Saturday, November 19, 2011

ဘယ်သူတွေ တာဝန်ယူမှာပါလဲ....

ခုတစ်လောFacebook ဖွင့်လိုက်ရင် စိတ်ထိခိုက် စရာ၊ ရင်လေးစရာ သတင်းတွေ အကြောင်းအရာတွေပဲ မို့ ကျွန်မ ဘုရားရှိခိုးပြီး၊ မေတ္တာပို့ပြီး၊ စိတ်တည်ငြိမ်မှ ပဲ Facebook ဖွင့်ရဲပါတော့တယ်။ ကချင်တိုက်ပွဲ သတင်းတွေ ဆက်တိုက်ကြားလာ ရတော့ ပိုပြီး စိတ်ထိခိုက် လာရပါတယ်။ ကျွန်မက ရှမ်းပြည်နယ်မှာ ကြီးပြင်းခဲ့ရသူ တစ်ဦးပါ။
တိုက်ပွဲဆိုတဲ့ အသံကို မကြားချင်တဲ့ထဲမှာ ကျွန်မ ပါဝင်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေ က ပြေးလွှားနေကြရှာ တဲ့ ပြည်သူတွေကို မျက်စိထဲ အလိုလိုမြင်ယောင်လာမိ တယ်။ မိုင်းထိလို့။ လက်နက်ကြီး ထိလို့ စတဲ့ မြေဇာပင် တွေရဲ့ ငိြုွေကးသံတွေ အသက်ဖုတ်လှိုက်ဖုတ်လှိုက် မသေမရှင်ဖြစ်နေတဲ့ လူသားတွေ၊ စစ်ပွဲ၊ တိုက်ပွဲဆို ရင် ခါးသီးပြီး ကြောက်မိတဲ့သူတွေထဲမှာ ကျွန်မလည်း ပါတယ်။
ပြည်နယ်တွေ အေးချမ်းဖို့ ပြည်တွင်းစစ်တွေ ရပ်တန့်ဖို့ကို ကျွန်မ အပြင်းအထန်ဆုတောင်းမိပါတယ်။ ခုလိုခေနဘသသု သုံးရင်း တိုက်ပွဲသတင်းတွေ တွေ့ တော့ မဖတ်ဘဲလည်း မနေနိုင်၊ ဖတ်မိတော့လည်း စိတ်ထိခိုက်ပြီး မေ့မရနိုင်နဲ့ ဒီလိုပြည်တွင်းစစ်ကို ရပ်တန့် ဖို့အတွက် ဘယ့်နှယ်လုပ်ရမလဲ။ ကျွန်မအနေနဲ့ ဘာမှ မတတ်နိုင်ပါလား။ တတ်နိုင်တဲ့သူတွေကို ဘယ်လိုပြော ရမလဲ။ အဲဒီလို အတွေးတွေ တွေးလိုက်၊ မြေဇာပင်တွေ ကို မျက်စိထဲ မြင်လိုက်နဲ့ ကျွန်မ ဘယ်လိုမှ တည်တည် ငြိမ်ငြိမ် မနေနိုင်ပါဘူး။
၁၉၇၄ မှာ မေမေက ကျွန်မကို မန္တလေးက ဆေးရုံကြီးမှာ မွေးပါတယ်။ အဲဒီတုန်းက ဖေဖေနဲ့ မေမေက ကျိုင်းတုံမှာ မူလတန်းပြ ဆရာ၊ ဆရာမအနေ နဲ့ တာဝန်ထမ်းဆောင်ရပါတယ်။ မွေးကင်းစသမီးကို ကျိုင်းတုံမှာထားရင်းနဲ့ ပြည်နယ်မငြိမ်းချမ်းလို့ဆိုပြီး မန္တလေးကို ပြန်ပို့ခဲ့ပါတယ်။ နောက်ပိုင်းလည်း ခေါ် မသွားခဲ့ပါဘူး။ မန္တလေးက အဘိုးအဘွားအိမ်မှာ အဒေါ် တွေရဲ့ ရင်ခွင်မှာ အမေ့ရင်ခွင်အစားခိုလှုံရင်းနေခဲ့ရပါ တယ်။
ရှမ်းပြည်နယ်မှာနေရင်းနဲ့ ရှမ်းကလည်း အစိုးရ သတင်းပေးဆိုပြီး ပညာတတ်တွေကိုဖမ်းပြီးသတ်တဲ့ သတင်း၊ အစိုးရတပ်တွေကလည်း သူပုန်လက်ထောက် ဆိုပြီးဖမ်းပြီးသတ်တဲ့သတင်း၊ ဘာကြောင့်မှန်းမသိတိုက် နေရတဲ့ တိုက်ပွဲတွေကြောင့် ကျသွားခဲ့တဲ့ စစ်သားတွေနဲ့ တိုင်းရင်းသားတွေ သူတို့ရဲ့ မိသားစုဝင်တွေကိုလည်း သနားစိတ်ဝင်ခဲ့ရပါတယ်။ စစ်သားဆိုရင် မုန်းစရာ ကြောက်စရာလားဆိုတဲ့ မေးခွန်းကို အလယ်တန်းကျောင်းသူဘဝမှာ ကျွန်မ မေးကြည့်ခဲ့ဖူးပါတယ်။
ဖေဖေက စစ်သားဆိုတိုင်း မုန်းစရာမဟုတ် ကြောင်း၊ ကောင်းတဲ့စစ်သားတွေရှိကြောင်း။ ဗိုလ်ချုပ် အောင်ဆန်းလို စစ်သားမျိုးတွေလည်း ရှိကြောင်း၊ အဓိကçကတော့ လူပေါ်မှာပဲ မူတည်ကြောင်း ရှင်းပြခဲ့ ဖူးတယ်။ ကျောက်မဲမြို့နယ်မှာ ရှမ်းတိုင်းရင်းသားများ... ပါတီကိုပဲ မဲထည့်ရမယ်၊ ကျန်တဲ့ပါတီတွေမှာ မဲပေး တယ်လို့ကြားရင် တစ်မြို့လုံးကိုမီးရှို့သတ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့တယ်လို့ ကျွန်မတို့ ကြားခဲ့ရပါတယ်။ ကျောက်မဲတစ်မြို့လုံး တုတ်တုတ်မှ မလှုပ်ရဲဘဲနဲ့ အသံမထွက်ဘဲ မဲပေးခဲ့ကြရတယ်။ ရှမ်းလက်နက်ကိုင် တွေ မဲထည့်ခိုင်းတဲ့ ရှမ်းတိုင်းရင်းသား... ပါတီနိုင်ခဲ့ပါ တယ်။ ဒါပေမယ့် ဘယ်သူမှ မပျော်ခဲ့ကြဘူး။
လက် နက်နဲ့ တေ့ပြီး ထည့်ခိုင်းတဲ့မဲပြားဖြစ်တဲ့အတွက် ဘယ်သူကမှ မပျော်ကြပါဘူး။ ဘယ်သူမှလည်း မဆန့် ကျင်ရဲကြပါဘူး။ လက်နက်ကိုင်ပြီး လက်နက်နဲ့ အာဏာကို အလွဲ သုံးစားလုပ်ရင် ဘယ်သူမှ မကြိုက်ဘူး၊ ဒါဟာ ပြည်သူ ကို ကာကွယ်တာ မဟုတ်ဘူး။ လက်နက်နဲ့ ခြိမ်းခြောက် တာဆိုတဲ့ ကျောက်မဲမြို့ပေါ်က ကျောင်းသားတစ် ယောက်က ပြောခဲ့မိလို့ သူပုန်တွေ ပါးရိုက်တာခံခဲ့ရ တယ်ဆိုတဲ့သတင်းလည်း ထွက်လာခဲ့တယ်။ ကျွန်မ အသိစိတ်ထဲမှာတော့ လက်နက်ကိုင်ပြီး အာဏာရလာရင် လက်နက်နဲ့ အာဏာကို အလွဲသုံးစား လုပ်တတ်တဲ့သူတွေရှိတယ်။
အဲဒီလို လူတွေက လက်နက်နဲ့ အာဏာကို ပိုလိုချင်တတ်တယ်ဆိုတာ သတိထားလာမိပါတယ်။ သတင်းတွေကြောင့် ဖေဖေနဲ့ မေမေတို့အတွက် စိတ်ပူရတဲ့အကြောင်းတွေတော့ အန်တီတွေဆီကနေ ပြန်ကြားခဲ့ရတာပါပဲ။ မှတ်မှတ်ရရ ကျွန်မ မူလတန်းကျောင်းသူဘဝမှာ ဖေဖေက ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့မှာ ရှေ့နေအလုပ်လုပ်နေခဲ့ပါပြီ။ အဲဒီတုန်းက နောင်ချိုမြို့နဲ့ အနီးတစ်ဝိုက်မှာ အခြေစိုက်တဲ့ ခြေလျင်တပ် ၃ တပ်ရှိ ပါတယ်။ ၁၁၄၊ ၁၁၅ နဲ့ ခမရ ၁၇ ဆိုတဲ့တပ်တွေပါ။
နောင်ချိုမြို့ဟာ စစ်တပ်တွေ ဝိုင်းရံနေတဲ့မြို့ပါ။ ကျွန်မ မှတ်မိနေတာကတော့ စစ်တပ်တွေ ရှေ့တန်း ထွက်ပြီဆိုရင် မြို့ကလေးဟာ အသက်ရှူချောင်သွား သလို ခံစားရပြီး ရှေ့တန်းပြန်ပြီဆိုရင်တော့ လူတွေ ကျီးလန့်စာ စားသလို နေထိုင်နေခဲ့ကြတာကိုပါပဲ။ နောက်ပိုင်း ကျွန်မအရွယ်ရောက်ပြီး နောင်ချိုမြို့ မှာပဲ ကြီးပြင်းခဲ့တော့ စစ်ယူနီဖောင်းနဲ့ဆိုရင် မျက်နှာစေ့ စေ့ မကြည့်ချင်လောက်အောင်ဘဲ ဖြစ်ခဲ့ရပေမယ့် တစ်ခါတစ်ရံမှာ စစ်တပ်ထဲက တပ်ရဲဘော်ရဲ့သားသမီး တွေ တိုက်ပွဲမှာ အဖေတွေကျလို့၊ ဂန်းရှော့တွေဖြစ်လို့ ဆိုတဲ့အသံတွေကလည်း ကျွန်မကို စိတ်ထိခိုက် ကြောက်လန့်စေခဲ့တာပါပဲ။
အဖေ ရှေ့တန်းမသွားခင်တုန်းက မှာသွားတယ်။ ဒီတစ်ခါ ရှေ့တန်းက ပြန်လာရင် ရှင်ပြုပေးမယ်တဲ့။ အဲဒါကြောင့် ငါ့အမေက ပိုက်ဆံစုပြီး သင်္ကန်းတောင် ဝယ်ထားတာ၊ ဒါပေမယ့် အဖေက ရှေ့တန်းမှာ ကျ သွားတယ်လို့ ပြောပြီး ငိုတဲ့ခပ်ပိန်ပိန်မည်းမည်း ရဲဘော်သားကို ငေးကြည့်ရင်း ဒီလိုတိုက်ပွဲမှာ ကျတော့ လည်း သူတို့ဘဝဟာ သနားစရာကောင်းပါလားဆိုပြီး စိတ်မကောင်းဖြစ်ရတာလည်း ကျွန်မပါပဲ။ တပ်မတော် သားပဲဖြစ်ဖြစ်၊ လက်နက်ကိုင် တိုင်းရင်းသားပဲဖြစ်ဖြစ် ပြည်သူတွေအဖို့တော့ ကြောက်စရာချည်းပါပဲ။
ခုလို တိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာ နေထိုင်ရသူတွေအဖြစ် မြေဇာပင်တွေပါ။ ကျွန်မတို့ တိုင်းပြည်မှ ဘယ်တော့များမှ ဒီလို ဖြစ်ရပ်တွေက ရပ်တန့်သွားမှာလဲ။ တိုင်းရင်းသားတွေနဲ့ တိုက်နေတဲ့ တိုက်ပွဲတွေ ဘယ်တော့ ပြီးဆုံးသွားမလဲ။ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ပင်လုံစာချုပ်နဲ့ ပင်လုံညီလာခံကို အကောင်အထည်ဖော်ဖို့ဆိုတာ၊ တွေ့ ဆုံညှိနှိုင်းရေးဆိုတာတွေက ခက်ခဲလွန်းပါသလား။
တိုက်ပွဲဖြစ်ရင် နှစ်ဖက်စလုံးက ထိခိုက်မှုရှိပါတယ်။ ကျွန်မ ရင်နာတာက ကြားထဲက ခံရတဲ့ ပြည်သူတွေ ဒေသခံတွေပါ။ ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်လို့ ကျောင်းတွေ ပိတ်ထားရ တယ်။ ဒေသ ခံတွေ တိုက် ပွဲ လွတ်ရာပြေးရတယ်။ ဒေသခံ အချို့ သေဆုံးကုန်တယ်။ ဒဏ်ရာရကုန်တယ်။ ဒါတွေအတွက် ဘယ်သူကတာဝန် ပေးမှာလဲ။
အစိုးရကလား၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကလား။ ကျွန်မတော့ တကယ်ပဲ ငြိမ်းချမ်းရေးစစ်စစ်ကို လိုချင်ပါတယ်။ ဘုရားရှိခိုးတိုင်းလည်း ပြည်တွင်းစစ်တွေ ပြီးဆုံး ပါစေတော့၊ လောကကြီးလည်း အေးချမ်းသာယာပါစေ တော့...စစ်မှန်သောငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီလည်း အမြန်ဆုံးရရပါစေဘုရား}လို့ပဲ ဆုတောင်းမိတော့တယ်။ ဒီလိုဆုတောင်းခြင်းကိုပဲ ကျွန်မက တတ်နိုင်တော့ တာပါ။
မေသင်္ကြန်ဟိန် (မြစ်မခ)

No comments: