Sunday, October 2, 2011

အမျိုးသားသွေးစည်းညီညွတ်ရေးနဲ့ နိုင်ငံကိုကာကွယ်ဖို့ လိုပါလိမ့်မယ်

“သူများပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ပါဘူး” လို့ကြွေးကြော်လေ့ရှိတဲ့ ကိုရွှေတရုပ်ကြီးက ခုတော့ “ တရုပ်ကုမ္မဏီတွေရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မယ်” ဆိုတဲ့ သတိပေးချက်တွေနဲ့ ဗမာစစ် အစိုးရသစ်ကို ဖိအားပေးနေပါပြီ။ နယ်ချဲ့လက်သစ်ရဲ့ အစွယ်လေးက လှစ်ကနဲ ပေါ်လာပါပြီး ကျနော်တို့ချစ် တဲ့မြေကို မထီလေးစားလုပ်လို့လာပါပြီ။

မြစ်ဆုံရေကာတာကိစ္စအပါအဝင် ကျနော်တို့ရင်ဆိုင်ကြုံတွေ့ရမဲ့ ပြဿနာတွေအတွက် အရှေ့ဥရောပမှာ ကြုံတွေ့နေဆဲ အဖြစ်အပျက်တွေကို သင်ခန်းစာယူဖို့ မိတ်ဆွေတွေကို ညှိနှိုင်းဆွေးနွေးချင်ပါတယ်။

(၁)

ယူကရိန်းရဲ့ လိမ္မော်ရောင်တော်လှန်ရေးကို ဦးဆောင်ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ယူလီယာ တိုင်မိုရှန်ကို ( Yulia Tymoshenko) က သူတို့ရဲ့ လှုပ်ရှားမှုကို “ သစ္စာဖောက်ခံရတဲ့ တော်လှန်ရေးအဖြစ်” နာနာကျင် ကျင်မှတ်ချက်ချခဲ့တယ်။ မကြာခင်ကာလတုံးက သူမကို “ ရုရှားနိုင်ငံနဲ့သဘာဝဓါတ်ငွေ့စာချုပ်ချုပ် ဆိုမှု၊ အာဏာအလွဲသုံးစားလုပ်မှုနဲ့ ဖမ်းဆီးခဲ့တယ်။ ၂၀၀၄ ယူကရိန်းရွေးကောက်ပွဲမှာ ရှုံးနှိမ့်ခဲ့တဲ့ “ဗစ်တာ ယန်နူကိုဗစ်ခ်ျ”လို ကွန်မြူနစ်ဟောင်းတွေ (၂၀၁၀) ရွေးကောက်ပွဲမှာ အနိုင်ရလာခဲ့တယ်။ ယူကရိန်းနိုင် ငံရေးကို ပြန်လည်ချုပ်ကိုင်လာခဲ့တယ်။ တကယ်တော့ လိမ္မော်ရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့သူတွေ ဟာ “ သစ္စာဖောက်ခံခဲ့ရတယ်” လို့ ပြောတာထက်၊ “ သတိမဲ့ခဲ့တယ်” လို့ ပြောရင် ပိုမှန်မယ် ထင်တယ်။ ရုရှားနိုင်ငံရဲ့ အညှိုးအတေးတွေဟာ တချိန်ချိန်မှာ ပြန်လည်ရောက်လာလိမ့်မယ် ဆိုတဲ့အချက်ကို ထဲ့သွင်းစဉ်းစားထားသင့်တယ်။ အဲ့ဒီအတွက် ပြင်ဆင်ထားသင့်တယ်။
(၂)
ဗလာဒီမီယာ ပူတင် ဆိုတာ ကေဂျီဘီထောက်လှမ်းရေးဟောင်း၊ သူ့ကို ရုရှားနိုင်ငံရဲ့ မာဖီးယား ဂိုဏ်းခေါင်းဆောင်တွေ၊ စီးပွားရေးသမားတွေအပါအဝင် ပြည်သူအများအပြားက လည်း ထောက်ခံခဲ့ကြ တယ်။ ရုရှားပြည်ကြီး ကို ကြီးကျယ်မြင့်မြတ်တဲ့ နိုင်ငံတခုအဖြစ်အမြဲရှင်သန်စေချင်သူ။ စတာလင် ရဲ့ လူ သတ်မှုတွေ ဟာ ရုရှားပြည်အတွက်လိုအပ်လို့လုပ်တာဖြစ်တယ် ဆိုပြီးထောက်ခံပြောဆိုခဲ့သူ။ အရောင်တော်လှန်ရေးတွေဆိုတာအမေရိကန်ပြည်ထောင်စုရဲ့မြှောက်ထိုးပင့်ကော်လုပ်ပေးမှုကြောင့်   ပေါ်ပေါက် လာ ခဲ့ခြင်းဖြစ်တယ် လို့ ယုံကြည်နေခဲ့သူ။ နိုင်ငံတကာနိုင်ငံရေးကစားပွဲမှာ တရားခြင်း၊ မတရားခြင်းဆိုတဲ့ဝေါဟာဆိုတာ အဓိပ္ပါယ်ဖွင့်စရာမလို၊ အရှေ့ဥရောပနိုင်ငံတွေကို ဘယ်သူချုပ်ကိုင်နိုင်မလဲ ဆိုတဲ့အဖြေကိုသာ ပိုမိုစိတ်ဝင်စားတယ်။ လိုအပ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ ဝန်မလေးခဲ့သူ။ “ ပူတင်” ဘာလုပ်ခဲ့သလဲ။

ရုရှားစီးပွားရေးသမားအများအပြားကို အရှေ့ဥရောပနိုင်ငံတွေဆီမှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံစေတယ်။ မာဖီယားဂိုဏ်းတွေကိုလည်း လက်သတ်မွေးထားတယ်။ မီဒီယာတွေကိုဝယ်ပစ်တယ်။ ရုရှားပြည်ထောင်စု ရဲ့ အကျိုးစီးပွားကို လိုလားမဲ့၊ အရှေ့ဥရောပသား နိုင်ငံရေးဇာတ်ကောင်တွေကို ပြန်လည် အသက် သွင်းအားဖြည့်တယ်။ သူ့ကို ဝေဖန်တဲ့ စာရေးဆရာတွေ၊ သတင်းထောက်တွေ ကို လုပ်ကြံသတ်ဖြတ်တယ်။ အရောင်တော်လှန်ရေးတွေကို ပြန်လည်အနိုင်ယူမဲ့ အခြေအနေတခုကို ဖန်တီးနိုင်ခဲ့တယ်။ ၂၀၁၂ ရုရှား သမ္မတ ရွေးကောက်ပွဲမှာ သူပြန်လည်အရွေးခံမယ် တဲ့။ မထူးဆန်းတဲ့ ကြေငြာချက်ပါ။

အရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့သူတွေ ဘာတွေ မေ့လျော့ခဲ့ပါသလဲ။

လိမ္မော်ရောင်၊ နှင်းဆီရောင် သင်္ကေတတွေ နဲ့ လွင့်မျောတောက်ပခဲ့တဲ့ သင်္ကေတတွေ အောင်မြင်မှုတွေကြား မှာ သာယာခဲ့ကြတယ်။ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေ နဲ့ ကန်ပိန်းတွေကြားမှာ စီးမျောခဲ့ကြတယ်။ ဒါပေမဲ့ Real Politics လို့ခေါ်တဲ့ လက်တွေ့ကျတဲ့ နိုင်ငံရေးပါဝါကို ကစားဖို့အတွက် အသင့်မဖြစ် ခဲ့ကြဘူး။ နိုင်ငံရေးသမားထက် ကန်ပိန်းသမားတွေက များနေခဲ့တယ်။ ဒီလိုနဲ့ အရှေ့ဥရောပမှာ “ပူတင်” ရဲ့ နှောင်ကြိုးတွေက ပြန်လည်ခိုင်မြဲလာခဲ့တယ်။

(၃)

စစ်အစိုးရခေါင်းဆောင်တွေကို တရုပ်ကြိုးစွဲသမျှ လိုက်လုပ်နေသူတွေအဖြစ်၊ စွပ်စွဲလေ့ရှိကြတယ်။ တချို့က ပေါင်းစရာလူမရှိလို့ တရုပ်ကိုပေါင်းရတာပါ လို့ သုံးသပ်ကြတယ်။ တကယ်တော့ စစ်အစိုးရကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင်အုပ်စုတွေ၊ နိုင်ငံရေးသမားတွေထဲမှာလည်း တရုပ်ကွန်မြူနစ်တွေကို ငယ်ကြောက်လို ချစ်ကြောက်ရိုသေရ၊ အကြောင်းအမျိုးမျိုးကြောင့် လွန်ဆန်မရတဲ့ သူတွေအများအပြား ရှိတယ် ဆိုတာလည်း သတိပြုမိဖို့လိုပါတယ်။ မန္တလေးဟာ ငြိမ်းချမ်းရေးတပ်ဖွဲ့ပေါင်းများစွာနဲ့ ကြုံတွေ့ ခဲ့ဘူးသလို၊ တရုပ်သြဇာခံ လက်နက်ကိုင်သူပုန်အဖွဲ့တွေ၊ နိုင်ငံရေးသမားတွေနဲ့လည်း ကြုံတွေ့နေရ ဆဲဖြစ် တယ်။

“သူများပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ပါဘူး” လို့ကြွေးကြော်လေ့ရှိတဲ့ ကိုရွှေတရုပ်ကြီးက ခုတော့ “ တရုပ်ကုမ္မဏီတွေရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မယ်” ဆိုတဲ့ သတိပေးချက်တွေနဲ့ ဗမာစစ် အစိုးရသစ်ကို ဖိအားပေးနေပါပြီ။ နယ်ချဲ့လက်သစ်ရဲ့ အစွယ်လေးက လှစ်ကနဲ ပေါ်လာပါပြီး ကျနော်တို့ချစ် တဲ့မြေကို မထီလေးစားလုပ်လို့လာပါပြီ။

ကျနော်တို့ ရင်ဆိုင်ရမဲ့ ပြဿနာတွေက ရေကာတာ ပြဿနာတခုတည်းမဟုတ်ပါဘူး။ အရှေ့ဥရောပမှာ ပူတင်ကြံစည်ခဲ့တဲ့ ခြေလှမ်းတွေလိုမျိုး ဗမာပြည်ထဲမှာ အများအပြားအမြစ်တွယ်နေခဲ့တယ်။ သတိထား မိကြလိမ့်မယ်လို့ ထင်ပါတယ်။ အမျိုးသားရေးစိတ်ဓါတ်ကို သတိနဲ့တိုးလို့ မြှင့်တင်ကြရပါလိမ့်မယ်။ အချင်း ချင်းဖြစ်နေ တဲ့ ပြဿနာတွေကို ဆွေးနွေးညှိနှိုင်းဖို့လိုမယ်။ ပြည်ပရန်ကို ပိုမိုသတိထားကြရပါလိမ့်မယ်။

အင်ပါယာဖြစ်ချင်တဲ့ နိုင်ငံတိုင်းဟာ ပူတင် ထက် လက်ပိုသွက်ပြီး၊ ဥာဏ်နီဥာဏ်နက်တွေ ပိုသုံးနိုင်ပါတယ်။

အမျိုးသားသွေးစည်းညီညွတ်ရေးကို ပိုပြီး တိုးလို့လုပ်ကြရအောင်ပါ။ 


အောင်မိုးဝင်း

No comments: