Saturday, September 24, 2011

မကျေနပ်ဖူးဆိုရင် အလုပ်ပြောင်းလုပ်ကြည့်ပါ

၁။ ဗမာပြည်မှာ ကားဟောင်းရှိရင် ကားသစ်တင်သွင်းနိုင်ခွင့် ရှိတယ်ဆိုတဲ အသံတွေ အခုတလောမှာ ကြားနေရပါတယ်။ ကားဟောင်းရှိသူတွေ အတွက် ဝမ်းသာစရာပဲလို့ ပြောရမလား၊ ကားသစ်သွင်းဖို့ အခွင့် အလမ်း ရနေသူတွေအတွက် ကြားကနေပိုပြီး အကျိုးရှိမလား ဆိုတာတော့ စောင့်ကြည့်ရဦးမှာပေါ့။ တဖက်ကပြန်ကြည့်ရင် အဲသည့်    ကားဟောင်း ကားသစ် ကိစ္စကြောင့် ကားဈေးကွက် ကမောက် ကမ ဖြစ်လာနိုင် တာ တော့ သေချာပါတယ်။ ဒေါ်လာဈေးတွေ တက်ပြန်ပြီ၊ ကျပြန်ပြီ၊ မြန်မာကျပ်ငွေ ပိုမာလာတယ်၊ ပျော့ဆင်းသွားတယ် စတာတွေ အကုန်လုံးလဲ ဖြစ်နိုင်တာပေါ့။ ဘာဘဲပြောပြော ကားဟောင်းပေ့ စုတ်ပေ့ဆိုတာတွေကို သံချေးခွာဆေးသစ်သုတ် ပြီးတော့ ပြန်မောင်းလို့ရအောင် လုပ် နေ တဲ့ ဇာတ်လမ်း တွေလည်း တဆက်ထဲ မြင်ရကြားရပြန်တယ်။ ကံကောင်းသင့်သူတွေ ကံကောင်းပါစေလို့ပဲ ဆုတောင်း ပါတယ်။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်ပေါ့။

၂။ ဦးသိန်းစိန် အစိုးရတက်မှ ကချင်နဲ့လည်း တိုက်ပွဲပြန်ဖြစ်၊ ရှမ်းနဲ့လည်းဖြစ်၊ ဒီကေဘီကလည်း ကေအန်ယူ နဲ့ ပေါင်းပြီး ပြန်တိုက်။ စစ်ပွဲဖြစ်တော့ စစ်ပြေးဒုက္ခသည်တွေ ဆိုတာရှိလာပြန်ရော။ ပေါ်တာဆွဲတာ၊ လူသတ်တာ၊ မုဒိန်းကျင့် တာ၊ လုယက်တာ၊ ရွာမီးရှို့တာတွေကို စစ်တပ်က ထုံးစံအတိုင်း လုပ်တာတွေလည်း တွေ့နေရဆဲ။ စစ်ဖြစ်ရင်တော့ မြေဇာပင် ဆိုတာ ရှိတတ်တာမို့ မထူးဆန်းပါဖူးလို့ တချို့ကလည်း ပြောကြတယ်။ အမှန်ကတော့ အချင်းချင်း တိုက်ပွဲဆင်နေမယ့် အစား အခုမိုးတွင်းမှာ ရေဘေးဒဏ် ခံရတဲ့ မြို့တွေနယ်တွေမှာ စစ်သားတွေက သဲအိတ်ဖို့၊ လူတွေကိုကယ်၊ ကျွဲနွားတွေကို ရေလွတ်ရာ ပို့ပေး၊ ရိက္ခာတွေလည်းဝေပေး ဆိုရင် ပိုကောင်းမယ်လို့ မြင်မိပါရဲ့။ အစိုးရအနေနဲ့ စစ်တိုက်ရင်း ကုန်မယ့် ပိုက်ဆံတွေကို အဲသလိုမျိုး လုပ်ငန်းတွေမှာ မသုံးစွဲသင့် ဖူးလား။ ဖြစ်စေချင်တာကို ပြောတာပါ။ ဖြစ်နိုင်မယ် မဖြစ်နိုင်ဖူး ဆိုတာတော့ ဆန္ဒအပေါ် မူတည်ပါတယ်။


၃။ အစိုးရသစ်က ဆင်းရဲမွဲတေမှုကို လျှော့ချမယ်ဆိုပြီး ပြောနေတယ်။ လယ်ယာစိုက်ပျိုးရေးကို ဦးမော့လာအောင် လုပ်မယ် ထိုင်းနဲ့ဗီယက်နမ်လို နိုင်ငံခြား ဆန်တင်ပို့တာ အောင်မြင်တဲ့ နိုင်ငံဖြစ်အောင်လည်း ပြန်ပြီးဆောင်ရွက်မယ်လို့ ဆိုတယ်။ ဒါပေမယ့် လယ်သမားတွေရဲ့ မြေတွေကို စီးပွားရေးကုမ္ပဏီတွေနဲ့ ပေါင်းပြီး သိမ်းယူတကာတဖုံ၊ စစ်တပ် ကိုယ်တိုင်က တပ်ပိုင်င်စီးပွားရေးလုပ်ဖို့ သိမ်းလို့တသွယ် ဆိုတာတွေက မမြင်ချင်အဆုံး၊ မကြားချင်အဆုံးပါ။ အင်း ခက်တာကလည်း ဗမာပြည်မှာ ရှိတဲ့ ဥပဒေက လယ်လုပ်သူ လယ်လုပ်ခွင့်ဆိုတဲ့ ဥပဒေပဲ ရှိတာကိုး။ လယ်လုပ်သူ လယ်မပိုင်ဘူးလို့ ဆိုထားတယ်။ ဟိုတုန်းကတော့ နိုင်ငံခြားသားငွေရှင်တွေကို ကြောက်လို့ အဲသည့် ဥပဒေ ထုတ်ခဲ့ရ တယ်လို့ ပြောကြတယ်။ အခုတော့ ဘယ်သူ့ကို ကြောက်နေရလို့ အဲသည့် ဥပဒေကို ဆက်ပြီး သက်ဆိုးရှည်ခိုင်းတာ လဲတော့ မသိဖူး။ ပိုဆိုးတာက ဒီဖက်ခေတ်မှာ ဘိုးဘွားပိုင် ဆိုတာမရှိဘူးတဲ့။ မြေတင်မကဖူး လေထု ရေထုတောင် နိုင်ငံတော်က ပိုင်တယ်လို့ ဆိုထားတာကိုး။ ဒီမြေယာ ဥပဒေကြီးကိုလည်း ခေတ်နဲ့အညီ ပြောင်းစေချင်တယ်။ ဘယ်သူ တွေကများ ပြောင်းအောင်လုပ်နိုင်မလဲ။

၎။ ကမ္ဘာမှာ ရာသီဥတု ဖောက်ပြန်တာရဲ့ အဆက်ကြောင့် အရှေ့တောင်အာရှ တခွင်လုံးက နိုင်ငံတွေမှာ စပါး ခင်းတွေ ရေမြုပ်နေတယ်။ ဗမာပြည်လည်း တပြိုင်နက်ထဲ ဒါကို ရင်ဆိုင်နေရတယ်။ ရှေ့နှစ်မှာ စပါးအထွက်နှုန်း ကျဆင်းမှာမို့ စပါးဈေး ဆန်ဈေးတက်မှာ သေချာနေတယ်။ ရှိသူတွေ မထောင်းတာပေမယ့် ဆင်းရဲသားတွေ ပိုပြီးငတ်ကြဦးမယ်။ ငတ်တဲ့အတွက် ကလေးတွေ ကျောင်းထွက်ရဦးမယ်။ အရွယ်ကောင်းတွေက အိမ်နီးချင်းနိုင်ငံတွေမှာ သွားပြီး ကျွန်ခံရတဲ့ အလုပ်တွေ လုပ်ကြဦးမယ်။ ငတ်တဲ့သူတွေ ပိုများလာရင် ရာဇဝတ်မှုတွေကို ပိုပြီးများလာ နိုင်မလား။ အဲတာအတွက် အစိုးရက ဘာတွေ ပြင်ဆင်ထားသလဲ။ အစိုးရမှာ အရေးကြုံရင် လူထုကို ကူညီဖို့ အရန်ထားထားတဲ့ ဆန်တွေ ရိက္ခာတွေ ဘာတွေညာတွေ ရှိသလားလို့ သိချင်တယ်။ သို့သော်လည်း အစိုးရအနေနဲ့ ဘာတွေ ပြင်ဆင်ထားတယ်လို့ တခုမှ မကြားမိသေးပါ။ လွှတ်တော်ထဲမှာ နိုင်ငံရေးကိစ္စတွေ ဒီမိုကရေစီရေး ကိစ္စတွေနဲ့ အလုပ်ရှုပ်နေ ကြလို့လည်း ဖြစ်နိုင် ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌ ထင်ပါ့ တလောက ပြောသွားတယ်မို့လား သူဟာ ဒီမိုကရေစီ ဘက်တော်သားပါတဲ့။

၅။ နာဂစ်အပြီး အခုအထိ နာလံမထူနိုင်သေးတဲ့ ဧရာဝတီတိုင်းက လယ်သမားတွေဟာ ရေတွက်လို့ မကုန်နိုင်ပါ။ အစိုးရ အဟောင်းဆီ ကရော၊ အစိုးရအသစ်ဆီကပါ ဘာအကူအညီမှ လောက်လောက်လားလား မရကြသေး။ ဒါ့အပြင် ဒီနှစ်ထဲ ရေကြီးတဲ့ ဒဏ်ကို မကြာခဏဆိုသလို ခံနေရသေးတယ်။ ဧရာဝတီတိုင်းသာမက ကျန်တဲ့ ဒေသတွေမှာ လည်း ရေကြီးတဲ့ ဒဏ်ကို ခံနေရတယ်။ လူတွေ မွဲသထက် မွဲလာတာကတော့ အမှန်ပဲ။ ဒီကြားထဲ နာဂစ်ပြီးကထဲက ကယ်ဆယ်ရေးကို အကြောင်းပြပြီး နိုင်ငံခြား အလှူရှင်ဆီက ပိုက်ဆံတွေနဲ့ ကောင်းစားနေတဲ့ မြန်မာ အန်ဂျီအို တွေလည်း ရှိလာနေတယ်။ ဒါကို လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ (စီဗယ်ဆိုဆိုက်တီး) အားကောင်းလာပြီလို့ ဆိုနိုင်မလား။ နာဂစ်ဆိုတော့ နာဂစ်အပြီးမှာ အကူအညီလိုနေတဲ့ သူတွေအတွက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထူးတလည် အပင်ပန်းခံပြီး ကူညီခဲ့တဲ့ ဂတုံးကြီးကို သတိရ လိုက်ပါရဲ့။ အခုတော့ မြောက်ပိုင်းက ဘဝတက္ကသိုလ် တခုမှာ လေ့လာရေးတွေ လုပ်နေတယ်ထင်ပါ့။

၆။ ရခိုင်ကနေ တရုတ်ပြည်ကို ဓာတ်ငွေ့နဲ့ ရေနံသယ်ဖို့ ပိုင်းလိုင်းသွယ်နေတာ ဘယ်သူ့တွေအတွက် ပိုအကျိုး ရှိမှာလဲ။ ပိုက်လိုင်း ဆောက်လုပ်ရေး ရပ်တန့်သွားအောင် ဘယ်သူမှ မတားမြစ်နိုင်သေး။ ဓာတ်ငွေ့ကိစ္စ ပြောရရင် ဗမာ တပြည်လုံး မဆိုထားနဲ့ ရခိုင်သားတို့တောင် ဓာတ်ငွေ့ကို ဈေးချိုချိုနဲ့ သုံးရစေ့မယ်လို့ ဘယ်သူကမှ အာမမခံထား။ မြစ်ဆုံ ဆည် ဆောက်မှာ လည်း ရပ်တန့်ဖို့ အခုမှ ဝိုင်းအော်နေကြဆဲ။ နှစ်ဖက်အစိုးရကတော့ တုတ်တုတ်တောင် မလှုပ်ပါ။ မဖြစ်ဖြစ် အောင် ဆက်လုပ် မယ်လို့ ပြောတဲ့ ဝန်ကြီးလည်း ပေါ်လာတယ်။ သူက အဲတာကို ဧရာဝတီရောဂါလို့ နာမည်တောင် ပေးလိုက်သေးတယ်။ အရေးထဲမှာ ငတိနဲ့ ကိုယ်နဲ့က နာမည်လာတူ နေသေးတယ်။ ဒီငနဲဟာ သူတို့အတွက်တော့ သူရဲကောင်း ဖြစ်ချင် ဖြစ်မှာပေါ့။ ဒါပေမယ့် နိုင်ငံသားတွေ အဖို့တော့ သစ္စာဖောက်ပဲ။ မြစ်ဆုံကိစ္စကို မရပ်တန့်ရင် နိုင်ငံသားတွေဖက်က ဘာဆက်လုပ်မလဲ။ တခုတခုတော့ လုပ်မှဖြစ်တော့မယ်။ ဘယ်သူတွေ လုပ်ကြမှာလဲ။ ဘာတွေ လုပ်ကြ မှာလဲ။

၇။ နာမည်ကြီး အထက်တန်းကျောင်းတွေမှာ ကလေးကို ကျောင်းအပ်ချင်ရင် ကျောင်းအုပ်ကို သိန်းဂဏန်း လာဘ်ထိုး ရတယ် လို့ ဆိုတယ်။ ဒါ့အပြင် အတန်းပိုင် ဆရာဆရာမတွေ အိမ်မှာထပ်သင်တဲ့ အပိုချိန် မတက်ရင်လည်း အငြူစူ ခံရတယ် တဲ့။ ကျောင်းက နာမည်အမျိုးမျိုး တပ်ပြီး တောင်းခံတဲ့ အလှူငွေကို မပေးနိုင်ရင်လည်း ကလေးမျက်နှာငယ်ရသတဲ့။ ကျောင်း ဆရာ ဆရာမတွေလည်း နာမည်ကြီးကျောင်းမှာ ပိုစ့်တင်ကျလိုတယ် ဆိုရင် အထက်ကို မြက်မြက်လေး လာဘ်ထိုးရသတဲ့။ ဟိုခေတ်တုန်းကလို ငှက်ပျောတခိုင်၊ လက်ဖက်တထုပ်၊ ကိတ်မုန့်တလုံးလောက်နဲ့ သွားကန်တော့ရင် အိမ်ထဲကများ ကန်ထုတ်ခံရမလား မသိ။ နောက်တခုကတော့ ဒီခေတ်မှာ အမျိုးသား ကျောင်းဆရာထက် အမျိုးသမီး ကျောင်းဆရာမတွေ ပိုများ လာတယ်လို့ ဆိုတယ်။ ဒီအတိုင်းဆို ပညာရေး လောကအတွင်း လာဘ်စားနေသူ တွေထဲမှာ အမျိုးသမီး အရေအတွက်က ပိုများလာတယ်လို့ ဆိုနိုင်တာပေါ့။ ဒါဆိုရင် အမျိုးသမီး တန်းတူအခွင့်အရေး ရလာတယ်လို့ ဆိုနိုင်မလား။

၈။ အောက်ခြေစစ်သားတွေ၊ အရာရှိငယ်တွေနဲ့ သူတို့မိသားစုတွေလည်း ငတ်နေကြသတဲ့။ တချို့ ရဲဘော်မိန်းမတွေနဲ့ သမီးတွေ မကောင်းတရောင်းတောင် လုပ်စားနေရပြီလို့ ဆိုတာတွေလည်း ကြားနေရတယ်။ ကိုယ့်သက်ဆိုင်ရာတပ်မှာ လိုအပ်တဲ့ ငွေအတွက် ကိုယ့်ဟာကိုယ်ရှာစား ဆိုပြီး အထက်က ညွှန်ကြားသတဲ့။ အဲသလို အော်ဒါအောက်မှတော့ အောက်မှာ ငတ်နေတဲ့ သူတွေက လုပ်ချင်ရာ လုပ်တော့မှာပေါ့။ ဘာဆန်းတော့မလဲ။ ဆင်းရဲလွန်းတာက မကောင်းတာ မှန်သမျှ ဆိုးတာမှန်သမျှကို ဝမ်းပန်းတသာ သယ်ဆောင်လာလေ့ ရှိတယ်လို့ ဆိုကြပါတယ်။ ဒါ့ကြောင့် ထင်ပါရဲ့ မဟတ္တမ ဂန္ဒီက ဆင်းရဲတွင်းနက်ခြင်းဟာ ကြောက်စရာအကောင်းဆုံး အကြမ်းဖက်မှုလို့ ပြောခဲ့ဖူးတယ်။ ကောင်းကင်ပြာ ဆိုတဲ့ မိတ်ဆွေ တဦးကတော့ ဆင်းရဲတွင်းနက်ခြင်းဟာ အကုန်ဖန်တီးတယ်လို့ ဆိုတယ်။ လောကကြီးမှာ ဘုရားသခင် ပေါ်ပေါက်လာတယ် ဆိုတာဟာလည်း ဆင်းရဲမှုက ဖန်တီး ပေးလိုက်တာလို့ သူက ဆိုထားတယ်။ ဟုတ်နိုင်ပါတယ်။ ဆင်းရဲလွန်းတော့ အရင်တုန်းက မကြားဖူးတာတွေ မကြုံဖူးတာတွေနဲ့ အတူ ဖြစ်ချင်တာတွေ ဖြစ်တော့မှာကိုး။

၉။ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် ရှိနေတယ်လို့ ဆိုတယ်။ ရာဇဝတ်သားတွေထဲမှာရော အကုန်လုံးက အမှန်တကယ် ရာဇဝတ်မှုကျူးလွန်လို့ ဥပဒေကြောင်းအရ တရားနဲ့အညီ စစ်စစ်မှန်မှန် အပြစ်ပေးခံရ တာလား။ အဲသလို မဟုတ်ဖူးဆိုရင် ရာဇဝတ်သားတွေထဲမှာ မတရားသဖြင့် ထောင်ချခံနေသူတွေလည်း ရှိဦးမှာပေါ့။ ပြောရရင် လယ်သိမ်းခံရလို့ ဆန္ဒပြတဲ့ လယ်သမားတွေ ထောင်ကျတယ်ဆိုရင် သူတို့ကို ရာဇဝတ်အကျဉ်းသားလို့ သတ်မှတ်မလား၊ နိုင်ငံရေး အကျဉ်းသား လို့ သတ်မှတ်မလား၊ ဒါမှမဟုတ် နောက်ထပ် အမျိုးအမည် တခုလောက် တပ်ခေါ်လို့ရမလား။ ကပ်တီးကပ်ဖဲ့ ပြောတာတော့ မဟုတ်၊ ဒါလည်း နိုင်ငံရေး မမည်ဖူးလား။ မည်တယ်ဆိုရင် တချို့ရာဇဝတ် အကျဉ်းသားတွေကိုလည်း နိုင်ငံရေး အကျဉ်းသား သဖွယ် သတ်မှတ်လို့ မရနိုင်ဖူးလား။ သူတို့တတွေ ထောင်ကမလွတ်သေးတာ လွှတ်ပေးခြင်း မခံရတာ ဘာကြောင့်လဲ။ ဘယ်သူ့ကြောင့်လဲ။ အနောက်နိုင်ငံတွေက ဗမာအစိုးရကို ပြင်းပြင်းထန်ထန် ဖိအားမပေးလို့လား။ ဒါဆိုရင်တော့ ဒီမို ကရေ စီ အော် လွန်းတဲ့ အနောက်နိုင်ငံတွေ တာဝန်မကျေတာပေါ့။ ကျုပ်တို့နဲ့ မဆိုင်ဖူးပေါ့နော။

၁ဝ။ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်မယ်လို့လည်း အစိုးရသစ်က ပြောထားသေးတယ်။ ဘယ်လိုတိုက်ဖျက်မှလဲ ဆိုတာတော့ အသေးစိတ် မသိရသေးဖူးပေါ့။ ထိုင်းနိုင်ငံမှာတော့ လာဘ်ပေးလာဘ်ယူတာကို စုံစမ်းစစ်ဆေး အရေးယူတဲ့ ကော်မရှင်တခု ရှိခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ဆယ်ရက်ကျော်လောက် ထိုင်းနိုင်ငံမှာ လုံခြုံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တခုလုပ်ခဲ့တယ်။ လုံခြုံရေး ဆိုလို့ စစ်ရေးစစ်ရာတွေ ပါတာမျိုး မဟုတ်ပါဖူး။ လာဘ်ပေးလာဘ်ယူ ကြီးမားလာခြင်းဟာ သာမန်ပြည်သူတွေရဲ့ ဘဝကို မလုံခြုံစေဖူးလို့ သတ်မှတ်တာကြောင့်ပါ။ အထူးသဖြင့် တရားစီရင်ရေးမှာ လာဘ်ပေး လာဘ်ယူ စိုးမိုးနေရင် သာမန်နိုင်ငံ သား တွေအတွက် အကျိုးယုတ်စေတယ် ထိခိုက်စေတယ်လို့ ဆိုပါတယ်။ နောက် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးမှာ လိုအပ်တဲ့ နည်းနာတွေ အများကြီးရှိတဲ့ အထဲမှာ သတင်းမီဒီယာကနေ ဖော်ထုတ်ခြင်းဟာ အထိရောက်ဆုံးလို့ ထောက်ပြ ပါတယ်။ မြန်မာနိုင်ငံအတွင်းက သတင်းမီဒီယာများ အထူး နမူနာယူဖို့ ကောင်းတဲ့ အချက်ပါ။ မရေးရဲတာ မဖော်ထုတ် ရဲတာတော့ နောက်တပိုင်းပေါ့။

မြန်မာနိုင်ငံ ဒီမိုမရေစီ မရသေးတာ၊ စစ်တပ်ကို နိုင်ငံရေးကနေ လုံးလုံးဖယ်ခွာသွားအောင် မလုပ်နိုင်သေးတာ အထက်က ပြောခဲ့တဲ့ တိုင်းပြည်ထဲက ပြဿနာတွေ၊ အခက်အ ခဲတွေ ကို ပြေ လည်အောင် မဆောင်ရွက်နိုင်သေးတာ အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ဟိုအဖွားကြီးကြောင့်လို့ စွပ်စွဲနေ တာမျိုးတွေ တွေ့နေ၊ ဖတ်နေ၊ ကြားနေ ရပါတယ်။ ဟုတ်ပါ့မလားဗျာ။ လူတဦးထဲက အဲတာတွေ အကုန်လုံး အဆင်ပြေအောင် လုပ်နိုင်ပါ့မလား။ ကျန်တဲ့သူတွေကကော မဝိုင်းတော့ မဝန်းတော့ ဖူးလား။ လဖက်ရည်ဆိုင်မှာ ဒူးကလေးနှံ့ပြီး ဆေးလိပ်ကလေးဖွာ၊ တတ်နိုင်သူတွေက ဘီယာဆိုင်ထိုင်၊ တချို့ကတော့ မိုးအေးအေးမှာ လင်မယားချင်း အိပ်ယာထဲမှာ ဖက်အိပ်နေ၊ အဲတာမျိုးတွေ များနေပြီး လုပ်အားကို လေနဲ့ပဲ ထည့်ဝင်မယ် ဆိုရင်တော့ လူအများ ကျေနပ်အောင် ဟိုအဖွားကြီး တယောက်ထဲ ဘယ်လိုလုပ်ပြီး ရုန်းနိုင်မလဲ။ ၉ဝ ရွေးကောက်ပွဲမှာ မဲထည့်ခဲ့ယုံနဲ့ တာဝန်က မပြီးသေးလို့ မြင်ပါတယ်။ ကိုယ်သာ အဲသည့် အဖွားကြီး နေရာမှာဆိုရင် ဘာလုပ်မလဲ ဆိုတာမျိုးတော့ စဉ်းစားဖို့ လိုပါတယ်။

အိမ်ကလေးဆိုတဲ့ ဝတ္ထုထဲက လှေသူကြီးကတော်လို အပြောမျိုး ပြောရရင် အပြောခံရတဲ့ သူများဖက်က ခံရခက်ပါ လိမ့်မယ်။ လှေကို ဓားပြတိုက်တော့ ဓားပြက ငွေနှစ်ရာတောင်းသတဲ့။ လှေသူကြီးကတော်က “မင့်နှယ်ကွယ် တောင်းမှတောင်း တတ် ပလေ။ ပစ္စည်းမျိုးစုံနဲ့ လှေတခေါက် အသွားအပြန် ရောင်းဝယ်တာမှ ၄၅ ကျပ်လောက်ပဲ ရတဲ့ဟာ ငွေနှစ်ရာ ဘယ်လို ပေးနိုင်မလဲ” လို့ ဓားပြကို ပြောပါသတဲ့။ ပြီးတော့ ဓားပြကို “မင်းမယုံရင် မင်းကဒီလှေကို ယူလိုက်ပြီး အရောင်း အဝယ်လုပ် ငါက ဓားပြလုပ်မယ်” ဆိုပြီး ပြောပါတယ်။ ပြီးတော့ လှေသူကြီးကတော်က ဓားပြကို ငွေအစိတ် ထုတ်ပေး လိုက်သတဲ့။ ဓားပြလည်း ကျေနပ်ပြီး လှေပေါ်က ဆင်းသွားပါတယ်။ ဆိုချင်တာကတော့ အဖွားကြီး လုပ်နေ တာကို မကျေနပ်တဲ့ မကြိုက်တဲ့ ဓားပြလိုလူတွေ တလှည့်လောက် လှေ ထိုးပြီး ရောင်း ဝယ်ကြည့်ပါ လား လို့ ပြောချင်ပါတယ်။

ဇော်မင်း
၂၃ ရက်၊ စက်တင်ဘာလ၊ ၂ဝ၁၁ ခုနှစ် 

(ရွက်မွန်စာမျက်နှာမှကူးယူဖြော်ပပါတယ်။)

No comments: