Saturday, September 17, 2011

ဒီမိုကရေစီရပြီလား

လူထုစိန်ဝင်း
"ဒီမိုကရေစီရပြီလား"
နယ်က စာဖတ်ပရိသတ်မိန်းကလေးတွေနဲ့ လူငယ်လေးတွေ ရောက်လာတဲ့အခါတိုင်း ဒီမေးခွန်းကိုမေးတတ်ကြတယ်။ စာစုံအောင်ဖတ်လေ့ရှိတဲ့ လူငယ်တချို့ကတော့ "ရွှေပြည်ကြီး ကိုရောက်ပြီလားအဘ"လို့ မေးကြတယ်။

မှန်ရာကိုသာ ပြောချင်
တစ်ခါက လောကပါလတရားနဲ့ ပြည့်စုံတဲ့ရွှေပြည်ကြီးကို ရောက်ဖို့မဝေးတော့ပါဘူးလို့ ရေးခဲ့ဖူးတာကို ရည်ညွှန်းပြီး 'ရွှေပြည်ကြီး' ရောက်ပြီလားလို့ မေးတာပါ။ သူတို့ဒီလိုမေးတာဟာ တကယ်သိချင်လို့မေးကြတာဖြစ်တယ်။ ခနဲ့ပြီး၊ ကလိပြီးမေးတာ မဟုတ်ပါဘူး။ အသက်အရွယ် ငယ်ကြသေးပြီး အတွေ့အကြုံနုနယ်ကြလေတော့ ဝေဖန်ပိုင်းခြားမှုမှာ အားနည်းကြတယ်။ ဒါကြောင့် သူတို့ယုံကြည်လေးစားမှုရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သဘောထားပြီး လာရောက်မေးမြန်းကြတာဖြစ်တယ်။ ဒီလိုလူငယ်လေးတွေကို မှားယွင်းတဲ့ မျှော်လင့်ချက်တွေမပေးချင်ဘူး။ အလိမ္မာဖက်ပြီး အဓိပ္ပာယ်နှစ်ခွထွက်တဲ့ ယောင်ဝါးဝါးစကားမျိုးလည်း မပြောချင်ဘူး။ မျက်မှန်စိမ်းတပ်ပြီး ကြည့်တဲ့အဆိုးမြင်သက်သက် စကားတွေပြောပြီး သူရဲကောင်းလည်းမလုပ်ချင်ဘူး။ သူတို့လေးတွေရဲ့ ယုံကြည်လေးစားမှုကို တန်ဖိုးထားပြီး ကိုယ်မြင်တဲ့အတိုင်း မှန်ရာကိုသာပြောချင်တယ်။
ရပ်ကြည့်နေလို့မဖြစ်ဘူး
"ဒီမိုကရေစီမရသေးပါဘူး။ အခုမှဒီမိုကရေစီလမ်းကြောင်းပေါ်ကို ခြေတစ်လှမ်းချမိရုံပဲရှိပါသေးတယ်။ ရှေ့ဆက်ပြီး ခြေလှမ်းသွက်သွက် လှမ်းနိုင်ဖို့အတွက် အားလုံးဝိုင်းပြီး လမ်းရှင်းတာတွေ၊ ချုံနွယ်ပိတ်ပေါင်း ဖယ်ရှားပေးတာတွေ လုပ်ဖို့လိုတယ်။ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ဘေးကရပ်ကြည့်နေလို့တော့ မဖြစ်ဘူး"
နိုင်ငံတစ်ခုတည်ဆောက်ရာမှာ တစ်တိုင်းတစ်ပြည်လုံး တက်တက်ကြွကြွနဲ့ ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့လိုတယ်။ ပြည်သူလူထုမပါဝင်ရင် ဘယ်စနစ်မှ မအောင်မြင်ဘူးဆိုတာ နှစ် ၅၀ သမိုင်းကြောင်းက သက်သေပြပြီးဖြစ်တယ်။ အရင်ကတော့ မြန်မာ့ဆိုရှယ်လစ်စနစ်တို့၊ အာဏာရှင်စနစ်တို့ဆိုတာတွေကို ပြည်သူကလက်မခံတဲ့အတွက် ပူးပေါင်းပါဝင်မှုမပြုဘဲနေခဲ့လို့ အဲဒီစနစ်တွေမအောင်ခဲ့ဘူး။

စောင့်ကြည့်နေတဲ့မျက်လုံးများ
အခုတော့ ဒီမိုကရေစီစနစ်ကို သွားမယ်လို့ အတိအလင်းပြောဆိုထားတာကြောင့် ပြည်သူလူထုက ရင်ထဲမှာသဘောကျနှစ်ခြိုက်နေကြတယ်။ ဒါပေမယ့် နှစ် ၅၀ အတွေ့အကြုံကရှိနေလေတော့ သံသယစိတ်ကို ဖျောက်လို့မရသေးဘူး။ စောင့်ကြည့်အကဲခတ်ချင်သေးတယ်။ အဲဒီလို စောင့်ကြည့်နေတဲ့ မျက်လုံးတွေအောက်မှာ ခြေလှမ်းမှန်မှန် လျှောက်လှမ်းနိုင်ဖို့၊ အထူးသတိထားဖို့လိုတယ်။ ခေတ်အဆက်ဆက် အတွေ့အကြုံများအရ အခွင့်ထူးခံလူတန်းစားနဲ့ အပယ်ခံလူတန်းစားဆိုပြီး ကွဲပြားခြားနားမှုရှိနေရင် ဘယ်နည်းနဲ့မှ ဒီမိုကရေစီပန်းတိုင်ကို မရောက်နိုင်ဘူးလို့ ထောက်ပြချင်တယ်။

ပြည်တွင်းစစ်နဲ့ ခြစားမှု
၁၉၄၈ က ၁၉၆၂ ခုနှစ်ကြားမှာ ဒီမိုကရေစနစ်ကျင့်သုံးတဲ့ အစိုးရပေါ်ပေါက်ခဲ့တယ်။ ဒါပေမယ့် ရည်မှန်းတဲ့အတိုင်း ဒီမိုကရေစီပန်းတိုင်ကို မရောက်ခဲ့ဘဲ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပွဲဖြစ်ပြီး အဆုံးသတ်သွားခဲ့တယ်။ ဘာ့ကြောင့်ဒီမိုကရေစီစနစ် မအောင်မြင်ခဲ့သလဲဆိုတော့ အဓိကအချက်ကြီးနှစ်ချက်ကြောင့်လို့ ယူဆတယ်။ ပထမအချက်က တစ်ပြည်လုံးအနှံ့ ပြည်တွင်းစစ်ကြီးတိုက်ခိုက်နေရတာဖြစ်တယ်။ ဒုတိယအချက်ကတော့ အာဏာရဖဆပလအဖွဲ့ကြီးအတွင်း အကျင့်ပျက်ခြစားမှုတွေ တစ်နေ့တခြား ကြီးထွားသထက်ကြီးထွားလာပြီး သူတစ်လူငါတစ်မင်းနဲ့ ထိန်းမနိုင်သိမ်းမရအခြေအနေထိ ဆိုက်ရောက်သွားတာဖြစ်တယ်။

ခြတွင်းကြီးတစ်ခု
အကျင့်ပျက်ခြစားမှုက ဘယ်လောက်အထိ ဆိုးဝါးသလဲဆိုရင် ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ ၀န်ကြီးချုပ်ဦးနုကိုယ်တိုင်က "ဖဆပလအဖွဲ့ကြီးဟာ ခြတွင်းကြီးတစ်ခုလိုဖြစ်နေပြီ။ ထင်းရှူးသေတ္တာတစ်လုံး ပစ်ချလိုက်ရင် ခြတွေ ၀ိုင်းစားကြလို့ မျက်စိတစ်မှိတ်အတွင်းမှာ မြင်ကွင်းက ပျောက်ကွယ်သွားသလို အခြေအနေမျိုးထိ ဆိုက်ရောက်နေပြီ"လို့ ထုတ်ဖော်ပြောကြားရတဲ့အထိ ဖြစ်လာခဲ့တယ်။ အဲဒီလိုပြောပြီးတဲ့နောက် ဦးနုဟာ ၀န်ကြီးချုပ်ဘ၀က အနားယူပြီး ဖဆပလပြန်လည်တည်ဆောက်ရေးကို ဇောက်ချလုပ်ဖို့ ဖဆပလဥက္ကဋ္ဌတာဝန်တစ်ခုတည်း ထမ်းဆောင်ခဲ့တယ်။ ဒုတိယ၀န်ကြီးချုပ် ဦးဘဆွေကို ၀န်ကြီးချုပ် တာဝန်လွှဲပေးခဲ့တယ်။

စသုံးလုံးဘုတ်အဖွဲ့ကြီးဖွဲ့
အဲဒီနောက် ဦးချမ်းသာကို ဥက္ကဋ္ဌနေရာမှာ တာဝန်ပေးပြီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့(စစစ)ဆိုတဲ့ ဘုတ်အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ စီးပွားရေးမသမာမှုတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကိုချည်း ကိုင်တွယ်စစ်ဆေးဖို့ အထူးတာဝန်ပေးခဲ့တယ်။ အစိုးရဌာနဆိုင်ရာ ၀န်ထမ်းကြီးငယ်များအကြား လာဘ်ပေးလာဘ်ယူကိစ္စတွေ ဖော်ထုတ်စစ်ဆေးပြီး ထောင်ချအပြစ်ပေးခဲ့တာတွေ ရှိတန်သလောက်ရှိခဲ့ပေမယ့် ခြတွင်းကြီးကတော့ ရှိမြဲရှိနေဆဲဖြစ်တယ်။ လာဘ်ပေးလာဘ်ယူမှုတွေလည်း ရှိနေတာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ခြစားမှုကိစ္စတွေက ၀န်ထမ်းအဖွဲ့အစည်းတွေကြားမှာ စတင်သန္ဓေတည်ခဲ့တာမဟုတ်ဘဲ ဖဆပလအစိုးရ အဖွဲ့ကြီးရဲ့ ထိပ်ဆုံးနေရာတွေမှာစတင် သန္ဓေတည်ခဲ့တာကြောင့်ဖြစ်တယ်။

လိုင်စင်ခေတ်
အဲဒီခေတ်က ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ပုဂ္ဂလိက စီးပွားရေးစနစ်ဆိုပေမယ့် တိုင်းပြည်ထူထောင်စအချိန် ဖြစ်တာကြောင့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေကို အစိုးရက ကြီးကြပ်ထားပြီး လိုင်စင်ရသူများကိုသာ သွင်းခွင့်ထုတ်ခွင့်ပေးခဲ့တယ်။ အဲဒီမှာခြစားမှုတွေ စတင်သန္ဓေတည်ခဲ့တယ်။ ဖဆပလ၀န်ကြီးတွေက သူတို့ကို ရန်ပုံငွေဆိုပြီး ပံ့ပိုးငွေများများပေးတဲ့ မြန်မာကုန်သည်တွေနဲ့ သူတို့နဲ့နီးစပ်သူတွေကို လိုင်စင်ချပေးခဲ့တယ်။ အဲဒီလူတွေအများစုက တကယ်အရောင်းအ၀ယ် လုပ်ကြတာမဟုတ်ဘဲ၊ လိုင်စင်လျှောက်ခွင့်မပြုတဲ့ တရုတ်နဲ့ကုလားကုမ္ပဏီကြီးတွေလက်ထဲ လိုင်စင်ကို လက်လွှဲရောင်းချလိုက်ကြတယ်။

အခွင့်ထူးခံနဲ့အပယ်ခံ
အဲဒီအချိန်ကစပြီး အခွင့်ထူးခံ (လိုင်စင်ရ)လူတန်းစားနဲ့ အပယ်ခံလူတန်းစားဆိုပြီး ကုန်သည်လောကမှာ ပေါ်ပေါက်လာတယ်။ အပယ်ခံလူတန်းစားတွေကလည်း သူတို့စီးပွားရေးလုပ်နိုင်ဖို့အတွက် ပုံစံအမျိုးမျိုးနဲ့ အစိုးရစက်ယန္တရားကြီးအတွင်း ထိုးဖောက်ဝင်ရောက်ပြီး အခွင့်အရေးရအောင် လုပ်ကြတယ်။ ဒီလိုနဲ့ပဲ ခြတွင်းကြီးဟာ ပြန့်သထက်ပြန့်၊ ကျယ်သထက်ကျယ်လာပြီး နှိမ်နင်းလို့မနိုင်တဲ့ အခြေအနေထိရောက်သွားတယ်။ နောက်ဆုံးကျတော့ ဖဆပလအစိုးရကြီးနဲ့အတူ ဒီမိုကရေစီပန်းတိုင်ပါ လုံးဝပျောက်ကွယ်သွားခဲ့ရတယ်။

လေမဟုတ် အလုပ်နဲ့ပြ
အခုအစိုးရသစ်က ဒီမိုကရေစီလမ်းကြောင်းပေါ် ခြေလှမ်းစတင်ချတဲ့အချိန်မှာ အကျင့်ပျက်ခြစားမှုအားလုံးရဲ့ အရင်းအမြစ်ဖြစ်တဲ့ အခွင့်ထူးခံလူတန်းစားနဲ့ အပယ်ခံလူတန်းစားဆိုပြီး ကွဲပြားခြားနားမှုကို အထူးသတိထား ရှောင်ကြဉ်ဖို့လိုတယ်လို့ အကြံပြုချင်ပါတယ်။ ပြည်သူတွေအားလုံးနဲ့ ကမ္ဘာတစ်ခုလုံးက စောင့်ကြည့်နေတဲ့ သံသယမျက်လုံးတွေကို ဖယ်ရှားနိုင်ဖို့အတွက် တာဝန်ရှိသူတွေအားလုံး "လေမဟုတ်အလုပ်နဲ့ သက်သေပြ"ဖို့ လိုပါတယ်။ ဒီအချိန်မှာ ဒီမိုကရေစီမရသေးပါဘူး။ ပြည်သူတွေအားလုံး ဒီမိုကရေစီအခွင့်အရေးတွေကို ပီပီပြင်ပြင်မခံစားရသေးပါဘူး။

နေစရာမရှိတဲ့ဝန်ကြီးချုပ်
ဒီလိုခြေလှမ်းပြင်စရှိသေးတဲ့ အချိန်မှာ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေးဆိုတဲ့ ယန္တရားကြီးသုံးရပ်စလုံးမှာ ပါဝင်ကြသူမှန်သမျှ၊ ပြည်သူတွေ မခံစားရသေးတဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို အခွင့်ထူးခံယူခွင့်မပြုဖို့ သတိထားဆင်ခြင်ကြသင့်တယ်။ အကြောင်းတိုက်ဆိုင်လို့ ခေါင်းထဲမှာစွဲနေတဲ့ အကြောင်းလေးတစ်ခုကို ပြောပြပါရစေ။ ကြာတော့ကြာပါပြီ။ နိုင်ငံခြားက သတင်းတစ်ပုဒ်ဖတ်မိခဲ့တာပါ။ အင်္ဂလန်နိုင်ငံက ၀န်ကြီးချုပ် အက်ဒ၀ပ်ဟိသ် (Edward Health) ဟာ လေဘာပါတီက ဟာရိုးဝီလဆင် (Harold Wilson)ကို ရှုံးနိမ့်ပြီး ၀န်ကြီးချုပ်ရာထူးက ဆင်းပေးရပါတယ်။ ၀န်ကြီးချုပ်စံအိမ်အမှတ် ၁၀ ဒေါင်းနင်းလမ်းက ဖယ်ပေးရမယ့်ရက်မှာ နေစရာအိမ်မရှိလို့ ဖယ်မပေးနိုင်ဘူးဖြစ်နေပါတယ်။

သူလိုဖြစ်ကြရင်ကောင်းမှာပဲ
အဲဒီအချိန်မှာ သူ့မိတ်ဆွေတစ်ယောက်က လန်ဒန်မှာရှိတဲ့ သူပိုင်အိမ်ခန်းတစ်ခန်းမှာ ခေတ္တနေထိုင်ဖို့ပေးခဲ့တာကြောင့် လူပျိုကြီးဖြစ်တဲ့ မစ္စတာဟိသ်ဟာ တစ်ယောက်တည်းပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အခန်းက ခပ်သေးသေးဆိုတော့ သူပိုင်ပစ္စည်းတွေ ထားစရာမရှိလို့ တခြားမိတ်ဆွေတစ်ယောက်ရဲ့ တောပိုင်းက စံအိမ်မှာ ပို့ထားရပါတယ်။ အဲဒီသတင်းလေး ဖတ်ခဲ့ရတာကြာလှပြီဖြစ်ပေမယ့် ခုအချိန်ထိ ခေါင်းထဲမှာမှတ်မိနေပါသေးတယ်။ ကျွန်တော်တို့ နိုင်ငံရေးသမားတွေအားလုံး မစ္စတာဟိသ်လို ဖြစ်ကြရင်ကောင်းမှာပဲလို့ စိတ်ထဲမှာ အောက်မေ့မိပါတယ်။

ဘယ်သူ့ကိုမှချန်မထားဘူး
နိုင်ငံရေးသမားတွေကိုသာပြောပြီး ခင်ဗျားတို့စာနယ်ဇင်းသမားတွေတော့ မပြောတော့ဘူးလားလို့ မေးနိုင်ပါတယ်။ ပြောမှာပါ။ အမြင်မတော်ရင် ဘယ်သူ့ကိုမှ ချန်မထားပါ ဘူး။ စာနယ်ဇင်းသမားတွေကို ပြောချင်တာကတော့ တိုင်းပြည်က ဒီမိုကရေစီနိုင်ငံမဖြစ်သေးပါဘူး။ ပြည်သူတွေထက်ထူးပြီး ဒီမိုကရေစီအခွင့်အရေးတွေ မယူချင်ပါနဲ့။ ပြည်သူတွေ အားလုံးလွတ်လွတ်လပ်လပ်နဲ့ သူတို့ ၀ယ်စီးချင်တဲ့မော်တော်ကား ၀ယ်မစီးနိုင်သေးတဲ့အချိန်မှာ ကိုယ်ကအခွင့်ထူး လိုချင်တာမျိုး၊ ကားဝယ်ခွင့်ပေးပါလို့ တောင်းဆိုတာမျိုးမလုပ်သင့်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း အတူတူပါပဲ။ အခွင့်ထူးခံ လူတန်းစားမဖြစ်ချင်ပါနဲ့။

ကိုယ်ကျိုးရှေ့တန်းတင်လွန်း
ဒီအချိန်မှာ ကျွန်တော်တို့အားလုံးလုပ်ရမှာက ဒီမိုကရေစီပန်းတိုင်ကို မြန်မြန်ရောက်ဖို့ ၀ိုင်းကြိုးစားကြဖို့ဖြစ်တယ်။ တိုင်းပြည်က ဒီမိုကရေစီ မရသေးခင်မှာ ဒီမိုကရေစီရပြီးမှ လုပ်ရမယ့် အလုပ်တွေကို လုပ်တာဟာ  ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်လွန်းရာကျတယ်။ အခွင့်ထူးခံလူတန်းစားနဲ့ အပယ်ခံလူတန်းစား ကွဲပြားမှုကြီးမားလွန်းရာက ခြတွင်းကြီးအဖြစ်ရောက်ရှိသွားပြီး ဖဆပလအဖွဲ့ကြီးနဲ့ ဒီမိုကရေစီပန်းတိုင်ကြီးပါ နိဂုံးချုပ်သွားရတာကို မမေ့ကြဖို့ သတိပေးလိုက်ပါတယ်။

No comments: