Saturday, November 5, 2011

ဒေါ်ဒေါ်က ဘာများ လုပ်ပေး စေချင်ကြတာပါလိမ့်။

ဖိုးသောကြာ
၅-၁၁ -၂၀၁၁

လက်ရှိ အခြေအနေမှာတော့ မြန်မာ ပြည်မှာ ပြည်ပ သံသမန်တော်တွေ၊ တရုတ် အရာရှိတွေ ၊ အမေရိကန် အရာရှိတွေနဲ့ ခြေချင်းလိမ်အောင် အ၀င်အထွက်များနေတယ်။

ဦးသိန်းစိန် အစိုးရ ဘက်က ၀န်ကြီး ဆိုသူတွေ၊ ဆိုင်ရာလူကြီးတွေရော၊ အတိုက်အခံဘက် က ဒေါ်အောင်ဆန်း စုကြည်ရော လက်ခံ တွေ့ ဆုံ ရတာ လက်မလည်နိုင်အောင် နေ့ မအား ညမအား အချိန်မလောက် ဖြစ်နေကြတယ်။

နိုင်ငံရေး မိုးလေ၀သ ခန့် မှန်းသူတွေဘက်ကလည်း မိုးလုံးပြည့်အောင် ဝေဖန်သံတွေ ဆူညံ စွာကြား နေရပြန်တယ်။

- တချို့ ကတော့ စိန်၊စု၊ကန် ပေါင်းသွားလိမ့်မယ်လို့  မှန်းဆပြောဆိုနေသူတွေ လဲရှိကြတယ်။
နိုင်ငံရေး အချုပ်တို့ရဲ့ ဦးသျှောင် ဗကပ-ပြောခွင့်ရ ဆရာကြီး အန်ကယ် ဖိုးသံချောင်းကတော့ ထမီလုပွဲမှာ အမေရိကန်တို့ နိုင်သွားပီလို့ ကြေငြာ ချက်ထုတ်တာ ဖတ်လိုက်ရပါတယ်။

စိန်-စု-ကန် ပေါင်းမှ ဒီမိုကရေစီ ခြေလှမ်းရွေ့ မယ်လို့ ယုံကြည် မှန်းဆ သူတွေလဲ ရှိကြတယ်။

နော်ဝေ-ဒုတိယ နိုင်ငံရေး ၀န်ကြီး အက်စပန်း အိုက်ဒါ က မြန်မာပြည်က အပြန်မှာ တဖြည်းဖြည်း ချင်း ပြောင်းလဲနိုင်တဲ့ အနေအထား တွေ တွေ့ နေရတယ်။ လုပ်တတ်ဖို့ ပဲ လိုတယ်လို့  ပြောဆိုသလို ၊ နော်ဝေ ဖွံ့ ဖြိုး တိုးတက်ရး ၀န်ကြီး Mr. Erik Solheim(အဲရစ် ဆိုဟိုင်း)ကဒေါ်စုနဲ့ တွေ့ အပြီး နော်ဝေ တီဗွီ-၂ သတင်းဌာနကို ပြောဆိုရာမှာတာ့ မြန်မာပြည်မှာပြောင်းလဲနေတာတွေဟာ ဥရောပက ထင်ထားကြ တာထက် အများကြီး မြန်မြန် ဆန်ဆန် ဖြစ်နေတယ်၊ ပြည်သူက လိုလား တယ်ဆိုရင် ဒေါ်အောင် ဆန်းစုကြည် သမ္မတ ဖြစ်နိုင်တယ်လို့  ထုတ်ဖော်ပြောဆိုတာကို ရေးသားဖော်ပြထား ပါတယ်။

"ပြည်သူတွေက ကျမကို အလိုရှိတယ်၊ အရာရာ ချောချောမွေ့မွေ့ဖြစ်မယ် ဆိုရင် ဒီကိစ္စကို ကျမ အလေးအ နက် စဉ်းစားချင်ပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်းလဲ ဖတ်ရ သိရပါတယ်။
မြန်မာနိုင်ငံရေးသမားတွေကတော့ ပြည်ပ အသံလွှင့် ဌာနတွေက ဒေါ်အောင်ဆန်း စုကြည် ရွေးကောက်ပဲ ၀င်မလား၊
အင်အယ်လ်ဒီ မှတ်ပုံတင်မလား၊
ပါတီ မှတ်ပုံတင်ရင် မှားမလား၊ မှန်မလား၊
မှတ်ပုံတင်လိုက်တဲ့ အတွက် မြန်မာ့ ဒီမိုကရေစီ ဟာ ရှေ့ ကို တိုးလာ နိုင်လေမလားဆိုတဲ့ ခေါင်းစဉ် အမျိုးမျိုးနဲ့  ဆွေးနွေး မဆုံး နိုင်အောင်ဖြစ်နေကြတယ်။

တချို့ ကတော့ ဦးဝင်းတင်၊ဦးအေးသာအောင်၊ ဦးပူကျင်ရှင်ထန်တို့ စခဲ့တဲ့ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး ဆိုတာ ရှေ့ တန်းတင်ပြီး အစိုးရကို အကြပ်ရိုက်လေမလား ဆိုတဲ့ ဦးနှောက်နဲ့၊ ကလေး- ကြေငြာစာတမ်းကို လူကြီး လိုက်လုပ်ဖို့  ဆော်သြနေတာလဲကြား ရပြန်ပါတယ်။

စကား အရာမှာ မြန်မာကို လာမယှဉ်နဲ့  ဆိုတဲ့ အတိုင်း လူအမျိုးမျိုးတွေက အကြောင်းပြချက် အမျိုးမျိုးတွေနဲ့ ၀င်သင့်တယ်လို့  ပြောတဲ့ လူတွေကလဲ ပြောကြတယ်။

၁၉၉၀ ရလဒ် ဘယ်သွားထားမလဲ၊ အင်အယ်လ်ဒီ ဂုဏ် ပြန်ကြည့်ပါဦး ဆိုသူတွေကလဲ ရှိပြန်ပါသေးတယ်။
ဒီကြားထဲ ဒေါ်နော်အုန်းလှ ပါဝင်တဲ့ အဖွဲ့ဝင် ၃၃ ဦး စုပေါင်းလက်မှတ်ရေးထိုးထားတဲ့ NLD ပါတီ မှတ်ပုံတင်သင့် မတင် သင့်နဲ့ ပတ်သက်တဲ့ သဘောထားအမြင်တွေကို စာရွက်စာတမ်းနဲ့ တင်ပြတာ ရှိသလို ဒေါ်နော်အုန်းလှမှ ရုပ်သံနဲ့  ပြောဆိုတာလဲ မြင်ရပါတယ်။


- ဒေါ်အောင်ဆန်းစုကြည် က တရားဝင် ပါတီ အဖြစ် မှတ်ပုံမတင်- မတင်- ။တရားဝင် လွှတ်တော်ထဲ ၀င်-မ၀င်။ ရှေ့မှာ ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာ မြန်မာ ပြည်သူတွေ စဉ်းစားနိုင်ဖို့ အချက်တချို့  တင်ပြ လိုက်ပါတယ်။

၁။ နိုင်ငံတကာက အတည်ပြု ထောက်ခံအောင် တရားဝင်ပါတီ မရှိဘဲ ၊မဟုတ်ပဲနဲ့ ဘယ်လို အာဏာရအောင် ယူပေး စေချင်သလဲ။
၁၉၉၀ ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြု လက်ခံလာအောင် ဘယ်လို ပြန် အသက်သွင်းကြမလဲ။
ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်နဲ့ ဘယ်လို အာဏာရအောင် ဘယ်လို နည်းစနစ်တွေနဲ့ ယူစေချင်ကြတာလဲ။

၂။ ဒေါ်အောင်ဆန်းစုကြည် ကို ရန်ငါ စည်း ပြတ် ၀ါဒနဲ့ သူ့ ဦးလေး သခင်သန်းထွန်း (အဒေါ်ဘက်မှ တော်စပ်ခြင်း) တောခိုသလို တောဆိုစေချင် တာလား။
တောခို တော်လှန်မယ်ဆိုရင် ဘယ်တောကို ခိုစေချင်တာလဲ။
ကျောင်းသား တပ်မတော်နဲ့ ပေါင်းစေချင်တာလား။
ဒါမှ မဟုတ် ဦးဖိုး သံချောင်းတို့တဲ့  တရုတ်ပြည် ဗကပ ဆီ ပေါင်ေးစချင်တာလား။
တကယ်လို့  တောခို မယ်ဆိုရင် ဘယ်သူတွေ လိုက်ပါကြမလဲ။
ဦးဝင်းတင် အပါအ၀င် နော်အုန်းလှတို့ရော လိုက်ကြမယ် ထင်ပါသလား။

၃။ လစ်ဗျားမှာလို ပြည်တွင်းမှာ ဆူအောင်လုပ်- အစိုးရက ပစ်ခတ်လာရင် ပြန်ချဖို့ နေတိုး တပ်နဲ့ ကွန်တက်လုပ်ပြီး ပွဲပြတ် မီးသေ တော်လှန်ရေး လုပ်စေလျင်တာလား။
(ဗိုလ်ချုပ်အောင်ဆန်း ဂျပန်တပ် ခေါ်ပြီး ချသလို- တိုက်သလို မျိုးပေါ့။)

၎။ အစိုးရကို ဆန့် ကျင်ဝေဖန်တဲ့ သူ အတိုက်အခံ ခေါင်းဆောင် အနေနဲ့ အခု လက်ရှိ အခြေအနေ အတိုင်းပဲ ဦးသိန်းစိန် အစိုးရ လုပ်သမှ ကန့် လန့် တိုက်ပြီး ရေစုန် မျှော ၀ါဒ ဆက်လိုက်စေချင်ကြတာလား။

၅။ အင်အယ်ဒီ အဖွဲ့ ဝင်တွေ သေရင် ဆွမ်းသွတ်မှာ သွားအားပေးလိုက်၊ လူ တယောက် ထောင်က လွတ်လာတယ်ကြားရင် သွားအားပေးလိုက်၊ စာကြည့်တိုက်တို့  ။ လူမှုရေး အသင်းတို့  ဖွင့်ပွဲတို့ သွားလုပ်ပေးလိုက် ဘ၀နဲ့ ဆက်နေစေချင်တာလား။

၆။ တောင်အမေရိက ခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားလို ပညာရှိရှိ အတွေးအခေါ် ကောင်းကောင်းနဲ့ နိုင်ငံတကာအား၊ ပြည်တွင်း အား ဘက်စုံ ယူပြီး သူမနာ ကိုယ်မနာ ငြိမ်းချမ်းတဲ့ လမ်းစဉ်နဲ့  တိုင်းပြည်ကို ပြောင်းလဲ အောင် လုပ်စေချင်တာလား။

 အညာသား ကျွန်ုပ်က အညာလေသံနဲ့ ရှင်းရှင်း ဘွင်းဘွင်း မေးချင်ပါ သကော။
အညာသားကြီး ဦးအောင်ဆန်း၏ သမီး ။ -ဒေါ်အောင်ဆန်း စုကြည် ခေါ်
ကျွန်ုပ်တို့ ရဲ့  -ဒေါ်ဒေါ်က ဘာများ လုပ်ပေး စေချင်ကြတာပါလိမ့်။

ဖိုးသောကြာ

No comments: