Wednesday, October 19, 2011

ခေါင်းမာသူတွေကို ဆွဲကိုင်လှုပ်ရမ်းဖို့ ဆိုတာ(အောင်မိုးဝင်း)


“ကျမတို့ဟာ ပြဿနာရဲ့တစိတ်တပိုင်းဖြစ်တယ် ဆိုတဲ့ တွေးတော ခံစားမှုတွေကို ရပ်ပစ်ရမယ်။ ကျမတို့ဟာ လူ့အဖွဲ့အစည်းရဲ့အဖြေတခုဖြစ်ရမယ်။ အခုချိန်ဟာ ကျမတို့အားလုံး နိုးထရပ်တည်ကြရမဲ့အချိန်ဖြစ်တယ်။ တစုံတယောက် ရဲ့ခွင့်ပြုချက်၊ အသိအမှတ်ပြုမှုတွေကို စောင့်နေစရာမလိုဘူး။ ဒါဟာ ယီမင်လူ့အဖွဲ့အစည်းကို ပြန်လည်ပေးဆပ်မှုဖြစ်တယ်။ ကြီးမြတ်တဲ့ ယီမင် နိုင်ငံကို ပြန်လည်တွန်းတင်ခြင်းဖြစ်တယ်”
အာရပ်နွေဦးလှုပ်ရှားမှုဟာ တကမ္ဘာလုံးမှာရှိတဲ့ လွတ်မြောက်ရေးလှုပ်ရှားသူတွေကို တက်ကြွစေခဲ့တယ်။ ဒါပေမဲ့ အာရပ်ပြည်သူတွေအလိုရှိတဲ့ ဒီမိုကရေစီနိုင်ငံတော်တခုကို မတည်ဆောက်နိုင်ခဲ့ပါဘူး။ ပြည်တွင်းစစ်တွေအရှိန်မြင့်လာခဲ့သလို၊ အင်အားကြီးနိုင်ငံတွေရဲ့ မရိုးသားမှု၊ ကွဲပြားခြား နားတဲ့ နိုင် ငံရေးအုပ်စုတွေရဲ့ ပါဝါအားပြိုင်တွေအောက်မှာ ယိမ်းထိုးခါလှိုက်နေဆဲ ဖြစ်တယ်။ ပြည်သူလူ ထုဟာ သောကမီးတွေကြားမှာ မျက်ရည်ဝဲ၊ ဆာလောင်မွတ်သိတ်နေတဲ့ အဖြစ်အပျက်တွေ နဲ့ကြုံတွေ့နေသရွေ့၊ အုပ်စိုးသူလူတန်းစား ရဲ့ဂုဏ်သိက္ခာ ဆိုတာလည်း ကျိန်စာနဲ့ ရွေ့လျားနေ တဲ့  အောက်  ဆုံးဘုံမှာ ကျင်လည်နေရမှာ အမှန်ပါ။ ကိုမင်းကိုနိုင် ရဲ့ မွေးနေ့မှာ သူအပါအဝင် ကျနော်တို့နိုင်ငံမှ ငြိမ်းချမ်းရေးသင်္ကေတတွေ အားလုံးကို ဂုဏ်ပြု နှုတ်ဆက်လိုက်ပါရစေ။
 လွတ်လပ်တဲ့အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်း ( အောက်တိုဘာ ၁၈) မှာ တင်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။
“ကျမတို့ဟာ ပြဿနာရဲ့တစိတ်တပိုင်းဖြစ်တယ် ဆိုတဲ့ တွေးတော ခံစားမှုတွေကို ရပ်ပစ်ရမယ်။ ကျမတို့ဟာ လူ့အဖွဲ့အစည်းရဲ့အဖြေတခုဖြစ်ရမယ်။ အခုချိန်ဟာ ကျမတို့အားလုံး နိုးထရပ်တည်ကြရမဲ့အချိန်ဖြစ်တယ်။ တစုံတယောက် ရဲ့ခွင့်ပြုချက်၊ အသိအမှတ်ပြုမှုတွေကို စောင့်နေစရာမလိုဘူး။ ဒါဟာ ယီမင်လူ့အဖွဲ့အစည်းကို ပြန်လည်ပေးဆပ်မှုဖြစ်တယ်။ ကြီးမြတ်တဲ့ ယီမင် နိုင်ငံကို ပြန်လည်တွန်းတင်ခြင်းဖြစ်တယ်”

သောတရှင်များခင်ဗျာ
တာဝါကယ် ကာမင်း ဆိုတာ ယီမင်နိုင်ငံက အမျိုးသမီးသတင်းထောက်တယောက်ဖြစ်ပြီး လူ့အခွင့်အရေးတိုက်ပွဲတွေကို ဦးဆောင်ခဲ့သူတဦးဖြစ်ပါတယ်။ သူမရဲ့ အကြမ်းမဖက်လှုပ်ရှားမှု  တွေကြောင့် ၂၀၁၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို လိုက်ဘီးရီးယား အမျိုးသမီးနှစ်ယောက်နဲ့ ပူးတွဲဆွတ်ခူးခဲ့ပါတယ်။ သူမကို နိုဘယ်ငြိမ်းချမ်းရေးဆု ပေးအပ်ကြောင်းကြေငြာတဲ့ နေ့ကဆိုရင် သူမနေထိုင်ရာ အဆောက်အဦအပြင်ဘက်မှာ လူတွေစုဝေးအော်ဟစ် အောင်ပွဲခံခဲ့ကြပါတယ်။ အာရပ်ကမ္ဘာရဲ့ အမျိုးသမီး  တယောက်အတွက်တော့ အခုလိုဆုမျိုး ခြီးမြှင့်ခံလိုက်ရတယ် ဆိုတာ မမက်ရဲခဲ့တဲ့ အိပ်မက်တခုလိုမျိုးဖြစ်နေခဲ့ပါတယ်။ သူမကတော့ နိုဘယ်ငြိမ်းချမ်းရေးဆုဟာ ယီမင်လူငယ်တွေနဲ့အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေကို ခြီးမြင့်တာဖြစ်တယ် ဆိုပြီး သူမရခဲ့တဲ့ ဆုကို လက်ဆင့်ကမ်းပေးခဲ့ပါတယ်။ တကယ်တော့ ယီမင်နိုင်ငံ အပါအဝင် အာရပ်ကမ္ဘာရဲ့ ပြည်သူတွေဟာ သူတို့လိုချင်တဲ့ ဒီမိုကရေစီအသီးအပွင့်ကို မခံစားရသေးဘူးဆိုတဲ့အချက်ကို တိတိကျကျ သဘောပေါက်နေခဲ့ပါတယ်။
“ လွန်ခဲ့တဲ့ (၅) လကျော်ကိုပြန်ကြည့်လိုက်မယ်ဆိုရင် ယီမင်နိုင်ငံတခုလုံးရဲ့လမ်းမတွေပေါ် မှာ ထောင်သောင်းချီနေတဲ့ ပြည်သူတွေဟာ အဘဒူလာဆာလက် အစိုးရကို ဖြုတ်ချဖို့ကြိုးစားခဲ့ကြတယ်။  ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ကျမတို့တတွေဟာ မော်တာ၊အမြောက်နဲ့သေနတ် ကျည်ဆံတွေ ရဲ့ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ခဲ့ရတယ်။ တကယ့်ကိ သမိုင်းဝင်တဲ့လှုပ်ရှားမှုတခုကို ရောက်ရှိခဲ့ကြတယ်။ ကျမတို့တတွေ ဟာ ကျဆုံးပျက်စီးခြစားနေတဲ့ အစိုးရတရပ်ကို ဖယ်ရှားပြီး  ခေတ်မှီတဲ့ဒီမို ကရက်တစ်  နိုင်ငံတခုကိုတည်ဆောက်ချင်ခဲ့တယ်။ ဆာလက်အစိုးရ နှုတ်ထွက်ကြောင်းကြေငြာ ခဲ့တဲ့အချက်ကို အသိအမှတ်ပြုပေမဲ့ ကျမတို့ ဆန္ဒတွေ က မပြည့်ဝခဲ့သေးပါဘူး”

ဂျွန်လ (၄) ရက်နေ့မှာ ဆာလက်အစိုးရနှုတ်ထွက်သွားအပြီးမှာတော့ ယီမင်နိုင်ငံဟာ နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားသူ မရှိတော့သယောင်ယောင်ထင်ခဲ့ရပါတယ်။ ဆာလက်ရဲ့ပါလီမန်တခုလုံးရပ်ဆိုင်းခဲ့ပေမဲ့ ပြည်သူတွေ ထောက်ခံတင်သွင်းခဲ့တဲ့ ကိုယ်စားလှယ်မှာလည်း အသွင်ကူးပြောင်းရေး ကာလမှာ ပြောရေး ဆိုခွင့်မရှိခဲ့ပါဘူး။ အဘဒူလာ ဆာလက်အပါအဝင် အစိုးရဟောင်းရဲ့လူတွေကသာ နောက်ကွယ်ကနေ အာဏာကို  ချုပ်ကိုင်ထားခဲ့ပါတယ်။ တကယ်တော့ ဒီအဖြစ်အပျက်တွေ  အားလုံးကလည်း ပထဝီဝင်နိုင်ငံရေးနဲ့ ပြည်တွင်းပြဿနာတွေပေါ်မှာ အခြေခံပြီးပေါ်ပေါက်နေတဲ့အရာတွေပဲဖြစ်ပါတယ်။
“ အင်အားကြီးနိုင်ငံတချို့ဟာ  ပြည်သူလူထုရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီထွန်းကားရေးတောင်းဆိုမှု အသံတွေထက် အဘူလာဆာလက်အတွက် အဆင်ပြေစေမဲ့အခြေအနေတခုကိုပဲ စိတ်ဝင်စားနေပုံရတယ်။ ဒါကလည်း အဆန်းတော့ မဟုတ်ဘူး။ ၂၀၀၀ခုနှစ်မှာ ဘင်လာဒင်ရဲ့ အော် ကိုင်းဒါးအကြမ်း ဖက်သမားတွေဟာ ယီမင်နိုင်ငံမှာ ဆိုက်ကပ်ထားတဲ့ အမေရိကန်ရေတပ်ကို တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သားရာချီသေဆုံးခဲ့တယ်။ အကြမ်းဖက်သမားများနဲ့စစ်ပွဲ ခေါင်းစဉ်အောက်မှာ ယီမင်နိုင်ငံရဲ့ အာဏာရှင် ဆာလက်ဟာ အကျိုးအမြတ်ရရှိခဲ့တယ်။ အမေရိကန်ဒေါ်လာသန်းပေါင်း ထောင်ချီရခဲ့ပြီး၊ စစ်လက်နက်ပစ္စည်း၊ လေ့ကျင့်သင်ကြားမှုတွေပါ ရခဲ့တယ်။ အမေရိကန်တွေနဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ ဆာလက်နှုတ်ထွက်သွားတဲ့အခါ သူ့နေရာမှာ အစားထိုးမဲ့ စစ်ခေါင်းဆောင်တွေဟာ အစ္စလာမ်ဘာ သာရေးအစွန်းရောက်ဝါဒတွေနဲ့ နီးစပ်နေမှာကိုလည်း စိုးရိမ်နေပုံရတယ်။”
တကယ်တော့ စိုးရိမ်မှုတွေက အမေရိကန်နိုင်ငံတဦးတည်းမဟုတ်ပါဘူး။ အိမ်နီးချင်းတိုင်းပြည်  တခုဖြစ်တဲ့ ဆော်ဒီအာရေဗီးယား နိုင်ငံလည်း ပါဝင်ပါတယ်။ ဆော်ဒီဘုရင်ကလည်း ယီမင်နိုင်ငံကို ဆက်ခံမဲ့စစ်ခေါင်းဆောင်ဟာ သူ့ကိုထောက်ခံနီးစပ်မဲ့  သူတဦးဖြစ်ဖို့လိုတယ်။ ဒါကြောင့် သူနဲ့ မျိုးနွယ်တူအုပ်စုတွေကို ငွေအားလက်နက်အင်အားထောက်ပံ့အားပေးခဲ့ပါတယ်။ ဆန္ဒပြပွဲတွေ မစတင်ခင်၊ ဆာလက်အစိုးရနဲ့ သူပုန်အုပ်စုတွေအပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ကြပါတယ်။ ဆာလက်နေထိုင် ရာနန်းတော်ဆီကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆာလက်တယောက် အသက်ဘေးက လွတ်ခဲ့ရပါတယ်။ ဒါတွေအားလုံးကို ထောက်ပြပြီး ဆာလက်အစိုးရက အော်ကိုင်းဒါးနဲ့ အစွန်းရောက်ဝါဒီတွေရဲ့ အန္တရာယ်ကို လက်ညှိုးထိုးပြလေ့ရှိပါတယ်။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ကာမင်း ကတော့ နယူးယောက်တိုင်းသတင်းစာဆောင်းပါးမှာ အမေရိ ကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗီးယားကို ဝေဖန်ထောက်ပြခဲ့ပါတယ်။ “ ကျမတို့ရဲ့ လူငယ်တွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စုရဲ့ ယဉ်ကျေးမှု့ကို ဘယ်လိုအလေးအမြတ်ထားတယ် ဆိုတာကို သိဖို့လိုတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ အပြစ်မဲ့ပြည်သူတွေ၊ အမျိုးသမီးတွေကို သတ်ဖြတ်နေတဲ့အကြမ်းဖက်အစိုးရကို ထောက်ပံ့မှုတွေ ရပ်ဆိုင်းကြရလိမ့်မယ်။ ကျမတို့ရဲ့ လှုပ်ရှားမှုဟာ အစ္စလာမ် ပုံစံ တော်လှန်ရေး ဆိုတဲ့ကောက်ချက်ချမှုကို အလုပ်မခံနိုင်ဘူး၊ ကျမတို့ လှုပ်ရှား မှု အောင်မြင်သွားရင် အမေရိကန်တွေရဲ့ လုံခြုံရေး အကျိုးစီးပွားကို ထိခိုက်မှာ မဟုတ်ဘူးလို့ သတိပေးပြောကြားလေ့ရှိပါတယ်။ နှစ် (၅၀) နီးပါး ယီမင်နိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေး သမားတွေကို ငွေနဲ့ဝယ်ယူပြီး ဆော်ဒီဘုရင်အလိုကျ သိမ်းသွင်းမှုလုပ်၊ ယီမင်နိုင်ငံရေးမှာ ဝင်ရောက်စွက် ဖက်နေတာကို ရပ်ဆိုင်းဖို့အတွက်လည်း ပန်ကြားခဲ့ပါတယ်။
ကာမင်းက “ ကျမတို့ပါတီဟာ လူငယ်တွေ လိုအပ်ပါတယ်။ အဲ့သလိုပဲ လူငယ်တွေ မှာလည်း နိုင်ငံရေးပါတီဆိုတာရှိဖို့လိုပါတယ်။ အဖွဲ့အစည်းတရပ်ရဲ့စွမ်းအား၊ လည်ပတ်မှုအကြောင်းကို ပိုပြီးသိအောင်လို့ပါ” လို့ပြောလေ့ရှိသလို၊ အမျိုးသမီးငယ်တွေ ထိမ်းမြားလက်ထပ်သင့်တဲ့ အသက်ကန့်သတ်ချက်တွေကို ထားရမယ် လို့ ဆော်သြလေ့ရှိပါတယ်။ အမျိုးသမီးတွေအပေါ် ဖိနှိပ် ချုပ်ချယ်ချင်တဲ့ အစွန်းရောက်ဘာသာရေး   ခေါင်းဆောင်တွေကလည်း ကာမင်း ဟာ အမျိုးသမီးတွေကို သူတို့အိမ်တွေကနေ   ဆွဲထုတ်ဖို့ကြိုးစားတယ်။ အစ္စလာမ်ဘာသာဝင်မဟုတ်ဘူး ဆိုပြီး မသိနားမလည်တဲ့ သူတွေကို သွေးထိုးမြှောက်ပင့်ပေးလေ့ရှိပါတယ်။ ဒါကြောင့်လည်း ကာမင်းကို ဓါးနဲ့ထိုး လုပ်ကြံ တဲ့သူတွေပေါ်ပေါက်ခဲ့ဘူးပါတယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ကာမင်းကတော့ ယီမင်နိုင်ငံရဲ့ မပြီးဆုံးသေး တဲ့ လူမှုတော်လှန်ရေးအိပ်မက်တွေထဲမှာ စွဲစွဲမြဲမြဲလျှောက်လှမ်းနေဆဲပါ။
သောတရှင်များခင်ဗျား
ပထဝီဝင်နိုင်ငံရေးအခွင့်မသာမှု နဲ့ အစွန်းရောက်သူတွေရဲ့စွပ်စွဲမှု အခြေအနေတွေအောက် မှာ လျှောက် လှမ်းနေရတဲ့ ယီမင်နိုင်ငံကိုလေ့လာကြည့်ရင်းသင်ခန်းစာယူစေချင်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ မရိုးသားမှု၊ ပြည်တွင်းစစ် အခင်းအကျင်းနဲ့၊ အာဏာရှင်ဟောင်းတွေရဲ့  ကြိုးကိုင်မှုတွေဆိုတာ ကျနော် တို့နိုင်ငံမှာလည်းရင်ဆိုင်နေရဆဲပဲဖြစ်ပါတယ်။အစီအစဉ်မရှိကြွေးကြော်သံတွေနဲ့ဒီမိုကရေစီ  ခေါင်းဆောင်တွေ အပေါ် တိုက်ခိုက်ထိုးနှက်နေမှုတွေကို ရှောင်ကျဉ်ဖို့လိုပါလိမ့်မယ်။ မိမိရဲ့အင်အားကို သဘော ထားကြီးကြီးဖြန့်ကျက်ပြီး ခေါင်းမာသူတွေကို ဆွဲကိုင်လှုပ်ရမ်းနိုင်ကြပါစေ။


No comments: