Tuesday, October 18, 2011

ရဲရဲပြောင်းဖို့ ....ရဲရဲရေးပါရစေ

ချိုတူးဇော်
တွေ့ဆုံဆွေးနွေးရေးတွေ လုပ်နေတယ် ဆိုလို့ သည်းခံနေရတာဗျာ။အန်တီ့မျက်နှာထောက်နေရတာ။ ဒါပေမယ့် အနုပညာသမားပီပီ ခံစားချက်တွေကို မမြိုနိုင်မသိပ်နိုင် ရေးလိုက်ပါဦးမယ်။
... တကယ်ပြောင်းလဲချင်တဲ့ စိတ်စေတနာသာမှန်ရင် နယ်စပ်တွေမှာနေ့တိုင်း လူတွေသေကြေပျက်စီးနေ ရတဲ့ ထိုးစစ်တွေကို ဘာအတွက်ကြောင့်မှတိုက်နေစရာ မလိုဘူးထင်ပါရဲ့ဗျာ။
နောက် နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ဟိုလူချန်၊ဒီလူချန်လွှတ်ပေးတာမျိုးလုပ်စရာအကြောင်းကို မရှိ ဘူး လို့ ထင်မိပါတယ်။

ကျနော်ကတော့ မယုံဘူးဗျာ။ယုံတယ် အပြုသဘောကို မမြင်ရကောင်းလားလို့ ရန်တွေ့တဲ့သူတွေကိုလည်း အံ့သြမိပါရဲ့။
ဒီစစ်တပ်ဟာ လွတ်လပ်ရေးအတွက် ရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့တယ် ဆိုပေမယ့်ဖက်ဆစ်လက်သည်က မွေးထုတ် ပေးခဲ့ပြီး ၊ ဒီစစ်တပ်ရဲ့ အမြုတေအနေနဲ့ စဖွဲ့စည်းခဲ့တဲ့ အယောက်၃၀ ထဲမှာကို အာဏာရှင် စုန်းပြူးတယောက်ပါဝင်ခဲ့တယ်။ အဲဒီ အာဏာရှင်စုန်းပြူးရဲ့ ဘူးသွင်းခြင်းကို ခံထားရတဲ့ ဖက်ဆစ် စိတ်ရိုင်းတွေ ၀င်နေတဲ့ စစ်တပ်ပဲ။
ကမ္ဘာ့သမိုင်းမှာ ဘယ်ဖက်ဆစ် စစ်တပ်မှ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုနဲ့ ပြောင်းလဲခဲ့တယ်လို့မရှိဘူး။ သူ့ ထက်အင်အားကြီးတဲ့ စစ်တပ်က ဖြိုခွင်းမှ အရှုံးပေးတယ်၊ အလျှော့ပေးတယ်။
ဖက်ဆစ်စနစ်ရဲ့ အဓိကအခြေခံသဘောထားကိုက ကိုယ့်ထက်အားနည်းတဲ့သူတွေကို နိုင့်ထက်စည်းနင်း အဓမ္မလုပ်မယ်၊ ကိုယ့်ထက်အင်အားကြီးတဲ့သူတွေကိုတော့ မျက်နှာချိုသွေးပေါင်းမယ် ဆိုတဲ့ ရွံရှာစက်ဆုတ် စရာကောင်းတဲ့ သူရဲဘောကြောင်မှုကို အခြေခံတယ်။
မတရားမှုကို ကျူးလွန်ဖို့ဝန်မလေးပဲ၊ အဆင့်ဆင့်ကိုယ်ကျိုးစီးပွားအတွက် ခိုးတယ်၊ လုယက်မှုတွေလုပ်တယ် ဆိုတာ နာဇီတွေ၊ ဖက်ဆစ်တွေလုပ်ခဲ့တဲ့ လုပ်ရပ်ပဲ။ ယူနီဖေါင်းဝတ်ထားလို့ စစ်တပ်လို့ခေါ်နေတာ။ တကယ်တမ်းကျတော့ ဓါးပြတွေပဲ။ အီတလီ မာဖီးယားတွေနဲ့အတူတူပဲ။
ဒီတော့ စစ်တပ်ထဲမှာ တကယ်သန့်ရှင်းတဲ့၊ တကယ့်ကို တိုင်းပြည်ချစ်စိတ်၊ ပြည်သူလူထုကို စာနာစိတ်ရှိတဲ့ သူရဲကောင်းတွေ ရှိတယ်ဆိုရင် ဒီအခြေအနေဆိုးကနေ တွန်းလှန်ဖယ်ရှားဖို့ အချိန်ဆွဲမနေသင့်တော့ဘူး။
မြန်မာပြည်အနှံ့ အရက်ဆိုင်၊ ကေတီဗီဆိုင်၊ အနှိပ်ခန်းတွေကအစ၊ အောက်ခြေစည်ပင်သာယာက ခေါင်းရွက်ဗျတ်ထိုးအပေါ်မှာ နိုင့်ထက်စီးနင်းလုပ်နေတာကအစ၊အဲဒီယူနီဖေါင်းဝတ်ရဲအရာရှိကြီးတွေ၊ စစ်ဗိုလ်ချုပ်ကြီးတွေ က စီးပွားရှာနေတယ်။ တချို့ကျတော့ တရားမ၀င် ကားတွေသွင်းတာ၊ သစ်တွေထုတ်တာ၊ ကျောက်မျက်တူးဖေါ်တာ အမျိုးမျိုးလုပ်နေတယ်။ ဌာနဆိုင်ရာအသီးသီးမှာလည်း လုပ်လိုက်တဲ့ စီမံကိန်းတွေ၊ ၀ယ်လိုက်တဲ့ ပစ္စည်းတွေ၊ လုပ်သမျှ ၀ယ်သမျှ အဆင့်ဆင့် အိတ်ထဲထည့်ရတာကိုး။ မဆလ တုန်းကတောင် လုပ်ခွင့်မရခဲ့တဲ့ လာဘ်ပေး၊ လာဘ်ယူမှုကို တရားဝင်ဖွင့်ပေးခဲ့တယ်။ တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်ရကောင်းမှန်းမသိတဲ့ ဒီစစ်ဗိုလ်တွေဟာ ဝေစားမျှစားနည်းနဲ့ အဆင့်ဆင့်ပြည်သူတွေရဲ့ စိတ်ဓါတ်ကိုပါ ဖျက်ဆီးခဲ့တယ်။ တေဇတို့လို လက်တဆုပ်စာ စီးပွားရေးသမားတွေကိုလည်း ဝေစားမျှစားစနစ်နဲ့ပဲ တိုင်းပြည်ရဲ့သယံဇာတတွေကို ဖဲ့ရောင်းပြီလုံးပါးပါး စေခဲ့တယ်။

မြစ်ဆုံဆည်ကိစ္စ၊ ကျောက်ဖြူရေနက်စီမံကိန်းကိစ္စတွေဟာ မြန်မာပြည်မှာ ဆေးမှင်ကြောင်ထိုးခံထားရသလို နောင်နှစ်ပေါင်းများစွာ ဖြေရှင်းမရနိုင်မယ့် ပြဿနာတွေအနေနဲ့ တင်ကျန်ရစ်တော့မယ်၊ အခန့်မသင့်ရင် အိမ်နီးချင်းနိုင်ငံနဲ့ သံတမန်ရေးပဋိပက္ခ၊ စစ်ရေးပဋိပက္ခ တွေပါ ဖြစ်သွားနိုင်တဲ့အထိ ရှိတယ်။ခု နိုင်ငံပိုင် ထုတ်လုပ်ရေးလုပ်ငန်းဘာများ ရှိပါသလဲ။ ဗီယက်နမ်တွေရဲ့ဘိနပ်တွေ၊ ဖျော်ရည်တွေအမေရိကန်တွေ မက်မက်စက်စက် ၀ယ်သုံးနေ၊ သောက်နေကြတယ်။ ခင်ဗျားတို့ အစိုးရ တက်လာပြီးကတည်းက ဘာ ထုတ်လုပ်ရေး လုပ်ငန်းထူထောင်ပြီးပြီလဲ။

ဦးတေဇတို့၊ ယုဇနဦးဋ္ဌေးမြင့်တို့၊ ဇေကမ္ဘာဦးခင်ရွှေ၊ ဦးဇော်ဇော်တို့ ဘာတွေထုတ်လုပ်နိုင်ပြီလဲ။တိုင်းပြည်ရဲ့ သယံဇာတတွေကို အာဏာရှင်နဲ့လက်ဝါးချင်းရိုက်ပြီး ရောင်းစားခွင့်ရတာ စီးပွားရေးလုပ်တတ် တာမဟုတ်ဘူး။
ဗိုလ်ချုပ်သမီးတွေကလည်း အနှစ်နှစ်အလလ ပြည်သူလူထုဆီက မတရားရထားတဲ့ ပိုက်ဆံတွေ နဲ့ ဂျာနယ်တွေ ပလူပျံအောင်ထုတ်ပြီး အင်မတန်မှ စာပေ၀ါသနာပါပါကြောင်းပြနေကြ။
အဲဒီလို ဆွေမျိုးတစုက လက်နက်ကိုင်ပြီး အာဏာနဲ့ထင်သလိုခြယ်လှယ်နေနေသေးသရွေ့ဒီတိုင်းပြည်မှာ ဘာကိုများ ပြုပြင်ပြောင်းလဲလာပြီလို့ ခင်ဗျားတို့ ပြောချင်ပါသလဲ။
ရင်နာလွန်းလို့ပါဗျာ။ဒီလိုရေးတိုင်း၊ ဒီလိုပြောတိုင်း အပြုတ်တိုက်ရေး ကို ဦးတည်တယ်။ အာဃာတ ကို ရှေ့တန်းတင် တယ် လို့ အဝေဖန်ခံရတယ်။
မဟုတ်ဘူးဗျ။ ကျနော်ပြောနေတာ စစ်ဗိုလ်ချုပ်တွေကိုယ့်ကိုယ်ကိုယ် မြင်စေ့ချင်လို့ရေးနေ၊ ပြောနေတာ။
လူဆိုတာ ရုပ်ရှင်ထဲက လူကြမ်းကိုသာ မုန်းတတ်တယ်၊ ကိုယ့်ကိုယ်ကိုယ် တော့ လူကြမ်းလို ပြုမူ
နေထိုင်နေမိမှန်းမသိဘူး။ ခင်ဗျားတို့ဟာ တိုင်းပြည်ကို ကိုယ်ကျိုးစီးပွားအတွက် ဖျက်ဆီးချင်းမက ဖျက်ဆီး နေတဲ့ သူတွေ သမိုင်းရဲ့တရားခံတွေဖြစ်နေပြီ ဆိုတာ ပြောနေ၊ ရေးနေတာ။
ခင်ဗျားတို့ကိုပဲ ပြောင်းစေချင်တာ။အင်္ဂုလိမာလ ပြောင်းသလို ပြောင်းစေချင်တာ။ရင်ဆိုင်ရမယ့် တုတ်တွေ၊ ခဲ တွေကို ကြောက်မနေပဲ၊ ကျန်နေတဲ့ ဘ၀ ရဲ့အချိန်၊ အစိတ်အပိုင်းမှာအရိယာသတ္တိနဲ့ တိုင်းပြည်အတွက် အမှန်တကယ်ပြောင်းစေချင်တာ။

ကျနော်လိုချင်တဲ့ အမြဲပြောနေတဲ့ အဖြေက အဲဒါပါ။ကျနော်က စာရေးဆရာပါ။ နိုင်ငံရေးသမား မဟုတ်ပါဘူး။ ဘယ်သူပြောင်းပြောင်း၊ ဘယ်အဖွဲ့ပြောင်းပြောင်း အမှန်တကယ် ကောင်းတဲ့လမ်းကို ပြောင်းတာဆို လက်ခံဖို့ကြိုဆိုဖို့အသင့်ပါ။ဦးသိန်းစိန်က မိန့်ခွန်းတွေ တခုတ်တရပြော၊ မြစ်ဆုံ ကိစ္စကြေ ညာ၊ နိုင်ငံရေးအကျဉ်းသားတွေကို စလွှတ်တယ်ဆိုတော့ဟုတ်ပြီမှတ်လို့ဗျာ။
နောက်တော့ ဒုံရင်းပဲ။ရဲရဲပဲ ပြောင်းဖို့တိုက်တွန်းချင်ပါတယ်။ဘာအတွက်များ သူရဲဘောကြောင်နေ၊ တွေဝေနေတာလဲ။လူတိုင်းတော့ ပြောင်းချင်မှာမဟုတ်ဘူး။ ဒါပေမယ့် တကယ်ပြောင်းချင်တဲ့သူတွေကို ပဲ တိုက်တွန်းပါတယ် ရဲရဲပြောင်းပေးပါ။ ပြည်သူလူထုပါလာပါလိမ့်မယ်။

ချိုတူးဇော်

No comments: