်သမီးလေးတို့၏ ရင်နင့်ဖွယ်ရာ ဇာတ်လမ်းတွင် နှလုံးသားရှိသူတိုင်း ကို မျက်ရည်ကျကြ ရပါတော့သည်။
       ကာလရထားတွဲများကြား အများနည်းတွင်ကူးလူးပြေးလွားနေထိုင်ရင်း လွန်ခဲ့လအနည်းငယ်က မြန်မာပြည်ကပြန်လာသော ဗြိတိသျ မိတ်ဆွေတဦးထံမှ ပန်းချီကားများထည့်သည့် ပလပ်စတစ်ဗူးရှည်တခု လက်ခံရရှိခဲ့ပါသည်။ ကိုဂျင်မီ အဖမ်းမခံရမှီ ပုန်းအောင်နေစဉ်ကာလက ရေးခဲ့သော ပန်းချီကားများဟုဆိုတော့  တော်တော်လေး စိတ်ဝင်စားသွားပါသည်။ ဒီနှစ်ပိုင်းထောင်ဝင်စာတွင် မိသားစုမှတဆင့် သူထားခဲ့သောနေရာမှ သွားယူစေပြီးကျွန်တော်ဆီ ပို့ပေးရန်မှာသောကြောင့်ယူလာခြင်းဖြစ်သည်ဟုဆိုသည်။  အကယ်၍ သူ့အနုပညာကို အမှန်တကယ်မြတ်နိုးသူပေါ်လာ၍ ၀ယ်ယူလာ လျင်လည်းရာင်းလိုက်ပါဟု မှာလိုက်သေးသည် ဟုဆိုပါသည်။
 အထက်တွင်ဖေါ်ပြခဲ့သလိုကျွန်တော်သည် ကိုဂျင်မီနှင့် တိုက်ဖေါ်တိုက်ဖက် ရဲဘော်တဦး မဟုတ်သလို ရင်းရင်းနှီးနှီး တွဲခဲ့ကြသူတဦးလည်းမဟုတ်ပါ။ သူ့အားလေးစားကြည်ညို သဘောကျသူ သာမာန်ပန်းချီ အနုပညာသမားတဦး အသိအကျွမ်းတဦးမျှသာဖြစ်ပါသည်။ သို့သော် ပန်းချီကားများ ထည့်ထားသော ဗူးက လက်ထဲရောက်နေပါပြီ။ ထို့ကြောင့် စိတ်လှုပ်ရှားစွာ ဖွင့်ကြည့်သောအခါ ၂၀၀၇ ဇူလိုင်လ၂၀ ရက် နောက်ပိုင်းလက်မှတ်ရေးထားသော ပန်းချီကား၂ချပ်။ ရေးလက်စ ကင်းဘတ်စ တခု တို့ကို တွေ့ရပြီး ပန်းချီကား ၂ခုကို တင်နေသော ဖုန်များကိုသန့်စင်လျက်ကြည့်ရှူမိသောအခါ ကျွန်တော် မျက်ရည်တကယ်ကျရပါတော့သည်။
ရိုးသားစွာဝန်ခံရလျင် အထက်တွင်ဖေါ်ပြထားသည့်အတိုင်းကျွန်တော်သည် ကိုဂျင်မီ ၏အနုပညာဥာဏ် ကိုလျော့တွက်မထားခဲ့ပါ။ထို့ကြောင့်လည်းတောင်ကြီးထောင်ကနေတွက်ရင် မိုင်ထောင်ချီဝေး တဲ့ အင်္ဂလန်လိုနိုင်ငံမှာနေတဲ့ ငါ့ဆီကို တကူးတကပို့ရလောက်အောင် သူက ဘယ်လောက်ထိအောင်  ဆန်းဆန်းပြားပြား စိတ်ကူးတွေ ထူးထူးခြားခြားနည်း စံနစ်တွေများ သုံးထားလို့ပါလိမ့်ဟူသော စိတ်နှင့် ဖွင့်ကြည့်ခံမိသည်ကိုဝန်ခံပါသည်။ လက်တွေ့တွင်မူ အထင်နှင့်အမြင် တက်တက်စင်အောင်လွဲရပါတော့သည်။ ပန်းချီကားတွင် ကိုဂျင်မီ ဘာမှ ထူးထူးဆန်းဆန်း တွေရေးမထားပါ။ အင်မတန်ရိုးစင်းစွာဖြင့်သူတို့မိသားစု ၃ဦး ဘ၀ကို ပန်းချီ ၂ကားနှင့်ပြထားပါသည်။ လက်ရာတွင်လည်း ဘာနည်းနာမှထူးထူးခြားခြားသုံးမထားပါ အင်မတန်ရိုးစင်းစွာ ရောင်စုံဖရောင်းတောင့်ကိုသုံး၍ သူလိုချင်သောပုံလေးကိုအကြိမ်ကြိမ်ရအောင်ရေးခြစ်ထားပါသည်။
                         ပထမပန်းချီကားတွင် ကျောတွင် အတောင်ပံများရှိသော မောင်နှံ နှစ်ဖေါ်သည်မျက်နှာချင်းဆိုင်ရပ် မျက်နှာများမော့လျက် ရပ်နေပုံဖြစ်ပြီး သူတို့၂ ဦးကြားကောင်းကင်ပြင်တွင် အင်္ဂလိပ်ဘာသာဖြင့် လွတ်လပ်ခြင်းဟု ရေးထားပါသည်။ ဒုတိယကားတွင်ကား ကျယ်ပြန့်သောမြက်ခင်းကျယ်ထဲတွင်အနှီးထွေးလေးထဲတွင် ရှိနေသော ကလေးငယ်လေး တဦးတည်းရှိနေပုံကို တုန်လှုပ်ဖွယ်တွေ့ရပါတော့သည်။လသားအရွယ် အနှီးထွေးလေးထဲက ကလေးလေးသည်ပန်းချီကားကိုကြည့်နေသူအား မေးခွန်းတခုကိုကျယ်လောင်စွာ အကြိမ်ကြိမ်အထပ်ထပ် တရစပ်မေးနေပါသည်။ထိုကလေးရဲ့ အဖေနဲ့အမေက ဘယ်မှာလည်းဟူသောမေးခွန်းဖြစ်ပါသည်။ခက်သည်က ထိုပန်းချီကားငယ်ထဲက ကလေးအဖေနဲ့အမေ ဘယ်မှာရောက်နေသည်ဆိုသည်ကို ပန်းချီကားကြည့်နေသူကျွန်တော် တင်မက သန်းနှင့်ချီသော ပြည်သူတရပ်လုံး အပြင် နိုင်ငံတကာက လူတွေပါ သိနေကြသည်ကို ကျွန်တော်က ထပ်ပြီး ခဏခဏသိနေရခြင်းဖြစ်ပါသည်။ ထိုအချိန်တွင်ကျွန်တော်ဘယ်လိုမှာထွေးထင်မထားသော အနုပညာပစ္စည်း(ပန်းချီ) နောက်ကွယ်မှာအင်မတန်အားကောင်းလှသော အခက်အလက်များ(သတင်း)၏ အရေးပါအရာရောက်မှုသည် အနုပညာဝါဒ၊နည်းစံနစ်၊အတတ်ပညာ၊အနုပညာပုံသဏ္ဍာန်တို့ ရှေ့သို့ထွက်ပြီး ကောင်းကောင်းကြီးအလုပ်လုပ်နေပုံ ကို တအံတသြတွေ့ရသောကြောင့်ဖြစ်ပါသည်။ဤနေရာတွင်ဥာဏ်ရှေ့သွားအနုပညာConceptual art ကို အထူး စိတ်ဝင်စားသလို ကိုယ်တိုင်လည်းဖန်တီးနေသူတဦးနေရာမှ အရေးတကြီးဆွေးနွေးစရာအချက်များ ရှိနေပါသည်။
ထိုအချက်မှာ အနုပညာသည်သည် အနုပညာကို အဘယ်ပုံ ဖန်တီးသလဲ။ဘယ်အချက်ကိုသိစေချင်သလဲ။ဘယ်လိုပုံ ခံစားသူဆီကိုတင်ဆက်သလဲ ဆိုသောအချက်များဖြစ်ပါသည်။ တိုအခါတွင်မူ ပန်းချိကား၂ချပ်ကျွန်တော်ဆီ ရောက်ရှိလာပုံကိစ္စရှင်းလင်းသွားရပါတော့သည်။အကြောင်းမှာ ကျွန်တော်ဆီရောက်ရှိလာသောအချက်သည် အနုပညာရှင်က ရွေးချယ်လိုက်သော အချိန်၊နေရာနှင့်အခြေအနေတင်ဆက်ပုံများ၏ အစိတ်အပိုင်းများဖြစ်နေသော ကြောင့်ဖြစ်ပါသည်။ ထိုအကြောင်းများကြောင့် ကျွန်တော်ယခ မိတ်ဆွေဖတ်နေသောစာသားများကိုရေးသား နေရခြင်းဖြစ်ပါသည်။ ဤသည်မှာ ကိုဂျင်မီ အနုပညာပုံစံ၏ အစိတ်အပိုင်း တခုဖြစ်ပါသည်။
ယ ခုအရေးအသားတွင် အကျဉ်းကျနေသော ကိုဂျင်မီပန်းချီကား ၂ချပ်နှင့်ပထမ မိတ်ဆက်ပေးလိုရင်းက အရင်း ဖြစ်နေပါသောကြောင့် စာရှူသူကို ပန်းချီကားဆီမသွားမီ အရေးပါသော အနုပညာဆိုင်ရာ အချက်အလက်များကို ခဏထားခဲ့ပြီးပန်းချီဆရာ ၏အကြောင်းအနည်းငယ်ကိုသာပြောပါတော့မည်။
                    ထိုအချက်မှာ ဖခင်တဦး၏မေတ္တာဖြစ်ပါသည်။(တလောက ကိုဂျင်မီ နှင့်တထောင်တည်းအတူနေသူ ကဗျာဆရာဇော်သက်ထွေး ၏ ဘုံဘုံနှင့် မိုင်ပေါင်း၅၀၀ ကဗျာကိုနာကျင်စွာ ကျွန်တော်တို့ဖတ်ခဲ့ရပါသေးသည်။) ၂၀၀၇ ရွှေဝါရောင်ကာလ တ၀ှိက်က ကျွန်တော်တို့ အားလုံး၏နှလုံးသားတွင် ယနေ့အထိ စွဲထင်နေစေသော အဖြစ်အပျက်တခုကိုမီဒီယာများမှတဆင့်ကြားခဲ့ရဘူးပါသည်။ နို့ဆာနေသောသမီးငယ် ငိုသံကိုပုန်းအောင်နေသော နေရာက ကြားပါလျက်ထွက်ပြီး နို့မတိုက်လိုက်ရသော မိခင်တဦး၏ အသံများ။ကျွန်တော်ကိုယ်တိုင် တနှစ်ခွဲအရွယ် သမီးငယ်ကို ထားပြီး ညသန်းကောင်ကျော်ခေါ်ဆောင်ရာနောက်လိုက်ခဲ့ဘူးသူတဦးမို့ ထိုအသံကြားရသောအခါ ဒဏ်ရာကိုထပ်ဆွသလို ထပ်ဆင့်ခံစားခဲ့ရဘူးပါသည်။ မင်းတို့ကိုယ်မင်းတို့သူရဲကောင်းသိပ်ဖြစ်ချင်နေ တော့မိသားစုကို ထည့်မတွက်မစဉ်းစားနှလုံးသားမရှိသူများဟု စွပ်စွဲသံများကိုလည်းမကြာခဏ ကြားခဲ့ရဘူးပါသည်။ ယခုပန်ချီကားတွင်မူ ထိုကာလထိုအချိန်များဆီက တိတ်ဆိတ်နေခဲ့သည်ဟု ကျွန်တော်တို့ ယူဆခဲ့သော ဖခင်ဖြစ်သူ၏ အသံကို ကျွန်တော်တို့မျက်လုံးများမှတဆင့် အကျယ်လောင်ဆုံးကြားလိုက်ကြရပါတော့သည်။
                 ကျွန်တော်သည် ထိုပန်းချီကား၂ကားကို ဘောင်ကျက်ဘောင်သွင်းပြီးကြိမ်ဖန်များစွာချီတုံချတုံ ဖြစ်ခဲ့ရပါသည်။ကိုဂျင်မီမှာကြားသလို ပန်းချီကားကိုအမှန်တကယ်မြတ်နိုးသူတဦးဦးရှိပါက ရောင်းချဘို့ဆိုသောကိစ္စ ဖြစ်ပါသည်။ကျွန်တော်တို့အားလုံးသိထားကြသလို ပန်းချီကားထဲက အနှီးထွေးလေးသည် ကျောင်းနေသော အရွယ်ရောက်နေပါပြီ ။သူ့ဖခင် ဘယ်ရောက်နေသည်ကို သူကိုယ်တိုင်သိနေပါပြီ။ သို့ရာတွင် သူမသိရသေးသော အချက်တချက် ရှိနေပါသည်။ သူ့ဖခင်သည် သူ့ကိုခွဲခွါကာနီးကာလက မည်မျှသူ့ကို ချစ်ခင်ခဲ့ကြောင်းနှလုံးသားနှင့် အလွန်ကြီးကျယ်သောအနုပညာတခုဖန်တီးသွားခဲ့ဘူးသည်ဆိုသော အချက်သမီးငယ်ကြီးပြင်းလားသောအခါ သိရှိဘို့ အရေးသည် အလွန်အရေးကြီးလှပါသည်။ ထို့ကြောင့် ကိုဂျင်မီ အနုပညာပုံစံသည် မပြီးဆုံးသေးပါ ထိုပန်းချီကား ၂ချပ် ထက်လက်တွေ့ဘ၀ကိုဆက်မီးမောင်တိုးပြနေပါသည်။ ယခုအခါ ကျွန်တ်ာတို့သည်တကယ် မှန်ကန်သောလမ်းပေါ်သွားနေပြီဟု ပြောနေကြသလို၊တွေ့လည်းနေရပါသည်။နိုင်ငံတကာ အလယ်တွင် တကယ်သဘောထားကြီးမြတ်သောသူများဟု မိမိ ကိုယ်ကို ယုံကြည်စိတ်ချသော မျက်နှာများဖြင့် နိုင်ငံတကာကိုလက်ခံတွေ့ဆုံနေကြသည်ကိုလည်း တွေ့မြင်နေရပါသည်။ သို့ပါသောကြောင့် မိုင်ပေါင်းများစွာ ကွာဝေးသော အင်္ဂလန် နိုင်ငံသို့ ခရီးနှင်လာသော ပန်းချီကား ၂ချပ်ကို မူလလာရာအရပ်ဆီပြန်ပို့ပါတော့မည်။
                                                                                                                                                           ပန်းချီထိန်လင်း
ဂျင်မီ
                               ပန်းချီဂျင်မီ   Pastel on canvas/  47cm x62cm
ဂျင်မီ
                           ပန်းချီဂျင်မီ   Pastel on canvas/  43cmx13cm


No comments: