Saturday, October 15, 2011

အညတြသူရဲကောင်း ကိုသန်းဇော် ခေါ်- သန့်ဇော်

 (ရေးသားသူ ခွန်ဆိုင်း)

ကိုသန်းဇော် ခေါ်- ကိုသန့်ဇော် (သရက်ထောင်)မှ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တင်ပြသည့် မတရားဖမ်းဆီး၊ နှိပ်စက်ခံရသည့် အိတ်ဖွင့်ပေးစာ ဖတ်ရန်.. Click
ကြိုးတိုက်ထဲမှာ၂၃နှစ်ကြာ

(အပိုင်း-၁)

အညတြ သူရဲကောင်းဆု စာရင်းမှာ ကိုသန်းဇော် ပါတယ်ကြားလို့ ကျွန်တော် အတိုင်းမသိ ၀မ်းသာမိတယ်။ခုအချိန်ဗမာပြည်မှာ ၈၈က စရေတွက်လိုက်ကြ လို့ ထောင်ကျသက်အကြာဆုံး နိုင်ငံရေးအကျဉ်းသား၃ယောက်ကို ပြပါဆိုရင် ကိုသန်းဇော် ဟာ အဲဒီထဲကတယောက်ပါ။ အခုဆိုသူ့ ထောင်သက် ၂၃နှစ်ရှိပြီပေါ့ဗျာ။ ရင်နာစရာကောင်းတဲ့ ကိစ္စကသူဟာ နိုင်ငံရေးနဲ့ အမှုအလုပ်မခံရပဲ မဆီမဆိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေး လုပ်ကြံမှုတွေဖန်တီး- ဖေါက်ခွဲရေးကိစ္စတွေနဲ့ အတင်းဆွဲဆက်စပ်ခဲ့တဲ့ ၈၈-၈၉ ကာလတ၀ိုက် မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် တန်ဆာဝင်ခံခဲ့ရ၊ တစ်တရားခံ အလုပ်ခံခဲ့ရလို့ပါပဲ။

သူ့ကို ကျွန်တော်စတွေ့ဘူး တဲ့အချိန်က ၁၉၈၉ သြဂုတ်လ ဒုတိယပတ်လောက်မှာ။ ရေကြည်အိုင်ငရဲခန်းမှာ ကျွန်တော့်ကို အပြင်းအထန် သုံးပတ်ကျော်လောက် ငါးဖယ်တေတေပြီး အမှုတည်ဆောက်အပြီး အင်းစိန်ကြိုးတိုက်ကို ပို့လိုက်တဲ့အချိန် သူ့ကို စတွေ့ပါတယ်။ ကြိုးတိုက်ရောက်လို့ နောက်တနေ့ ကိုသန်းဇော် ရေချိုးထွက်ရတဲ့ အလှည့်မှာ ကျွန်တော်ရှိတဲ့ အခန်းကို သူ ပြေးလာပြီး သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။ သူ့တို့အမှုကို ဇူလိုင်လ ဒုတိယပတ် သတင်းစာ၊ တီဗွီတွေကနေ ဟိုးလေးတကျော် တပိုင်းတစ-ကျွန်တော်သိခဲ့တယ်။ တကိုယ်လုံးအညိုအမဲစွဲနေတဲ့ သူ့ဒဏ်ရာတွေ။ ကျောမှာ ပေါင် ပတ်ပတ်လည်မှာ။ ဦးခေါင်းမှာ။ သူတို့အဖွဲ့ကို အတင်းထုနှက် ၀န်ခံခိုင်းပြီး ထောင်ချလိုက်တဲ့ အကြောင်း။ ဒီအမှုကို သူတို့ဘာမှ မသိခဲ့ကြောင်း။ သူပြောနေပုံက အကိုကြီးတယောက်ကို ညီတယောက်က အားကိုးတကြီး တိုင်တည်နေတဲ့ပုံ။ သူ့တို့ကို စဖမ်းတဲ့နေ့က ၈၉ ဇူလိုင်၁၃ရက်။ ကျွန်တော်ကျတော့ ဇူလိုင် ၁၅ရက်။ အာဇာနည်နေ့ ချီတက်ပွဲကိစ္စအစည်းအဝေး အစီအစဉ်တွေ သွားနားထောင် ဆွေးနွေးတဲ့ပွဲအပြီး ၅၄အင်းယားလမ်း NLD ရုံး ကအပြန်-လမ်းမှာ အဖမ်းခံရတာ။

ပြောချင်တာက ဇူလိုင်လ ၁၃ရက် ၁၄ရက်လောက်က ထုနှက် ထားတဲ့ ဒဏ်ရာတွေဟာ သြဂုတ်လအထိ တလကျော် အညိုအမဲစွဲ နေသေးတာထောက်ရင် ဘယ်လောက်အထိ ပြင်းထန်မလဲ ကျွန်တော်ခန့်မှန်း နေမိတာပါ။ သူနဲ့နောက်ထပ် NLD လူငယ် ၂ဦး(ညီညီဦးနဲ့မိုးကျော်သူ)တို့ကို ၈၉ခုနှစ် ဇူလိုင်၇ရက်နေ့ သံလျင်ရေနံချက် စက်ရုံမှာကွဲတဲ့ ဗုံးပေါက်မှုတရားခံ တွေဆိုပြီး ၀န်မခံမချင်း အတင်းထုထောင်း ရိုက်နှက် မရရအောင် ၀န်ခံခိုင်း။ တီဗွီရိုက်။နောက် ရုပ်သံလွှင့်ကနေ အကျယ်တ၀န့်ရှင်းလင်း။ တပတ်အတွင်း သေဒဏ်နဲ့ နောက်တမှုက နိုင်ငံတော်ပုန်ကန်မှုတပ်ပြီး တသက်တကျွန်း အပြစ်ဒဏ်တွေတပုံကြီးနဲ့ ထောင်ထဲထည့်လိုက်ကြတာ။ တကယ်က အဲဒီဗုံးကွဲတဲ့နေ့က သူတို့ဟာ သံလျင် ဒီချုပ် ရုံးမှာ ဆဲဗင်းဇူလိုင် အခမ်းအနားဦးဆောင် ကျင်းပနေခဲ့ကြတဲ့ လူငယ်တွေ။ ဒါပေမယ့် ဗိုလ်ချုပ်ခင်ညွန့် ထောက်လှမ်းရေး တွေက ဒီချုပ်ကို လူထုထင်ယောင် ထင်မှားဖြစ်လာအောင်။ ၀ိုင်းမထောက်ခံရဲအောင် ဖြိုခွဲဘို့ မဖြစ်ဖြစ်အောင် အမှုဆင်သူတို့ကို တရားခံလုပ်လိုက်ကြတာပဲ။

နောက်ထပ်ဖါးကူးရွာမှာ ဆေးခန်းဖွင့်ထားတဲ့ ဒီချုပ်တာဝန်ခံ ဒေါက်တာထွန်းသူ အပါအ၀င် ဒီချုပ်လူငယ် ၁၆ ယောက်ကိုပါ နောက်ထပ်တမှုဖွင့် ထောင်ဒဏ် အနှစ် ၂၀ စီ ထပ်ချလိုက်ကြတာ။ အချိုးမပြေပုံက သဘာဝယုတ္တိမတန် အမှုဆင်လိုက်တဲ့ ထောက်လှမ်းရေးတွေက အလောတကြီးကိုသန်းဇော် တို့ကို တရားခံလုပ် ဖြောင့်ချက်ယူ၊ သေဒဏ်ချ။ ရုပ်သံလွှင့် အစီအစဉ်ကနေ ကိုသန်းဇော်တို့ ဖြောင့်ချက် ပေးပါတယ်ဆိုပြီး လုပ်ကြံကြေငြာလိုက်လို့ တလအပြည့်မှာတင် တကယ့်ဖေါက်ခွဲရေး တရားခံအစစ်ဗိုလ်မှူး ကိုကိုနိုင် (KNU)ကို ကော့ကရိတ်မှာဖမ်းမိ။ ဗိုလ်မှူး ကိုကိုနိုင်ကလည်း သူခွဲတာကို ၀န်ခံ။ သံလျင်ရေနံချက်စက်ရုံနဲ့ တချိန်ထဲ မြို့တော်ခန်းမကိုပါ ပါဆယ်ဗုံးတွေ ပို့တဲ့အကြောင်းဝန်ခံ။ ဒါပေမယ့်တိုင်းသိပြည်သိ လိမ်လိုက်ကြပြီးပြီဆိုတော့ ဗိုလ်မှူးကိုကိုနိုင်နဲ့အဖွဲ့ကို မြို့တော်ခန်းမဗုံးခွဲမှုနဲ့ သက်သက်သေဒဏ်ချပြီး ကိုသန်းဇော်တို့အမှုကို ပြန်မပြင်ပေးတာ ဒီနေ့အထိပေါ့။

ကိုသန်းဇော်၊ ကိုညီညီဦးတို့နဲ့ ကျွန်တော် အင်းစိန် ကြိုးတိုက်မှာ ကာလတခုအထိ ရေချိုးဆင်းချိန်လေးတွေမှာ အပြေးအလွှား တယောက်နဲ့တယောက် တွေ့ကြ။ အတွေးအမြင်တွေ ဖလှယ်ကြ ဖြတ်သန်းရမယ်ေ ထာင်သက်တွေအတွက် ပြင်ဆင်အားမွေးကြပါတယ်။ အဲဒီအချိန်က အဘတော်ဘုရားလေး၊ ဆရာဦးဝင်းတင်၊ ဗိုလ်ကြီးဝင်းထိန် ဒေါက်တာဦးတင်မျိုးဝင်း။ ဒေါ်အောင်ဆန်းစုကြည်ခြံထဲက လူငယ်တွေ၊ သုံးရောင်ခြယ် လူငယ်တွေအပြုံလိုက်နဲ့ ၈၈အရေးအခင်းကာလ အပြီးသိမ်းကြုံး ဆွဲထည့်ထားတဲ့ ရောကောသောကော သေဒဏ်ကျ ကြိုးသမား ၁၀၀ကျော် (ရောကောသောကောလို့ ပြောရတာက ကိုယ့်အိမ်ရှေ့မှာ လာသေတဲ့ အလောင်းပြာကို တံမျက်လှဲမိတဲ့ လူလည်းသေဒဏ်ပဲ) လောက်နဲ့ ကျွန်တော်တို့ နေခဲ့ရတဲ့ ကြိုးတိုက်ဟာ လူတွေ ပြည့်ညှပ်စည်ကား နေခဲ့တဲ့အချိန်ပေါ့။ တိုက်ဝင်းထဲက တိုက် ၆တိုက်စလုံး စုစုပေါင်းလူ ၇၀၀ကျော်အထိ ရှိခဲ့တဲ့ကာလ။ ဒါပေမယ့်ထောင်ဆိုတာ ဘာကိုမှ အစိုးမရတဲ့နေရာ။ ဆိုတော့ ကျွန်တော်ကို ၈၉ နိုဝင်ဘာမှာ အမိန့်ချပြီး ကြိုးတိုက်ကနေ တိုက်နံပါတ်- ၄ ကို ရွေ့လိုက်တဲ့အခါ ကိုသန်းဇော် ကိုညီညီဦးတို့နဲ့ ဝေးသွားပါတယ်။

၁၉၉၀ မေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် နိုင်လိုက်တဲ့ အခါမှာတော့ ထောင်မှူးထောင်ပိုင် ထောင်ဝန်ထမ်းတွေရဲ့ ဆက်ဆံပုံက ကျွန်တော်တို့အပေါ် ချိုသာလာပါတယ်။ ကျွန်တော်တို့လည်း မကြာခင်လွတ်ကောင်းရဲ့လို့ မသိမသာလေး တွက်ကြပါတယ်။ မျှော်လင့်ချက်လေးတွေနဲ့ ပျော်နေကြတာပေါ့လေ။ ဒါပေမယ့်ဒီအပျော်က ကြာကြာမခံပါဘူး။ တလကျော်ကြာလာလို့လည်း ဘာအကြောင်းမှ မထူး။ ဒီချုပ်ကိုလည်း လွှတ်တော်ခေါ်မပေး၊ အာဏာလွှဲပေးဘို့ဆိုတာ ဝေလာဝေး။ ဒါကိုသိလာတဲ့ ထောင်ဝန်ထမ်းတချို့ ကျွန်တော်တို့အပေါ် မာရေကျောရေ ပြန်စိမ်းစိမ်းကားကား ဖြစ်လာကြပြန်ပါတယ်။

၁၉၉၀ စက်တင်ဘာနောက်ဆုံးပတ် ၂၅ရက်နေ့ မှာ ကျွန်တော်တို့ ထောင်ထဲကနေ လွှတ်တော်ခေါ်ရေး အာဏာလွှဲပြောင်းပေးရေး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး- ကြွေးကြော်သံတွေနဲ့ မိုက်မိုက်ကန်းကန်း သပိတ် တိုက်ပွဲနွဲကြပါတယ်။ အဲဒီမှာထောင်ထဲကို ဗိုလ်မှူးကျော်ဆန်း ခေါင်းဆောင်တဲ့ စစ်တပ်။ လုံထိန်းတပ်တွေ အလုံးအရင်း ၀င်လာပြီး ကျွန်တော်တို့ကို တိုက်တွေအသီးသီးကနေ ဆွဲထုတ် ရိုက်နှက်ကြပါတော့တယ်။ ကမ္ဘာပျက်သလိုပဲ။ အဲဒီတုန်းကအသံတွေကိုပြန် တွေးလိုက်ရင် ဒီနေ့အထိ ကျွန်တော် ပြန်ကြားနေနိုင်တုန်း။ ကျွန်တော်တို့ကို မျက်နှာအ၀တ်စည်း (ခေါင်းစွပ်တွေက မလောက်တော့ လို့) ခေါင်းကို ပုဆိုးနဲ့ အုပ်ပြီး လိမ်ကျစ် စုချည်လိုက်တာ။ နောက် လက်ထိပ်နောက်ပြန်ခတ် မြေကြီးပေါ်တွန်းလှဲ ၀ိုင်းကန်ကြ တက်ခုန်ကြ နံပါတ်တုတ်တွေနဲ့ အသားကုန်တေကြပါတော့တယ်။ နားထဲမှာတော့ ငယ်သံပါအောင် အော်ဟစ်နေတဲ့ အသံပေါင်းစုံ နံပါတ်တုတ်သံ စက်ဘီးတာရာကို တ၀ှီးဝှီး လွှဲရိုက်နေတဲ့အသံ။ မချိမဆန့် အော်ဟစ်နေတဲ့ အသံတွေပဲ ကြားနေရပါတယ်။ ကိုယ်လည်းပါတာပေါ့။ အားရအောင်ရိုက်ပြီး အတော်ကြာတော့ နေပူထဲမှာ ပစ်ထားလိုက်ပါတယ်။ ရိုက်ရတဲ့လူတွေက အတော်များတော့ တော်တော်နဲ့မပြီးပါ။ အားရတဲ့အခါ ကျွန်တော်တို့ကို နေရာတော်တော်ဝေးဝေးဆီ တရွတ်ဆွဲသွားပါတယ်။ နောက်မှသိတာတော့ ခွေးတိုက်ပေါ့။

ကျွန်တော့်ကို အခန်းတခုထဲ ဆောင့်ကန်ထည့်၊ တံခါးပြန်ပိတ်။ ပြီးမှအပြင်ကနေ လက်နောက် ပြန်ခတ်ထားတဲ့ လက်ထိပ်ကို ဖြုတ်ပေးပါတယ်။ တံခါးပြန်ပိတ်သံ။ ပြန်ထွက်သွားတဲ့အသံ။ အသံတွေငြိမ်သွားလို့ အားသွားတဲ့လက်နဲ့ ကျွန်တော့်မျက်နှာမှာ လုံးထွေး စည်းနှောင်ထားတဲ့ ပုဆိုးကို ဖယ်လိုက်တဲ့အချိန်မှာ ကိုသန်းဇော်ကို သွေးအိုင်ထဲ လဲနေတာ တွေ့ပါတယ်။ သူ့တကိုယ်လုံး ခေါင်းပေါ်က နှာခေါင်းတွေထဲက စီးကျနေတဲ့ သွေးတွေနဲ့ သူ့အဖြူရောင် ထောင်ဝတ်စုံဟာ ချင်းချင်းနီနေပါတယ်။ ကျွန်တော် ကိုယ့်ညီလေး တယောက်လိုသူ့ကို ပွေ့ထားမိပါတယ်။ နှာခေါင်းသွေးတွေက မတိတ်ပဲ အတော်ကြာအောင် ကျနေတုန်း။ ကျွန်တော်တို့ ဘာစကားမှ မပြောနိုင်ပဲ တယောက်ကို တယောက်အကြာကြီး ဖက်ထားကြပါတယ်။ ဖြစ်ရလေကွာ။

နောက်နှစ်ဦးသား တယောက်ဒဏ်ရာတယောက် စစ်ကြပါတယ်။ သူက ခေါင်းက ၃နေရာလောက် ကွဲသွားတယ်။ နှာခေါင်းကတော့ အတွင်းက ထိထားပုံရတယ်။ ကျွန်တော်ကျတော့ သူ့လိုခေါင်းမကွဲပါ။ နဖူးမှာ နဲနဲကွဲသွားတာတခုပဲ။ ခေါင်းအနှံ့ အာလူးသီးကြီးကြီး တွေတော့ အတော်များများ စမ်းမိတယ်။ ၂ယောက်လုံးကျော တင်ပါးတွေတပြင်လုံး မဲမဲညိုလို့ သပြေသီးရောင် ဖူးဖူးထ နေပါတော့တယ်။ မကြာခင် ထောင်ဝန်ထမ်းတွေ ရောက်လာပြီး အကျီလုံချည် အသစ် တစုံစီပေး။ ကျွန်တော်တို့ဆီက သွေးစွန်းနေတဲ့ လုံခြည်အင်္ကျီတွေကို သိမ်းသွားကြပါတယ်။ သဘောကောင်းတယ်လို့ပထမထင်လိုက်တယ်။ နောက်မှ ဒါ ထောင်ပြောင်းမလို့ စီစဉ်တာဆိုတာပြန်စဉ်းစားမိလာတယ်။

သေချာတယ်။ ည ၁၀နာရီလောက်ကျတော့ တယောက်ချင်းထုတ်ပြီးလူကိုလည်း နဲနဲပါးပါးထပ်ထုနှက်။ ခြေထောက်တွေမှာ ခြေကျင်းတွေ ရိုက်ပါတယ်။ ခြေကျင်းရိုက်တယ်ဆိုတာ ခြေကျင်းဝတ်နှစ်ဘက် ကို သံခြေကျင်း စွပ်လိုက်ပြီး ပေပေါ်တင် သံမှိုစို့သွင်း ထုနှက်ပြားလိုက်တာပေါ့။ ပေပေါ်တင် စို့နဲ့ပြန်ရိုက်ဖြုတ်မှ သံမှိုက ပြန်ပြုတ်ပြီး အဟကြောင်းပေါ်။ ဒါကိုပြုတ်တူနဲ့ သံခြေကွင်းကို ဖြဲထုတ်မှ ခြေကျင်းဖြုတ်လို့ ရတဲ့စနစ်။ မနက်လေးနာရီလောက်မှာ တ၀ုတ်ဝုတ်ဟောင်နေတဲ့ စစ်ခွေးတွေခြံရံပြီး ကျွန်တော်တို့ကို ထောင်ဗူးဝနား အထိထုတ် လူစစ်။ နောက် အချုပ်ကားပေါ်တင်။ မနက်မှောင်မဲမဲမှာ ခရီးတခုကို စကြရတယ်။ နေရစ်တော့ အင်းစိန်ထောင်။

ဘယ်ရောက်မယ်မသိဘူး။ အချုပ်ကားပြာထဲမှာတော့ အင်းစိန်ထောင်က မထားချင်ဆုံး တကယ့် ဆိုးပေ့တေပေ့ ဆိုတဲ့ သေဒဏ်ကျ လူဆိုးလူမိုက် ၁၀ယောက်ကို နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ ၁၀ယောက်နဲ့တွဲ။ စုစုပေါင်းအယောက်၂၀ ပါလာကြတယ်။ သင်္ဃန်းကျွန်းက ခေါင်း၆ခေါင်း ဖြတ်တယ်ဆိုတဲ့ ခွေးဘီလူးခေါ် တင်မောင်လတ် ဆိုတာလည်းပါရဲ့။ အားလုံး ဒဏ်ရာတွေကိုယ်စီ။ တချို့ ကြိုးသမားတွေက မျက်လုံးတွေမှာပါ သွေးခြေဥနေတာ ကြောက်စရာ။ နောက်တော့ ကြိုးသမား သိန်းအေးနဲ့ ညီညီထွေးလို့ သိလာ။ အချုပ်ကား အခန်း အလယ်ကောင်မှာက အချိန် ၅၀-၀င် စဉ့်အိုးကြီးတလုံး ချထားတယ်။ အလေးအပေါ့ လုပ်ကြ။ ကားကသွားနေတုန်း လူ ၁၉ယောက် ရှေ့မှောက်မှာ အလေးအပေါ့ဆိုတာကို သံခြေကျင်း ကိုးယို့ကားယားနဲ့ သွားရတာ ဘယ်လိုရှိမလဲ။ ချောင်းကြည့်ပေါက်က မြင်သလောက်တော့ ကားက ပြည်ဘက်ကို ဦးတည်နေ။ ဒါပေမယ့် သာယာဝတမြို့ကို ကျော်လာတယ်။ သာယာဝတီထောင်ကို ပြောင်းတာမဟုတ်။

ပြည်မြို့ကို ၀င်တော့ ဧရာဝတီမြစ်ကြီးနဲ့ယှဉ်ပြီး ကားကိုမောင်းနေတာ မှတ်မိတယ်။ စက်တင်ဘာလဆိုတော့ ဧရာဝတီရေက တိုးနေတာ လမ်းပေါ်ကို ရေစပ်စပ် ရောက်နေတယ်။ အကွေ့အကောက် ဖြစ်နေတဲ့လမ်းကို နေရာတော်တော်များများမှာ ရေကျော်နေတာ ချောင်းကြည့်ပေါက်က မြင်ရတယ်။ ကားက လမ်းအူကြောင်းကို ယူမောင်းနေပေမယ့် ကျွန်တော့်စိတ်ထဲမှာ မျက်စိတဆုံး မြစ်ရေပြင်ကြီးကို မြင်နေတော့ ကျောထဲအထိ ကြောက်စိတ်က ၀င်လာတယ်။ မမြင်ရတဲ့တနေရာမှာ လမ်းချော်ပြီး ကား ရေထဲဆင်းသွားရင် ဆိုတဲ့အတွေး။ လောကကြီးကို တာတာ့ပြရုံပဲ။ သံတခါး ၂ထပ်ကိုဖြတ်ဝင်ရတဲ့ အချုပ်ကားထဲမှာလူက ခြေကျင်းဝတ်နဲ့ ဆိုတော့ ရေနစ်ခဲ့ရင် ဆိုတဲ့အတွေး။

ပြည်ရောက်တော့ ပြည်ထောင်ထဲ ၀င်ရတယ်။ ပြည်ထောင်ကိုများ ပြောင်းလိုက်တာလား။ မဟုတ်သေးဘူး။ ဆက်ထွက်ကြရတယ်။
 
ဆက်ပါဦးမယ်။

ခွန်ဆိုင်း ( ၁၀.၁၀. ၂၀၁၁)

အညတြသူရဲကောင်း ကိုသန်းဇော် ခေါ် ကိုသန့်ဇော် --အပိုင်း (၂)

by Khun Saing on Tuesday, October 11, 2011 at 9:10am

ကြိုးတိုက်ထဲမှာ၂၃နှစ်ကြာ

အပိုင်း (၂)

ထိပ်ဆုံးက မာဇဒါဂျစ်တစီး ဦးဆောင်၊ လက်နက်အပြည့်အစုံနဲ့ တိုင်းရဲကား ၂စီးရှေ့နောက်ညှပ်၊  မနက် ၄နာရီလောက် ကတည်းက ခရီးစလာတဲ့ ကျွန်တော်တို့ အချုပ်ကားပြာကြီးဟာ ပြည်ထောင်က ထွက်လာတော့ နေ့လည် ၁နာရီလောက်ရှိပြီ။ လမ်းမှာ ကားခုန်တိုင်း တချို့တင်ပါးဒဏ်ရာတွေကပို နာလို့ထင်တယ်။ ကုန်းကုန်းကွကွ မတ်တပ်ရပ်လိုက် ပြန်ထိုင်လိုက်လုပ် နေတာဦးဇော်ဖေ၀င်း။ ဦးဇော်ဖေ၀င်း(မြန်ညီဒီပါတီ) တင်ပါးက ညိုပုတ်နေရုံမက။ သူ့အသားက ပိုနုသလားမသိဘူး။ မီးလောင်ဖုလို အရေကြည် ဖုတွေထပြီး ထိုင်ရတာ ပိုနာပုံရတယ်။ ထိုင်လိုက်ထလိုက်နဲ့။ နောင် ရာသီဥတုအေးတာနဲ့ ခြေထောက်တဖက်က ဒဏ်ဖြစ်ပြီး ခတ်ဆွဲဆွဲ လမ်းလျှောက်ရတာတွေ့တယ်။ ပန်းပဲတန်းမြို့နယ်က လူကောင်သေးသေး ရှေ့နေဦးသိန်းဟန်ကတော့ သူ့ကိုယ်ပေါ် ထောင်ဝန်ထမ်းတွေ တက်ခုန်တဲ့အကြောင်း ခဏခဏ မကျေမချမ်း စမြုံ့ပြန်။ ဗိုလ်ကြီးစိုင်းဝင်းကျော် ကခပ်တည်တည်။ ကျွန်တော်လည်း အတွေးနဲ့ ဘာမှ စကားသိပ် မပြောဖြစ်ဘူး။ ထောင်ဝင်စာ တွေ့ခွင့်မရသရွေ့ စိတ်ပူနေမယ့် အမေတွေအကြောင်း။ ဘယ်ရောက်လို့ ဘယ်ပေါက်။ ဘာတွေဆက်ဖြစ်ကြမလဲ။

မွန်အမျိုးသား မကသ - ဥက္ကဌကိုမင်းဇေယျက အသဲကောင်းတဲ့လူ။ သူ့ကျောကုန်းနဲ့ တင်ပါးဒဏ်ရာ အနာတွေက ပိုများတယ်။ ရုပ်ပျက်ဆင်းပျက်။ ထောင်က သူ့ကိုတော်တော် အညှိုးတကြီးထားတယ်။ -ရိုက်နေတာ ကျွန်တော့် မျက်နှာကို အ၀တ်စီးထားပေမယ့် အကြာကြီး-နားထဲမှာ ကြားနေခဲ့တယ်။ အညာသား မလှိုင်နယ်က ဗကသ ကိုညိုထွန်းက စစ်ကြောရေးက ကန်တဲ့နေရာကို ပြန်ထိတယ်ပြောတယ်။ တိုက်ထဲမှာ ထော့နဲ့ထော့နဲ့ လမ်းလျှောက်တယ်။ ကိုသန်းဇော် ကိုမြင့်ဆွေ (ကျောင်းသား၊ အေဘီ အက်စ်ဒီအဖ်က သေဒဏ်ကျကြိုးသမား၊ နောင်အရူးတယောက် လက်ချက်နဲ့ သရက်ထောင်ထဲမှာ ကွယ်လွန်)ကို ဆက်အောင်နိုင် (တကသ ဦးလှရွှေသား) ကိုအောင်ဇော်ရှား (ပဲခူးကျောင်းသား)တို့က လူငယ်ပိုင်းတွေလို့ ပြောရင်ရမယ်။ အားလုံး ၁၀ယောက်။

ထောင်သဘာ ရင့်နေတဲ့ ကြိုးသမားတယောက်က တခြားထောင်တခု ရောက်ရင်အ၀င်မှာထပ် အရိုက်ခံရနိုင် သေးတယ်လို့ ဆိုလိုက်တဲ့အချိန်မှာ အားလုံးငိုင်သွားတယ်။ ထောင်အ၀င် ဦးချိုးတာဆိုပဲ။ ပတ်ပတ်စက်စက် ရိုက်တတ်တဲ့ အကျင့်ရှိတဲ့ အကြောင်းပြောတော့ အားလုံး တွေကုန်တယ်။ ရထားတဲ့ ဒဏ်ရာတွေက နာကျင်နေကြပြီ။ သွေးအေးနေပြီ။ ထပ်တွယ်ခံရရင် မလွယ်ဘူးဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ပေါ့။ လက်ပံတန်းကိုကျော်၊ အောင်လံမြို့အရောက် ကားက ဧရာဝတီကမ်းစပ်ကို တောက်လျှောက် ထိုးမောင်းချသွားတော့ သိလိုက်ကြပြီ။ အောင်လံတဖက်ကမ်းမှာ သရက်ရှိတယ်။ အဲဒီမှာ သရက်ထောင်လေ။ ကျွန်တော်တို့ကို ကားပေါ်က ချတော့ အောင်လံစခန်းတခုလုံးက ရဲတွေ ခေါ်ထားသလား မသိဘူး။ လူတွေကို ဘေးတဖက် တချက်ကနေ ကိုက်နဲနဲစီခြား ခြံရံပြီး ဒုတိယကမ္ဘာစစ် လက်ကျန် ငါးတောင့်ထိုး အမေရိကန် ရိုင်ဖယ်ကြီးတွေနဲ့ ၀ိုင်းချိန်ထားကြတာ။ စကားပြောစက်နဲ့ အရပ်ဝတ် ထောက်လှမ်းရေးတွေ အလုပ်တွေရှုပ်လို့်။

အချိန်သိတ်မကြာလိုက်ခင် အောင်လံမြို့လူထုက မြင်ကွင်းကို အထူးအဆန်းနဲ့ ရုန်းစုရုန်းစု ဖြစ်ပြီး လာကြည့်ကြတာရုပ်ရှင်ရိုက်သလိုပဲ။ ထောင်ဝန်ထမ်းတွေက ကျွန်တော်တို့ကို ဘယ်မှလှမ်းမကြည့်နဲ့ ခေါင်းတွေငုံ့ထားလို့ ဟိန်းဟောက် ခြိမ်းခြောက်နေတယ်။ မော်တော် ထဲကိုဆင်းတော့ မော်တော်က ခတ်သေးသေးလေး။ လူ၂၀-၀မ်းခေါင်းထဲ ထိုင်လိုက်တော့ ပြည့်သွားတယ်။ မသိမသာခိုးကြည့်တော့ မော်တော် နှုတ်ခမ်းက ရေပြင်နဲ့ နီးနေသလိုလို။ ရဲတွေက လက်ရမ်းဘောင်တွေ ပေါ်ကနေလက်နက် ကိုယ်စီအသင့်အနေအထားမှာ။ ဒီကောင်တွေ ရေထဲခုန်ချ ထွက်ပြေးသွားနိုင်တယ် ဆိုတဲ့ပုံစံမျိုး။ တကယ် ကိုယ့်အတွေးမှာက ဘောင်းဘောင်းထနေတဲ့ ဧရာဝတီမြစ်ပြင်ကြီးကို ကြည့်ပြီး ဒီမော်တော် မှောက်လို့ကတော့ သံခြေကျင်းတွေနဲ့ ငါတို့အားလုံး ခဏလေးမြုပ်သွားမှာလို့ တွေးကြောက်နေခဲ့တာ။

သရက်ဆိပ်ကမ်းကို တက်လာကြတော့လည်း ကမ်းညွှတ်အောင် လူတွေကြည့်ကြတယ်။ ရဲတွေက စီတန်းပြီး တဖက်တချက်ကနေ သေနတ်တွေ ချိန်ထားတဲ့ ဒီထောင်သားတွေဟာ အတော်ဆိုးတဲ့ ရာဇ၀တ်သားတွေ ဖြစ်မယ်ဆိုတဲ့ အတွေးတွေ ရှိမလားမသိ။ အနီးကပ် လာကြည့်ရင် ဒဏ်ရာတွေလည်း ကိုယ်စီ။ သရက်ထောင်ဝင်တော့ ကျွန်တော်တို့ ကံကောင်းပါတယ်။ ထောင်ပိုင် က လုပ်သက်ရင့် အရပ်သားထောင်ပိုင် အဖိုးကြီး။ ပင်စင်သွားလုဆဲဆဲ။ သတင်းတွေ အစုံရထားပြီးပြီ။ နောက်မှသိတာ နိုင်ငံခြား သတင်းဌာနတွေ အားလုံးက အင်းစိန်ထောင် ဆန္ဒပြပွဲကို ညတွင်းချင်း လွှင့်ထုတ် နိုင်ခဲ့ကြတယ်။ သူထပ်ထုလိုက် ထောင်းလိုက်လို့ပါ လာပြီးသား အတွင်းကြေ ဒဏ်ရာတွေနဲ့ တခုခုဖြစ်ရင်သူ့ ခေါင်းကို ပုံလာနိုင်တယ်လို့ တွက်ပုံရတယ်။ လိုက်ပို့တဲ့ ထောင်မှူးကိုယ်တိုင်က ဆေးမှူး။ ဒီလူတွေ လမ်းမှာတခုခု ဖြစ်ရင်ဆိုတဲ့ အတွေးနဲ့ အင်းစိန်က ထည့်ပေးလိုက်တာ။ ထောင်ပိုင်ကြီးက ထပ်မထု မထောင်းလိုက်တာ ခုထိကျေးဇူး တင်တယ်။ ကျွန်တော်တို့ သရက်ထောင် ရောက်ပြီးနောက်မှ ပြောင်းလာတဲ့ သာယာဝတီက ကိုဂျော်လီထွန်း။ အင်းစိန်က ၅ညနဲ့ လူ (၁၀၀) ရောက်လာချိန်မှာ နောက်ထောင်ပိုင် အသစ်- အထုခံကြရတယ်။

ကျွန်တော်တို့ကို တိုက်ထဲတန်းပို့တယ်။ တယောက်တခန်း။ ၀မ်းသာလိုက်တာ။ တိုက်ခန်းထဲဝင်လို့ တံခါး သော့ခတ်လိုက်တာနဲ့ လူကစိတ်ချမ်းသာသွားတယ်။ လုံခြုံသွားပြီ်။လူ့ အသိစိတ်က အတော်ဆန်းတယ်။ ဒီလောက် တိုက်ခန်းကျဉ်းကျဉ်းလေးထဲ အပိတ်ခံလိုက်ရတာကို စိတ်မမွန်းကြပ်သွားပဲ စိတ်အေးချမ်း လုံခြုံသွားတယ်ဆိုတာ ထောင်ကျတိုက်ပိတ် နေဘူးသူမှ နားလည်နိုင်မယ်။ ဒါထောင်ကပေးတဲ့အသိတခု။ တိုက်တံခါးဖွင့်ထားရင် လူဟာအချိန်မရွေး အရိုက်ခံရ အသတ်ခံရနိုင်တယ်။ (နောင်ကျွန်တော်တို့နဲ့ ပါလာတဲ့ကိုမြင့်ဆွေက တိုက်ခန်းအပြင် ထွက်မျက်နှာ အသစ်မှာ ရိုက်အသတ်ခံ လိုက်ရတာ။) တိုက်ခန်းတံခါး သော့ခတ်ထားတဲ့ အခိုက်ဟာ ကိုယ့်ကိုယ်ဘယ်သူမှ ရုတ်တရက် အန္တရာယ်ပြုဘို့ မလွယ်ဘူး။ ဘ၀ကအခိုက်အတန့် လုံခြုံသွားတယ်ဆိုတဲ့ အသိ။

အဲဒီအတွေး ၀င်လာရင် သူငယ်ချင်းတယောက်ဆီက ခြံလှောင်မွေးတဲ့ ဥစားကြက်တွေကို ပြေးပြေးမြင်တယ်။ ခြံလှောင်ပြီးမွေးတဲ့ ဥစားကြက်တွေကို ခြံပြင်ထုတ်လိုက်ရင် သူတို့မနေတတ်ဘူး။ ချက်ခြင်းခြံထဲ ပြန်ပြေးဝင်တာ တွေ့ဘူးတယ်။ ကိုယ်လည်း ခြံလှောင်ကြက်တွေလို ခံစားချက် ဖြစ်နေတယ်လို့ မကြာခဏတွေးဖြစ်တယ်။ သရက်ထောင်ကျမှ အ၀တ်တထည် ကိုယ်တခုနဲ့တကယ် အခြေအနေမဲ့ ဖြစ်တော့တယ်။ ထောင်သာ ပြောင်းပေးလိုက်တာ။ ဘာပစ္စည်းမှ ပါမလာဘူး။ အင်းစိန်တိုက် နံပါတ်လေး ကနေ စစ်ခွေးတိုက်။ စစ်ခွေးတိုက်ကနေ အခုသရက်ထောင်တိုက် နံပါတ်၂။ ထောင်ပိုင်က တယောက်ချင်း ဒဏ်ရာတွေ လိုက်စစ်တယ်။ ဒါပေမယ့် ဘာဆေးမှတော့ မပေးဘူး။ အထက်ညွှန်ကြားချက်လည်း ဖြစ်နိုင်တယ်။

ကိုသန်းဇော်နဲ့ ကျွန်တော်အတူတူ သရင်ထောင်တိုက်နံပါတ် ၂ မှာ နေခဲ့ကြတယ်။ သရက်ထောင်က အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲအပြီးမှာ ဆောက်တာဆိုတော့ တိုက်တွေက အိုလှပြီ။ မျက်နှာကျက်မှာ လင်းနို့တွေ တွဲလွဲဆွဲ အုပ်ဖွဲ့နေကြတယ်။ ကျွန်တော်အတွက်တော့ စိတ်ဝင်စားစရာ တခုရတယ် အောက်မေ့တယ်။ လင်းနို့အမေတွေက လင်းနို့သား ကလေးတွေ ချီပိုးထားတာ။ နို့တိုက်တာ။

ခြေကျင်းတချွင်းချွင်းနဲ့ ၂ပတ်လောက်နေတော့ ရေစချိုးခွင့်ပေးတယ်။ ခြေကျင်းတွေ လာဖြုတ်တယ်။ အချုပ်အနှောင်ဘ၀မှာ နောက်ထပ် အချုပ်အနှောင်တခု နဲ့နေရပြီး အဲဒီအချုပ်အနှောင်ကနေ ပြန်လွတ်တဲ့အရသာ။ အဲဒီမှာခံစားလို့ရတယ်။ လွတ်လပ်မှု သေးသေးလေးတခု ပြန်ရတာ။ ကျွန်တော်အင်းစိန်က ပါလာတဲ့ ဒဏ်ရာတွေမှာ မထင်မှတ်တဲ့ လည်ပင်းက ဒဏ်ရာက ခံနေရတယ်။ ၀န်ထမ်းတွေမျက်နှာကို ပုဆိုးအုပ်ပြီး လည်ပင်းကနေ လိမ်အရစ်မှာ အတော်ကြပ်သွားတယ်။ နောက်- ဆောင့်ဆွဲ ဆောင့်တွန်း လုပ်ကြတော့ လည်ပင်းအစ်ပြီး လည်ချောင်းက အသံအိုးကို ထိခိုက်သွားပုံပဲ။ စကားပြောရင်လည်ပင်းက နာနေပြီး အသံက သိပ်မထွက်ဘူး။ ကျောနဲ့တင်ပါးတွေက ဒဏ်ရာတွေက ချက်ချင်းမပျောက်ပဲ တလလောက်အထိ ညိုမဲနေပြီး။ ဒဏ်ရာတွေ တလကျော်တော့ ပျောက်ပြီ။ ထောင်ဝင်စာ စတွေ့ခွင့်ပေးတယ်။

အဲဒီမှာ မိဘတွေနဲ့ပြန်တွေ့ခွင့်ရကြ။ အိမ်တွေက အသင့်ယူလာတဲ့ စောင်အ၀တ်အစား စားစရာလေးတွေနဲ့ ဘ၀က ပြန်စိုစိုပြေပြေဖြစ်လာကြ။ နောင်တော့ အပြင်က မိသားစုတွေလည်း ရင်းနှီးကုန်ကြပါတယ်။ သတ်မှတ်ထားတဲ့ရက်ကိုလာတွေ့ရတာဆိုတော့ ထောင်ဝင်စာလာတွေ့ရင်း အပြင်မှာအတူတူစောင့်ရင်း အကျွမ်းတ၀င်ဖြစ်သွားကြတာပေါ့။

ရန်ကုန်ကနေ သရက်ထောင် လစဉ်လာတွေ့ရတဲ့ ဒုက္ခက မိဘတွေအတွက် အတော်ကြီးရှာကြပါတယ်။ ကုန်းတတန်ရေတတန်။ မိုးတွင်းမှာ  ကြုံရာကူးတို့စီး။ ရေပြင်ကြီးကို ဖြတ်မှရောက်တယ်။ အောင်လံဘက်ကမ်းမှာ တညအိပ်ပြီး မနက်စောစောထမှ သရက်ထောင်ဝင်စာကို နေ့လည်လောက် တွေ့ရတယ်။ ပြည်ရန်ကုန်ရထား အမှီကားအမှီ ပြန်ဘို့ ဧရာဝတီမြစ်ကို ကြုံရာပြန်စီး။ နွေရောက်ပြီဆိုရင် ထောင်ဝင်စာ တနင့်တပိုးထမ်းပြီး နေပူပူမှာ သဲသောင် ပူပူရှည်ကြီးတွေကို ဖြတ်လာတွေ့ရတဲ့ဒုက္ခ။ မိဘတွေညည်းကြတယ်။

ဒီလိုနဲ့ တနှစ်လောက်ရှိတော့ ကိုသန်းဇော် အဖေလေဖြတ် ပြီးဆုံးတယ်။ အသက်သိပ် မကြီးသေးဘူး။ တပ်ကြပ်ကြီးဟောင်း တယောက်။ ဒီသတင်းကို သူ့အမေက ကျွန်တော်တို့ကို တိုးတိုးတိတ်တိတ် ပေးသွားတာ။ သူ့သားကို ပြောမထွက်ဘူးလေ။ သူက သူ့အမေကို ထောင်ဝင်စာတွေ့ပြီး ပြန်လာပေမယ့် အမှုမဲ့အမှတ်မဲ့။ ကျွန်တော်တို့က သတင်းကိုသိနေပြီ။ သူ့မျက်နှာကို ကြည့်ပြီး ဘယ်လိုပြောရမလဲ။ ကျွန်တော်တို့ အချင်းချင်း တိုင်ပင်ကြပါတယ်။ သေဒဏ်ကျထားတဲ့ သူတယောက်ကို ထပ်စိတ် ဖိစီးစေတဲ့-ကိစ္စ။ ဒါပေမယ့်ဒါက ကြာကြာဖုံးထားလို့ မဖြစ်ဘူး။ သူ့အမေပြန်သွား။ ၃ရက်လောက်ရှိတော့ ကျွန်တော်တို့ ရေချိုးဖွင့်ချိန် တခန်းမှာစုပြီး သူ့ကို အားလုံးအလယ်မှာ ထားပြီး ကျွန်တော်ပဲ ပြောရတယ်။ သူ့အဖေဆုံးပါးသွားပြီလို့ -သူ့အမေ ထောင်ဝန်ထမ်းတွေက တဆင့် ပြောခိုင်းလိုက်တဲ့ အကြောင်း။

သူမျက်နှာ တချက်ပျက်တယ်။ နောက်ဘာမှ ထွေထွေထူးထူး မပြောပါဘူး။ ယောင်္ကျားတွေ။ ဒီလိုပဲ ကြိတ်ခံတာပေါ့။ ကျွန်တော်လည်း စိတ်ထိခိုက်တယ်။ နောင် ၁၀နှစ်ကြာတော့ ဒီလိုအဖြစ်ကို ကျွန်တော်ကိုယ်တိုင် ရွှေဘိုထောင်မှာ ကြုံရတယ်။ ကံဆိုးပြန်တာက သဘောကောင်းတဲ့ အရပ်သားထောင်ပိုင်ကြီးက သရက်ထောင်မှာ သိပ်မကြာလိုက်ဘူး။

ထောင်ပိုင်အသစ် ဗိုလ်ကြီးသောင်းညွန့် ဆိုတာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ဘုန်းမြင့် တိုက်ရိုက်ခန့်။ စစ်တပ်ကပြောင်းပြီး ရောက်လာတယ်။ အဲဒီမှာကျွန်တော်တို့ ဂြိုလ်ဝင်တာပေါ့။ အတော်အနေကြပ် အစားကြပ်ဖြစ်တယ်။ သူကထောင်အတွေ့အကြုံလုံးဝမရှိ။ ဘယ်လိုအုပ်ချုပ်တယ်ဆိုတာမသိဘူး။ သူ့စိတ်ထဲ ကျွန်တော်တို့ကို စစ်မြေပြင်က ဖမ်းမိထားတဲ့ စစ်သုံပန်းလိုထင်ပုံရတယ်။ ပုံစံအပြတ်ကိုင်တယ်။ ကျွန်တော်တို့မှာ နေ့စဉ် ကြိုးသမားတွေနဲ့ စရိုက်မတူပဲနေရတဲ့ဒုက္ခ။ ထောင်က ပုံစံကိုင်တဲ့ဒုက္ခနဲ့ အတော် ငရဲကြီးနေကြတာပေါ့။ရာဇ၀တ်မှုနဲ့ ကြိုးသမားတွေကအချင်းချင်း မကြာခဏ ရန်သတ်ကြတယ်။ သူတို့ရန်သတ်ရင်အသေအကြေလုပ်တတ်တော့ ကိုယ်တွေက ၀င်ထိန်းရတယ်။ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုကြတယ်။

လုပ်လိုက်လို့ သောက်ခွက်- ရာသီလာသွားမယ်တို့။ နံနိမ့်သွားမယ်တို့။ ပုံစံကို ၀အောင်စားထားတို့၊  မင်းကို သနားလို့ နို့ပေးကိုင်- (---) -ရန်မရှာနဲ့ဆိုတာတွေ့က နေ့တိုင်းတချို့ ၀န်ထမ်းတွေနဲ့ သူတို့ဆီကနေ ကြားရတယ်။ ဒါပေမယ့် ရာဇ၀တ်မှုနဲ့ ကြိုးသမားတွေအများစုက ထောင်ဝင်စာ လာတွေ့တာ မရှိတော့ အနေအစားမှာ ကျွန်တော်တို့ကို မှီခိုရတယ်။ ကျွန်တော်တို့ကလည်း ဘ၀တူ အကျဉ်းသားတွေဆိုပြီး မေတ္တာနဲ့ဆက်ဆံ။ နိုင်ငံရေးအမှု ရာဇ၀တ်မှု မခွဲပဲ အတူတူ မျှစားတော့ သူတို့ကလည်း ခင်မင်လေးစား ရှိကြပါတယ်။ သူတို့အပေါ် အထိုက်အလျှောက် ပြောလို့ဆိုလို့ ဆုံးမလို့နာခံကြပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့လို။ Amnesty International လိုအဖွဲ့မျိုးက စာတချို့ ကိုသန်းဇော် အမေအိမ်ကိုရောက်။ နောက်စကားတွေပြန့်။ ဘယ်လို သတင်းရသလဲ မသိဘူး။ သက်ဆိုင်ရာက စာတွေ လာသိမ်းသွားတယ်လို့ သူ့အမေက ပြောတယ်တဲ့ ကိုသန်းဇော်က သူ့အမှုနဲ့ ပတ်သက်ပြီး တကယ့် အဖြစ်မှန်ကို သူခံစားရသလို စာရေးတယ်။ စာရွက်ဘောပင် ဆိုတာကတော့ ကျွန်တော်တို့ တတွေအသက်။ ကျွန်တော်တို့ လက်နက်လေ။ ရသလို ရင်းပြီး ရှာဖွေလေ့ရှိတယ်။ ဘောပင်တချောင်းကြောင့် နောက်မှ ပြောင်းလာတဲ့ ၅ညတချို့ ထောင်ပိုင် ဦးသောင်းညွန့်ရိုက်တာ သေလုမျောပါးခံရတဲ့ အကြောင်း ကိုဝင်းနိုင်ဦးက တချိန်မှာ အညတြတယောက်ရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း စာအုပ်မှာ ပြန်ရေးတာ ဖတ်ရမယ်။ မဂ္ဂင်ဆရာတော်ကြီးပါ သိမ်းကြုံးအရိုက်ခံခဲ့ရတာပေါ့။

သူရေးထားတွေးထားတာလေးတွေ ကိုသန်းဇော် ကျွန်တော်ကိုပြတယ်။ အင်းစိန်မှာ သူ့အမှုမှန်ကို ရေးပြီးအပြင်အထုတ်မှာထောင်က မိသွားပြီး သူသေလုမျောပါးအရိုက်ခံခဲ့ရပြီးပြီ။ ၀ါယာကြိုးတွေနဲ့ လူကို ချည်ပြီးရိုက်တာ။ ဒါကိုမမှတ်ဘူး။ သရက်ထောင်မှာထပ်ရေးတယ် ။ ကျွန်တော်က သရက်ထောင်မှာ ၃နှစ်ပဲနေရတယ်။ ၁၉၉၃ သြဂုတ်လရောက်တော့လွတ်ရက်စေ့တယ်။ ဘယ်နေ့လွတ်မယ်ဆိုတာ ထောင်ပိုင်က ကြိုမပြောဘူး။ လွတ်မယ့်နေ့ကျမှ နာရီဝတ်လောက်အလိုမှာ ရေချိုးအ၀တ်အစားလဲ။ လွှတ်မယ်လာပြောတာ။

ကိုသန်းဇော် ကျွန်တော် အနားကပ်လာတယ်။ အတူတူအကြာကြီး နေလာပြီး ရုတ်တရက်ခွဲကြရမယ်။ ဘယ်တော့မှ ပြန်တွေ့ကြမယ် ဆိုတာမသိ။  အားလုံးနားလည်တဲ့ ကိစ္စ။ ကျွန်တော် ဘာမှ စကားမပြောနိုင်ဘူး။ သူကျွန်တော်ကို ကျစ်ကျစ်ပါအောင်ဖက်တယ်။ နောက် ပါးစပ်က အကို- ကျွန်တော့်အမှုကို ကမ္ဘာက သိအောင် လုပ်ပေးပါ- အထပ်ထပ်-မှာတယ်- အထပ်ထပ်-မှာလိုက်တယ်။

ဆက်ပါဦးမယ်

ခွန်ဆိုင်း ( ၁၁.၁၀ . ၂၀၁၁)

ဘာအပြစ်မှမရှိပဲထောင်ကျ နေတာ ၂၃နှစ် ရှိပြီ

အညတြသူရဲကောင်း ကိုသန်းဇော်(ခေါ်) ကိုသန့်ဇော်----- အပိုင်း- ၃

by Khun Saing on Wednesday, October 12, 2011 at 8:12am

အညတြသူရဲကောင်း ကိုသန်းဇော်
-အပိုင်း- ၃

ကျွန်တော့်ကိုထောင်က လွှတ်လိုက်တော့ သရက်ထောင်ပိုင်က နယ်မြေခံထောက်လှမ်းရေး လက်ထဲထည့်။ သူက မှတ်တမ်းနည်းနည်းယူ။ နောက်ရဲစခန်းအပ်။ ရဲက မော်တော်ဆိပ်လိုက်ပို့။ အောင်လံဘက်ကမ်းကူးတဲ့ ကူးတို့ပေါ် တင်ပေး။ ဘ၀တခုပြန်စ ကူးခတ်ရပြန်တာပေါ့။ နောက်နေ့မနက် အိမ်ပြန်ရောက်တော့ လင်းအားကြီး။ ဘယ်သူမှ အိပ်ယာမနိုးခင်။ အမေဆိုတာဝမ်းသာအယ်လဲ။

ထောင်လွတ်စမှာ တိုက်ထဲအတူနေခဲ့တဲ့ လူတွေ မှာလိုက်သမျှ ကိုယ် မှတ်မိသမျှ လိပ်စာတွေအတိုင်း လိုက်တွေ့။ သူတို့အမေမိဘဆွေမျိုးတွေနဲ့ စကားပြောရတာ တလကုန်သွားတယ်။ ကျွန်တော်ထောင်ထဲ ရောက်နေတဲ့ လေးနှစ်တာကာလမှာ တိုးချဲ့လာတဲ့ရပ်ကွက်တွေ၊ ရပ်ကွက်အရွေ့ အပြောင်းတွေများ လွန်းတဲ့မဟာရန်ကုန်။ သင်္ကန်းကျွန်း သာကေတ မြောက်ဥက္ကလာစတဲ့ မြို့နယ်တွေမှာနေတဲ့လူတွေကို ပြန်အစကောက်ရတာ မလွယ်ဘူး။ တချို့က တရပ်ကွက်လုံး ဖယ်ရ တခြား ပြောင်းရတာဆိုတော့ ဘယ်ရောက်လို့ ဘယ်ပေါက်သွားကြတယ် မသိနိုင်တော့။ ထောင်ထဲက ကြိုးသမားတွေဘ၀မှာ သူတို့မိသားစုတွေက သူတို့ရှိတဲ့ နယ်ထောင်ဝင်စာကို လိုက်လာပြီး တွေ့ဘို့ အင်အားမရှိတာနဲ့ တခါမှမတွေ့နိုင်ကြ။ ကျန်ခဲ့တဲ့သူတို့ ရပ်ကွက်တွေကလည်း ဝေးဝေးလံလံ ရွှေ့သွားဆိုတော့ နောင် တချိန်ဒီကြိုးသမားတွေ လွတ်မယ့်၁၅နှစ်။ နှစ် ၂၀ မှာမိသားစုကို ပြန်အစကောက်ဘိှု့ ပြန်ဆုံနိုင်ဘို့ ဘယ်လိုမှ လွယ်မှာမဟုတ်တော့ဘူး။ အားလုံး သုံညကနေ- တကိုယ်တော် ပြန်စကြဘို့သာရှိမလား။ ကျွန်တော် သူတို့မိဘတွေကို လိုက်ရှာ မတွေ့တော့တဲ့အခါ အဲဒီလို အတွေးဖြစ်တယ်။

ကိုသန်းဇော်အမေနဲ့ အမရယ်။ သူ့ဖတဆိုး တူမလေးကိုတော့ သူမှာလိုက်တဲ့ တညင် ဘက်မှာ ရှာလို့တွေ့တယ်။ ကိုသန်းဇော်အမေနဲ့ တနေကုန် စကားပြောတယ်။ ရိုးရိုးဗွင်းဗွင်းကြီး။ ယောင်္ကျားကဆုံး။ ကိုသန်းဇော်ကမရှိ။ ကိုသန်းဇော်ရှိတုန်းက- ဒီသားက မိသားစုစီးပွါးရေး မှာဦးဆောင်တာ-ခုသူမရှိတော့မိသားစုခက်ခဲတဲ့အကြောင်း။ သမီးမူလတန်းပြ ဆရာမလစာနဲ့နေရတယ်ဆိုတဲ့အကြောင်း အိမ်ကို ရောင်းပြီးနဲနဲ ဈေးသက်သာတဲ့ဘက်ရွှေ့ဘို့ စဉ်းစားနေတဲ့အကြောင်း။ နောက်တော့ တကယ်လည်း သူတို့အိမ်ရောင်းနေရာ ပြောင်းရရှာတယ်။ သွားလည်တိုင်း တခေါက်ထက် တခေါက် အခြေပျက်နေတာ တွေ့တယ်။ ကိုယ်ကလည်း ဘ၀ကို အသစ်တခုပြန်စရ ရုန်းကန်ရဆိုတော့ ဘယ်မှာအချိန်ပြည့် ကူနိုင်မလဲ။ လ္ဘက်ရည်ဆိုင်မှာမိုးလင်းမိုးချုပ်အလုပ်ရှုပ်နေခဲ့တာ။ သရက်ထောင် သူတို့သွားတဲ့ အခါမှာတော့ ၅၁လမ်းစိတ်တိုင်းကျ-ကို သူတို့ဝင်လာတတ်တယ်။ ကိုယ်ကလည်း ၀မ်းသာအားရ အမှတ်တရ ကြာကြာခံတဲ့ ပလာတာလေးတွေ ကိုသန်းဇော်တို့ စားဘို့ထည့်ပေး။ လမ်းစားရိတ်လေး နဲနဲထောက်။

ကိုယ့်လ္ဘက်ရည်ဆိုင်က ရောင်းကောင်းသလို ထောက်လှမ်းရေးကလည်း နေ့တိုင်း၊ လူလဲနဲ့ ကိုယ့်ကို လာစောင့်ရှောက် ပေးပါတယ်။ ကျွန်တော့်ဆိုင်က ဒီမိုကရေစီသမားတွေနဲ့ ထောက်လှမ်းရေးတွေ- ရ၀တတွေ- သတင်းပေးတွေနဲ့ ထောင်ထွက် ကျောင်းသားဟောင်းတွေ ခုံချင်းကပ်ကျော ပေးထိုင်ရင်း အားပေးကြတဲ့ ဆုံမှတ်တခုပေါ့။ အဲဒီ့မှာ လူထုက တကယ်ချစ်စရာ ကောင်းတာသိခဲ့တယ်။ တချို့က ထောင်ထွက်မှန်းသိလို့ သက်သက်လာ အားပေးတာလို့ ပြောပြီးမှ လ္ဘက်ရည်မှာတယ်။

ဒါပေမယ့် နိုင်ငံရေးကိစ္စက ကျွန်တော်သွေးထဲ၊ သားထဲကိစ္စဆိုတော့ ကြာကြာမနေရဘူး။ ၉၈အစကျွန်တော် အထူးကု ဆေးခန်းတခုကိုတွဲ အလုပ်လုပ်နေတုန်း ကျောင်းသား လှုပ်ရှားမှုသမိုင်း စာအုပ်ထုတ်တဲ့ အမှုပေါ်ပြီး ထောင်ထဲထပ် ၀င်ရတဲ့အခါ ကိုသန်းဇော် မိသားစုနဲ့ အဆက်အသွယ် ပြတ်သွားပြီ။ ဒီတခါက ၇နှစ်ကြာသွားတယ်။ ပြန်ထွက်လာတော့ ကိုသန်းဇော် အမေကော အမပါ ဆုံးပါးသွားကြပြီ။ မရှိကြတော့ဘူး။ သူ့တူမလေးက ဘယ်ဆွေမျိုး လက်ထဲပါသွားသလဲ။ ဘယ်ရောက်သွားပြီလဲ ကျွန်တော်မသိတော့ဘူး။ ၉၃တုန်းကတော့- ဘဘဦးဇော် ဘယ်တော့ လွတ်လာမှာလဲဆိုတဲ့ ၅နှစ်သမီး- သူ့တူမလေး အမေးကို ကျွန်တော် မကြာခင် လွတ်မှာပါဆိုပြီး ဖြီးဖြန်းခဲ့တယ်။ ၂၀၀၄ ရောက်တဲ့အခါ သူ၅နှစ်သမီး မဟုတ်တော့ဘူး။  မကြာခင်ဆိုတဲ့ စကားနဲ့ထပ် ပြောလို့နှစ်သိမ့်လို့ ရတဲ့ အရွယ်မဟုတ်တော့ဘူး။

ကျွန်တော်လည်း ခုတခေါက်ထောင်သက် ၇နှစ်အတွင်းအဖေဆုံးပါး။ အမေကလည်း အသက် ၇၀ကျော်သွားပြီ်ဆိုတော့ လွတ်လာတဲ့အခါ အမေက အားလျော့တဲ့လေသံနဲ့ -"သားကို နောက်ထပ် အမေလိုက်တွေ့ဘို့ အားမရှိတော့ဘူး။ သားနိုင်ငံရေးကို စိတ်မပြတ်နိုင်ရင် တိုင်းပြည်က ထွက်သွား။ အမေစိတ်ချလက်ချ သားကိုအဝေးက လွမ်းရင်းနေ သွားချင်ပြီ"" လို့ မပြောစဖူးပြောတယ်။ ကျွန်တော်ရင်နင့်တယ်။ ခက်တာကနိုင်ငံခြား တရားဝင် ထွက်ကြည့်ဘို့ ပတ်စ်ပို့ရုံးက သုံးပွင့်တတ်ထားတဲ့ သူငယ်ချင်းနဲ့ တဆင့်တီးခေါက် ကြိုးစားတာတောင် သူငယ်ချင်းက မလုပ်ပေးနိုင်ဘူး။ ခင်ဗျားတို့ကို စိစစ်နေတုန်းတဲ့။ လျှောက်လို့မရ။ ဘယ်လောက်ကြာမယ်မသိ။ ၂၀၀၆ဧပြီမှာ ကျွန်တော်နယ်စပ်ကို ထွက်လာခဲ့ပြီ။

ကျွန်တော် အိပ်မပျော်တဲ့ ကိစ္စတွေမှာ ကိုသန်းဇော်တို့ အကြောင်းတွေ အများကြီးစိုးမိုးတယ်။ ကိုသန်းဇော် ခေါင်းမကြာခဏ ကိုက်တဲ့ဒဏ်က ပိုဆိုးနေပြီလား။ သူ့ကို ဘယ်သူသွားတွေ့ဘို့ ရှိသလဲ။ သူတို့အတွက် ဘာလုပ်ပေးနိုင်သလဲ။ သူကိုယ်တိုင် ရေးထားတဲ့ သူ့အမှုဖြစ်စဉ်ကိုတော့ သက်ဆိုင်တဲ့ ဥပဒေဌါနတခုကို ပို့ပေးခဲ့တယ်။ ဒါပေမယ့်လည်း ဥပဒေဆိုတာ စစ်အစိုးရက ကြိုက်သလိုလုပ်နေတဲ့တိုင်းပြည်မှာ ဘယ်အချိန်ကျမှ ဥပဒေအကာအကွယ် ဥပဒေအထောက် အပံ့သူတို့ရမှာလဲ။ သူနဲ့ညီညီဦးကို သေဒဏ်နဲ့ တကျွန်းချထားတာဆိုတော့ လွတ်ငြိမ်းသက်သာ အမိန့်လာတဲ့အခါ သေဒဏ်က နှစ် (၂၀) ဖြစ်ပါတယ်။ တကျွန်းက ၁၀နှစ်ဖြစ်တယ်။ ဒီတော့ သူတို့ ၂ယောက်က နှစ် ၃၀ အခုဆက် ခံစားနေရတာပေါ့။ မိုးကျော်သူလေးက သေဒဏ်က နေ တကျွန်းပြောင်းတော့ နှစ်၂၀။ အခုသူလွတ်သွားပြီ။

ဒေါက်တာ ထွန်းသူတို့ ၁၆ယောက်လည်း တကျွန်းကျနေရာက လွတ်ငြိမ်း သက်သာလာတော့ ၁၀ နှစ်ဖြစ်ကုန်ပြီး အခုအကုန်လွတ်သွားကြပြီ။ ညီညီဦးကတောင်ငူထောင်မှာလေဖြတ်ခံရတယ်ကြားတယ်။ စိတ်ဘယ်လောက်ဆင်းရဲဖိစီးပြီး အသက်ငယ်ငယ်မှာလေဖြတ်ခံရနိုင်သလဲ။ သရက်ထောင်က လွတ်လာသူတိုင်းကိုကြုံရင် ကိုသန်းဇော် အကြောင်းမေးဖြစ်တယ်။ သူကကျွန်တော့် ရင်ထဲက လွမ်းဆွတ်နေတဲ့ ညီလေးတယောက်။ သိတ်စိတ်ကောင်းရှိတယ်။ အနစ်နာခံချင်တယ်။ တာဝန်ခံတတ်တယ်။ စွန့်စားချင်တဲ့ လူငယ်တယောက်။ သူနဲ့ ကျွန်တော် မီးပြင်းထဲကိုဖြတ်တဲ့ စမ်းသပ်ပွဲတွေကနေ သူကိုကျွန်တော်ဖတ်ခဲ့တယ်။

ကိုသန်းဇော် ဘယ်လိုနေလဲ မေးရင်စိတ်ထိခိုက်နေတယ် ဖြေတဲ့လူများတယ်။ ရေဒီယိုမိလို့ ထောင်၆လ ထပ်ချထားသေးသတဲ့။ ကျွန်တော် ခန့်မှန်း မိတယ်။ ကျွန်တော်ဆိုရင်လည်း စိတ်ထိခိုက်မှာပဲ။ ရူးချင်လည်း ရူးသွားနိုင်တယ်။ အင်္ဂလန်က ကိုယ်နေတဲ့မြို့ ကောလိပ်ညနေ COURSE တွေမှာ COUNSELLING COURSE တွေတက်ဖြစ်တော့ အတန်းဖေါ်တွေက ဘ၀ပြသနာတွေ တင်လာတာကို နားထောင်ရတဲ့အခါ ကျွန်တော်ခံစားလို့ မရတာတွေဖြစ်တယ်။ ပုရွက်ဆိတ်တန်ဆာ အနာလုပ်တယ် နေတယ်လို့ မကောင်းတဲ့ အတွေးတွေ ၀င်လာတတ်တယ်။ ငါလည်း ဆေးကုဘို့လိုတယ်။ ငါ့ညီကျတော့ ဘယ်လိုပြန်ကုမလဲ။ ၂၃နှစ်သား ဘ၀တခုကို အခု ၂၃နှစ်ပေါင်းလိုက်တဲ့အခါ အဲဒီဆုံးရှံးမှု ကာလကြီးဟာ ဘာနဲ့ ပြန်အစားထိုးမလဲ။ ဘာနဲ့ဆက် တန်ဖိုးဖြတ်မလဲ။ ထောင်ကျတာမဆန်းပါဘူး၊ ဘာမှမဖြစ်ပါဘူး ပြောတဲ့လူတွေ။ မထိတထိ ကော်မင့်တွေ တခါတလေ ဖတ်မိတဲ့အခါ ကျွန်တော်ကတော့ ထောင်ထဲတလှည့် ပြန်ရောက်သွားတဲ့ ထောက်လှမ်းရေးတွေရယ် ကျန်ခဲ့တဲ့ သူတို့ မိသားစုဘ၀တွေကို ပြေးပြေးမြင်လိုက်တယ်။

၂၀၀၄ နိုဝင်ဘာ ကျွန်တော့်ကို ရွှေဘိုထောင်က လွှတ်ပေးတော့ ၇ နှစ်ချထားတာ ပြည့်ဘို့ ၂လအလိုမှာပေါ့။ ထောင်သက်၅နှစ်လောက် အရမှာ လက်မှတ်ထိုးထွက်ဘို့ ဆိုပြီး ထောက်လှမ်းရေးကလာ ကြိုးစားတယ်။ နယ်မြေခံ အရာခံဗိုလ်က ကိုယ်ဖြေလိုက်တဲ့ အဖြေကို စိတ်ဆိုးပြီး ထောင်ထဲမှာ သေသွားချင်သလားလို့ ပြောတယ်။ မကြာခင်မှာ ကျွန်တော်တီဘီ ရောဂါရတယ်။ တီဘီအတွက် ဆေးကုဘို့ ထောက်လှမ်းရေးက လာတွေ့တော့လည်းသူပဲ။ လူကိုထောင်အကြိမ်ကြိမ် ကျပြီးထောင်မှာ သေမယ့်လူလို့ ပြောတယ်။

ကျွန်တော်လွတ်တဲ့အချိန်က- သူထောင်ထဲ ပြန်ဝင်ရတဲ့အချိန်ပေါ့။ သူတို့ထောက်လှမ်းရေး တဖွဲ့လုံး ထောင်ထဲရောက်ကြ။ အလုပ်တွေ အနားပေးခံရချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်လည်း ထိပ်ကပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်လက်ထက် မှားယွင်း စစ်ဆေးမိခဲ့တဲ့ အမှုတွေ စိစစ်ပြန်လွှတ်ပေးမယ်လို့ သတင်းစာက ဖေါ်ပြတယ်။ကိုသန်းဇော် ကိုညီညီဦးတို့ကို ပြန်လွှတ်လိုက်မလား မသိမသာ တွေးမိသေးတယ်။ ရွှေဘိုထောင်က ကျွန်တော်နဲ့အတူ- ၈၁ယောက်လို့ထင်တယ်။ လွှတ်ပေးတာ။ ကျွန်တော့်ကို လွှတ်တဲ့အချိန်မှာတခြားဘယ်၅ညမှ မပါဘူး။ လွတ်ခါနီး ၂လအလိုရောက်နေတဲ့ ကျွန်တော်တယောက်ပဲ လွတ်တယ်။

ပြီးခဲ့တဲ့သက္ကရာဇ်၂၀၁၀ နှစ်ထဲ ဗိုလ်ချုပ်ခင်ညွန့်ကို အိမ်ကနေလာခေါ်တဲ့ ဗီဒီယိုအပိုင်းတခု ဖေ့စ်ဘွတ် စာမျက်နှာပေါ်ကို ထောက်လှမ်းရေးတွေ လှစ်ထုတ်လိုက်တယ်။ ဘာကို ပြောချင်တာလဲတော့ မသိဘူး။ ရွေးကောက်ပွဲ မစခင်လေးဆိုတော့ လူတွေအာရုံပြားအောင် ဖန်တီးချက်တခုလည်း ဖြစ်နိုင်တယ်။ အဲဒီမှာ အိမ်ကခွါကာနီး။ မြေးကလေးတွေ မိသားစုတွေကို နှုတ်ဆက်တဲ့အခန်း။ ၀မ်းနည်းစရာ ကောင်းတယ်။ ကျွန်တော်လည်း စိတ်မကောင်းဘူး။ မိသားစုနဲ့ ခွဲခါနီးကိစ္စ ကျွန်တော်တို့ အကြိမ်ကြိမ် ခံစားခဲ့ရတာပေါ့။ သားတွေ သားမက်တွေနဲ့ ကွဲနေတဲ့အကြောင်း ဦးခင်ညွန့် ထည့်ပြောတဲ့ အခန်းလေး။ သူကအပုံကြီး တော်သေးတာ သူမသိဘူး။ ဒေါ်ခင်ဝင်းရွှေ လိုက်ခွင့်ရတာ ကံကောင်းတာပေါ့။ သူ့ဘ၀မှာ သူများတွေ အကြောင်းတခါမှ ထည့်စဉ်းစားခဲ့ဘူး ပုံမရဘူး။ ကျွန်တော်ကတော့ ဗုဒ္ဓဘာသာဝင် တယောက်။ ကံကံရဲ့ အကျိုးကိုယုံတယ်။ ၀ဋ်ဆိုတာရှိတယ်။

ဦးခင်ညွန့်အခွေကို ကြည့်ပြီးသနားပါတယ်လို့ ကွန်မင့်ပေးတဲ့လူတွေ- ကိုသန်းဇော်တို့ အတွက်လည်း ကွန်မင့်ဝင် ပေးစေချင်တယ်။ တချို့ကမျက်နှာကြီးမှ သနား တတ်ကြ စိတ်ဝင်စားကြတာလား။ ကိုသန်းဇော်တို့အမှု စစ်တုန်းက ထောက်လှမ်းရေးတွေ ခုဆိုအားလုံး အလုပ်ပြုတ် ထောင်ကျ ဖြစ်နေကြတယ်။ အမှုတခုကို သူတို့ ကိုင်ရင်အနည်းဆုံး ၆ယောက်ကိုင်လေ့ရှိတယ်။ သမ္မတလူကြမ်းလို ထိုးကြိတ် သတ်ပုတ်တာ ၀ါသနာပါသူ၃ယောက်။ ချော့မော့ပြောတတ်သူ ၃ယောက် တလှည့်စီ။ အမှုစစ်ပြီး အချက်အလက် ရှာတည် ဆောက်ကြတယ်။ သူတို့အထက်မှာသူတို့ရေးတဲ့အမှုကိုဖတ်ပြီး ရက်စ်-နိုး-အိုကေနဲ့ မေးခွန်းတွေချပေးတဲ့ အရာရှိ လူကြီးတွေရှိတယ်။ ကိုသန်းဇော်တို့ကို လုပ်ကြံတာတယောက်ထဲမဟုတ်ဘူး။ အမှုအမှန်ကို သိတဲ့လူတွေ အများကြီး။ ဘယ်တော့ အမှန်ကို ဖေါ်ထုတ်မလဲ။ ဘယ်သူဖေါ်မလဲ။ အဲဒါဟာ ကျွန်တော်ဘ၀မှာ သိတ်အရေးကြီးတဲ့ ထာဝရ စောင့်ကြည့်နေတဲ့အလုပ်တခုဖြစ်ပါတယ်။

ဗိုလ်မှူးကိုကိုနိုင်အမှုကို စစ်တဲ့ဘက်မှာလည်း ဗိုလ်မှူးကိုကိုနိုင်နဲ့ အတူထောင်ကျတာ အမှုတွဲ ၃ယောက်ရှိတယ်လို့ သိထားတယ်။ ဗုံးထောင်ဘို့စီစဉ်သူ။ လုပ်သူ။ သွားပို့သူ။ သူတို့တဦးချင်းကို စစ်ရတဲ့ထောက်လှမ်းရေးအဖွဲ့တွေ အများကြီး။ သူတို့အထက်က အမှန်ကိုသိတဲ့ တပ်မှူးတွေအများကြီး။ ဘယ်အချိန်ထိ နှုတ်ပိတ်သွားမှာလဲ။ ဘာလို့အပြစ်မဲ့သူတွေကို လုပ်ကြံခဲ့ ရက်စက်ခဲ့တာ- သိသိနဲ့ နေခဲ့ကြတာလဲ။ အခု( ၁၂.၁၀.၂၀၁၁) ထောင်ကနေ အသုတ်လိုက် လွှတ်ပေးနေပြီလို့ ကြားတယ်။ ကိုဇာဂနာလွတ်ပြီ။ ကိုမင်းကိုနိုင် လကုန်ကာနီး အသုတ်မှာပါမယ်။ ရွှေဘိုက ကိုကြည်သာထွန်း ကိုကျော်မင်းသန်း၊ ဘုန်းဘုန်းဦးသု၊ ဘုန်းဘုန်းမြင့်ဇော် တို့ကို စာရင်းမှာတွေ့တယ်။

ကျွန်တော် ကိုသန်းဇော်နဲ့ ကိုညီညီဦးကိုမျှော်နေတယ်ဗျာ။ လုပ်ကြဦး။


ကိုညီညီဦးကတော့ လပြည့်နေ့က ပြန်လည်လွတ်မြောက် လာပါပြီ...။ လာမည့် အသုတ်ထဲမှာတော့ ကိုသန်းဇော် ပြန်လည်လွတ်မြောက် လာပါစေလို့ ဆုတောင်းပါတယ်...။
ဒီမိုဝေယံ ဘလော့မှ ကူးယူဖော်ပြပါသည်။

No comments: