Sunday, December 25, 2011

ဟိုးဝေးဝေးက ခရစ်စမတ်

ဟိုးဝေးဝေးကထိုးလိုက်တဲ့
ဘုရားကျောင်းကခေါင်းလောင်းသံသဲ့ သဲ့ကို
ရင်ထဲက နားနဲ့ ကြားတယ်။

အမေ  ကျနော်တို့ ကိုမျှော်နေရော့ မယ်။

ငယ်ငယ်တုန်းက
ခရစ်စမတ်ဆိုရင်
ကျနော်တို့ ကအမေ့ကိုအမြဲ မျှော်
လက်ဆောင်တွေတပွေ့ နဲ့ အမေပြန်လာရင်
ပျော်လိုက်တယ်ဖြစ်ခြင်း။

ခု
ဒီနှစ်ခရစ်စမတ်မှာ
အမေအိုဟာ တံခါးကိုဖွင့်ရင်း
ကျနော်တို့ ကိုမျှော်နေရှာပြီ။

မိသားစုခြင်း
ချစ်သူခြင်း ခွဲပစ်တဲ့ ခေတ်ယုတ်ကြီး
သေကွဲရှင်ကွဲတွေ ပိုမိုများပြားလာတဲ့ လောကဓံတရား များ။

ငါတို့ ကတော့
သေမှပဲခွဲမယ်ဟေ့ လို့ 
အမေကမကြာခဏ ပြောခဲ့ဖူးတာ။
အမေစိုက်ခဲ့တဲ့ သစ်ပင်လေး
လေနှင်ရာ ဝေးပြီးရင်း ဝေးသွားတာလည်း
မတားနိုင်ခဲ့ ပါလား အမေရယ်။

ဒီဇင်ဘာ(၁)ရက်
နှင်းစက်လေးတစက် ကမ္ဘာပေါ်ပထမဦးဆုံး ကျလာသလို
သမီးလေး ကျနော်တို့ ဘ၀ထဲကိုရောက်လာခဲ့တယ်။
အမေ့မြေးလေးကို အမေမြင်ချင်ရှာမှာ...........

ထောင်အုတ်ရိုးသံတခါးတွေကို ချိုးဖောက်
ခရစ်မတ်တိုင်းရောက်လာတတ်တဲ့ 
ပါဆယ်ထုပ်ထဲကမေတ္တာတရားတွေကို
ခုဆို
ကျနော်ပိုလို့ နားလည်တတ်ခဲ့ပါပြီ။


ဟိုးဝေးဝေးကထိုးလိုက်တဲ့
ဘုရားကျောင်းကခေါင်းလောင်းသံသဲ့ သဲ့နဲ့ ရောထွေးလို့ 
မိခင်တဦးရဲ့ သားချော့ တေးသံ
ကျနော့်ရင်ထဲက နားနဲ့ ကြားနေရပြန်တယ်။

ငြိမ်းချမ်းခြင်းနဲ့ မေတ္တာတရား
ဖွားမြင်ရာ ဒီညမှာ
မိခင်တဦးရဲ့ ရင်တွင်းသောကဟာ
လှိုင်းထလို့ နေတော့တယ်။

ခင်ရင်မောင်

No comments: