Sunday, December 11, 2011

နှမ်းဖြူးသူများပေမယ့် မဆိမ့်တဲ့ခေတ်

အမှတ်နည်းနည်းလေးလွဲနေသလားပေါ့။
မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာလည်းမပါဘူး။
ဆိုင်လိုက်တော့ သူ့ဘက်ကမှိုင်ကျသွားတယ်။

 ငြိမ်နေရင် ဂိန်သေမယ့်ခေတ်
မဖြစ်တော့ဘူးဆိုပြီး ဝေးနိုင်သမျှဝေးဝေးပြေးမိတယ်။
ဖုန်တစ်ထောင်းထောင်း ချွေးတစ်လုံးလုံးမှာ
ရေသန့်ဘူးတံဆိပ်သစ်သုံးမျိုးသာစုံသွားရှာတယ်
ပြီပြင်လာတာက “ပလုံ”တဲ့။

 ဒီည ဂီတပွဲသွားမယ်။ ဒီည ကလပ်သွားမယ်။
ဒီည ကာရာအိုခေသွားမယ်။ ဒီည နိုင်ငံရေးပြောမယ်။
ဒီည အဝင်အထွက်ကိစ္စငြင်းမယ်။ ဒီည တံတားဆောက်မယ်။ လမ်းဖောက်မယ်။
ဒီည (သမီးအရွယ်) ဟိုကောင်မလေးနဲ့ လိုင်းပေါ်မှာချိန်းထားတယ်။
အဖြစ်အပျက်တွေ အဟကျယ်လာတဲ့နှစ်တွေတိုင်းမှာ
မိန်းမပျက်တွေ ဈေးဝယ်ထွက်တာစိပ်လာသလို၊ ယောင်္ကျား - - တွေ လေသံကျယ်လာတယ်။

 ဘာရှိလဲဆိုတော့ ဘာမှမရှိဘူး။
ဘာသိလဲဆိုတော့ ဘာမှမသိဘူး။
ဘာလုပ်နေလဲဆိုတော့ ဘာဖြစ်ဖြစ်လုပ်နေတယ်။
အသံထွက်ညံ့ပေမယ့် စကားတော့ပြောနေကြတာချည်းဘဲ။

 နာရီကိုကြည့်ပါ။
ဘေးဘယ်ညာကြည့်ပါ။
ကိုယ့်အတ္တကိုယ်ကြည့်ပါ။
“အသက်ကြီးပြီး အချိန်မစီးဘူး”ဆိုတဲ့ စကားသံကြားတိုင်း
ကိုယ့်ရင်ဘတ်ကိုယ်ပုတ်ပြီး ကိုယ့်မျက်နှာ ကိုယ်မှန်ထဲကြည့်ပါ။
ခင်ဗျားမှလွဲ၍ ဘယ်သူမှ မဖြစ်နိုင်သေးဘူးလို့လည်းမှတ်ပါ။

 ဒီလိုနဲ့အောင်မြင်သူတွေ ငယ်သံပါအောင်အော်တဲ့ ခေတ်ထဲ
စစ်ပွဲက ပြဇာတ်ဆန်ဆန်ကပြီး
ရုပ်ရှင်တွေက အရိုင်းဆန်ဆန်ထထချတယ်။

 သူရဲကောင်းတွေရဲ့ ခရမ်းပြာမြင်းရိုင်းအလွန် ဒီတောမှာ
အဖိအနှိပ်သန်သူတို့ရဲ့ခေတ်ကြီးက
မြင်သမျှကိုပစ်ဟယ်ခတ်ဟယ် တွေ့သမျှကို ရိုက်ဟယ်နှက်ဟယ်။
ကလေးလည်းမနေရ ခွေးလည်းမခွေရ
တိုက်ပုံဝတ်လည်းမနေရ ဆိုဒ်ကုန်ဝတ်လည်းမလွတ်ရ
သင်္ကန်းခြုံလည်း မလုံရ အရည်ခြုံလည်း မကုန်ရ
စွင့်စွင့်ကားကားပြေးသာပြေးထား
မင်းသိသင့်တာလည်း ဒါဘဲလေ…ဒါဘဲ။

 အမေကမွေးပြီး မီဒီယာပေါ်မှာ ငါတို့ချင်းဝေး ဝေး
ဆွေးမိရင် ကိုယ့်ရင်ဘတ်ကိုယ်ဖောက်သောက်
ကိုယ်လက်မောင်းသွေး ကိုယ်ခြေဆေး
သမင်လည်ပြန်တွေနဲ့ဝေးဝေးနေ ဝဝသာစား
ပြီး……………………
ကိုယ့်မျက်လုံးကိုယ်မယုံရင်တောင်
ဒီတစ်နေ့တာ ခေတ်မှီအောင်တော့ ဆီဈေးဒေါ်လာဈေးလေး မင်းတွေးကိုတွေးရမယ်။


ကဲအခုတော့ဘာဖြစ်လဲ.....
ယောင်္ကျားချင်းလက်ထပ်တာ ၊တိုက်ပေါ်ကခုန်ချတာ
အန်ဂျီအိုထောင်တာ ၊ကလေးတွေကိုတောင်းစားခိုင်းတာ
ဆံပင်တောင်တာ စကပ်တိုဝတ်တာ ၊ဝတ်လစ်စလစ်ဓာတ်ပုံရောင်းစားတာ
အဂတိလိုက်စားမှု ထိပ်ဆုံးမှာရှိတာ ၊ ဟိုလူဒီလူ လာတာမလာတာ
ဖွင့်တာမဖွင့် ညှိတာမညှိတာ
ကဲအခုတော့ဘာဖြစ်လဲ။

 ကိုယ့်ထမင်းကိုယ် အတင်းပြောပြီးမှစားချင်သူအတွက်
ညီအကိုမသိတသိမြစ်ကွေ့ဟာ
ကျားမှန်းမသိ ကျွတ်မှန်းမသိ၊
ဒေါင်းမှန်းမသိ ခြသေ့င်္မှန်းမသိ၊
ချစ်ကြည့်ရဲမှဘဲ သိရတော့မလိုလို…မင်းရောဘယ်လိုလဲလို့မေးချင်မိရဲ့။

 မပြောဘူးနေမလို့
လက်ရေးတိုရေးကျင့်တဲ့ခန်းမှာ
မှတ်စုတစ်ခု “ယခင် ၊ ယခု”ပြုတ်ပြုတ်ပြုန်းသေချာ
နေရာကျရင် သေရွာကလည်း ပြန်ပြန်လာကြသတဲ့ မှတ်ကရော။

အဲဒီနေ့က
ရှုးရှုးပေါပေါနဲ့ သူနဲ့ကျွန်တော်ပြောခဲ့ကြတာတွေ။   ။


စိမ်းခက်စိုး
(တနင်္လလာ) ဒီဇင်ဘာ ၀၅၊ ၂၀၁၁
ညနေ - ၀၃း ၅၅ နာရီ

No comments: