Friday, November 18, 2011

ရှော့ခ်သုံးခုနဲ့ ဖျံကြောင်ငါး ( မောင်ဝံသ)

ကျွန်တော်က ဘ၀ရပ်တည်မှုအနေအထားအရ အခြေခံပြည်သူတွေနဲ့ တစ်သားတည်း၊ တစ်ဆက်တည်း ရှိနေတဲ့အပြင် စာနယ်ဇင်း သမားတစ်ယောက်ဆိုတဲ့ မိမိရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အရ မျက်စိ၊ နားကို ကျယ်ကျယ်ဖွင့်ထားရသူဖြစ်လို့ ပြည်သူ တွေရဲ့ ရင်ခုန်သံကို အတော်ကလေး ကြည်ကြည်လင်လင် ပီပီသသ ကြားသိနေတယ်လို့ ပြောဝံ့တယ်ဗျ။

 မြန်မာနိုင်ငံက အခြေခံပြည်သူလူထု အများစုကြီးရဲ့ ရင်ထဲက စကားသံကို အရင်းအတိုင်းကြားရလေ့ရှိသူတစ်ယောက်အနေနဲ့ ပွင့် ပွင့်လင်းလင်း ပြောရရင် ပြည်သူလူထု ဧရာမအများစုကြီးဟာ ၂၀၀၈ မှာ အတည်ပြုခဲ့တဲ့ အခြေခံဥပဒေနဲ့ ပတ်သက်လို့ရော ၂၀၁၀ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ပါ မျှော်လင့်ချက်ကြီးကြီးမားမား ထားခဲ့ကြတာ မဟုတ်ဘူးဗျ။ ရှင်းရှင်းပြောရရင် အဲဒီ နှစ်ခုစလုံးကို သိပ်စိတ်ဝင်စားခဲ့ကြတာ မဟုတ်ဘူးဗျာ။ အဲဒီကာလတွေတုန်းက ပြည်သူတွေအကြား ``မဲပြာပုဆိုး´´ ပုံပြင်၊ ``ရသေ့ရှစ်သောင်း´´ ပုံပြင်တွေပဲ ဆက်လက်တွင်ကျယ်ပျံ့နှံ့နေခဲ့တာ ဖြစ်တယ်ဗျ။


စိတ်ပျက်လက်ပျက်နဲ့ ထိုင်းထိုင်းမှိုင်းမှိုင်း တွေတွေဝေေ၀ ဖြစ်နေ ကြတဲ့  ပြည်သူတွေ ရွေးကောက်ပွဲနီးလာချိန်မှာ ဒီမိုကရေစီကို လွှတ်တော် ကတစ်ဆင့် ဖော်ဆောင်မယ်လို့ ကြွေးကြော်ထားကြတဲ့ ပါတီတချို့ရဲ့ မဲဆွယ်လှုပ်ရှားမှုတွေကြောင့် နည်းနည်းကလေး လှုပ်တုတ်တုတ် ဖြစ်သွားခဲ့ကြသေးပေမယ့် ရွေးကောက်ပွဲအပြီး မဲရေတွက်ချိန်မှာ ဟိုက ဒီက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့ ``ကြိုတင်မဲ´´ သတင်းတွေကြောင့် ပြန်ပြီး ပက်လက်လန်သွားခဲ့ကြရပြန်တယ်ဗျာ။

ရှော့ခ် သုံးခု
    ဒါပေမယ့် ရွေးကောက်ပွဲနောက်ပိုင်းမှာ ပြည်သူတွေဟာ ရှော့ခ် Shock ကြီး သုံးခုနဲ့ ကြုံတွေ့ခဲ့ကြရတယ်ဗျ။
    ပထမဆုံး ရှော့ခ်က ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရအဖွဲ့ရဲ့ အကြီးအကဲ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ မိန့်ခွန်း တွေဖြစ်တယ်ဗျာ။ စစ်အစိုးရဟောင်းလက်ထက် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူရဲ့ သမ္မတရာထူး လက်ခံ မိန့်ခွန်းမှာ စစ်အစိုးရ ဟောင်းရဲ့ ထူးမခြားနား သဘောထားတွေပဲ ပါလာမှာပဲလို့ ပြည်သူတွေထင်ထားခဲ့ကြပေမယ့် မိန့်ခွန်းမှာပါတဲ့အချက် အတော်များများ ကြောင့် ပြည်သူတွေ အငိုက်မိပြီး ရှော့ခ်ရသွားခဲ့ကြတယ်ဗျ။ အထူးသဖြင့် နိုင်ငံရဲ့ အခြေအနေမှန်ကို ၀န်ခံလိုက်တဲ့အချက်၊ အခြေခံဥပဒေ ကို လက်မခံနိုင်သူတွေ၊ လွှတ်တော်ပြင်ပက နိုင်ငံရေးအင်အားစုတွေနဲ့လည်း လက်တွဲပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့အချက်တွေက ငေးငေးငိုင်ငိုင် ဖြစ်နေကြတဲ့ ပြည်သူတွေကို လှုပ်နှိုးလိုက်သလို ဖြစ်သွားစေခဲ့တယ်ဗျ။
    ဒုတိယရှော့ခ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်တို့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ရှေ့မှာ ယှဉ်တွဲရပ်နေကြတဲ့ဓာတ်ပုံ သတင်းစာမှာ ပါလာခဲ့တုန်းက ဖြစ်တယ်ဗျာ။ ဆယ်စုနှစ် နှစ်ခုကျော်လောက် ရန်ဘက်လိုသဘောထား ဆက်ဆံလာခဲ့တဲ့အစိုးရနဲ့ သဘောထားကွဲပြားသူတစ်ယောက်ကို အခုအချိန်ကစပြီး တန်းတူရည်တူ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ဆက်ဆံသွား တော့မယ်ဆိုတဲ့ သတင်းစကားနဲ့ လက်ရှိ တပ်မတော်ဟာ လူအများ (လူအနည်းလည်းဖြစ်ချင်ဖြစ်မယ်ပေါ့ဗျာ) ထင်နေကြသလို စစ်အာဏာရှင် စနစ်ကို ကျင့်သုံးမယ့် တပ်မတော်မဟုတ်ဘဲ ပြည်သူတွေ ချစ်ခင်ကြည်ညိုလေးစားတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ လမ်းစဉ်အတိုင်း လျှောက်လှမ်းသွားမယ့် တပ်မတော်ဖြစ်တယ်ဆိုတဲ့ သတင်းစကားနှစ်ခုကို တစ်ပြိုင်တည်းမှာပေးပို့လိုက်တဲ့ အဲဒီ ဓာတ်ပုံ ကြောင့် ပြည်သူတွေရဲ့ မှုန်ဝါးဖျော့တော့နေတဲ့ မျှော်လင့်ချက် ဒုတိယရှော့ခ်ရပြီး ပိုမိုလင်းလက်တောက်ပသွားခဲ့တာ ဖြစ်တယ်ဗျ။
    တတိယရှော့ခ်က ဧရာဝတီမြစ်ဆုံမှာ ရေကာတာ တည်ဆောက်မယ့် စီမံကိန်းကို ရပ်ဆိုင်းထားမယ်ဆိုတဲ့ သမ္မတကြီးရဲ့ ကြေညာချက် ထွက်ပေါ်လာချိန်မှာ ရခဲ့တာဖြစ်တယ်ဗျ။ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲရဲ့ ယုံကြည်အားထားလောက်ဖွယ်ရှိမှုအပေါ် သံသယကြီးစွာ ရှိ နေကြတဲ့ ပြည်သူတွေထံ မိမိတို့ အစိုးရဟာ ပြည်သူ့ဆန္ဒကို မဆန့်ကျင်တဲ့ အစိုးရဖြစ်တယ်ဆိုတဲ့ သတင်းစကားပေးပို့ခဲ့တဲ့ အဲဒီလုပ်ရပ် ကြောင့် တတိယရှော့ခ်ရသွားတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ဟာ ဒီတစ်ကြိမ်မှာ အတော်ကလေးမြင့်မားတဲ့နေရာအထိ ရောက်ရှိသွားခဲ့ တယ်ဗျ။

စိတ်ရှုပ်ထွေးစရာတွေ
    ဒါပေမယ့် အဲဒီရှော့ခ်တွေရခဲ့တဲ့ကာလအတွင်းမှာရော နောက်ပိုင်းမှာပါ ပေါ်ထွက်လာတဲ့ အစိုးရရဲ့လုပ်ရပ်တွေကတော့ ပြည်သူတွေ ကို စိတ်ရှုပ်ထွေးမှုတွေပဲ ဖြစ်ပေါ်စေခဲ့တယ်လို့ ပြောရမယ်ဗျာ။
    အဲဒီလုပ်ရပ်တွေအနက် အဓိကလုပ်တဲ့လုပ်ရပ်တစ်ခုကတော့ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲ များ (တချို့အချိန်မှာ ပြင်းထန်စွာ) ဆက်လက်ဖြစ်ပွားနေတဲ့ကိစ္စ ဖြစ်တယ်ဗျ။ နောက်လုပ်ရပ်က မြန်မာပြည်သူကရော ကုလသမဂ္ဂအပါ အ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ တစိုက်မတ်မတ် တောင်းဆိုနေကြတဲ့ ယုံကြည်ချက်အကျဉ်းသားလွှတ်ပေးရေးကိစ္စ ဖြစ်တယ်ဗျ။
    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အပေါ် လက်ရှိအစိုးရရဲ့ ပြုမူဆက်ဆံနေပုံကြောင့် လက်ရှိအစိုးရနဲ့ အရင်ကရှိခဲ့တဲ့ စစ်အစိုးရတွေ အခြားအခြေခံက စပြီး ပွဲပြီး ခြားနားမှုရှိနေပြီဆိုတဲ့ အယူအဆဟာ ထင်ယောင်ထင်မှားဖြစ်မှုတစ်ခုလားဆိုပြီး မေးခွန်းထုတ်စရာ ပေါ်ပေါက် နေတာ အမှန်ပဲဗျ။ အဲသလိုပဲ တိုင်းတစ်ပါးနယ်ချဲ့ ကိုလိုနီအစိုးရကတောင် သူနဲ့ သဘောထားမတူတဲ့သူတွေကို နိုင်ငံရေး အကျဉ်းသား လို့ သဘောထားနိုင်ခဲ့ပေမယ့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ်လို့ ပြောထားတဲ့ မြန်မာတိုင်းရင်းသား အရပ်သားအစိုးရက စစ်အစိုးရ ဟောင်းတွေလက်ထက်က ထောင်ဒဏ်ချမှတ်ခံထားကြရတဲ့ အစိုးရနဲ့ သဘောထားချင်း မတူသူတွေကို ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံနေကြရသူများ သို့မဟုတ် နိုင်ငံရေးအကျဉ်းသားလို့တောင် သတ်မှတ်ခေါ်ဝေါ်သုံးစွဲနိုင်ခြင်းမရှိတဲ့ အချက်က လက်ရှိအရပ်သားအစိုးရရဲ့ ဒီမိုကရေစီကတိက၀တ်တွေအပေါ် သံသယတွေ ပိုမိုတိုးပွားလာအောင် အားပေးနေသလို ဖြစ်နေတယ်ဗျာ။
    ဒီနောက်မှာ ကျွန်တော် ငယ်ငယ်က ကြားခဲ့ဖူးတဲ့ လူပြက်တစ်ယောက်ရဲ့ ပြက်လုံးကို သွားသတိရမိတယ်ဗျ။ လူပြက်က ရခိုင်လူမျိုး တံငါသည်တစ်ယောက် ပစ်လိုက်တဲ့ကွန်ထဲမှာ ဖျံတစ်ကောင်ပါလာလို့ ဖျံကို ဘာကောင်မှန်းမသိတဲ့ အဲဒီတံငါသည် ညည်းပြောပြောပုံကို ရခိုင်လေသံနဲ့ ပြောပြီး ပြက်လုံးထုတ်ခဲ့တယ်။ အဲဒီရခိုင်တံငါသည် ညည်းပုံက ဒီလိုဗျ။ ``ဝေး ... ကြောင်လို့ဆိုရမှာကလည်း ရေထဲက ရတော့ ကြောင်လို့ မဆိုနိုင်။ ငါးလို့ဆိုရမှာလည်း နှုတ်ခမ်းမွေးနဲ့မို့ ငါးလို့မဆိုနိုင်။ ဒီကောင် ဘာကောင်လဲဝေ့´´ လို့ ဖြစ်တယ်ဗျ။
    သမ္မတကြီးဦးသိန်းစိန်ရဲ့ အစိုးရအနေနဲ့  ကြောင်လား၊ ငါးလား ခွဲခြားမရဖြစ်နေသူတွေကို မကြာခင်အချိန်ကာလအတွင်း ကောင်းစွာ သင်္ကာရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းပါဗျ။
 ၀၉ ၁၁ ၁၁

မှန်တာပြောသစ္စာ/ မောင်ဝံသ
သေနတ်သံတွေ စဲသွားမှ ဖြစ်မယ်

မကြာသေးမီ လအနည်းငယ်အတွင်း ကျွန်တော်တို့နိုင်ငံမှာ ပရဟိတလုပ်ငန်း လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထူထောင်တဲ့ (အထူးသဖြင့် လူငယ်တွေ အဓိကပါဝင်လှုပ်ရှားကြတဲ့) အဖွဲ့ကလေးတွေ ဟောတစ်ခု ဟောတစ်ခု ပေါ်ပေါက်လာနေတဲ့အကြောင်း သစ္စာ ဂျာနယ်မှာ ဆောင်းပါးတစ်ပုဒ် ကျွန်တော် ရေးသားတင်ပြခဲ့ဖူးတာ မှတ်မိကြမယ်ထင်ပါတယ်။
    မကြာသေးခင်က မြတ်မင်္ဂလာဘာသာရေးစာစောင်ရဲ့ အယ်ဒီတာ အာဘော်မှာလည်း ပရဟိတလုပ်ငန်းတွေ မြန်မာပြည်မှာ အရှိန် အဟုန်နဲ့ ထွန်းကားပြန့်ပွားလာနေတဲ့အကြောင်း ရေးသားဖော်ပြထားတာကို ဖတ်လိုက်ရတယ်ဗျ။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ်တစ်စောင်ထဲမှာကို ပရဟိတလုပ်ငန်းနဲ့ ပရဟိတအလှူရှင်တွေ အကြောင်း ရေးထားတဲ့ သတင်းဆောင်းပါး ၁၀ ပုဒ် တောင် ပါရှိတဲ့အကြောင်း ဖော်ပြထားပြီး ပရဟိတအများအကျိုးဆောင်တဲ့ လုပ်ငန်းဆိုတာ ဂေါတမဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ဦးဆောင် ဦးရွက်ပြု လုပ်ဆောင်တော်မူခဲ့ပြီး အထူးအားပေးတော်မူခဲ့တဲ့ အလွန်မွန်မြတ်တဲ့ ကောင်းမှုကုသိုလ်ထူးဖြစ်ကြောင်း၊ ဒါကြောင့် မိမိတို့ အနေနဲ့လည်း ပရဟိတလုပ်ငန်းကို နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေတဲ့ ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်ကိုမဆို ချီးကျူးဂုဏ်ပြု ဦးညွတ်ကြောင်း အယ်ဒီတာက ရေးသားထားတာဖြစ်တယ်ဗျ။

နာဂစ်နောက်ပိုင်း ပရဟိတပိုထွန်းကား
    မှားရင်လည်း ပြင်ပေးကြပါဗျာ။ ကျွန်တော်တို့နိုင်ငံဟာ ပရဟိတယဉ်ကျေးမှု အားမနည်းလှတဲ့ နိုင်ငံတစ်ခုဖြစ်ပေမယ့် ကျွန်တော့် အထင် နာဂစ်မုန်တိုင်းနောက်ပိုင်းမှာကျမှ ပရဟိတစိတ်ဓာတ်ဟာ အရှိန်အဟုန်နဲ့ တစ်ဟုန်ထိုး ဖွံ့ဖြိုးလာခဲ့တာ ဖြစ်တယ်ဗျ။ ကျွန်တော်ဆိုလို တာက အဆိုးထဲက အကောင်းဆိုတာလို နာဂစ်က ကျွန်တော်တို့နိုင်ငံသားတွေ အထူးသဖြင့် လူငယ်တွေ ရင်ထဲက ပရဟိတ နှလုံးသား ကို လှုပ်နှိုးပေးခဲ့တာလို့ ပြောချင်တယ်ဗျာ။ မကြာသေးခင်လပိုင်းတွေအတွင်း တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတဲ့ ပရဟိတအဖွဲ့ကလေးတွေမှာ ဦးဆောင် ပါဝင်လှုပ်ရှားကြသူ အများစုဟာ နာဂစ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အိုးပစ်အိမ်ပစ် အလုပ်ပစ်အကိုင်ပစ် ကိုယ်ရောစိတ်ပါ ပါဝင်ခဲ့ကြတဲ့ လူငယ်တွေ ဖြစ်နေကြတာကို ကြည့်ရင် ကျွန်တော့်ဆိုလိုချက်ကို သဘောပေါက်မှာ ဖြစ်တယ်ဗျ။

အလှူ နှစ်မျိုး
    အလှူဒါနပြုကြတဲ့ကိစ္စမှာ နှစ်မျိုးရှိတာကို တွေ့ရတယ်။ တစ်မျိုးက အလှူရှင်တစ်ဦးတည်းက ကျောင်းဆောက်၊ သိမ်ဆောက်၊ ဆေးရုံဆောက်၊ သောက်ရေကန်တူးဖို့ လှူဒါန်းတာမျိုး ဖြစ်ပါတယ်။
    နောက်တစ်မျိုးဟာ စိတ်တူသဘောတူသူချင်း စုစည်းပြီး ဖွဲ့ထားတဲ့ ပရဟိတအဖွဲ့ကလေးတွေက လှူဒါန်းတာမျိုး ဖြစ်တယ်ဗျ။ ငွေလှူတာမျိုးမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ ပညာရေး၊ ကျန်းမာရေး ၀န်ဆောင်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဖွဲ့တဲ့အဖွဲ့ကလေးတွေလည်း ရှိတယ်ဗျ။
    အဲဒီ ပရဟိတအဖွဲ့ကလေးတွေရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာကြည့်လိုက်တဲ့အခါ အများစုက မိဘမဲ့ကလေးတွေကို ကူညီ ထောက်ပံ့တာ၊ မရှိနွမ်းပါးတဲ့ကလေးတွေရဲ့ ပညာရေးအတွက် ကူညီတာ၊ မရှိနွမ်းပါးသူတွေရဲ့ ကျန်းမာရေးအတွက် ကူညီတာ၊ မရှိနွမ်းပါး သူတွေရဲ့ နာရေးကိစ္စအတွက် ကူညီတာတွေ ဖြစ်တယ်ဗျ။

သေနတ်သံမစဲသေးတဲ့နိုင်ငံ
    အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရချိန်ကစလို့ နှစ်ပေါင်း ၆၀ ကျော်လာတဲ့ ဒီကနေ့အထိ သေနတ်သံ တစ်ရက်မှ မစဲသေးတဲ့နိုင်ငံဖြစ်ပါတယ်ဗျ။ တစ်နည်းပြောရရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ကတည်းက ပြိုကွဲခဲ့တဲ့ အမျိုးသားညီညွတ် ရေးကို အခုအထိ ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးတဲ့နိုင်ငံ ဖြစ်တယ်ဗျ။ အဲဒီအခြေအနေရဲ့ အကျိုးဆက်အဖြစ် ကျွန်တော်တို့နိုင်ငံ ဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကျော်တက်သွားခြင်းခံခဲ့ရတာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ မိန့်ခွန်းတစ်ခုထဲမှာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်တယ်ဗျ။

လေထဲဆောက်တဲ့ တိုက်အိမ်
    အမျိုးသားညီညွတ်ရေး မတည်ဆောက်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံအတွက် ငြိမ်းချမ်းရေးဆိုတာ လေထဲဆောက်တဲ့ တိုက်အိမ် ဖြစ် တယ်။ ငြိမ်းချမ်းရေး မရှိတဲ့နိုင်ငံတစ်နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်စည်ပင်သာယာဝပြောမှုဆိုတာ တံလျှပ်သာဖြစ်တယ်ဆိုတာ အလွယ်တကူ သဘောပေါက်နားလည်နိုင်တဲ့ ကိစ္စ ပါဗျာ။ ဒါကြောင့် ဒီကနေ့ ပရဟိတအဖွဲ့ကလေးတွေ ၀ိုင်းဝန်းကူညီ ဖြေရှင်းပေးဖို့ ကြိုးစားနေကြတဲ့ ပြဿနာတွေရဲ့ ဇာစ်မြစ်ဟာ ကျွန်တော်တို့ နိုင်ငံမှာ အမျိုးသားညီညွတ်ရေး လိုအပ်နေမှုပဲ ဖြစ်တယ်ဗျ။ အမျိုးသားညီညွတ်ရေးကို မတည် ဆောက်နိုင်သမျှ အဲဒီပရဟိတအဖွဲ့တွေရဲ့ ကူညီပံ့ပိုးမှုဟာ ဘယ်လောက်ပဲ ကျယ်ပြန့် ကျယ်ပြန့်၊ ပလိုင်းပေါက်နဲ့ ဖားကောက်၊ ခြင်းကြားနဲ့ ရေသယ်တာမျိုးလို့ မဆိုနိုင်သည့်တိုင်အောင် ထိရောက်မှုအားနည်းနေမှာပဲ ဖြစ်တယ်ဗျ။

လိမ်းဆေးနဲ့ သောက်ဆေး
    ကျွန်တော်တို့ရဲ့ ရှင်တော်ဗုဒ္ဓက``လောကမှာ အကြောင်းနဲ့ကင်းတဲ့အကျိုးမရှိ´´ လို့ ဟောမြွက်ခဲ့ပါတယ်ဗျာ။ ဒါကြောင့် အကျိုးကို မလိုချင်ရင် အကြောင်းကို သတ်ရမှာဖြစ်တယ်ဗျ။ အရေပြားပေါ်မှာ အနာတစ်ခု ပေါက်လို့ ဆရာဝန်ဆီ သွားပြတဲ့အခါမှာလည်း ဆရာဝန် က လိမ်းဆေးချည်းပေးတာ မဟုတ်ဘူးဗျာ။ အဲဒီအနာကို ဖြစ်စေတဲ့ ခန္ဓာကိုယ်အတွင်းက ချွတ်ယွင်းချက်ကို ဖယ်ရှားဖြိုခွင်းနိုင်ဖို့ သောက် ဆေးကိုပါ တွဲပေးတာပဲဗျ။ တစ်နည်းပြောရရင် အနာဆိုတဲ့]အကျိုး}ကို သတ်ဖို့က လိမ်းဆေး၊ ခန္ဓာကိုယ်တွင်းက ရောဂါ သို့မဟုတ် ချွတ်ယွင်းချက်ဆိုတဲ့ ]အကြောင်း}ကို သတ်ဖို့က သောက်ဆေးဆိုပြီး ဆေးနှစ်မျိုး တစ်တွဲတည်းပေးတာဖြစ်တယ်ဗျ။

ပြည်သူအားလုံးပါဝင်ကြ
    အဲဒီတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အားနည်းချို့တဲ့မှုတွေကို ကူညီဖြည့်ဆည်းပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတည်ထောင်ကြ တဲ့ ပရဟိတအဖွဲ့တွေအနေနဲ့ လိုအပ်မှုတွေကို ကူညီပံ့ပိုးဖြည့်ဆည်းပေးရေးဆိုတဲ့ လိမ်းဆေးတွေကို အသုံးပြုလုပ်ဆောင်ကြတဲ့ တစ်ချိန်တည်းမှာ အဲဒီအားနည်းချို့တဲ့မှုအားလုံးရဲ့ ရေသောက်မြစ်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေး၊ ငြိမ်းချမ်းရေး ရရှိစေမယ့် သောက်ဆေး တစ်ဖုံ ဖော်စပ်ရေးမှာ ငြိမ်းချမ်းရေးမြတ်နိုးတဲ့ ပြည်သူတိုင်းက မိမိတတ်နိုင်တဲ့နေရာက ပါဝင်ကူညီကြဖို့လိုအပ်တယ်လို့ ကျွန်တော် ယူဆမိကြောင်းပါဗျာ။

၀၉ ၁၁ ၁၁

No comments: