Monday, October 24, 2011

ပြည်တွင်းစစ်ဆိုတာ လူသတ်ပြီး တိုင်းပြည်ဘဏ္ဍာဖြုန်းတဲ့လုပ်ရပ်ဖြစ်တယ်

မောင်မောင်ဝမ်း
ကျနော် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှုးအောင်နဲ့ တွေ့ဆုံခဲ့တုန်းက သတိရမိတာလေးတခုပါ….။ သူက ဦးနေ၀င်း နဲ့ ပတ်သက်ပြီး အမုန်းဆုံးအရာ တခုကို ကောက်ချက် ပေးပါတယ်။

“ ငါ….. ကိုရှုမောင် (ဦးနေ၀င်း၏ အမည်ရင်း)ကို အမုန်းဆုံးအရာတွေထဲမှာ ပြည်တွင်းစစ်မီးလှုံတာကို အမုန်းဆုံးပဲကွာ”

“ ဘဘ…. ပြည်တွင်းစစ်မီးလှုံတယ်ဆိုတာ… ဘာလဲ ”

ဆောင်းတွင်းအေးရင်.. မီးလှုံကြတယ်မဟုတ်လား….. အအေးဓါတ်ကို အကာကွယ် ရအောင်ပေါ့ကွာ….။ ဒီလိုပဲ… ကိုရှုမောင်က… သူ့ကို အကာကွယ်ဖြစ်နေအောင်… စစ်တပ်ကို ကြီးထွားသထက် ကြီးထွားနေအောင်…. ငြိမ်းလို့ရတဲ့ မီးတွေကို မငြိမ်းပဲ… အငွေ့လှုံနေတာ…. ဒါကိုဆိုလိုတာ…

ငြိမ်းလို့ ရတဲ့မီးဆိုတာ ကရော..ဘာကိုဆိုလိုတာလည်း ဘဘ

ပြည်တွင်း ငြိမ်းချမ်းရေးပဲဖြစ်ဖြစ်…. ဘာပဲလုပ်လုပ်…သူက မရိုးသားဘူး…။ ပြည်သူနဲ့ နိုင်ငံတကာကို လှည့်ဖျားချင်လို့သာ…. ခေါင်းစဉ်လှလှ အမည်တတ်ထားတာ…အနှစ်သာရမှာက ဒီလိုမဟုတ်ဘူးကွ….. သူက အတိုက်အခံ လက်နှက်ကိုင်အဖွဲ့တွေနဲ့ ပြေလည်မှာကို လိုလားတာမဟုတ်ဘူး….တကယ်တော့ အာဏာစက် ကျယ်ချင်လို့ ရူးသွပ်ခြင်းတမျိုးပါကွာ……။ ဒီလူ့မှာ အလွန်ရူးတာ တခုရှိတယ်…။ အဲဒါဘာလည်းဆိုတော့….. အာဏာစက်ကျဉ်းမှာကို သူက အလွန်ကြောက်တာကွ

ကျနော့်နားထဲမှာ… ဗိုလ်မှုးအောင်.. ပြောခဲ့တဲ့ အာဏာစက်ကျဉ်းမှာကို ကြောက်တယ်ဆိုတဲ့ စကား ကစွဲထင်နေမိတယ်။ တကယ်တော့ တော်တော်တရားကျစရာ ကောင်းတဲ့ အဖြစ်တွေပါ…ဒါတွေဟာ ပဒေသရာစ် စိတ်မကုန်သေးတဲ့ အတွေးအခေါ်များသာလျှင် ဖြစ်နေပါလိမ့်မယ်…။ ခေတ်အဆက်ဆက် ရိုက်သွင်းလာတဲ့ ၀ါဒဖြန့်ချီရေး တခုရှိသေးတယ်…။ နယ်ချဲ့ဆိုတဲ့အရာ… ကိုယ့်ကို နယ်ချဲ့လာမှာကိုကြ… တွေးပြီးတောင် ကြောက်နေကြတယ်…။ ကိုယ်က နယ်ချဲ့ခဲ့တာကိုတော့ အားရပါးရ ချီးမွမ်းလို့မဆုံးဘူး….။ ဗမာ ဘုရင်တွေလက်ထက်မှာ သူများနယ်မြေ အင်ပါယာတွေကို သွားနယ်ချဲ့…. သူရဲကောင်းကြီးတွေ လုပ်ကြတဲ့လုပ်ရပ်ဟာ… ကောင်းတဲ့လုပ်ရပ်လား စဉ်းစားကြည့်ရအောင်ပါ။ သူတို့သူရဲကောင်းဆိုတာ….(အခုသူတို့လည်း မသိနိုင်တော့ပါဘူး… သေကုန်ကြ ပြီပဲဟာ) မသေပဲကျန်ရစ် အသက်ရှင်နေသေးတဲ့ သူတွေမှာတော့ ဘာမသိညာမသိ… အနှိပ်စက်ခံနေရတုန်း…။ အသတ်ခံနေရတုန်း (ထိုင်းနိုင်ငံမှာ… နှစ်ပေါင်း သုံးရာကျော်လောက်က ဖြစ်သွားတဲ့ကိစ္စက… အခုထိမြန်မာနိုင်ငံ သား တွေအ တွက် ခံနေရဆဲ….. နယ်ချဲ့ခဲ့လို့ အဲဒီ့ သူရဲကောင်းတွေ အကျိုးရှိ မရှိတော့မသိဘူး။ ထိုင်းနိုင်ငံမှာ အခု အလုပ်သွားလုပ်နေတဲ့ အလုပ်သမားများစွာတော့… အခုထိ ခံနေရတုန်းပါ )

အခုမြန်မာနိုင်ငံမှာလည်း ပြည်တွင်းစစ်မီးတွေ တောက်လောင်နေတော့… စဉ်းစားကြည့်မိတယ်။ ဗိုလ် မှုးအောင် ပြောခဲ့တဲ့ စကားက မှန်နေပြီ။ လက်ရှိ တက်လာတဲ့ အစိုးရသစ်က လည်း မြစ် ဆုံ ကိစ္စ၊ နိုင် ငံရေးအကျဉ်းသား အနည်းငယ် လွှတ်ပေးတဲ့ကိစ္စတွေနဲ့… နည်းနည်းလေး ချီးကျူးမယ်မှ မကြံရသေးဘူး။ ကချင်အပါဝင်… တိုင်းရင်းသား နယ်မြေတွေဘက်မှာ ထိုးစစ်တွေ ဆင်လိုက်တာ… သေလိုက်ကြတဲ့သူတွေ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေနည်းလားဗျာ သူတို့ အာဏာစက် ကျယ်ချင်တာနဲ့ ပေးဆပ်နေရတဲ့ စစ်သားတွေ ပြည်သူတွေ၊  တိုင်းရင်းသားတွေ လက်ရှိတပ်မတော်သားတွေလည်း စဉ်းစားသင့်တယ်။ ဒါဟာ ဖြစ်သင့်တဲ့၊ ဆင်နွှဲသင့်တဲ့ စစ်ပွဲတွေလား တိုင်းပြည်ဘဏ္ဍာတွေ အများကြီး ဆုံးရှုံးနေယုံမက လူတွေလည်း သေကျေဒုက္ခ ဆင်းရဲတွေနဲ့ ဆုံနေရပါပြီ။ တဘက်ထဲတင်မဟုတ် နှစ်ဘက်လုံး တလော က ကေအိုင်အေက ဖမ်းမိတဲ့ စစ်သားတွေကို ဗွီဒီယိုမှာ ကြည့်လိုက်ရတော့ စိုးရမ်ကြောက်လန့်နေတဲ့ မျက်လုံးတွေ… အသွင်ပြင်အမူအရာတွေ ဘယ်သူ့မှာ တာဝန်ရှိသလည်း ဒါဟာပြည်တွင်းစစ်မီး ဖန်တီးနေသူ မည်သူမဆို… တာဝန်ရှိတယ်။ ကျနော်ဆောင်းပါးလေး တပုဒ် အင်တာနက်ကနေ ဖတ်လိုက်ရတာရှိတယ်….ဒုတိယ ကမ္ဘာစစ်ကာလက ဂျာမဏီ အာဏာရှင်ကြီး ဟစ်တလာ အမြဲပျော်နေ တတ်တဲ့ တချိန်ရှိတယ်တဲ့။ သူ့ဘေးက စစ်ဗိုလ်ချုပ်တွေက ကမ္ဘာ့မြေပုံကြီးကို တုတ်နဲ့ ထောက်ထောက်ပြီး သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို အရောင်ခြယ် ရှင်းလင်းပြသနေချိန်ဆို ဟစ်တလာ မျက်နှာကြီးက ၀င်းပနေတာပဲတဲ့ကျနော်ကတော့ တွေးမိလိုက်ပါတယ်။ နောက်ဆုံးစစ်ရှုံးပြီး ကိုယ့်ကိုယ်ကိုယ်   သေကြောင်းကြံရ မယ့် အဖြစ်ကို သူမှကြိုမသိနိုင်တာကိုး။

နောက်ဆုံး ကဒါဖီကိုပဲကြည့်ပါ။ တခါကသူ့ကိုသူ ကြွေးကြော်ခဲ့ဘူးတယ်။ အာဖရိကက ဘုရင် များရဲ့ဘုရင်တဲ့ ဘယ်လောက်ရူးသလည်းဗျ အဲသလိုလူက သူ့ဇာတိမြို့ အသားတွေရောင်းတဲ့ ဆိုင်ငယ် လေးအအေးခန်းထဲက မွေ့ယာပေါ်မှာ ဆန့်ဆန့်လေး (သေတာတောင် ထည်ထည်ဝါ၀ါ မသေရတဲ့အဖြစ်) သူအာဏာစက် ကျယ်ချင်တာနဲ့ အမျိုးမျိုးဝါဒဖြန့်….. လူတွေကိုသေခိုင်း….။
အခုလည်း လက်ရှိ မြန်မာအစိုးရက ကျန်တာတွေကိုတော့ ဘာပဲဖြစ်ဖြစ် အနည်းအကျဉ်း ဆောင် ကျဉ်း ပေး ထားပြီးခါမှ တိုင်းရင်းသား လက်နက်ကိုင်ကိစ္စတွေမှာ… အာဏာစက် ကျယ်ချင်နေတာလား။ ကချင် နယ်မြေကို အကြီးအကျယ် ထိုးစစ်ဆင်ဘို့ တရုတ်အကူညီနဲ့ ဗမာစစ်သားတွေကို တရုတ်နိုင်ငံထဲပို့ လူသတ် ဘို့ ကြံစည်ကြပြန်ပြီ။ ကေအိုင်အေကို အပြီးသတ် ချေမှုန်းလို့ရနိုင်ပါသလား စဉ်းစားကြည့်ရအောင်ပါ။ နယ်မြေတွေကို သိမ်းပိုက်ယူလို့ ရချင်ရင် ရနိုင်ပါတယ်။ ဒါပေမဲ့ ကချင်တိုင်းရင်းသားတွေရဲ့ လွတ်မြောက်လိုတဲ့ ယုံကြည်ချက်တွေကို ချေမှုန်းလို့ရနိုင်ပါသလား။ ထို့အတူပဲ ကရင်၊ ရှမ်း၊ မွန်၊ ရခိုင်၊ ကယား သူတို့တတွေရဲ့ ယုံကြည်မှု နှလုံးသားတွေကို ဘယ်လက်နက်နဲ့ အမြစ်ပြတ် ချေမှုန်းကြမလည်း။

လူဆိုတဲ့.. သတ္တ၀ါဟာ… လောကကို မလွန်မြောက်သေးခင်မှာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ရှင်သန်နေရတာပါ။ ဒါသဘာဝပါ… တခါတလေ… အလကား နေရင်းတောင်မှ ဒေါသကထွက်နေတယ်။ ဘာဖြစ်လို့ လည်းဆိုတော့… အလိုမကျလို့… အလိုတွေကို မဖြည့်ဆီးနိုင်လို့…. လူတွေအတင်း ပြောကြတယ်ဆိုတာ မိမိဒေါသတွေကို အစာကြွေးကြတာပါ။ မိမိဒေါသတွေဆိုတဲ့ အစစ်အမှန်ကိုမမြင်ပဲ သူများတွေကို လက်ညှိုးထိုးပုံချ လိုက်တာ။ သာမာန်လူတွေမှာ သိပ်ပြသနာ မရှိနိုင်ပေမဲ့… အာဏာကို ဆုတ်ကိုင်ထားတဲ့ သူတွေမှာ… ပြသနာ အကြီးအကျယ်ရှိပါတယ်။ ကိုယ့်ရဲ့လော ဘ ဒေါသ မောဟ တွေအတွက် သူများတကာတွေကို ခုတုန်း လုပ်မိတတ်ပါတယ်။ အဲဒီလိုလူမျိုးတွေရဲ့ နိဂုံးတွေဟာ ကောင်းမွန်ပါသလား။ မဝေးသေးတဲ့ကာလ တွေကိုပဲ လှမ်းမျှော်ကြည့်ရအောင်။

အီရတ်က ဆဒတ်ဟူစိန်ဟာ ကြိုးစင်ပေါ်ကို အပြုံးမပျက် တက်သွားတာ ဟုတ်ပါရဲ့လား (သူ့ကိုကြိုးပေးတဲ့ ဗွီဒီယိုခွေကို ကြည့်လိုက်ရင် သွေးလေ ခြောက်ချား နေတယ်ဆိုတာ သိနိုင်ပါတယ်)။ ထိုနည်းတူစွာပဲ အို စမာဘင်လာဒင် သူလူတွေ အများကြီးသတ်ခဲ့တုန်းက… သိပ်ဂုဏ်ယူ သိပ်ပျော်ခဲ့မှာပါ…။ သူကတော့ တရားသောစစ်ပွဲလို့ ထင်နေမိတာကိုး။ ဒါပေမဲ့ သူသေခါနီးမှာ လုပ်ရဲရင် ခံရဲတယ် ဆိုတဲ့ စိတ်နဲ့ အသေခံသွားတာလား (မဖြစ်မနေ သေရတော့မဲ့ အချိန်မှာတောင် ကိုယ်ချစ်လို့ ယူထားတဲ့ မိန်းမကို ဓါးစာခံ လုပ်သေးတယ်….)။
နောက် မနေ့တနေ့က ကဒါဖီ သူ့ကိုဖမ်းမိတဲ့ အချိန်မှာ သူ့ကို မသတ်ဘို့ တောင်းပန်ရှာတယ်။ ဒါတွေကို ဆင်ခြင်ကြည့်လိုက်ပါ။ လူဟာ ကိုယ်လုပ်ရတဲ့ အချိန်မှာသာ လူတွေသေ ကြေပျက်စီးရတာကို အရသာလုပ် ပီတိတွေ ဖြစ်နေနိုင်ပေမဲ့၊ ကိုယ်ခံရမှာကို သေလောက်အောင် ကြောက်တတ်ပါတယ်။ ဒါသဘာဝပါ.. ဒီလိုနဲ့ နိဂုံးချုပ်သွားတဲ့ သူတွေအားလုံး တူညီတာ တခုရှိပါတယ်။ ဒါကတော့ သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေ အားလုံးဟာ… တရားသော စစ်ပွဲတွေချည်းပဲလို့ ပြောနေခဲ့ကြတာပါပဲ။

ဒီနေ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီးကြီးဟာ တော်သင့်လောက်ပါပြီ။ ဖြေရှင်းလို့ မရနိုင်ဘူးဆိုတာ မရှိပါဘူး။ ငြိမ်းချမ်းစွာ ဖြေရှင်းလို့ရပါတယ်။ ဒီလိုမဟုတ်ပဲ အစောက ဗိုလ်မူးအောင်ပြောသလို မပြေလည်ချင်လို့ကို မပြေလည်နိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားမယ် ဆိုရင်တော့ တိုင်းပြည်တိုးတက်ဘို့ဆိုတာ နည်းနည်းလေးမှ မစဉ်းစားပါနဲ့တော့ စကားတွေ အဖတ်တင်ပါတယ်။ ပြည်တွင်းစစ်မီးဟာ သမင်မွေးရင်း ကျားစားရင်း အခြေနေ ဖြစ်နေဦးမှာပါပဲ…။ ငါးကို ခေါင်းပိုင်းနဲ့ အမြှီးပိုင်းယူဘို့ အငြင်းပွားနေချိန်မှာ ကြားထဲက မြေခွေးက ဒိုင်လူကြီးဝင်လုပ်ပြီး အငြင်းပွားနေသူ နှစ်ဦးကို… ခေါင်းနဲ့အမြှီးအညီ အမျှ ခွဲပေး လိုက်ပြီး သူကအလယ်က ၀မ်းဗိုက်သားယူသွားတဲ့ အဖြစ်လို့ တရုတ်ကွန်မြူနစ် အစိုးရက ၀င်အုပ်သွားမှာ မလွဲပါဘူး။

လွှတ်တော် ကျင်းပနေချိန်မှာ ပြည်နယ်ဒေသ အသီးသီးက တိုင်းရင်းသားခေါင်းဆောင်များ ဒီကိစ္စကို ဘာလို့များ ကျယ်ကျယ်လောင်လောင် မဆွေးနွေးကြတာပါလိမ့်။ မြန်မာသတ်ပုံကျမ်း ကိစ္စလောက် အရေး မပါလို့လား ပြည်တွင်းစစ်အတွက် ကုန်ကျမဲ့ ငွေတွေ၊ တိုင်းပြည် ဘဏ္ဍာတွေကို တခြားဟာတွေ ခနထားဦးဗျာ..။ နိုင်ငံသားတွေ ပညာတွေတော်ပြီး… တိုင်းပြည်ထူထောင်ရေး ကိစ္စရပ်များမှာ အသုံးချနိုင်ဘို့ ပညာတော်သင်တွေ စေလွှတ်လိုက်မယ်ဆို ဘယ်လောက်အကျိုး ရှိလိုက်မလည်း…..။

တရုတ်နိုင်ငံက ခေါင်းဆောင်ကြီး တိန်ရှောက်ဖိန်ဟာ ၁၉၈၀ကာလများမှာ အမျှော်အမြင်ကြီးမားစွာနဲ့ တရုတ်ပညာတတ် လူငယ်တွေကို နိုင်ငံတကာလွှတ် ပညာရပ်တွေ သင်ကြားခိုင်း လေ့လာခိုင်းလိုက်တဲ့ အကျိုးဆက်ဟာ… ယခု တရုတ်နိုင်ငံကြီးကို အင်အားကြီးနိုင်ငံ ဖြစ်စေခဲ့ပြီ မဟုတ်လား။

မြန်မာ့ တပ်မတော်သားများအားလည်း မေတ္တာရပ်ခံချင်ပါတယ်။ ဒီနေ့ တပ်မတော် အရာရှိ အရာခံများဟာ ပညာတတ်တွေပါ။ လူနည်းစု လက်တဆုတ်စာ အာဏာစက်ဝန်း ကျယ်ချင်တာ အတွက်နဲ့ အသက်ပေးနေရတာ။ တွေးကြည့်မယ်ဆိုရင် ရှက်စရာကောင်းပါတယ်။ ညံ့ရာရောက်ပါတယ်။ အမှန်တရားကို မြင်တတ်စေချင်ပါတယ်။

မိမိနိုင်ငံသားအချင်းချင်း တိုင်းရင်းသား အချင်းချင်း သတ်ဖြတ်နေတဲ့ စစ်ပွဲများကို အမြန်ဆုံးရပ်တန့်ပေးပါ။ ဒီစစ်ပွဲအတွက် ကုန်ကျနေတဲ့ ငွေတွေဟာ ပြည်သူတွေ သွေးချွှေးနဲ့ ရှာဖွေထား တဲ့ ငွေတွေဖြစ် တယ်။ နိုင် ငံရေး အကျဉ်းသားတွေလွှတ်ဘို့ ကတိက၀တ်တွေပေးပြီး ၀ိနည်းလွတ် အနည်းငယ် လွှတ်ပေး သည့် တိုင်နောက်ထပ် ဆက်လွှတ်ပေးဘို့ကိုလည်း ကတိခံနေဆဲ ဖြစ်ပါတယ်။ သို့သော် တိုင်းရင်းသား အချင်းချင်းမသတ် ဖြတ်ပါဘူးဆိုသည့် ကတိကိုတော့ လွှတ်တော်အပါဝင် မည်သည့်နေရာမှမျှ စိုးစဉ်းမျှ မကြားရပါ။

ပြည်တွင်းစစ်များကို (မည်သည့်အကြောင်း ပြချက်မျိုးမှ မပေးပဲ) အမြန်ဆုံးရပ်ဆိုင်းပါ။

နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံးပြန်လွှတ်ပေးပါ…..

ပြည်သူတရပ်လုံးက ကျေးဇူးတင်နေကြမှာ မလွဲပါ….သမ္မတ ဦးသိန်းစိန်အပါဝင် လုပ်ပိုင်ခွင့် ရှိသူ များခင်ဗျား…

လေးစားစွာဖြင့်
(မောင်မောင်ဝမ်း)

No comments: