Tuesday, December 27, 2011

ဘယ်လောက်အထိ သင်ပုန်းချေနိုင်စွမ်းရှိမလဲ


ကျော်ထွေးနိုင်
ဒီဇင်ဘာ ၂၇၊ ၂၀၁၁

တလောဆီက ဖေ့ဘုတ်ပေါ်မှာ ဆောင်းပါးတပုဒ် ပျံ့နှံ့ရောက်ရှိလာခဲ့တယ်။ ပထမတော့ အမှတ်တမဲ့ ဘဲ… နောက်တော့ လူပြောများလာခဲ့တယ်။ ဟိုနှယ်ဒီနှယ် ဝေဘန်သံတွေ ညံလာတော့မှ ဖတ်ကြည့်ဖြစ်ပါတယ်။ အဲဒီမှာ ကြောက်ခမန်းလိလိ ဖက်ဆစ်တွေ နာဇီတွေလို ကျင့်ခဲ့ကြတဲ့ လူရမ်းကားတစုရဲ့ အယုတ်ကြီးကမ်းကုန်အောင် ABSDF ကျောင်းသားလူငယ်တွေကို စစ်အစိုးရ စပိုင်လို့ မှားယွင်းစွာ စွပ်စွဲ မသေမချင်း ညှင်းပန်းရင်း သတ်ဖြတ်ခဲ့ကြပုံကို ကံကြီးလွန်းလို့ ငရဲတွင်းက လွတ်မြောက်ခွင့် ရသွားခဲ့ရှာတဲ့ ကျောင်းသားတယောက်က (မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ – အပိုင်း ၁ အောင်မိုးဝင်း (အမေရိကန်) December 22, 2011 http://www.naytthit.net/?p=22940) ဆိုပြီး ဖွင့်ချထားတာ ဖြစ်နေပါတယ်။

ဆက်တိုက်ဆိုသလိုပါဘဲ.. ဒီလင့်ခ် တွေ – (Aung Naing had admitted to theexecutions and killings of young ABSDF students in the book, “AllWars Are Dirty” by PHIL THORNTON August26, 2009 http://sanooaung.wordpress.com/2009/08/26/aung-naing-had-admitted-to-the-executions-and-killings-of-young-absdf-students-in-the-book-%E2%80%9Call-wars-are-dirty%E2%80%9D-by-phil-thornton/) မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ -၂ http://www.pyustate.com/2011/12/blog-post_24.html – ထပ်တွေ့လာရပါတော့တယ်။
သိတဲ့အတိုင်း ဖေ့ဘုတ်ပေါ်မှာ လူမျိုးစုံ ရှိနေပါတယ်။ အမြင်မျိုးစုံနဲ့ပေါ့။ ဝေဘန်ကြတယ် အကောင်းအဆိုး နှစ်မျိုးလုံး။ ကျောင်းသားတပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုပါ ထိပါးသူတွေလည်း ရှိလာကြပါတယ်။ စာရေးသူရဲ့ပတ်လည်မှာ တကမ္ဘာလုံး ရောက်ရှိပျံ့နှံ့နေတဲ့ ကျောင်းသားတပ်မတော်သား တချို့ ရှိနေခဲ့တယ်။ သူတို့ ၀မ်းနည်းစွာ ငြိမ်သက်နေကြတယ်။ ပါဝင်ပတ်သက်ခဲ့သူ မဟုတ်ဘဲ ရင်နာနေရရှာတဲ့ ကျောင်းသားတယောက် က အခုလို ဆိုရှာပါတယ်။

“ကျောင်းသား တပ်မတော် (ABSDF) ရဲဘော်တွေကို ထိခိုက်စေမဲ့ ပြီးစလွယ် ကောက်ချက်ချမှုတွေကို ရှောင်ကျဉ်စေချင်ပါတယ်။ ပြည်တွင်းမှာ နိုင်ငံရေးစိတ်မဝင်စားတဲ့ ကျောင်းသားတွေက မိဘတွေနဲ့အတူ နေ၊ စာသင်၊ စီးပွားရေးလုပ်၊ ဘဝရဲ့ အနာဂတ်အတွက် ပြင်ဆင်နေကြချိန်မှာ၊ အေဘီရဲဘော်တွေဟာ ငှက်ဖျားတောထဲမှာ ဘဝကို စတေးပြီး တိုင်းပြည်ကို ချစ်ခဲ့ကြတယ်။ သူတို့ရဲ့ ပုဂ္ဂလိကဘဝတွေ စွန့်လွှတ်ခဲ့ကြရတယ်။ တိုင်းရင်းသား နယ်မြေတွေမှာ နားလည်မှု တခု တည်ဆောက်ဖို့အတွက် ဘဝပေါင်းများစွာ ပေးဆပ်ခဲ့ကြရတယ်။ ဒါကြောင့် နေဝင်း၊ သန်းရွှေ ဖက်ဆစ် အစိုးရကို ဆန့်ကျင်ခဲ့ကြတဲ့ အေဘီ အပါအဝင်၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်သူတွေရဲ့ ပေးဆပ်မှုတွေကို အသိ အမှတ် မပြုချင်နေပါ။ ထိခိုက် စော်ကားစေတဲ့ စကားလုံးတွေ မပေးစေချင်ပါဘူး။ လူတစုရဲ့ သွေးစွန်းတဲ့လုပ်ရပ်ကို ကြည့်ပြီး၊ ကျောင်းသားတပ်မတော် ဆိုတာ ဒီလို ရက်စက်သလား ဘာညာ အတွေးတွေ မတွေးစေချင်ပါ။ သူတို့တတွေဟာ နှလုံးသားတွေ ထိခိုက်ခံစားလွယ်လို့၊ တိုင်းပြည်ထဲက ပြည်သူတွေ ဆင်းရဲ ဒုက္ခတွေက လွတ်မြောက်စေဖို့ အတွက် တောခို လက်နက်ကိုင် ကြတယ်၊ ဘဝကိုမြှုပ်နှံ စတေးခဲ့ကြတယ် ဆိုတဲ့ အချက်ကို လက်ခံစေချင်ပါတယ်။ ရဲဘော်တွေက ရိုးသား ချစ်စရာကောင်း ပါတယ်။ ကျနော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် နဲ့ ကျောင်းသားတပ်မတော် ဆိုတာ ဒင်္ဂါးပြားတခုရဲ့ ခေါင်းနဲ့ပန်းလိုပဲ၊ ခွဲခြားမရပါဘူး။ ”
နောက် တောင်ပိုင်းက ကျောင်းသားတယောက်ကတော့ ဒီလို ရှင်းပြပါတယ်။
“မြောက်ပိုင်းမှာ ကြိတ်ပြီးဖြစ်နေခဲ့တာ တကယ်တန်း ဖုံးမရဖိမရ အခြေအနေ ရောက်လာမှ တောင်ပိုင်းကို ခေါ်ပြီးလာကြပါ ဆိုတဲ့ အချိန်ရောက်တော့မှ သိကြရတာ။ ကျနော်တို့ ဘယ်လိုခံစားကြရမှာ ကို ခန့်မှန်းကြည့်ပါ။ နယ်စပ် ရောက်လာကြသူတွေထဲမှာ အလွှာပေါင်းစုံ လူမျိုးပေါင်းစုံ အထဲမှာ နေရာစွဲ ဒေသစွဲ အာဃာတ တရား ကြီးပြီး အသိပညာ ခေါင်းပါးတဲ့ လူတစုကြောင့် ဖြစ်ခဲ့ရတဲ့ ယူကြုံးမရ ဖြစ်ရပ်တခုပါ။ တောင်ပိုင်းက ခေါင်းဆောင်တွေ ကိုယ်တိုင် မြောက်ပိုင်းကို လိုက်သွားပြီး ဖမ်းထားတဲ့ သူတွေကို နယ်မြေခံတွေကို တောင်းပန်ပြီး လွတ်မြောက်စေခဲ့ပါတယ်။ ဒါ အဖြစ်မှန်ပါ။ အဲဒီနောက်ကွယ်မှာ အများကြီး ရှိပါသေးတယ်။ လူသတ်သမားတွေကို တရားစီရင်ရေး လမ်းကြောင်းကို ပို့နိုင်ရေး အတွက်လည်း ကျနော်တို့ ကြိုးစားနေပါတယ်။ အဲဒီအဖြစ်အပျက်တွေကို တောခိုကျောင်းသားတိုင်း အနှစ် ၂၀ကျော် မြိုသိပ်ထားခဲ့ပါတယ်။ ပန်းတိုင် မရောက်ခင် တက်မကျိုးစေလိုတဲ့ ဆန္ဒကြောင့်ပါ။ ခုတော့ အချိန်တန်ပြီ ထင်ပါတယ်။ ICC မှာ တနေ့တော့ ရင်ဆိုင်ကြရမှာပါ။ ”
လုပ်သင့်လုပ်ထိုက်တာတွေကို အားလုံးက အချက်ပြလိုက်တဲ့အချိန်မှာစတင်လှုပ်ရှားလိုက်တယ်လို့ နားလည်လိုက်ရတာမို့ ကျောင်းသားတပ်မတော်သားတွေ စုစည်းပြီးမှန်မှန်ကန်ကန် ဖေါ်ထုတ် နိုင်ကြပါစေလို့သာ ဆုတောင်းပေးနေရတော့မှာပါ။
တခါ မီဒီယာတွေက ဘာလုပ်နေကြသလဲ။ ဘာလို့ငြိမ်နေကြတာလဲ လို့သိချင်သူ စူးစမ်းသူတချို့လည်း ပေါ်ထွက်လာပြန်တယ်။ ဒါကြောင့် ဇစ်မြစ်ကို လိုက်ကြည့်ဖို့ဆုံးဖြတ်ပြီး ရှာဖွေတော့ ၂၀၀၂ ဇွန်လထုတ် ဧရာဝတီမဂ္ဂဇင်းမှာ ဒီဆောင်းပါးကိုသွားတွေ့လိုက်ပါတယ်။ ထဲထဲဝင်ဝင်ရေးထားလေရဲ့ -It’s a jungle out there http://www.irrawaddy.org/article.php?art_id=2669&page=1 ဆိုပြီးတော့။
မီဒီယာတွေငြိမ်မနေကြပါဘူး။ သူတို့ထဲက အတော်များများဟာ ABSDF ပါဝင်ခဲ့သူတွေနဲ့နီးစပ်တဲ့ သူတွေဖြစ်ကြပါတယ်။ ပြောချင်လွန်းလှပေမဲ့ ထုတ်ပြောဖို့ အခွင့်အခါမသင့်သေးဘူး။ ဒီအချိန် ဖွင့်ချလိုက်ရင်ဖြင့် နအဖ အစိုးရ လက်စောင်းထက်ချိန်ဖြစ်လို့မို့ ကျောင်းသားတပ်မတော်ကို တလွဲ အပုပ်ချမှာ စိုးရိမ်ဟန်ရှိပါတယ်။ အသေအချာ စဉ်းစားကြည့်ကြမယ် ဆိုရင် စစ်အစိုးရရဲ့ ပိတ်ဆို့မှုတွေကြောင့် ပြည်တွင်းမှာ နေထိုင်သူ အတော်များများဟာ ပြည်ပမီဒီယာတွေနဲ့ တိုက်ရိုက်ထိတွေ့မှု နည်းခဲ့ကြတယ်။ ဧရာဝတီမဂ္ဂဇင်းကို တိုက်ရိုက်ဖတ်နိုင်သူ တော်တော်ကို နည်းမှာပါ။ ၂၀၀၂ ဆိုတာ အဖြစ်အပျက်တွေနဲ့ မဝေးလှသေးတဲ့ အချိန်ပါဘဲ။ အခု မကြာသေးတဲ့ နှစ်ပိုင်းတွေကမှ ဖေ့ဘုတ်ဆိုတာနဲ့ နီးစပ်ရာက ပြည်တွင်းပြည်ပ ဆက်သွယ်မှုတွေ အားကောင်းပြီး သိလာကြရတာပါ။ ဒီအချိန်မှာဘဲ ပြည်တွင်းပြည်ပ လူငယ်ခြေတက်တွေက ဟိုဟိုဒီဒီ စနည်းနာ ဖတ်ရှုရင်း တစတစ ဖေါ်ထုတ်နိုင်လာကြရပါတယ်။ တကယ်တော့ပြည်ပမီဒီယာတွေဟာ ပြည်တွင်းလှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေခဲ့တာ ဘယ်သူမှ ငြင်းပယ်မယ် မဟုတ်ပါဘူး။ ပုဂ္ဂိုလ်စွဲ၊ ၀ါဒ စွဲဆိုတာ အပြင် အလှူရှင်တွေရဲ့ လွှမ်းမိုးမှုကလည်း ရှိနေကြသမို့ အမှားအယွင်းတွေလည်း ရှိနေကြမှာပါ။ အခု ခေါင်းထောင်လာတဲ့ ပြည်တွင်း မီဒီယာတွေိုလည်း ကြည့်လိုက်ရင် ကျင့်စဉ်ပိုင်းမှာ ဘာမှသိတ်ကွာခြားမှုမရှိလှတာ ကြည့်သောသူ မြင်နိုင်မှာပါ။ ဒီတော့ မဆုံးနိုင်အောင် အဝေဘန်လည်း ခံနေကြရဦးမှာပါဘဲ။
အခုတော့လည်း မီဒီယာတွေက အချိန်တန်ပြီလို့ သတ်မှတ်လိုက်ပုံဘဲ။ ဧရာဝတီ မှာ ဖေ့ဘုတ်ပေါ် ပျံ့နေပြီးသားဖြစ်တဲ့ ဟောဒီ ဆောင်းပါး နှစ်ပုဒ် ကို ညက တင်လာတာ ဖတ်လိုက်ရပါတယ်။
ကျွန်တော် သန်းကြွယ်သူဌေး ဖြစ်ခဲ့စဉ်က http://www.irrawaddyblog.com/2011/12/blog-post_8572.html ကျွန်တော် လူကက်ဆက် http://www.irrawaddyblog.com/2011/12/blog-post_6658.html
ဒါတွေအားလုံးရဲ့ မြစ်ဖျားခံရာ ဖြစ်တဲ့ ဘ၀တပါး ပြောင်းသွားခဲ့ရရှာတဲ့ ကျောင်းသားများနဲ့ သူတို့ရဲ့ ကျန်ရစ်သူမိသားစုများ က အများရဲ့ တောင်တောင်အီအီ စိတ်ကူးတည့်ရာ ဝေဘန်မှုများအောက်မှာ နစ်နာမှုတွေ ရှိလာနိုင်ပါတယ်။ နိုင်ငံအတွက်အသက်ပေးဖို့ ထွက်သွားခဲ့တဲ့သူတို့ရဲ့လူမမယ် ရင်နှစ်သည်းချာ များရဲ့ အဖြစ်ဆိုးကြီးတွေ အတွက် ဘယ်လောက်များ နာကျည်းခံခက်နေကြရှာမလဲ။ တခါ မသေလို့တွေ့ရတဲ့ မသမာသူတွေရဲ့ အကျဉ်းစခန်းက လွတ်မြောက်လာခဲ့သူများကကော ဘယ်လောက်အထိ သင်ပုန်းချေနိုင်စွမ်းရှိမလဲ။ မတွေးရဲအောင်ပါဘဲ။
ဒီတော့ကာ အားလုံးဘဲ စာနာမှုရှေ့ထားလျက် ခံစား နားလည်ပေးနိုင်ကြပါစေလို့သာ မျှော်လင့် ရတော့မှာပါ။ မသက်မသာ ဝေဘန်မှုတွေကို အလွယ်မပြုကြပါနဲ့လို့ အနူးအညွတ် တောင်းပန်ရင်း…………………

မိုးမခ  မှကူးယူဖော်ပြပါသည်။

No comments: