Saturday, December 3, 2011

ဒေါ်အောင်ဆန်းစုကြည်က မင်ဒဲလား၊ ဦးသိန်းစိန်က ဒီကလက် ဖြစ်နိုင်သလား


တခါတရံ မမျှော်လင့်သော အခြေအမျိုးမှာ မမျှော်လင့်သော အပြောင်းအလဲများ ဖြစ်သွား တတ်ပါသည်။
ဆိုဗီယက်ပြည်ထောင်စုက မီးခေးဂိုဘာ့ချော့၏ ဂလက်စနော့စ်ဒ်၊ ပယ်ရီစထွိုက်ကာ ဆိုသည့် ဖြေလျှော့မှုများ (လစ်ဘရယ်လိုက်ဇေးရှင်း) သည် စစ်အေးခေတ်၏ အမှောင်မိုက်ဆုံးကာလတွင် ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။ အဲဒီအချိန် အမေရိကန်သမ္မတ ရော်နယ်ရေဂင်၏ မဟာဗျူဟာမြောက် ဒုံးကျည် ကာကွယ်ရေး၊ အမေရိကန်နှင့် ဆိုဗီယက်တို့ကြား အာဖဂန်နစ္စတန်နှင့် တခြားဒေသတို့တွင် ကြားခံစစ်ပွဲများ တိုက်၍ကောင်းဆဲ အချိန်မျိုးတွင် ဖြစ်ပါသည်။
တရုတ်ပြည်က တိန်ရှောင်ပင်၏ စီးပွားရေးတံခါးပွင့်မှုသည်လည်း တရုတ်၏ ဗီယက်နမ်ကို မအောင်မြင်သော ကျူးကျော်မှု (၁၉၇၈ ခုနှစ်) နောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
တောင်အာဖရိကတွင် အသားအရောင် ခွဲခြားမှုစနစ်၏ ခေါင်းဆောင် အက်ဖ် ဒဗလျူ ဒီကလက် ကိုယ်တိုင်ကိုလည်း အသားရောင်ခွဲခြားမှု စနစ်ဘက်က ရပ်ခံကာကွယ်ပေးသူအဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။ သူလို လူမျိုးက လူမည်းခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလားကို လွှတ်ပေးပြီး၊ လူဖြူလူနည်းစုအုပ်ချုပ်ရေးကို အဆုံးသတ်စေမည့်သူဖြစ်လာမည်ဟု ယုံမှတ်ရန် ခဲယဉ်းလှပါသည်။
ယခုလည်း မြန်မာပြည်မှာ အမှန်တကယ်ပဲ ပြောင်းလဲမည်လားဆိုသည့် မေးခွန်းကို တကမ္ဘာလုံးက သိချင်နေကြသည်။ မြန်မာပြည်သည် ဒီကလက် ခေတ် တောင်အာဖရိက ဖြစ်မည်လား။ အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ နှစ်ဦးကရော ၁၉၉၀ ပြည့်လွန်နှစ်များဆီက တောင်အာဖရိက၏ နယ်ဆင် မန်ဒဲလားနှင့် ဒီကလက်တို့ ဖြစ်နိုင်မည်လား။ စိတ်ဝင်စားစရာပါ။
ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက တောင်အာဖရိကနိုင်ငံ၊ ဂျွန်ဟန်နာစဘက် တက္ကသိုလ်မှာ သူ့ကို ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်သော အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း ဗီဒီယိုမိန့်ခွန်း ပြောခဲ့ပါသည်။
"မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးကို လိုချင်တယ်၊ လွတ်လပ်မှုကို တောင့်တတယ်၊ လုံခြုံမှုကို လိုချင်တယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တောင့်တတယ်၊ သတ္တိနဲ့ ၀ိရီယနဲ့ ကြိုးစားမယ် ဆိုရင် ဒါတွေကို တကယ်ရနိုင်တယ်ဆိုတာကို တောင်အာဖရိက ကျမတို့ကို သင်ကြား ပေးခဲ့ပါတယ်၊ ကျမတို့ဟာ တောင်အာဖရိကရဲ့ ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ နယ်ဆင်မင်ဒဲလား၊ ဒက်စမွန် တူးတူးတို့ကို လေးစား အားကျကြပါတယ်"
ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်အာဖရိက ခေါင်းဆောင် မင်ဒဲလားတို့ တူသည့်အချက်မှာ တည်ကြည်ဖြောင့်မတ်မှုနှင့် အာဃာတစိတ်ကင်းမှုတို့ ဖြစ်မည်။ နှစ်ဆယ်ခုနစ်နှစ်ကြာ အကျဉ်းကျခံရသည့် မင်ဒဲလားနှင့် အနှစ်နှစ်ဆယ်နီးပါး နေအိမ်အကျဉ်းကျခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် မတူသည့်အချက်က ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ယခင်ကလည်း မျှော်လင့်ချက် မြင့်မားသော အချိန်ရှိခဲ့သလို၊ စိတ်ပျက်အားလျှော့စရာ အချိန်များလည်း ရှိခဲ့ပါသည်။
၁၉၉၀ ပြည့်လွန်နှစ်အလယ်ပိုင်းက တကြိမ်၊ ၂၀၀၂-၂၀၀၃ ခုနှစ်များကတကြိမ်၊ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် စစ်တပ်ကြားက ရင်ကြားစေ့ရေး ဖြစ်နိုင်ခြေများ အလားအလာ ကောင်းခဲ့သည်၊ နှစ်ကြိမ်စလုံးတွင် အစိုးရအဖွဲ့အတွင်းမှ သဘောထားတင်းမာသူများဘက်က အသာစီးရခဲ့ပြီး ပြုပြင်ပြောင်းလဲရေး အလားအလာလည်း တစစီပျက်စီးခဲ့ရသည်ဟု ယူဆကြသည်။
ယခုတကြိမ်တွင်လည်း သဘောထားတင်းမာသူများအတွက် စိုးရိမ်စရာ ရှိနိုင်မလား၊ စဉ်းစားစရာ ရှိပါသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဌက သူရဦးရွှေမန်းက..
" ဒီနေ့ ဒီစနစ်ကို ပြောင်းလိုက်တယ်၊ စနစ်ဟောင်းကို တွယ်တာတဲ့လူတွေက လက်မခံသေးဘူး၊ အဲဒီအားကလည်း အတော်ကြီးတယ်.. လွှတ်တော်အတွက် အခက်အခဲမဟုတ်ဘူး၊ နိုင်ငံအတွက် အခက်အခဲပဲ..." ဟု ဆိုပါသည်။
သို့သော်လည်း လက်ရှိအပြောင်းအလဲများသည် နောက်ကြောင်းမပြန်နိုင်ပါဟု သူရဦးရွှေမန်းက အာမခံသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်နှင့် အတိုက်အခံ တော်တော်များများကလည်း အစိုးရသစ် တက်လာသည့်နောက်ပိုင်း ဖြေလျှော့မှုတချို့ကို အစစ်အမှန်ဖြစ်နိုင် ကောင်းသည်ဟု ယုံကြည်ချင်နေကြသည်။
မြန်မာစစ်ဗိုလ်ချုပ်များအနေနှင့် လူသူသူရှေ့မှာ တစွန်းတစမျှ ပြောလေ့ပြောထ မရှိသည့်အတွက် သူတို့ကို နားလည်ရန် ခက်ခဲပါသည်၊ ဘာ့အတွက် ရွေးကောက်ပွဲလုပ်သည်၊ တလျှောက်လုံး ဖိနှိပ်ထားသည့် အတိုက်အခံနှင့် ဘာအတွက် တွေ့ဆုံဆွေးနွေးရေးလုပ်ရန် လမ်းဖွင့်ပေးရသည် တို့ကို နားလည်နိုင်ရန် ခက်ခဲပါသည်။
လက်ရှိအဖြစ်အပျက်များအပေါ် အခြေခံပြီး ဖြစ်နိုင်ခြေတရပ်ကို ကောက်ချက်ဆွဲရမည်ဆိုလျှင် မြန်မာအစိုးရသည် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ကင်းကွာခဲ့သည့်နှစ်များတွင် တရုတ်၏ လွှမ်းမိုးမှုကို အသက်ရူကျပ်မတတ်ခံစားလာရသည့်အပေါ် စိုးရိမ်မှုတိုးလာသောကြောင့် ဖြစ်လာသည်ဟု ကောက်ချက်ဆွဲနိုင်ပါသည်။
မြန်မာအစိုးရသည် တရုတ်အရင်းအနှီးဖြင့် တည်ဆောက်နေသည့် ဧရာဝတီမြစ်ဆုံ ရေကာတာကို ဆိုင်းငံ့ရန် ကြေညာခဲ့သည်၊ ယင်းဆုံးဖြတ်ချက်သည် အရေးကြီးသည့် ပေါ်လစီ အပြောင်းအလဲကို ရှင်းရှင်းလင်းလင်း ပြသလိုက်ရာလည်း ရောက်သည်။ တကမ္ဘာလုံးကိုလည်း မြန်မာအစိုးရသစ် သည် ယခင်အစိုးရနှင့်မတူ၊ ပြည်သူလူထုနှင့် နိုင်ငံတကာ၏ ဖိအားကို အလေးဂရုပြုသည် ဆိုသည်ကို အချက်ပြလိုက်ရာလည်း ရောက်သည်။
တချိန်တည်းလိုလိုမှာပင် ဦးသိန်းစိန်သည် နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့သည်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ပြီး တိုက်ရိုက်စကားပြောခဲ့သည်၊ ယခုအထိ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ဘယ်အချိန်နှင့်မှ မတူသည့် လွတ်လပ်မှုကို ရရှိလာသည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်တိုင်ကလည်း ကြားဖြတ်ရွေးကောက်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သည်။
အကယ်၍ ကျန်နေသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လွှတ်ပေးလျှင်၊ တိုင်းရင်းသား ဒေသက စစ်ပွဲများကို ရပ်ဆိုင်ပြီး တန်းတူရည်တူ တွေ့ဆုံဆွေးနွေးပွဲဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်လျှင်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်နှင့် အန်အယ်ဒီပါတီက အမတ်လောင်းများ ရွေးကောက်ပွဲအတွက် လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးခွင့်ရပြီး၊ ရွေးကောက်ပွဲများလည်း လွတ်လပ်တရားမျှတလျှင် ဦးသိန်းစိန်နှင့် သူ့အစိုးရအဖွဲ့တွင် အမှန် တကယ်ပဲ အပြောင်းအလဲကို ဦးတည်လုပ်ရန် ဆုံးဖြတ်ထားပြီး ဆိုသည့်အချက်က ပိုရှင်းသွားပါလိမ့်မည်။ အမေရိကန်အပါအ၀င် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပို၍ရမှာသေချာပါသည်။
သမ္မတဦးသိန်းစိန်က မြန်မာပြည်အပေါ် ချမှတ်ထားသည့် စီးပွားရေးနှင့် နိုင်ငံရေး ဒဏ်ခတ် ပိတ်ဆို့မှုများ အားလုံးကို ချက်ချင်းလက်ငင်းရုပ်သိမ်းစေချင်မည်မှာ သံသယဖြစ်စရာ မရှိသော်ငြား၊ ယင်းကဲ့သို့ အထွေထွေရုပ်သိမ်းပေးမှုမျိုးမှာ ယခုအချိန်တွင် စောလွန်းပါသေးသည်ဟု ပြောသည်။
သို့သော်လည်း မြန်မာအစိုးရဘက်က ရှင်းလင်းသည် နိုင်ငံရေး ဖြေလျှော့မှုတခုလုပ်တိုင်းမှာ နိုင်ငံတကာကလည်း ဒဏ်ခတ်ပိတ်ဆို့မှုများကို ဟန်ချက်ညီညီ ဖြေလျှော့ပေးမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ကတိပေးသွားခဲ့သည်။ အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို စေလွှတ်ပြီး သမ္မတဦးသိန်းစိန်နှင့် တွေ့ခိုင်းသည့် ကိစ္စကလည်း ကမ္ဘာကြီးက မြန်မာကို အထီးကျန်ထားသည့် ဘ၀ကို အဆုံးသတ် စေချင်ကြောင်း ပြသလိုက်သည့် လက္ခဏာပင်ဖြစ်သည်၊ အလားတူ မကြာခင်ကပဲ အာဆီယံကလည်း မြန်မာပြည်ကို ၂၀၁၄ မှာ အာဆီယံဥက္ကဌ တာဝန်ပေးရန် ဆုံးဖြတ်ခဲ့ပါသည်၊
သို့သော် ပြည်တွင်းမှာ နှစ်ဖက်စလုံးက မတူညီမှုများကို ညှိယူပြီး ရှေ့သို့ ချီတက်သည့်နေရာတွင် တချိန်က တောင်အာဖရိက၏ မင်ဒဲလားနှင့် ဒီကလက်တို့ကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ အောင်မြင်နိုင်မလား စိုးရိမ်စရာဖြစ်သည်။
ယခုအထိ မြန်မာပြည် ကိစ္စနှင့်ပတ်သက်လျှင် ဘယ်သူမှ ယတိပြတ်မပြောရဲကြသေးပါ၊ သမ္မတဦးသိန်းစိန်၏ ယခုအချိန်အထိ လုပ်ဆောင်ချက်တချို့ကို တောင်အာဖရိကမှာ ဒီကလက်၏ ပြုပြင်ပြောင်းလဲရေး ကနဦး ခြေလှမ်းများနှင့် ဆင်တူသည်ဟု ယူသော်ရနိုင်ပါသည်။
အောက်တိုဘာလကုန်ပိုင်းမှာ ဝေါစထရိဂျာနယ်က အင်တာဗျူးသောအခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်၏လက်ရှိအခြေအနေသည် တောင်အာဖရိ၏ ၁၉၉၀ ပြည့်နှစ်တုန်းက အခြေအနေမျိုးနှင့်ဆင်တူသည်ဟု နှိုင်းယှဉ်ခဲ့ပါသည်။
မြန်မာပြည်ကံကောင်းသည့်အချက်မှာ အတိုက်အခံဘက်တွင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ခေါင်းဆောင်ရှိနေသဖြင့် မြန်မာပြည်၏ နယ်ဆင် မင်ဒဲလား မှာ ရှိနေပြီးသားဖြစ်သည်၊ သို့သော် ယခင်စစ်အစိုးရ၏ ၀န်ကြီးချုပ်ဟောင်း၊ လက်ရှိသမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကရော မြန်မာပြည်၏ ဒီကလက် ဖြစ်၊ မဖြစ်က မသေချာသေးပါ။
မြန်မာပြည် ကံဆိုးသည့်အချက်မှာ ထိုမသေချာသေးသည့် ဦးသိန်းစိန်ကိစ္စ (Thein Sein Factor) သည် မြန်မာပြည် အသွင်ကူးပြောင်းရေး အောင်မြင်ရေး၊ မအောင်မြင်ရေးကို အဆုံးအဖြတ် ပေးရာတွင် အခရာ ကျနေသည်။
ညီစောလွင်
ဒီဇင်ဘာ ၄၊ ၂၀၁၁
ရည်ညွန်း - A Democratic Burma? By Yuriko Koike

No comments: