Thursday, November 3, 2011

ချစ်သူ ဖတ်ဖို့ 

(KM Thet)
ကမ္ဘာကြီး သေးလာပေမယ့်
လူ့ အခွင့်အရေး ကြော်ငြာရောင်းတဲ့
ညဈေးတခုအနားက အဖြတ်မှာတော့
ရွာကလေးဟာ
ငါ့ရဲ့ ယူတိုပီးယား ဆိုတာ
ငါသိခဲ့ တယ်
ကဲ အံ့သြစရာမကောင်းဘူးလား။
ဒါပေမယ့်
ဆင်းရဲ မွဲတေမှု
ပညာတတ်နည်းပါးမှုဟာ
လူသားဆန်မှုကို ထိုးနှက်
လူ့ အခွင့်အရေးအိပ်မက်တွေ မက်လေသတဲ့
ကြေကွဲစရာ ဟာသ
ဒါသည်ပင် ဘ၀လေလား။

ငါ ဘာတွေ ပြောင်းလဲခဲ့ပြီလဲ
တရေးနိုး လာတိုင်း
ရေဒီယို ထ ထဖွင့်တတ်တာလဲ
အရင်လိုပါဘဲ။
လွတ်လပ်ရေး တဲ့လား
သီချင်းတပုဒ်ပြီးတိုင်း
နားငြီးအောင် ကြားရလွန်းပေမယ့်
ငါမှ နယ်ချဲ့ လာခဲ့တာ မဟုတ်ဘဲလို့ 
ဒေါသကို မျို ချ
နယ်နိမိတ်စည်းတွေ ဖျက်မရတဲ့ 
လက်တွေ့ တရားမှာ
ငါတို့ ဟာ မလိုလားတဲ့ ဧည့်သည်
ဖြစ်နေခဲ့တာလဲ
သေချာဆဲပါဘဲ။
ခေါ်သံတွေ
ပစ်ဖဲတွေ
မာယာ တွေ
လှည့်ကွက်တွေ
အိပ်မက်လှေ နဲ့ ခရီးသွားသူတွေကြား
ဗျာများတတ်သူ
မဆီမဆိုင်လှတဲ့ အိကျီ င်္တထည်ရဲ့ ဖိအားမှာ
အဖွဲ့ အစည်းအတွင်းအားတွေပါလာရင်
လုပ်စားတွေ ကို ဖောက်ခွဲချင်စိတ်ထိ
နှလုံးသားက အစာချေရခက်နေချိန်။
ဒီတော့လဲ
ချစ်သူကို တီရှပ်က အစ ရွေးပေးချင်ခဲ့
မပိုပါဘူးကွယ်
ကင်ပိန်းများတဲ့ သည်ခေတ်ကြီးမှာ
Hidden Agenda တွေနဲ့ 
ကြော်ငြာ တွေက လဲ အားကောင်း
အရောင်းအ၀ယ်တွေကြား
နှလုံးသားရဲ့ ကျန်းမာရေးအတွက်
ပိရိမစ် ဆောက်ချင်သူတွေနဲ့ 
ငါ ရန်ဖြစ်တတ်ခဲ့ပြီ။
ဒီလိုနဲ့ 
ကိုယ်ဟာ
အခန်းထဲကဘဲ ပျံသန်း
သိပ်လွမ်းတာပေါ့ ကောင်မလေးရယ်။
အိပ်မက်ဝတ်ရုံအတွက်
သက်လုံက မီးစာ ကုန်ချိန်
နှလုံးသားရဲ့ ဘာသာစကားတူသူတွေကြား
ခြားနားမှု ဟာ
…… ငါဘယ်မှာလဲ
ကားချပ်နဲ့ ဆုံချက်
စိတ်ပျက်ဖွယ် ကံတရားလွဲခဲ့တဲ့
ဝါးတားတား နေ့ ရက်တွေထဲမှာ
ကလီကမာတွေ
အလိမ်အညာတွေ
မာယာခေါ်သံတွေကို နားပိတ်
သူပေးတာ ငါမယူရင်
သူ့ ဆီပြန်သွားမှာဘဲလို့  တရားပေါက်လိုပေါက်
ဘယ်ရောက်လို ဘယ်ပေါက်နေမှန်းမသိတော့တဲ့ ဘ၀မှာ
ရင်ခုန်သံကို ထိမ်း
ခပ်စိမ်းစိမ်းနေတာ မင်းကို ချစ်လို့ ပါကွယ်။
ကိုယ့်ဘ၀ ကိုယ် မပိုင်ကြမှတော့….
ကြော်ငြာထဲက လူ့ အခွင့်အရေး
ဒီမိုကရေစီ ထုတ်လုပ်ရေး
ဈေးကွက်ဖော်ဆောင်ရေး
အဝေးဆုံးကို ထွက်ပြေးပေမယ့်
ရီမုတ် တချက်ခေါက်ရင်
ပြန် ပြန် ရောက်လာတတ်တဲ့သူဟာ
ငါ မဟုတ်တဲ့ ငါလား
ငါကိုယ်တိုင်ကတော့
ကိုယ့် အလွမ်းကို တောင် ကိုယ်မပိုင်ဘဲ
အခန်းထဲမှာ ..

ဒါပေမယ့်
ငါဟာ လွတ်လပ်သွားခဲ့ပါပြီ။

No comments: