Thursday, December 8, 2011

ယနေ့ခေတ် ပညာရေးဟာ ဒီလောက်တောင်မှ ခြစားပိုးထိုးပျက်စီးနေပြီလား???

“မွေးစားကလေးမို့လို့  ဆုတစ်ခုခု ချိတ်ရင် ပြီးရောဆိုပြီး  တတိယနေရာ ထားလိုက်တာ။ ညီမ မကျေနပ်ရင် ဒုတိယ ထားပေးလိုက်မယ်။ အစကတည်းက ရှင်းရှင်း ပြောရောပေါ့ ညီမရယ်“ တဲ့ - သမီးရဲ့ အတန်းပိုင်က ကျွန်မကို ဒီနေ့   ပြောလိုက်ပါတယ်။

မနေ့က (6.12.2011 နေ့က) သမီး ကျောင်းက ပြန်လာတော့ ပြောပါတယ်။ သူတို့အတန်းပိုင် ဆရာမက ဒီနေ့ အတန်းထဲမှာ ဆုရသူတွေ စာရင်းကို ပြောလိုက်တယ်။ သမီးက “တတိယ” ပဲ ရတယ်လို့ ပြောပါတယ်။
သမီးတို့ရဲ့  ဒီနှစ် ပထမတန်းအတန်းပိုင် ဆရာမက မနှစ်က သူငယ်တန်း သင်ပြီး၊ ဒီနှစ်တစ်တန်းကို ဆက်သင်ရတာပါ။

သမီးက “တတိယ” ပဲ ရတယ်လို့ ပြောတော့၊ ကျွန်မတို့ တစ်အိမ်သားလုံး တော်တော် အံသြသွားကြပါတယ်။
အခု ပြီးခဲ့တဲ့ နွေရာသီကပဲ၊ ကျောင်းအုပ်ဆရာကြီး ကိုယ်တိုင် ပြောလိုက်တာပါ။ “ဆရာကြီး မြေးနဲ့ အတူတူ ပူးတွဲ ပထမ ရတယ်” လို့-။

ဒါပေမယ့်၊ မနှစ်က ဒီဇင်ဘာလလောက်တုံးက အတန်းပိုင်ဆရာမကို သမီးရဲ့ အခြေအနေကို မေးကြည့်တော့ ဆရာမက “ စိတ်ချပါ။ ဒုတိယနေရာ ယာထားပါတယ်” လို့ ပြောလိုက်ပါတယ်။
ကျောင်းအုပ်ကြီး ကိုယ်တိုင်က “ပထမ” ရတယ်လို့ ပြောလိုက်တော့၊ သြော် တကယ် ပထမဖြစ်မှာပါလေလို့ တစ်အိမ်သားလုံး ၀မ်းသာ နေကြရပါတယ်။

အခုတော့ - သူငယ်တန်းအတွက် ဆုပေးပွဲလုပ်ခါနီး ဆုစာရင်းကို တကယ်ကြေငြာတော့ - သမီးက “တတိယ” ဖြစ်နေပြန်ရော။
ပထမက (၃)ယောက်။ ဒုတိယက (၂)ယောက်။ တတိယက (၂)ယောက်။
ပထမရတဲ့ (၃)ယောက်က - ဆရာကြီးရဲ့ မြေး၊ ဆရာမအတွက် နေ့တိုင်း ထမင်းချိုင့်တစ်ချိုင့် ပိုပိုထည့်ယူလာတဲ့ ကောင်ကလေး။ ဒီကလေးရဲ့ အဖေအမေက ဆရာမကို အခြား အထောက်အပံ့များလည်း ရှိပါသေးသည်။ နောက်တစ်ယောက်ကိုတော့ ကျွန်မလည်း သိပ်မသိပါ။
ဒုတိယက (၂)ယောက်က ကုလားလေးတွေ။ ကုလားလေးတွေက အတန်းထဲမှာ ခိုးလည်း ခိုးတတ်သည်။ မိဘက မ၀ယ်ပေးနိုင်လို့ ခိုးတာမျိုး မဟုတ်။ တမင် ဗွေဆိုြး့ပီး လက်ဆော့တာဖြစ်သည်။ သူတို့မိဘတွေက သူတို့ ကလေး ဆိုးမှန်းသိတော့ ဆရာမကို မကြာခဏ အကြောင်းအမျိုးမျိုးရှာကာ လက်ဆောင် ပေးကြသည်။ ပြီးခဲ့တဲ့ (၂)ရက်က ဆရာမမွေးနေ့။ ကုလားလေး တစ်ယောက်ပေးတဲ့ ဆရာမအတွက် မွေးနေ့လက်ဆောင် အကျီ င်္က လှလိုက်တာ လို့တော့ သမီးက ကျွန်မကို ပြောပြသား။ ကျွန်မကလည်း ဆရာကြီးကိုယ်တိုင်က မြေးနဲ့ အတူတူ ပူးတွဲ ပထမ ရတယ်” လို့ ပြောထားပြီးသားဖြစ်နေတော့ - အမှတ်တမဲ့ နေလိုက်မိပါတယ်။

ဒီလိုဆိုတော့ ကျွန်မသမီး သူငယ်တန်းအတွက် ဆုက - ပထမ၊ ဒုတိယ၊ တတိယ - အမျိုးမျိုး ဖြစ်နေပါတယ်။ ဘယ်ဟာ အမှန်လဲဆိုတာ ကျွန်မရော ကျွန်မမိဘတွေကပါ သိချင်ကြပါတယ်။ ဒါကြောင့် ဒီနေ့ နေ့လည် ဆရာမဆီကို သွားမေးကြည့်ဖြစ်ပါတယ်။

အဲဒိတော့ အတန်းပိုင်ဆရာမက ပြောပါတယ်။ ချက်ချင်းကို ပြောလိုက်တာပါ။ “မွေးစားကလေးမို့လို့  ဆုတစ်ခုခု ချိတ်ရင် ပြီးရောဆိုပြီး  တတိယနေရာ ထားလိုက်တာ။ ညီမ မကျေနပ်ရင် ဒုတိယ ထားပေးလိုက်မယ်“
“ကျွန်မသမီးကို ဘာဆုမှလည်း ပေးမနေပါနဲ့ ဆရာမရယ်” လို့ ကျွန်မ ပြောခဲ့လိုက်တယ်။
ဆရာမက ”အဲဒါ ညီမ စိတ်ဆိုးတာ မဟုတ်လား၊ ဆရာကြီးနဲ့ တိုင်ပင်ပြီး ပထမနေရာ ဖြစ်အောင် လုပ်ကြည့်လိုက်ပါဦးမယ်၊ မနက်ဖြန် ဒီလိုအချိန် အစ်မဆီ ပြန်လာခဲ့ပါ” လို့ ဆရာမက ကျွန်မလက်ကို နောက်က လိုက်ဆွဲပြီး ပြောပါတယ်။
ကျွန်မရဲ့ အငြိုအညင်ကို ဆရာမ လုံးဝ မလိုလားနိုင်တာ အသိသာကြီးဖြစ်နေပါတယ်။ အခြားသော ကလေးတွေရဲ့ အမေတွေကိုရော ဒီလိုပဲ ဆရာမ မလွန်ဆန်နိုင်တာတွေ အများကြီး ရှိနေမှာ သေချာပါတယ်။ နောက်ဆုံးတော့ - မလွန်ဆန်နိုင်ခြင်းတွေ များပြီး၊ ဆရာမ ဒုက္ခရောက်နေလေပြီ -။

မနက်ဖြန် သမီးကျောင်းက ဆရာမဆီကို ကျွန်မ လုံးဝ ထပ်သွားမှာ မဟုတ်တော့ပါဘူး။
ကျွန်မသမီး ပထမ မရလို့ ဆရာမကို ကျွန်မ စိတ်ဆိုးလို့ မဟုတ်ပါဘူး။ ကလေးတွေရဲ့ ပညာရေးလောကကို ဖျက်စီးပစ်နေကြတဲ့ သူတွေကို ကျွန်မ မျက်နှာချင်းမဆိုင်ချင်တော့လို့ပါ-။ သူတို့တွေရဲ့ ခြစားနေတဲ့ စိတ်ဓါတ်တွေကို တော်တော်ကိုလည်း စိတ်ကုန် စိတ်ပျက်မိပါတယ်။
သမီးအတွက် ကျွန်မ မနှစ်က တစ်နှစ်လုံး အပင်ပန်းခံပြီး အချိန်ကုန်ခံပြီး စာသင်ပေးခဲ့ရတာတွေက  အဓိပ္ပာယ်လုံးဝ မရှိတော့ဘူးလို့ ထင်ပါတယ်။ ကလေးတွေရဲ့ စာကြိုးစားမှု အနှစ်သာရက ပျောက်ဆုံးသွားပြီ။ အခု ညနေပဲ သမီးက ကျောင်းက ပြန်လာတော့ ကျွန်မ အမေကို ပြန်ပြောပြနေပါတယ်။ “မေမေ လာပြောလိုက်လို့ သမီး ဒုတိယဖြစ်သွားပြန်ပြီ” တဲ့။ ငါမကြိုးစားလည်း အမေ လုပ်ပေးရင် ဖြစ်ပါတယ်ဆိုတဲ့ အတွေးက ဘယ်သူမှ မသင်ရပါပဲနဲ့ နုနယ်တဲ့ သမီးရဲ့ အသိစိတ်ထဲမှာ ရောက်သွားခဲ့ပြီ-။

ကျွန်မသမီး ပထမဖြစ်ရင်လည်း “ငါ့သမီးလေး တော်လိုက်တာ” လို့ - ကျွန်မ ဂုဏ်ယူစရာမှ မဟုတ်တော့တာ။ ဆရာမကို နေ့တိုင်း ထမင်းချိုင့် ထည့်ထည့်လာသော ကောင်းလေးရဲ့ အမေကရော “ငါ့သားလေး တော်လိုက်တာ”လို့ လိပ်ပြာ သန့်သန့် ဂုဏ်ယူနိုင်မည်လား။ တကယ့် အရည်အချင်း မဟုတ်ပါပဲနဲ့ ဆုပေးပွဲတွေ တက်ကြ ...။ တကယ်ကြိုးစားခဲ့ရတဲ့ကလေးတွေက ဆုမချိတ်ပဲနဲ့ ကျန်ခဲ့ကြ။

ကျောင်းသားတစ်ယောက် ပထမ ဒုတိယ တတိယ ဆိုတဲ့ အဆင့်တွေဟာ ဆရာ/ဆရာမ ပါးစပ်ဖျားမှာတင် အလွယ်တကူ ဖြစ်နေခဲ့ပြီ

ကလေးကို adopted child မို့လို့ ကျောင်းမှာ အားငယ်မှာ စိုးရိမ်ပြီး၊ ဆရာမကို မနှစ်က တစ်နှစ်လုံး ကျွန်မ အတိုင်းထက် အလွန် သိတတ်ခဲ့တာ - မှားသွားပြီလား။
ကိုယ့်ကလေးဟာ အတန်းထဲမှာ တစ်လား ၊ နှစ်လား ၊ သုံးလား .... ကျွန်မ ကလေးရဲ့ တကယ့် အရည်အချင်း အစစ်ကိုလည်း ကျွန်မ မသိနိုင်တော့။ ကျွန်မကလေးရဲ့ အခြေအနေ အမှန်ကိုပဲ ကျွန်မ သိချင်နေမိပါတော့တယ်။
Facebook
Myanmar News Now

No comments: