“ အာဏာရှင်စံနစ်ဆိုရင် ဘယ်အာဏာရှင်စံနစ် ကို မှ လက်မခံဘူး”
“ နယ်ချဲ့ဆန့်ကျင်ရေးအစဉ်အလာကြီးမားခဲ့တဲ့နိုင်ငံတခုဟာ နယ်ချဲ့တွေလို လုပ်လာတာ”
ပြည်တွင်းက စာရေးဆရာကြီးတွေဖြစ်တဲ့ လူထုစိန်ဝင်း၊ ကိုလေး ( အင်းဝဂုဏ်ရည်) တို့ရဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်ပြောဆို လာမှုတွေအတွက် ကျေးဇူးတင်မိတယ်။ ပြည်ချစ်ဝါဒ ကို အစစ်အမှန်တန်ဘိုးထားသူတွေ ဆိုတာ တိုင်းပြည်မှာ တကယ်ကြုံတွေ့ရမဲ့ အန္တရာယ်တွေ၊ ပကတိဖြစ်ပျက်နေမှုတွေကို လူထု အပေါ် တာဝန်ရှိရှိ သတိပေးလေ့ရှိကြတယ်။ အတွေးအခေါ်အရ၊ ဒုတိယလူအဖြစ်နဲ့ကျေ နပ်နေကြတာ မဟုတ် ပါဘူး။
လူမျိုးတမျိုးရဲ့ နိုင်ငံရေးစရိုက်လက္ခဏာ
လူမျိုးတွေရဲ့ နိုင်ငံရေးစရိုက်လက္ခဏာတွေကို ဆွေးနွေးဖြစ်ကြတယ်။ အမေရိကန်တွေက “ ကျနော်တို့ဟာ ကောင်းဘွိုင်တွေ ဖြစ်တယ်” ( We are Cowboys) လို့ မိတ်ဆက်လေ့ရှိတယ်။ ပစ်တာခတ် တာကိုကြိုက်တယ် ခပ်ရင့်ရင်ပဲ ဆိုတဲ့သဘောပါ။ ဒါကြောင့်လည်း နိုင်ငံတခုကို ဝင်တိုက်တော့မယ် ဆိုရင် အမေရိကန်ကွန်ဂယက် နဲ့ မီဒီယာတွေမှာ ထောက်ခံတဲ့သူ၊ ကန့်ကွက်တဲ့ သူတွေ ရဲ့ငြင်း ခုန်ဆွေးနွေးတာတွေကို ဆူဆူညံညံကြားနေရတယ်။ ဒီမိုကရေစီနိုင်ငံဆိုတော့ အကြောင်းအ ရာတော် တော် များများကို သိသာထင်ရှားစွာမြင်နေရတယ်။ သူများနိုင်ငံတွေကို ကျူးကျော်သိမ်းပိုက်တဲ့ နိုင်ငံ ခြားရေးမူ တွေကိုလည်း နိုင်ငံတကာရေးရာ စာစောင်တွေ၊ စာသင်ကျောင်းတွေမှာ ဗြောင်ဝေဖန်သင်ကြားလေ့ရှိတယ်။
တရုတ်ကွန်မြူနစ်များရဲ့ စရိုက်ကတော့ လေသံအေးအေးနဲ့ “ငြိမ်းချမ်းစွာ တိုးတက်ဖြစ်ထွန်းရေး” ( Peaceful Rising) လို့ ဆိုလေ့ရှိတယ်။ သူတို့ပြောနေတဲ့ ငြိမ်းချမ်းစွာဖြစ်ထွန်းရေးဆိုတာ ဟစ်တလာ ရဲ့ ဒိန်းမတ်နိုင်ငံကို ကျူးကျော်စဉ်က လုပ်ခဲ့တဲ့ ဝါဒဖြန့်ချီရေးနဲ့ သိတ်ကွာလှတာမဟုတ်ဘူး။ နာဇီဂျာမဏီက ဒိန်းမတ်ကို ကျူးကျော်တဲ့အခါ “ ကျနော်တို့ဟာ ကျူးကျော်တာ မဟုတ်ပါဘူး။ မိတ်ဆွေအဖြစ်လာခဲ့တာပါ” လို့ မိတ်ဆက်လေ့ရှိတယ်။ “ သူများပြည်တွင်းရေးဝင်မစွက်ဘူး” ဆိုတဲ့ အနှစ်သာရကလည်း အဲ့ဒီအတိုင်းပါပဲ။ ပွဲစားစရိုက်နဲ့လေသံအေးအေးလိမ်သူတွေက ပိုပြီးကြောက်ဖို့ကောင်းတာ လူတိုင်းသိပါတယ်။
ရုရှားတွေကတော့ လုပ်ကြံသတ်ဖြတ်တာကို တော်တော်နှစ်သက်တယ်။ အာဏာရအသိုင်းအဝိုင်းနဲ့ သဘောထားကွဲခဲ့တဲ့ ထရော့စကီး၊ ဘူဂါနင်၊ သတင်းထောက်ပေါင်းများစွာဟာ အဆိပ်ခပ်သတ်ခံရ ( ဒါမှမဟုတ်) ပစ်သတ်ခံရလေ့ရှိတယ်။ အဲ့ဒီယဉ်ကျေးမှုက ပူတင်လက်ထက်အထိ ရှင်သန်နေဆဲပဲ။ ဘာပဲဖြစ်ဖြစ် စစ်အေးတိုက်ပွဲပြီးသွားတဲ့ ကာလတွေကို ကြည့်လိုက်မယ်ဆိုရင် ယ္ခင် ကွန်မြူနစ်နိုင်ငံဟောင်း တွေဟာ အာဏာရှင်တွေကို ထောက်ခံခဲ့ကြတယ်။ အဖိနှိပ်ခံပြည်သူတွေရဲ့လှုပ်ရှားမှုတွေကို ငြင်းဆို ဥပေက္ခာပြုခဲ့သူတွေဖြစ်လာခဲ့တယ်။
စစ်အေးတိုက်ပွဲ တကြော့ပြန်ခြင်းမဟုတ်
(၂၁) ရာစု ရဲ့ နိုင်ငံရေးဇာတ်ခုံမှာ အမျိုးသားရေးဝါဒီတွေ ခေါင်းထောင်လာခဲ့တယ်။ ရုရှားမှာ ပူတင် အာဏာပြန်ရလာခြင်းဟာကွန်မြူနစ်တွေ အာဏာပြန်ရလာတာမဟုတ်သလို၊ ဆိုဗီယက်ပြည်ထောင်စု လို နိုင်ငံတခု ပြန်လည်တည်ထောင်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး။ ရုရှားခေါင်းဆောင် ပူတင် ဟာ ယူရေးရှားသမဂ္ဂ ကို ဖွဲ့စည်းဖို့ ကြိုးစားနေခဲ့တယ်။ စီးပွားရေး၊ နိုင်ငံရေးအတွေးအခေါ် တန်ဘိုးတူညီသူတွေ ပေါင်းစည်းသင့်တယ် ဆိုတဲ့ အယူအဆကို တင်ပြခဲ့တယ်။ ဒါပေမဲ့ ပူတင်ရဲ့ခြေလှမ်းတွေကို ယူကရိန်း၊ ဘဲလားရူးနဲ့ အာရှအလယ်ပိုင်း အစ္စလာမ်နိုင်ငံတွေက သံသယရှိခဲ့ကြသလို၊ ပြည်တွင်း အတိုက်အခံအင်အားစုတွေ ကလည်း ရှုတ်ချခဲ့ကြပါတယ်။
ဆိုဗီယက်ပြည်ထောင်စုက ကွဲထွက်သွားတဲ့ နိုင်ငံ (၁၅) နိုင်ငံကလည်း သူ့ရဲ့အကြံကို သိတ်ပြီးလက်ခံချင်ပုံမရဘူး။ ဘော့လ်တစ်နိုင်ငံတွေက လွတ်လပ်စွာ ရပ်တည်မှုအောက်မှာ ပျော်ရွှင်နေသလို၊ အာရှအလယ်ပိုင်း Uzbekistan, Tajikistan and Turkmenistan ကလည်း ရုရှားနဲ့ ကျန်တဲ့အင်အားကြီးနိုင်ငံတွေ အားပြိုင်မှုမှာ ကြားနေချင်ပုံရတယ်။ ရုရှားဆီက သဘာဝဓါတ်ငွေ့တွေယူပြီး ရှင်သန်နေရတဲ့ ယူကရိန်းနိုင်ငံကလည်း ရုရှားအပေါ်မှီခိုနေရတဲ့ ဘဝကို မပျော်မွေ့ရှာဘူး။ စစ်အေးတိုက်ပွဲကာလတုံးကလိုမျိုး အတွေးအခေါ်တရပ်ပေါ်မှာအခြေပြုပြီး အုပ်စုဖွဲ့ခြင်း မဟုတ်တော့ဘူး။ ကိုယ့်နိုင်ငံအကျိုးစီးပွားအတွက် ဘက်ပြောင်းမိတ်ဖွဲ့တာတွေပြုလုပ်ကြမယ်။ (၁၉) ရာစုရဲ့ ဥရောပဇာတ်ခုံကို အမှတ်ရ စေချင်ပါတယ်။
ကျနော်တို့အတွက် ထွက်ပေါက်
နိုင်ငံတကာစင်မြင့်မှာ အမျိုးသားရေးဝါဒီတွေ ခေါင်းထောင်လာချိန်မှာ ကျနော်တို့နိုင်ငံတွင်းမှာတော့ အမျိုးသားသွေးစည်းညီညွတ်မှုတွေ ပြိုကွဲနေဆဲဖြစ်တယ်။ နိုင်ငံတွင်းပြဿနာတွေကို လေးလေးနက် နက်ဖြေရှင်းစေချင်ပါတယ်။ တိုင်းတပါးသားတွေရဲ့ စော်ကားမှု၊ အရာအားလုံးနောက်ကျမှုတွေကို ကာကွယ် ကုစားနိုင်တဲ့ ထွက်ပေါက်တခုကတော့ ငြိမ်းချမ်းညီညွတ်တဲ့ နိုင်ငံတခုကို တည်ဆောက်နိုင်မှဖြစ်မယ်။
လွတ်လပ်တဲ့အာရှအသံရဲ့အောက်တိုဘာ (၁၁) ရက် အင်္ဂါနေ့ညပိုင်း အစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ ဆောင်း ပါးလေးပါ။
သောတရှင်များခင်ဗျား
၂၀၀၂ အောက်တိုဘာလမှာ ဖြစ်ပွားခဲ့တဲ့ မော်စကိုပြဇာတ်ရုံ ပြန်ပေးဆွဲမှု အကြောင်းကို မှတ်မိကြပါလိမ့်မယ်။ ချန်ချင်း အစ္စလာမ်မစ် လက်နက်ကိုင် အယောက် (၅၀) လောက်ဟာ လု(၈၀၀)ကျော်ကြည့်ရှုနေတဲ့ မော်စကို ပြဇာတ်ရုံကို ပြန်ပေးဆွဲလိုက်ပြီး ရုရှားစစ်တပ်တွေ သူတို့ရဲ့ ချန်ချင်းနယ်မြေတွေဆီက ဆုတ်ခွာပေးပြီး ပြည်တွင်းစစ် ကို ရပ်ဆိုင်းပေးဖို့တောင်းဆိုခဲ့တဲ့ နိုင်ငံရေးအကြမ်းဖက်မှုတခုဆိုရင်မမှားပါဘူး။
“ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားအပြီးမှာ လစ်ဘရယ်စီးပွားရေးစံနစ်ကို ရှော့ရိုက် အမြန်ပြောင်းဖို့ကြိုးစားခဲ့တဲ့ ရုရှားဟာ ဝရုန်းသုန်းကား၊ မတည်ငြိမ်မှုတွေ၊ ရာဇဝတ်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ သမ္မတသစ် ဘောရစ်ယဲ့ဆင် ဟာ ချင်ချင်းပြည်တွင်းစစ်ပွဲကို တုန့်ပြန်ရင်ဆိုင်တဲ့ ပုံစံက အားပျော့လွန်းတယ် လို့ ရုရှားပြည်သူတွေက ကောက်ချက်ချခဲ့ကြတယ်။ တဘက်မှာတော့ ဘောရစ်ယဲ့ဆင် လက်ခံလိုက်မိတဲ့ အမေရိကန်တွေရဲ့ ဈေးကွက်စီးပွားရေးဆိုင်ရာ အကြံပေးမှုတွေ၊ မူဝါဒတွေဟာ ရုရှားပြည်ထောင်စုကို ပိုမိုဒုက္ခရောက်အောင် လုပ်တာဖြစ်တယ် လို့ သံသယ ရှိခဲ့ကြတယ်”
ကွန်မြူနစ်အာဏာရှင်စံနစ်ကို ဖျက်သိမ်းပစ်ခဲ့ပေမဲ့ ရုရှားတွေအတွက်တော့ ကြောက်ရွံ့ထိတ်လန့်ဘွယ် အိပ်မက်ဆိုးတွေက မလွတ်မြောက်ခဲ့သေးပါဘူး။ မာဖီးယားဂိုဏ်းတွေက အစိုးရထိပ်ပိုင်းအရာရှိတွေနဲ့ အဆက်အသွယ်ကြီးမားပြီး၊ နိုင်ငံတခုလုံးကို အကြမ်းဖက်မှုတွေနဲ့ခြောက်လှန့်ထားခဲ့ပါတယ်။ တဘက်မှာတော့ ရုရှားပြည်ထောင်စုက ခွဲထွက်ချင်တဲ့ မွတ်စလင် သူပုန် ချင်ချင်း လက်နက်ကိုင်အုပ်စုရဲ့ မော်စကိုမြို့သားတွေအပေါ် တိုက်ခိုက်မှုတွေကလည်း ရုရှားတွေကို ဒေါသထွက်စေခဲ့ပါတယ်။
“ ဘောရစ်ယဲ့ဆင် သမ္မတရာထူးကနေ နှုတ်ထွက်သွားတဲ့အခါမှာတော့ ရုရှားဖွဲ့စည်းပုံအခြေခံ ဥပဒေအရ၊ ဗလာဒီမာ ပူတင်ဟာ သမ္မတရာထူးကို ဆက်ခံရယူခဲ့တယ်။ ကေဂျီဘီဟောင်းတယောက်ဖြစ်တဲ့ ပူတင်ဟာ ချင်ချင်းအကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်နေမှုကို အလျော့မပေးစတမ်းတုန့်ပြန်မယ်ဆိုတာ မျှော်လင့်ထားပြီးသား။ ဒါပေမဲ့ မော်စကိုပြဇာတ်ရုံ ပြန်ပေးဆွဲမှုကို လက်တုန့်ပြန်တဲ့ ပူတင်ရဲ့စစ်ဆင်ရေးတွေက ကြောက်မက်ဖွယ်ပဲ။ ဓါတုအဆိပ်ငွေ့တွေကို ပြဇာတ်ရုံပိုက်လိုင်းတွေဆီက ဖောက်ချပြီး ပြန်ပေးဆွဲသူတွေကို မစေ့စပ်စတမ်းရင်ဆိုင်ခဲ့တယ်။ အကြမ်းဖက်သမား (၅၀) နီးပါးသေဆုံးခဲ့သလို၊ ဓါးစာခံ (၁၂၀) လောက် သေဆုံးခဲ့တယ်။” ချင်ချင်းမွတ်စလင်ခွဲထွက်ရေးသမားတွေနဲ့ စစ်ပွဲကို မြင့်တင်မယ်ဆိုရင် လူထုထောက်ခံမှု ပိုမိုကျဆင်းသွားနိုင်တယ် လို့ ယူဆသူတွေ ကောက်ချက်မှားခဲ့ပါတယ်။ လူထုရဲ့ထောက်ခံမှု ၈၁ ရာခိုင်နှုန်းကျော်ထိရလာခဲ့တဲ့ ပူတင်ကို ဆိုဗီယက်ခေါင်းဆောင် ခေါ်ဗာချော့ဗ် က “ရုရှားပြည်ထောင်စုကို ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေတွေကနေ ဆွဲထုတ်ကို လုပ်နိုင်ခဲ့သူ” လို့ ခြီးကျူးထောပနာပြုခဲ့ပါတယ်။
“ တကယ်တော့ ပူတင်အစိုးရရဲ့ “ ညီညွတ်သောရုရှားပါတီ ဆိုတာ ကော်ပိုရေးရှင်းအကြီးစားကြီး တွေကို ကျောထောက်နောက်ခံ ပြုထားပြီး အာဏာရှင်စံနစ်ကို တည်ဆောက်ဖို့ကြိုးစားတဲ့ ပါတီဖြစ်တယ်။ သူ့ရဲ့ နိုင်ငံရေးမူဝါဒ ကို အမျိုးသားချန်ပီယံအဖြစ် နာမည်ပေးခဲ့တယ်။ ကော်ပိုရေးရှင်းတွေဟာ အကျိုးအမြတ်ရယုံတင်သာ မကဘူး၊ ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်း စေမဲ့ ဆောင်ရွက်မှုတွေကို လုပ်ရမယ် လို့ကြွေးကြော်ခဲ့ပေမဲ့၊ အဲ့ဒီပါတီဟာ ခြစားအကျင့်ပျက်မှုတွေ၊ ရွေးကောက်ပွဲလိမ်လည်မှုတွေကို ကြံစည်ခဲ့ကြတယ်”
ဗလာဒီမာ ပူတင်ကို ဆန့်ကျင်နေသူတွေအထဲမှာ အမျိုးသား ဗော်ရှိဗစ် လို့ အမည်ရတဲ့ ကွန်မြူနစ် ခေါင်းဆောင်တွေလည်း ပါဝင်ခဲ့သလို၊ အမေရိကန်ပြည်ထောင်စုနဲ့ နီးစပ်တဲ့ လစ်ဘရယ်နိုင်ငံရေး အုပ်စုတွေလည်း ပါဝင်ခဲ့ပါတယ်။ သူတို့တတွေစုပေါင်းပြီး “ သဘောထားမတူညီသူများရဲ့ လမ်းလျှောက်ပွဲ” ဆိုတဲ့ ဆန္ဒပြပွဲတွေကို ကျင်းပခဲ့ကြပါတယ်။ စိန်ပီတာစဘတ်မြို့မှာ ဆိုရင် လူပေါင်းသောင်းချီပြီး ပူးပေါင်းပါဝင်ခဲ့ကြတာကြောင့်၊ ပူတင်အစိုးရ ဟာ စိုးရိမ်ထိတ်လန့်ခဲ့ဘူးပါတယ်။ ဒါကြောင့်လည်း ဆန္ဒပြပွဲတွေကို ရိုက်နှက်ဖြိုခွဲခဲ့တယ်။ ကေဂျီဘီတွေရဲ့ ဝါဒဖြန့်ချီရေးလုပ်နည်းလုပ်ဟန်တွေက ပူတင်ရဲ့အတွေးအခေါ်ထဲမှာ စွဲမြဲနေပုံရပါတယ်။ ဒါပေမဲ့ သူ့ရဲ့လုပ်ပုံလုပ်နည်းက ဟစ်တလာရဲ့ အမျိုးသားရေးဝါဒီတွေကို လှုံ့ဆော်သလိုမျိုးနဲ့ ပိုပြီးဆင်တူတယ်။ အသက် ၁၇- ၂၅ အရွယ် လူငယ်တွေကို “ နာရှီ” လို့ခေါ်တဲ့ လူငယ်အဖွဲ့အစည်းဖွဲ့ပေးတယ်။ “ အတူတကွ လျှောက်လှမ်းခြင်း” ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး အမျိုးသားရေးကြွေးကြော်သံကို လွှင့်ထူကြတယ်။ ဆန္ဒပြသူတွေဟာ ပူတင်အစိုးရရဲ့ ရည်ရည်ချက်ကို မသိနားမလည်သူတွေ၊ ရုရှားပြည်ထောင်စု ကို အားနည်းဖျားနာအောင် လုပ်ချင်သူတွေ လို့ စွပ်စွဲပြီး အတိုက်အခံနိုင်ငံရေးပါတီဝင်တွေကို ဝင်ရောက်တိုက်ခိုက်လေ့ရှိပါတယ်။ အမျိုးသား ဘော်ရှိဗစ် ပါတီ ဟာ မှတ်ပုံတင်လုပ်ခွင့်မရှိအောင်ထိ ပိတ်ပင်တားဆီးခံခဲ့ရပါတယ်။ တခါတုံးက ပူတင်ကို ခြီးကျူးခဲ့တဲ့ ခေါ်ဗာချော့ ကိုယ်တိုင် “ ရုရှားသမ္မတ ပူတင် လက်အောက်မှာ ဒီမိုကရေစီမဲ့နေတယ်” လို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
ပူတင်ရဲ့လက်ထက်မှာ၊ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲခဲ့ပါတယ်။ လက်ရှိသမ္မတ ဒီမီထွီ မက်ဗီဒက်ဗ် ရဲ့ (၄) နှစ် သက်တမ်းပြီးရင်၊ ပူတင်ဟာ ရုရှားသမ္မတရွေးကောက်ပွဲမှာပြန်လည် ဝင်ရောက်ယှဉ်ပြိုင်လိမ့်မယ် လို့ မျှော်လင့်ထားခဲ့ကြပါတယ်။ ဒါကြောင့်လည်း မကြာသေးမီရက်များအတွင်းက သူ့ရဲ့ ၂၀၁၂ ရွေးကောက်ပွဲမှာ သမ္မတ ကိုယ်စားလှယ်အဖြစ် အဆိုတင်သွင်းမှုကို မအံ့သြခဲ့ကြပါဘူး။ ဒါပေမဲ့ ပူတင်ကို အံ့သြစေမဲ့ အဖြစ်အပျက်တခုကတော့ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ ရုရှားပြည်ထောင်စုရဲ့ နာမည်ကြီး ရော့တေးဂီတ အဖွဲ့ဟာ ၂၀၁၂ ရွေးကောက်ပွဲ မှာ သီဆိုဖြေဖြော်မှုမလုပ်ဘူး ဆိုတဲ့ ကြေငြာချက်နဲ့အတူ “ ဘယ်သူသမ္မတဖြစ်မလဲ ဆိုတာကို ကြိုတင်ရွေးချယ်ထားတဲ့ မဲပေးစံနစ်ကို တိုက်ဖျက်ကြ၊ ပူတင် အလိုမရှိဆိုတဲ့” လှုံ့ဆော်သံတွေကလည်း ရုရှားအတိုက်အခံတွေ ဖွဲ့စည်းထားတဲ့“ Other Russia” “အခြားရုရှားများ”အင်တာနက်ကန်ပိန်းတွေမှာ နေရာယူခဲ့ပါတယ်။
သောတရှင်များခင်ဗျား
အမျိုးသားရေးဝါဒီတွေရဲ့ ပြိုင်ဆိုင်မှုတွေက နိုင်ငံတကာနိုင်ငံရေးဇာတ်ခုံကို နေရာယူလာခဲ့သလို၊ လူမှုစံနစ်ပြောင်းလဲရေးလှုပ်ရှားမှုတွေနဲ့ နိုင်ငံရေးအသစ်တွေကိုဖန်တီးနေတဲ့နိုင်ငံ များကိုလည်း တွေ့မြင်နေရပါတယ်။ နိုင်ငံတကာစင်မြင့်ကို မျက်နှာဘန်းလှစွာနဲ့ ဝင်ရောက်ဖို့ဆိုတာ နိုင်ငံတွင်းမှာဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့လိုပါတယ်။ ပြည်တွင်းစစ်၊ နိုင်ငံရေးအကျဉ်းသမားများနဲ့ ဖိနှိပ်မှု ဆိုတာတွေဟာ ရှက်စရာကောင်းတဲ့ အဖြစ်အပျက်တွေပဲဖြစ်ပါတယ်။ တိုင်းပြည်ကို ရှက်စရာကောင်းတဲ့ပြဿနာတွေထဲမှာ နစ်မွန်းမနေစေချင်ပါဘူး။“ ကျနော်တို့နိုင်ငံဟာ အရာအားလုံးနောက်ကျနေတယ်” လို့ ပြောကြားခဲ့တဲ့ အစိုးရသစ် အနေနဲ့ မိမိစကားကို မိမိတန်ဘိုး ထားစေချင်ပါတယ်။
(အောင်မိုးဝင်း)

No comments:
Post a Comment